အချိန် (time) ဟူသည်မှာ တစ်နည်းအားဖြင့် တစ်ခုမကသော အဖြစ်အပျက်တို့၏ တပြိုင်တည်းမဖြစ်မှုပမာဏ ဖြစ်သည်။ အဖြစ်အပျက် ၂ခု ရှိသည်ဆိုပါစို့။ ၎င်းတို့က တပြိုင်နက်တည်းဖြစ်ပျက်လျှင် ၎င်းတို့ကြားတွင် အချိန် ခြားနားမှု မရှိဟု ဆိုရမည်။ ၎င်းတို့က အနည်းငယ်မျှသာ ခြားနားပြီးမှ ဖြစ်ပျက်လျှင် အချိန်ခြားနားမှု နည်းသည်၊ အရပ်စကားဖြင့် ခဏသာ ဖြစ်သည်ဟု ဆိုရမည်။ ၎င်းတို့က အလွန် ခြားနားပြီးမှ ဖြစ်ပျက်လျှင် အချိန်ခြားနားမှု များသည်၊ အရပ်စကားဖြင့် ကြာမြင့်သည် ဟု ဆိုရမည်။
အခြေခံအားဖြင့် အချိန်၏ အခြေခံယူနစ်မှာ SI စနစ်၌ စက္ကန့် ဖြစ်သည်။
ရူပဗေဒတွင် အချိန်ကို တိုင်းကြောင်း (dimension) တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားတတ်သည်။ နျူတန်ပျိုး ရူပဗေဒ (Newtonian physics) တွင် အချိန်ကုန်ဆုံးမှုသည် အစဉ် တသမတ်တည်း ဖြစ်ပြီး တစ်လောကလုံးစာ တူညီသော ဘုံအချိန်ကုန်ဆုံးမှုနှုန်း ရှိသည့်သဖွယ် စဉ်းစားတွက်ချက်သည်။ နှိုင်းရ ရူပဗေဒ (relativistic physics) တွင်မူ အချိန်ကုန်ဆုံးမှုနှုန်းမှာ ကြည့်ရှုဇာတ်ကောင် (observer) ၏ အနှိုင်းဘောင် (reference frame) အသီးသီးအဖို့ ကွဲပြားလျက် ရှိတတ်သည်၊ သို့ဖြင့် တစ်လောကလုံးစာ တူညီသော ဘုံအချိန်ကုန်ဆုံးမှုနှုန်း ပကတိ မရှိပေ။ နှိုင်းရသီအိုရီများတွင် အချိန်ကို စတုတ္တတိုင်းကြောင်းအဖြစ် ထည့်သွင်းတွက်ချက်သည်။

အချိန်ကို မှတ်သော သဲနာရီ

အချိန်ကို လူတို့တိုင်းတာပုံ အမျိုးမျိုး ပြင်ဆင်ရန်

အချိန်ကို တိုင်းတာရာ၌ လက်တွေ့အကျဆုံးနည်းမှာ ဝင်ရိုးပေါ်၌ ကမ္ဘာလည်နေခြင်းကို အကြောင်းပြု၍ တိုင်းသော နည်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယခုအခါ ဝင်ရိုးပေါ်၌ ကမ္ဘာလည်နေသည့် အချက်ကို သက်သေ ထုတ်ပြနိုင်ရုံမက ကမ္ဘာလည်၍ ကြာသော အချိန်ကာလကိုလည်း တွက်ယူနိုင်ကြ ပေပြီ။


အချိန်ကို တိုင်းရာတွင် နေရက်နှင့် ကြယ်ရက်၊ လ(စန္ဒရမာသ)နှင့် ကြယ်လ၊ နေနှစ်နှင့် ကြယ်နှစ်တို့ဖြင့် တိုင်းပြလေ့ရှိကြသည်။ နေကြယ်ဟူသော အသုံးအနှုန်း များမှာ နေကိုလည်းကောင်း၊ လကို လည်းကောင်း၊ ကြယ်ကိုလည်းကောင်း အသီးသီး အကြောင်းပြုထားခြင်း ဖြစ်ပေသည်။


ရှေးခေတ်က လူတို့သည် လနှင့် နှစ်ကို စတင်၍ သတ်မှတ်ကြသည်။ ထို့နောက်မှ လူတို့၏ အသုံးကို လိုက်၍ ရက်သတ္တပတ်၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် စသည်တို့ကို အသေးစိတ် ခွဲခြား သတ်မှတ်လာခဲ့ကြသည်ဟု ဆိုလေသည်။ နေရက် တစ်ရက်မှာ နေမွန်းတည့်အချိန်မှ နောက်တစ်ခါ နေမွန်းတည့်ချိန်အထိ ကြာသောအချိန် ဖြစ်သည်။ သို့သော် နေရက် တစ်ရက်၏ ကြာသောအချိန်သည် တစ်နှစ်တွင်း ပြောင်းလဲ တိုးတက်လျက်ရှိသည်။ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင်ရှိသော နေရက်တာတို့သည် ဇွန်လ၊ ဇူလိုင်လများတွင်ရှိသော နေရက်တာတို့ထက် အချိန်ပို၍ ကြာသည်။ နေရက်တို့သည် အချိန်ကာလအားဖြင့် တစ်ရက်နှင့်တစ်ရက် မတူညီသောကြောင့် တစ်နှစ်တွင်ဖြစ်သော ထိုပျမ်းမျှ နေရက်တစ်ရက်၏ အချိန်ကာလသည် ကြယ်နှင့် တွက်ချက်ထားချက်အရ အချိန် ၂၄ နာရီ ၃ မိနစ် ၂၆.၅၅ စက္ကန့် ဖြစ်လေသည်။


