သာသနာတော်နှစ် ၁၇၀၀-လောက်သို့ ရောက်သောအခါတွင်မူကား မဟာပရက္ကမဗာဟုမင်း လက်ထက် သီဟိုဠ်ကျွန်း ပုလတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်၌[၁] သီတင်းသုံးနေတော်မူသော အရှင်မောဂ္ဂလ္လာန် မထေရ်သည် အဘိဓာနပ္ပဒီပိကာခေါ် မာဂဓ အဘိဓာန်ကျမ်းကို ရေးသားပြုစု ခဲ့ပေသည်။ ကျမ်း၏အစတွင် နိဃဏ္ဋုကျမ်း၌ လာသော ပိဋကနှင့် သင့်လျော်သည်များကိုလည်း ထည့်သွင်း၍ ပြုစုသည်ဆိုသဖြင့် ဤကျမ်းကို မာဂဓသက်သက်ကိုသာ တတ်သူတို့အတွက် ကရုဏာရှေ့ထား၍ ရေးသားခဲ့သည်ကို သိနိုင်ပေသည်၊ ဤကို ထောက်၍လည်း ထိုခေတ်တွင် ပါဠိစာပေ ခေတ်ဦးပိုင်းမှာလောက် မာဂဓ သက္ကတစွယ်စုံတတ်သူတို့ မပေါများတော့ သည်ကိုလည်း မှန်းဆနိုင်ပေသည်။

ယင်းမာဂဓအဘိဓာန်ကို ရေးသားရာ၌ အရှင်မောဂ္ဂလ္လာန်မထေရ်သည် သက္ကတဘာသာနှင့် ရှိနှင့် ပြီးဖြစ်သော အမရကောသအဘိဓာန်ကိုပင် စံနမူနာယူ၍ ရေးသားခဲ့ခြင်း ဖြစ်ပေသည်။ တကျမ်း လုံးအတွက် ကြိုတင်မှာထားချက်ဖြစ်သည့် ပရိဘာသာပိုင်းကို ပြဆိုရာ၌လည်း အမရကောသ၌ ပြထားသောနည်းကိုပင် ယူထားသည်ကို တွေ့ရသည်[၂]။ ကျမ်းအစိတ်အပိုင်း ဖြစ်သည့် ကဏ္ဍခွဲပုံ, ဝဂ်ခွဲပုံ အမည်ပေးပုံတို့လည်း အမရကောသနှင့် အတန်ငယ်ဆင်တူလျက် ရှိသည်ကို တွေ့ရပေသည်။

ယင်းသို့ အမရကောသအဘိဓာန်ကို မှီငြမ်းပြု၍ အဘိဓာနပ္ပဒီပိကာကို ရေးသားခဲ့သည်ဆိုသော်လည်း အမရကောသကို မာဂဓဘာသာပြန်ဆိုရုံမျှကား မဟုတ်ပေ၊ ကျမ်းရေးသားပုံ အစီအစဉ်ကိုသာ မှီငြမ်းပြုခြင်း ဖြစ်လေသည်၊ အမှန်မှာ အရှင်မောဂ္ဂလ္လာန်သည် အဋ္ဌကထာ, ဋီကာ နှင့်တကွသော နိကာယ် ၅-ရပ်, ပိဋက ၃-ပုံကို အထပ်ထပ်မွှေနှောက်ပြီးမှသာ ထိုပါဠိ, အဋ္ဌကထာ ဋီကာ နည်းများနှင့်အညီ အဘိဓာနပ္ပဒီပိကာကို ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

