သံဃာအား စွန့်လှူအပ်သော ပစ္စည်း၊ သံဃာပိုင်သော ပစ္စည်းကို သံဃိကဟု ခေါ်ပါသည်။

ဝိနည်းဒေသနာတော်၌- (၁) သမ္မုခီဘူတသံဃိက (၂) အာရာမဋ္ဌသံဃိက (၃) စတုဒ္ဒိသာသံဃိက (၄) ဂတဂတသံဃိကဟူ၍ သံဃိက (၄)မျိုး (၄)ပါး ခွဲခြားလာရှိ၏။ ဤဝိနည်းဒေသနာတော်လာ သံဃိက (၄)မျိုးမှာ အလှူဒါယကာတို့အတွက် မဟုတ်၊ သံဃိကအလှူ (၇)ပါးသာလျှင် ဒါယကာတို့အတွက် ဖြစ်သည်။ ဝိနည်းတော်လာ သံဃိက (၄)ပါးမှာ အလှူခံရဟန်းတို့အတွက်သာ ပစ္စည်းသိမ်းပိုက် ပိုင်ဆိုင်ခွင့်ကို စွဲ၍ ခွဲခြားခြင်းဖြစ်သည်၊ ထိုတွင်-[၁]

မျက်မှောက်ရှိ သံဃာ ပြင်ဆင်ရန်

(၁) မြို့တွင်း ရွာတွင်း၌ ရဟန်း အနည်းအများ ကြွရောက်ရှိနေရာ သင်္ကန်း လာရောက်လှူဒါန်းသူက (သံဃဿ ဒေမ) အရိယာပုဂ္ဂိုလ် အပေါင်းတည်းဟူသော သံဃာတော်အား လှူပါ၏ဟု ဆို၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းသွားခဲ့လျှင်၊ ထိုသင်္ကန်းကို အရိယာသံဃာအားလုံး နှံ့စပ်အောင်လိုက်၍ ဝေဘန်နိုင်မည် မဟုတ်သောကြောင့် (လှူရာဌာနက မြို့တွင်း ရွာတွင်း ဖြစ်သည့်အတွက်) မျက်မှောက်ရှိ သံဃာများသာ ဝေဘန်၍ ယူအပ်၏၊ ဝေဘန်ရာ၌ မျက်မှောက်ရှိ သံဃာစု ဝေဘန်၍ ယူအပ်သောကြောင့် ဤသံဃိကမျိုးကို သမ္မုခီဘူတသံဃိကဟု ခေါ်သည်။ (သမ္မုခီဘူတ = မျက်မှောက်ဖြစ်၍နေသော၊ သံဃိက = သံဃာ၏ဥစ္စာ။)[၁]

အရံအတွင်းရှိသမျှ သံဃာ ပြင်ဆင်ရန်

(၂) သင်္ကန်းလှူသူ ဒါယကာက ကျောင်းတိုက်တခုခု၏အတွင်းသို့ ဝင်ရောက်ကာ တွေ့ရှိသော ရဟန်း (သို့မဟုတ်) သံဃာထံ၌

“ဤသင်္ကန်းကို သံဃာတော်အား လှူပါ၏”ဟု ဆို၍ လှူသွားသည်ရှိသော် ထိုသင်္ကန်းသည် ကျောင်းတိုက်အတွင်းမှာ ဖြစ်သောကြောင့် အနားမှာရှိနေသော ရဟန်းများသာမက ထိုကျောင်းတိုက်အတွင်း ရှိသမျှ ရဟန်းအားလုံးပင် ပိုင်ဆိုင်တော့သည်။ ထို့ကြောင့် ဤသံဃိကမျိုးကို အာရာမဋ္ဌသံသိကဟု ခေါ်သည်။ (အာရာမဋ္ဌ = အရံအတွင်း၌ တည်ရှိသော၊ သံဃိက = အားလုံး သံဃာ၏ဥစ္စာ) အရံအတွင်းရှိသမျှ သံဃာများ ပိုင်သောဥစ္စာဟု ဆိုလိုသည်။[၁]