သတ်မှတ်ထားသော ကြယ်တစ်လုံးသည် ကြည့်ရှုသူ၏ မီရီဒီယန်ကို ပထမဖြတ်သည်မှ နောက်တစ်ခါ ဖြတ်သည်အထိ ကြာသောအချိန်ကာလမှာ ကြယ်ရက်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာသည် ဝင်ရိုးပေါ်၌ တစ်ပတ်တိတိ၊ သို့မဟုတ် ဒီဂရီ ၃၆ဝ လည်၍ ကြာသောအချိန် ဖြစ်သည်။ ကမ္ဘာသည် နေ့စဉ် အနောက်မှ အရှေ့ဘက်သို့ ရွေ့ရှားလျက်ရှိ၏။ သို့ရာတွင် ကြယ်တို့သည် ကမ္ဘာမှ အလွန့်အလွန် ဝေးကွာသည့်အတွက် သတ်မှတ်ထားသောကြယ်ကို အကြောင်းပြု၍ဖြစ်သော ကမ္ဘာ၏ တည်နေရာသည် ရွေ့ပြောင်းခြင်း မရှိပေ။ ကြယ်ရက်တစ်ရက်၏ အချိန်ကာလသည် ပျမ်းမျှအချိန်၏ ၂၃ နာရီ ၅၆ မိနစ် ၄.ဝ၉ စက္ကန့် နှင့် တူညီလေသည်။ နေသွားလမ်းနှင့် အီကွေတာ စက်ဝိုင်းတို့ ဖြတ်သွားရာ အချက်နှစ်ခုဖြစ်သော နေ့နှင့်ည ညီမျှချိန် နှစ်ခုမှာ မတ်လ ၂၁ ရက်နှင့် စက်တင်ဘာလ ၂၂ ရက်တို့ ဖြစ်သည်။


ပထမ မတ်လ ၂၁ ရက် နေ့မှ ဒုတိယမတ်လ ၂၁ ရက်နေ့အထိ သို့မဟုတ် ပထမစက်တင်ဘာလ ၂၂ ရက်နေ့မှ ဒုတိယစက်တင်ဘာလ ၂၂ ရက်နေ့အထိ ကြာသောအချိန်တွင် ကမ္ဘာသည် နေကို တစ်ပတ် တိတိ ပတ်မိရမည်။ သို့ရာတွင် နေ့ည ညီချိန်ဖြစ်သော အီကွေတာနှင့် နေသွားလမ်းတို့ဖြတ်ရာ အချက်နှစ်ခုသည် အရှေ့ဘက်မှ အနောက်ဘက်သို့ တစ်ရွေ့ရွေ့နှင့် ရွေ့နေသည့်အတွက် ကမ္ဘာသည် နေကို အနောက်မှ အရှေ့သို့ လှည့်ပတ်ရာတွင် တစ်ပတ်တိတိ မပြည့်မီ မိနစ် ၂ဝ စက္ကန့် ၂၃ ခန့်အလိုမှာပင် နေကို အကြောင်း ပြုထားသော အနေအထားအရ၊ တစ်ပတ်ပြည့်သကဲ့သို့ ဖြစ်သွားလေသည်။ အဓိပ္ပာယ်မှာ ပထမ မတ်လ ၂၁ ရက်နေ့၌ဖြစ်သော နေ့ည ညီချိန်အမှတ်မှ ဒုတိယ မတ်လ ၂၁ ရက်နေ့၌ဖြစ်သော နေ့ညညီချိန် အမှတ်သို့ ရောက်ရန် အချိန်မှာ မိနစ် ၂ဝ၊ စက္ကန့် ၂၃ ခန့် လျော့သွားသည်ဟု ဆိုလိုသည်။ ဤကဲ့သို့ နေ့ညညီချိန် အမှတ်တစ်ခုမှ ထိုနေ့ည ညီချိန်အမှတ်သို့ နောက်တခါ ဆိုက်ရောက်သည်အထိကြာသော အချိန်ကာလ အပိုင်းအခြားကို နေနှစ်ဟု ခေါ်၍ နေနှစ်၏အချိန်တာမှာ ၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၅.၅၇၅ စက္ကန့် ဖြစ်လေသည်။ ကြယ်နှစ်မှာ သတ်မှတ်ထားသော ကြယ်ကို ကမ္ဘာ့ ဗဟိုချက်က ပထမဖြတ်သည်မှ နောက်တစ်ခါ ဖြတ်သည်အထိ ကြာသောအချိန်ကာလဖြစ်၍ ထိုအချိန်ကာလမှာ ၃၆၅ ရက်၊ ၆ နာရီ ၉ မိနစ် ၈၉၇ စက္ကန့် ဖြစ်လေသည်။