ထိုစကား မှန်၏၊ ပါဠိတော်, အဋ္ဌကထာတို့၌လည်း နောင်အခါ ထွက်ပေါ်လာမည့် အဘိဓာန်ကျမ်းတို့၏ ရှေ့သွားစံနမူနာဖြစ်သည့် ဟောကြား ရေးသားထားပုံမျိုးကို တွေ့ရှိရမည်ပင် ဖြစ်ပေသည်။ ၎င်းတို့ကား ကျမ်းသီးခြား တစောင်တဖွဲ့ အနေမျိုးဖြင့် ရှိကြသည်ကား မဟုတ်ပေ တစိတ်တဒေသအားဖြင့်သာ တွေ့ရှိရခြင်း ဖြစ်ပေသည်။ ယင်း တွေ့ရှိရသောစကားရပ်တို့သည်လည်း အဘိဓာန်အနေမျိုး ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဟောကြားအပ်ခဲ့သည်မဟုတ်ပဲ ပုဒ်တစ်ခု၏ အနက်ကို ထင်ရှားစွာ သိမြင်နိုင်စေရန် ရှိသင့်သမျှသော အနက်တူ ဟောပုဒ်များနှင့် အချို့ အရာတွင် ဟောနိုင်သမျှသော ပုဒ်နက်များကို ထုတ်ပြသည့်အနေဖြင့်သာ ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဖဿ-ဟူသောပုဒ်၏ အနက်ကို အကျယ်ဖွင့်ပြရာ၌ “ဖဿာ ဖုသနာ သံဖုသနာ သံဖုသိတတ္တံ [၃]” ဟုလည်းကောင်း, စိတ္တပုဒ်၏အနက်ကို ဖွင့်ပြရာ၌ “စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရံ မနော မနာယတနံ မနိန္ဒိယံ ဝိညာဏံ ဝိညာဏက္ခန္ဓော တဇ္ဇာ မနောဝိညာဏဓာတု ” ဟုလည်းကောင်း, ဝိတက္ကပုဒ်၏အနက်ကို ဖွင့်ပြရာ၌ “တက္ကော ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ စေတသော အဘိနိရောပနာ သမ္မာသင်္ကပ္ပေါ ” ဟုလည်းကောင်း, ပညာပုဒ်၏အနက်ကို ဖွင့်ပြရာ၌ “ပညာ ပဇာနနာ ဝိစယော ပဝိစယော ဓမ္မဝိစယော သလ္လက္ခဏာ ဥပလက္ခဏာ ပစ္စုပလက္ခဏာ ပဏ္ဍိစ္စံ ကောသလ္လံ နေပုညံ ဝေဘဗျာ စိန္တာ ဥပပရိက္ခာ ဘူရီ မေဓာ ပရိဏာယိကာ ဝိပဿနာ သမ္ပဇညံ ပတောဒေါ ပညာ ပညိန္ဒြိယံ ပညာဗလံ ပညာသတ္တံ ပညာပါသာဒေါ ပညာအာလောကော ပညာဩဘာသော ပညာပဇ္ဇောတောပညာရတနံ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ”[၄] ဟုလည်းကောင်း, ရနိုင်သမျှသော ပရိယာယ်ပုဒ်တို့ကို ထုတ်၍ ဖွင့်ဆို ဟောကြားထား သည်တို့ကို တွေ့ရှိနိုင်ပေသည်။ နေတ္တိပါဠိတော် ဝေဝစနဟာရဝိဘင်း၌လည်း ဤဖွင့်ပုံမျိုးကို တွေ့ရှိ နိုင်သည်ပင် ဖြစ်သည်။

မဟာနိဒ္ဒေသ, စူဠနိဒ္ဒေသ ပါဠိတော်တို့၌လည်း အလားတူ ဖွင့်ဆိုချက်များကို တွေ့ရသည့်ပြင် ကိတ်ပစ္စည်းအဆုံးရှိသောပုဒ်နှင့် အာချာတ်ကြိယာပုဒ် စသည်တို့ကိုပင် ပရိယာယ်ပုဒ်များစွာဖြင့် ဖွင့်ပြသည်ကို တွေ့ရသည်။ အမြွက်မျှထုတ်ပြရသော်...