ရောက်တိုင်းသော အရပ်၌ သံဃာဥစ္စာ ပြင်ဆင်ရန်

(၃) ရဟန်းတပါးတည်းသာ ရှိနေသော ကျောင်းတိုက်အတွင်းသို့ ဒါယကာကလာ၍ သင်္ကန်း အထည်တရာကိုပင် “ဤသင်္ကန်းတို့ကို သံဃာအား လှူပါ၏”ဟု ဆို၍ လှူသွားသည်ဖြစ်အံ့၊ ရဟန်းက ဝိနည်းအရာ၌ လိမ္မာသူဖြစ်လျှင် “ဤမျက်မှောက်မှာ ဤတိုက်တာမှာ ရဟန်းဟူ၍ ငါတပါးတည်းသာ ရှိ၏။ ထို့ကြောင့် ဤသင်္ကန်း အထည်တရာတို့သည် ငါသို့ ရောက်ကုန်၏၊ ထိုသင်္ကန်းတို့ကို ငါသိမ်းပိုက်၏ဟု ဆောက်တည်၍ သိမ်းပိုက်ယူလျှင် ယူနိုင်သည်သာဖြစ်၏၊ (သံဃာက ပစ္စည်းကို သင်တပါးတည်းသာ မပိုင်ထိုက်ဟု လိုက်၍ အပြစ်မဆိုနိုင်။) ဤရဟန်းက ဝိနည်းအရာ မလိမ္မာသည့်အတွက် မည်ကဲ့သို့ ပြုရမည်ကို မသိသဖြင့် “ငါသာ ပိုင်ဆိုင်၏၊ သိမ်းပိုက်၏”ဟု မဆောက်တည် မဆုံးဖြတ်ပဲ ထိုသင်္ကန်းများကို ယူဆောင်ကာ အရပ်တပါးသို့ သွားငြားအံ့၊ အခြားရဟန်းတို့နှင့် တွေ့ရှိသောအခါ ထိုရဟန်းတို့က ထိုသင်္ကန်းများ ရရှိပုံ အကြောင်းအရာကို မေးမြန်းသိရှိသဖြင့် “ငါတို့နှင့်လည်း ဆိုင်သည်”ဟု ပြောဆိုကာ ထိုရဟန်းတို့နှင့် အညီအညွတ် ဝေဘန်လျှင်လည်း ကောင်းသော ဝေဘန်ခြင်းပင် ဖြစ်၏။ မဝေဘန်ပဲ တဆင့်ယူ၍ သွားကြပြန်လျှင်လည်း အခြားရဟန်းများနှင့် တွေ့ရှိသောအခါ ထိုရဟန်းများနှင့်လည်း ဆိုင်ပြန်တော့သည်။ ဤသို့ ရောက်ရာရောက်ရာ အရပ်ဌာနရှိ သံဃာများ ပိုင်ဆိုင်ခွင့်ရှိသော သံဃိကကို ဂတဂတသံဃိကဟု ခေါ်သည်။ (ဂတဂတ = ရောက်ရောက်တိုင်းသော အရပ်၌၊ သံဃိက = သံဃာ့ဥစ္စာ။)[၁]

စတုဒ္ဒိသာသံဃိက ပြင်ဆင်ရန်

(၄) ပစ္စည်းက အလေးဂရုပြုရသည့် ဂရုဘဏ်ခေါ်သော ကျောင်းစသော ပစ္စည်းမျိုးဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို သံဃာအား လှူခဲ့လျှင် မဝေဘန်ကောင်းတော့ပြီ၊ အရပ်လေးမျက်နှာမှ ရောက်လာသမျှသော ရဟန်းများ ပိုင်ဆိုင်ခွင့်ရှိသဖြင့် ဤသံဃိကမျိုးကို စတုဒ္ဒိသာသံဃိကဟု ခေါ် သည်။

ဤသို့ ဝိနည်းဒေသနာတော်မှာ သံဃာများ ပိုင်ဆိုင်ပုံ ခွဲခြမ်းဝေဘန်ရပုံသို့လိုက်၍ ဟောထားသည်ကို (သတိမမူမိပဲ) လူဒါယကာများ လှူဒါန်းရာမှာလည်း အချို့က အသုံးပြုတတ်ကြ၏။[၁]

သံဃိက ဂရုဘဏ်ကို မဝေဖန်ကောင်း ပြင်ဆင်ရန်

အသုံးပြုပုံမှာ... ဒါယကာတဦးက မိမိကြည်ညိုသော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ (ထိုပုဂ္ဂိုလ်အတွက် မဟုတ်) ကျောင်းဆောက်လုပ်ပြီး ရေစက်ချမည့်အခါ ပရိတ်ရွတ်သံဃာ (၁၀)ပါးပင့်၏။ ထို(၁၀)ပါးထဲမှာ အကြောင်းပြုရင်း ပုဂ္ဂိုလ်လည်း တပါးအပါအဝင် ဖြစ်နေ၏။ ထိုပုဂ္ဂိုလ်က သံဃိကရေစက်ချလျှင် သံဃိကကျောင်း၌ နေရမှုမှာ အပြစ်တွေ များလှသောကြောင့် ပုဂ္ဂလိက = (ပုဂ္ဂိုလ်ပိုင်)အဖြစ်ဖြင့် အလှူခံလို၏။ ဒါယကာ၏စိတ်မှာကား ပုဂ္ဂလိကထက် သံဃိကက မြတ်သည်ဆိုသောကြောင့် သံဃိက လှူဒါန်းလို၏။ ဤကဲ့သို့ ဆရာနှင့် ဒါယကာ စိတ်ဆန္ဒ မညီမမျှ ဖြစ်နေရာ၌ “ဤကျောင်းကို သမ္မုခီဘူတ သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ ရေစက်ချစေပြီးလျှင် အလှူခံ (၁ဝ)ပါးအနက် အခြား (၉)ပါးတို့က “မိမိတို့ပိုင်ဆိုင်သမျှကို ငါ့ရှင်အား လှူပါ၏”ဟု လွှဲပြောင်းပေးကာ ပြန်သွားကြ၏။

