အန္တရကပ်
အသင်္ချေယျ လေးကပ်တို့တွင် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျ ကပ်ဦးအစအခါ (တနည်း ကမ္ဘာဦးအခါ) လူတို့သည် အသက်အသင်္ချေ တည်နေကြရကုန်၏။ ကာလရှည်လျားလတ်သော် လောဘ ဒေါသစသော အကုသိုလ်တရားများ ဝင်ရောက်ဖျက်ဆီးသဖြင့် တဖြည်းဖြည်း နိမ့်ကျကာ အသက် ဆယ်နှစ်တမ်းတိုင်အောင် ဆုတ်ယုတ်လာ၏။ ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ပါဠိလို ဟာယနကပ္ပ = မြန်မာလို ဆုတ်ကပ်ဟု ခေါ်၏။
တဖန် ဆယ်နှစ်တမ်းမှ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရားများ ဝင်ရောက်ချီးမြှောက်သဖြင့် သားစဉ်မြေးဆက် တဆတက် တဆတက် တိုးတက်ကာ အသက် အသင်္ချေယျတိုင်အောင် ရှည်သွားကြပြန်၏။ ဤသို့ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းတိုင်အောင် ရှည်မြင့်လာသော အချိန်ကာလကို ပါဠိလို ဝဍ္ဎနကပ္ပ = မြန်မာလို တက်ကပ်ဟု ခေါ်၏။ (ဤဆုတ်ကပ် တက်ကပ် နှစ်ရပ်အကြောင်းကို အကျယ်သိလိုမူကား ပိဋကမြန်မာပြန် ဒီဃနိကာယ် ၃-ပါထိကဝဂ် ၃-စက္ကဝတ္တိသုတ်၌ ကြည့်ရှုမှတ်ယူကြရာ၏။)
ဤသို့လျှင် လူတို့၏ အသက်တမ်းသည် ဆယ်နှစ်တမ်းနှင့် အသင်္ချေယျတမ်း ကုသိုလ်တရား ပွါးသောအခါ တက်၍ အကုသိုလ်တရား ဖိစီးသောအခါ ဆုတ်ယုတ်လျက် တက်ချီဆုတ်ချီ ဖြစ်၍နေ၏။ ဤသို့ အသက်တမ်း တက်ကပ်နှင့် ဆုတ်ကပ် တစုံကို အန္တရကပ် တကပ်ဟု ခေါ်၏။
အန္တရကပ် သုံးမျိုး
ပြင်ဆင်ရန်ကမ္ဘာဦးအခါမှာကား အသင်္ချေယျကပ်ကစ၍ ဆယ်နှစ်တမ်း ရောက်လျှင်ပင် ကပ်အပြောင်းအလဲဖြစ်ရ၏။ ဆုတ်ယုတ်၍လာရာ၌ လောဘအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ငတ်မွတ်ခြင်းဘေးကြီး” ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို ဒုဗ္ဘိက္ခန္တရကပ်ဟူ၍ ခေါ်၏။
ဆုတ်ယုတ်၍လာရာ၌ မောဟအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ရောဂါဆိုးဘေးကြီး” ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို ရောဂန္တရကပ်ဟူ၍ ခေါ်၏။
ဆုတ်ယုတ်၍လာရာ၌ ဒေါသအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “အချင်းချင်း လက်နက်တို့ဖြင့် သတ်ဖြတ်၍” မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို သတ္ထန္တရကပ်ဟူ၍ ခေါ်၏။
(ဝိသုဒ္ဓိမဂ်မဟာဋီကာ အလိုအားဖြင့်.. လောဘ အထူးလွှမ်းမိုးလျှင် ရောဂန္တရကပ်၊ ဒေါသ အထူးလွှမ်းမိုးလျှင် သတ္ထန္တရကပ်၊ မောဟ အထူးလွှမ်းမိုးလျှင် ဒုဗ္ဘိက္ခန္တရကပ်တိုက်၍ မကောင်းသူများ သေကျေပျက်စီးကြ၏။)
ဤသို့ တက်ကပ် ဆုတ်ကပ် တစုံတစုံကို အန္တရကပ် တကပ်တကပ်ဟု ခေါ်ရ ခြင်းမှာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ကြီး အဆုံးသတ်တွင် မီး ရေ လေတို့ဖြင့် အလုံးစုံ မပျက်မီအတွင်း အသက်ဆယ်နှစ်တမ်းသို့ ရောက်တိုင်းရောက်တိုင်း ငတ်မွတ်ခြင်းဘေး ရောဂါဘေး လက်နက်ဘေးတို့ဖြင့် မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြသည်ကိုစွဲ၍ အကြီးအကျယ် မပျက်စီးမီ အကြားအကြား၌ဖြစ်သော ပျက်စီးပြောင်းလဲခြင်း အချိန်ကာလဟု ဆိုလိုသည်။
တင်စား၍ပြောဆိုသော စကား
ပြင်ဆင်ရန်ဤအန္တရကပ်များ၏ အဆုံးသတ် ခုနစ်ရက်အတွင်း ကျရောက်သည့်ဘေးကို အစွဲ ပြုကာ… ရောဂန္တရကပ် သတ္ထန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်ဟူသော အမည်များကို ဆယ်နှစ်တမ်းမတိုင်မီ ကာလအတွင်း (တကမ္ဘာလုံးအနှံ့မဟုတ်ပဲ) အချို့သော မြို့ရွာဒေသတို့၌ ကူးစက်တတ်သော ရောဂါဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ရောဂန္တရကပ်တိုက်နေသည်ဟူ၍၎င်း..၊ စစ်မက်တိုက်ခိုက်ခြင်း ဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ သတ္ထန္တရကပ် တိုက်နေသည်ဟူ၍၎င်း...၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်နေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ဒုဗ္ဘိက္ခန္တရကပ် တိုက်နေသည်ဟူ၍၎င်း… ပြောဆိုလေ့ရှိကြ၏။ ထိုသို့ ပြောဆိုခြင်းမှာ အန္တရကပ်အစစ်၏ ဖြစ်ပျက်ပုံအခြေအနေနှင့် တူသည်ကို အစွဲပြုကာ တင်စား၍ပြောဆိုသော စကားမျှသာ ဖြစ်၏။ ဘုရားရှိခိုးဆုတောင်းများ၌ “အပါယ်လေးပါး ကပ်သုံးပါး”ဟု သုံးနှုန်းထားသော စကားမှာလည်း ဤတင်စားပြောဆိုရသေ၁ ကပ်ကိုသာ ဆိုလို၏။
ဤပြဆိုခဲ့သော တက်ကပ် ဆုတ်ကပ် အစုံဖြစ်သည့် အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိလျှင် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်တခု ကုန်ဆုံးတော့၏။ သံဝဋ္ဋအသင်္ချေယျကပ် သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဝိဝဋ္ဋအသင်္ချေယျကပ်တို့၌ကား… သတ္တဝါများ (လူ့ပြည် နတ်ပြည်၌) မရှိခြင်းကြောင့် တက်ကပ် ဆုတ်ကပ် အစုံတည်းဟူသော အန္တရကပ်တို့ဖြင့် မသတ်မှတ် မပိုင်းခြားရသော်လည်း ထိုအသင်္ချေယျကပ်ကြီး တခုတခုလျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ်စီခန့်ပင် ကာလရှည်လျားသဖြင့် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်နှင့် အချိန်ကာလ တူညီမျှကြသည်ဟု မှတ်ယူအပ်၏။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်