သမ္မာဝါစာ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော စကားကို ပြောဆိုခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာဝါစာ (၄) ပါးရှိ၏။[၁]

သမ္မာဝါစာ (၄)ပါးပြင်ဆင်

သမ္မာဝါစာ (၄) ပါးမှာ (၁)မုသာဝါဒဝရတိ၊

(၂) ပိသုဏဝါစာဝိရတိ၊

(၃) ဖရုသဝါစာဝိရတိ၊

(၄) သမ္ဖပ္ပလာပဝိရတိ တို့ဖြစ်ကြသည်။[၁]

(၁)မုသာဝါဒဝရတိပြင်ဆင်

မုသာဝါဒ ဝိရတိ ဆိုသည်မှာ မဟုတ်သည်ကို အဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်း, ဟုတ်သည်ကို မဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်းသည် မုသာဝါ၏ မည်၏။ ထိုမုသာဝါဒမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “မုသာဝါဒဝိရတိ” မည်၏။[၁]

(၂) ပိသုဏဝါစာဝိရတိပြင်ဆင်

ပိသုဏဝါစာ ဝိရတိ ဆိုသည်မှာ အချင်းချင်း ယုံကြည်လေးမြတ်၍ နေကုန်ကြသော နှစ်ဦးသောသူတို့ကို အယုံအကြည်အလေးအမြတ်ပျက်အောင် ပြောဆိုခြင်း, စိတ်ဝမ်းကွဲပြားအောင် ပြောဆိုခြင်း, နှစ်ဦးသောသူတို့အကြား၌ ကုန်းတိုက်ခြင်းသည် ပိသုဏဝါစာ မည်၏။ ထိုပိသုဏဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ပိသုဏဝါစာဝိရတိ” မည်၏။[၁]

(၃) ဖရုသဝါစာဝိရတိပြင်ဆင်

ဖရုသဝါစာဝိရတိ ဆိုသည်မှာ ဆဲရေးလိုသော ဒေါသစိတ်ဖြင့် သူတစ်ပါးအား အမျိုးကို ထိခိုက်အောင် ဆိုခြင်း, အနွယ်ကို ထိခိုက်အောင်ဆိုခြင်း, သဏ္ဌာန်ကို ထိခိုက်အောင် ဆိုခြင်း, အလုပ်အကိုင်ကို ထိခိုက်အောင်ဆိုခြင်း အစရှိသည်တို့သည် ဖရုသဝါစာ မည်၏။ ထိုဖရုသဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ဖရုသဝါစာဝိရတိ” မည်၏။[၁]

(၄) သမ္ဖပ္ပလာပဝိရတိပြင်ဆင်

သမ္ဖပ္ပလာပဝိရတိ ဆိုသည်မှာ လောက၌ ဆန်းကြယ်စွာ လုပ်ကိုင်၍ ထားကြကုန်သော ရာမဇာတ်ဝတ္ထု, အီနောင်ဇာတ်ဝတ္ထု, ငွေတောင်ဇာတ်ဝတ္ထု, ဘာရတဇာတ်ဝတ္ထု အစရှိကုန်သော ဒဏ္ဍာရီဝတ္ထုဇာတ်တို့သည် ရှိကုန်၏၊ ထိုဇာတ်ဝတ္ထုတို့၌ ကြားနာသောသူတို့အား အလိမ္မာတိုးပွားရန် အတ္ထနှင့် စပ်ယှဉ်သောစကား, ဓမ္မနှင့် စပ်ယှဉ်သောစကား, ဝိနယနှင့် စပ်ယှဉ်သောစကားဟူ၍ မပါမရှိ၊ သက်သက်အားဖြင့် စိတ်ပျော်မွေ့ဖွယ်တို့ကို လုပ်ကြံထားသော စကားမျိုးသာ ပါရှိ၏။[၁]

အတ္ထ, ဓမ္မ, ဝိနယပြင်ဆင်

“အတ္ထနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ အသက်ရှည်ခြင်း, အနာကင်းခြင်း, ဓမ္မိယလဒ္ဓဖြစ်သော စည်းစိမ်ချမ်းသာတို့ကို ရနိုင်ခြင်း အစရှိသော ပစ္စုပ္ပန်အကျိုး, နောက်ဘဝတို့၌ လူ့ချမ်းသာကို ရခြင်း အစရှိသော ကောင်းကျိုးချမ်းသာကို ပြဆိုသော စကားမျိုး ဖြစ်သည်။

“ဓမ္မနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ ထိုအကျိုးတို့ကို ရရာရကြောင်း ဖြစ်သော နည်းလမ်း ဥပဒေသစကားမျိုး ဖြစ်သည်။

“ဝိနယနှင့် စပ်ယှဉ်သောစကား” ဆိုသည်မှာ လူ့ကျင့်ဝတ်တရား, ရှင့်ကျင့်ဝတ်တရားတို့နှင့် စပ်ယှဉ်သော စကားမျိုး, လောဘကို ဖြေဖျောက်ရန် တရားမျိုး, ဒေါသကို ဖြေဖျောက်ရန် တရားမျိုး စသည်ဖြစ်သည်။

ဤ “အတ္ထ, ဓမ္မ, ဝိနယ” တို့နှင့် စပ်ယှဉ်သော စကားမျိုးတို့သည် ထိုဇာတ်ဝတ္ထုတို့၌ မပါရှိကုန်၊ ထိုသို့သော ဒဏ္ဍာရီဇာတ်ဝတ္ထုများကို သူတစ်ပါးတို့အား ပြောဟောခြင်းသည် သမ္ဇပ္ပလာပမည်၏။ ထိုသမ္ဖပ္ပလာစကားမျိုးမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “သမ္ဖပလ္လာပဝိရတိ” မည်၏။

၂၃ ပါးသော တိရစ္ဆာနကထာ စကားမျိုးသည်လည်း သမ္ဖပ္ပလာပ သာမညမျိုး မည်၏။

အတ္ထ, ဓမ္မ, ဝိနယတို့၌ အလိမ္မာပွားစီးခြင်းကို အလိုရှိကုန်သော သူတို့သည် ထို ၃၂ ပါးသော တိရစ္ဆာနကထာ စကားမျိုးတို့နှင့် အချိန်နာရီကုန်ခြင်းကို ဝေးစွာကြဉ်ရှောင်ကြကုန်ရာ၏။ သမထဘာဝနာ, ဝိပဿနာဘာဝနာ အလုပ်များကို တည်ထောင်ကြကုန်သော သူတို့သည်မူကား အတ္ထ, ဓမ္မ, ဝိနယနှင့် စပ်ယှဉ်သော စကားမျိုးတို့ကိုသော်လည်း အတိုင်းအရှည်သိ၍ ပြောဆိုကြကုန်ရာ၏။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၆၊ ၅၇၊ ၅၈။