ဤသို့ ပြုလုပ်လျှင် ဒါယကာမှာလည်း သံဃိကမြောက်သည်။ ကျောင်းနေပုဂ္ဂိုလ်မှာလည်း နဂိုရ်က ဆယ်ပါးပိုင်ရာမှာ ကိုးပါးတို့က သူတို့ပိုင်ဆိုင်သမျှ လွှဲအပ်သွားသောကြောင့် သူတပါးတည်းပိုင် ပုဂ္ဂလိကအနေသို့ ရောက်ပြန်၏။ ဤသို့ဖြင့် ဒါယကာမှာလည်း သံဃိက ဆရာမှာလည်း ပုဂ္ဂလိကဖြစ်၍ နှစ်ဖက်အကျိုးရှိသည်ဟု မှတ်ယူ ပြုလုပ်တတ်ကြ၏။

အမှန်မှာ... ပြခဲ့ပြီးသောအတိုင်း သံဃိကကျောင်းဖြစ်လျှင် ဂရုဘဏ်ဖြစ်သောကြောင့် အချင်းချင်း မပေးမစွန့်ကောင်း၊ မဝေဘန်ကောင်း၊ ဒါယကာမှာလည်း မျက်မှောက်ရှိ ပင့်သံဃာ (၁၀)ပါးကိုသာ အာရုံပြု၍ လှူရသောကြောင့် သံဃိကဒါန အောင်မြောက်စွာ ဖြစ်နိုင်မည်မဟုတ်ပေ။[၁]

သံဃိကလာဘ် မညွတ်စေအပ် ပြင်ဆင်ရန်

မြတ်စွာဘုရားပညတ်တော်မူသော ပရိဏတသိက္ခာပုဒ်တော်အရ သံဃာအား ရည်မှန်းထားသော သံဃာအား လှူဒါန်းပြီးသော လာဘ်လာဘ ငွေကြေး ပစ္စည်းပစ္စယ ကျောင်းကန်များကို မိမိသို့ ညွှတ်စေလျှင် မိမိပစ္စည်းဖြစ်အောင် ကြိုးပမ်းလျှင် ရဟန်းတော်တို့မှာ အာပတ်သင့်ပါသည်။ [၂]

မည်သည့်ကျောင်းတိုက်ရှိ သံဃာအား လှူမည် သံဃာအတွက် ဆောက်လုပ်မည် စသည်ဖြင့် အလှူရှင်က နှုတ်မြွတ်ပြောဆိုဘူးလျှင် သို့မဟုတ် လက်ဖြင့် ပြဘူးလျှင် သံဃာသို့ ညွှတ်စေသည် မည်၏။ ထိုသို့ နှုတ်မြွက်ပြောဆိုပြီး သည်မှ စ၍ သံဃာ့ထံသို့ ပစ္စည်းမရောက်သေးသော်လည်း သံဃိကပစ္စည်းဟု ဆိုနိုင်ပါသည်။ ထိုသံဃိကပစ္စည်းကို မိမိ၏ ပုဂ္ဂလိကပစ္စည်းဖြစ်အောင် မကြိုးစားရပါ၊ ထိုသို့ သံဃာ့ထံ ညွှတ်ပြီးသော လာဘ်လာဘဖြစ်နေလျှင် မိမိ မယ်တော်၏ ပစ္စည်းပင်ဖြစ်ပါစေ မိမိထံသို့ မညွှတ်စေ ကောင်းပါ။ ညွှတ်စေလျှင် အာပတ်သင့်ပါသည်။ [၂]

လာဘ်ညွှတ်စေမှုနှင့် ပတ်သက်၍ သိမှတ်ဖွယ် ပြင်ဆင်ရန်

သံဃိကလာဘ်လာဘကို မိမိထံသို့ မညွှတ်စေ ကောင်းသကဲ့သို့ပင် အခြားသောပုဂ္ဂိုလ်တစ်ဦးဦးအား ညွှတ်စေ ရာ၌လည်း အပြစ်ရှိပါသည်။

အခြားသံဃာသို့ ညွှတ်ပြီးသော လာဘ်လာဘကို နောက်ထပ် အခြားကျောင်းတိုက်ရှိ သံဃာ သို့ဖြစ်စေ၊ စေတီသို့ဖြစ်စေ ညွတ်လျှင်လည်း အပြစ်ရှိပါသည်၊

ရဟန်းတော်တို့လာဘ်လာဘကို သံဃာစေတီနှင့် အခြား တစ်ဦးဦးသို့ ညွှတ်စေလျှင်လည်း အပြစ်ရှိပါသည်။

“မည်သည့်နေရာ၌ လှူသင့်ပါသနည်း”ဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်းပါ၏။

သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် အပ်စပ်သော ကျောင်း အိပ်ရာ နေရာတို့ကို လှူဒါန်းနိုင်အောင် အသိဉာဏ်ဖြင့် ချိန်ဆ၍ ကူညီပံ့ပိုးရပေမည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
  2. ၂.၀ ၂.၁ ၂.၂ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၁၁၆-၁၁၈။