လောင်ဂျီတွဒ်တစ်ခုတည်းပေါ်တွင်ရှိသော နေရာများသာလျှင် ပျမ်းမျှ နေအချိန်ကို တညီတည်း သတ်မှတ်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် နေသည် တစ်နာရီလျှင် လောင်ဂျီတွဒ် ၁၅ ဒီဂရီကျ အနောက်ဘက်သို့ ရွေ့သွားနေရာ ဒေသတိုင်းတွင် နေအချိန်ကို အသုံးပြုကြမည် ဆိုပါက တစ်ဒေသနှင့် တစ်ဒေသတွင် အရှေ့ အနောက် ကွဲလွဲပုံကိုလိုက်၍ အချိန်ချင်း တူညီကြမည် မဟုတ်ပေ။ ထိုအခါ အထူးသဖြင့် ခရီး အသွားအလာများအတွက် အချိန်သတ်မှတ်ရန် ခက်ခဲပေလိမ့်မည်။ ထိုကြောင့် နိုင်ငံအသီးအသီးတွင် ဒေသတစ်ခုလုံးအတွက် တစ်ချိန်တည်း သတ်မှတ်ထားသော စံတော်ချိန်ကိုသာ အသုံးပြု ကြလေသည်။ မြန်မာနိုင်ငံရှိ စံတော်ချိန်အရဆိုလျှင် ရန်ကုန်မြို့ တွင် ၁၂ နာရီအချိန်သည် မော်လမြိုင်မြို့၊ စစ်တွေမြို့တို့တွင် လည်း ၁၂ နာရီအချိန်ပင် ဖြစ်သည်။ နေရာအလိုက် အချိန် ကိုသာ အသုံးပြုမည် ဆိုပါက ရန်ကုန်နှင့် မော်လမြိုင်တို့တွင် နေအချိန်ချင်း တူညီကြမည် မဟုတ်ပေ။


နိုင်ငံတိုင်းသည် လန်ဒန်မြို့ ဂရင်းနစ် စံတော်ချိန်ကို ဗဟိုစံတော်ချိန်အဖြစ် အသုံးပြုကြသည်။ ဂရင်းနစ်ကို ဖြတ်သော လောင်ဂျီတွဒ်မျဉ်းကို သုညဒီဂရီအဖြစ် သတ်မှတ်ကြသည်။ ဂရင်းနစ် အရှေ့ဘက် ၁ ဒီဂရီ ကျသော လောင်ဂျီတွဒ်မျဉ်းတွင် နေထွက်ချိန် ၄ မိနစ်စော၍ ဂရင်းနစ် အနောက်ဘက် ၁ ဒီဂရီ ကျသော လောင်ဂျီတွဒ်မျဉ်းတွင် နေထွက်ချိန် ၄ မိနစ် နောက်ကျသည်။ ထိုနည်းဖြင့် နိုင်ငံတိုင်းသည် ဂရင်းနစ် လောဂျီတွဒ်မှ ကွာဝေးသောဒီဂရီများအတိုင်း စံတော်ချိန်များကို သတ်မှတ်ကြသည်။ ပုံစံအားဖြင့် ဂရင်းနစ် မီရီဒီယန်၌ မွန်းတည့် ၁၂ နာရီ ဖြစ်လျှင် အရှေ့ဘက် လောင်ဂျီတွဒ် ၁ဝ၅ ဒီဂရီ၌ ညနေ ၇ နာရီဖြစ်မည် ဟူ၍လည်းကောင်း၊ အနောက်ဘက် လောင်ဂျီတွဒ် ၉ဝ ဒီဂရီ၌ နံနက် ၆ နာရီဖြစ်မည်ဟူလည်းကောင်း သိမှတ်ကြလေ noသည်။


ရှေးက အချိန်ကို ပိုင်းခြား သတ်မှတ်ရန်အတွက် နေနာရီ၊ သဲနာရီ၊ ရေနာရီများကို အသုံးပြုကြခဲ့သည်။ သို့ရာတွင် စက်မှု လက်မှုနှင့် သိပ္ပံပညာ ထွန်းကားလာပြီးနောက်တွင်ကား သံပတ်စက်ဖြင့် အချိန်မှန်သွားလာသော နာရီများကိုသာ ကမ္ဘာအနှံ့ သုံးစွဲလာကြလေတော့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)