“ကာမယမာနဿာတိ ကာမယမာနဿ ဣစ္ဆမာနဿ သာဒိယမာနဿ ပတ္ထယမာနဿ ပိဟယမာနဿ အဘိဇပ္ပမာနဿ။ သမိဇ္ဈတီတိ ဣတိ သမိဇ္ဈတိ လဘတိ ပဋိလဘတိ အဓိဂစ္ဆတိ ဝိန္ဒတိ[၅]” စသည်တို့တည်း။

အဋ္ဌကထာ, ဋီကာတို့၌ကား ဤနည်းမျိုးအပြင် ပုဒ်တစ်ခုက ဟောနိုင်သမျှသော အနက်တို့ကို ထုတ်ပြသည့်နည်း[၆] (ယခုခေတ် အဘိဓာန်ရေးနည်းမျိုး)များကိုပါ ဥဒါဟရုဏ် ပုံစံများနှင့်တကွ ဖွင့်ပြသည်တို့ကို တွေ့ရပေသည်။

ဤဆိုခဲ့ပြီးသော အဖွင့်စကားရပ်တို့သည်ပင် အဘိဓာနပ္ပဒီပိကာကို ပြုစုသောအရှင်မောဂ္ဂလ္လာန်၏ အားထားရာ မှီခိုရာ ဖြစ်ခဲ့မည်မှာ ယုံမှားဖွယ်မရှိပေ။

အဘိဓာနပ္ပဒီပိကာ အပိုင်းကြီး ၃-ပိုင်း ပြင်ဆင်ရန်

အဘိဓာနပ္ပဒီပိကာ၌ ပါဝင်သောအခန်းများကား- သဂ္ဂကဏ္ဍ, ဘူကဏ္ဍ သာမညကဏ္ဍ-ဟု အပိုင်းကြီး ၃-ပိုင်းဖြစ်ပေသည်။ ၎င်း ၃-ပိုင်းကိုပင် သဘောတူရာပေါင်း၍ ခွဲလျှင်ကား အပိုင်းကြီး ၂-ပိုင်းခွဲခြားနိုင်ပေသည်။ ထိုတွင် အနက်တူဝေါဟာရ ပုဒ်တို့ကိုပြသည့် အပိုင်းကို ပထမပိုင်းဟု သတ် မှတ်၍ ဝေါဟာရပုဒ်တစ်ခု၏ ဟောနိုင်သော အနက်များကို ပြသည့်အပိုင်းကို ဒုတိယပိုင်းဟု သတ်မှတ် နိုင်ပေသည်။ ထိုသို့သတ်မှတ်လျှင် ပထမပိုင်း၌ သဂ္ဂကဏ္ဍ, ဘူကဏ္ဍနှင့် သာမညကဏ္ဍမှ အချို့ ဝဂ် များပါဝင်၍ ဒုတိယပိုင်း၌ သာမညကဏ္ဍမှ အနေကတ္ထဝဂ်နှင့် အဗျယဝဂ်တို့ ပါဝင်ပေမည်။

အပိုင်းကြီး ၃-ပိုင်းတို့တွင် သဂ္ဂကဏ္ဍ၌ ဘုရားအနက်ဟော ဝေါဟာရပုဒ်များကို ရှေးဦးစွာပြ၍ ၎င်းတို့နောက်၌ နိဗ္ဗာန်အနက်ဟောပုဒ်များ ရဟန္တာအနက်ဟောပုဒ်များ နတ်ပြည်အနက်ဟော ပုဒ်များ အသုရာအနက်ဟောပုဒ်များ စသည်ဖြင့် နတ်လောကနှင့်ဆိုင်သော ပရိယာယ် သဒ္ဒါများနှင့် တကွ သာသနာဆိုင်ရာ အသုံးအနှုန်းများဖြစ်သည့် ကုသိုလ်, အကုသိုလ်, ဖဿ, ပညာ, ဝိတက်, ဝီရိယ စသည်တို့၏ ပရိယာယ်ပုဒ်များနှင့် အခြားအနက်ဟော ပရိယာယ်ပုဒ်များကို စုပေါင်းပြဆိုထားလေသည်။ ဘူကဏ္ဍကိုကား ဘူမိဝဂ်, ပုရဝဂ်, နရဝဂ်, စတုဗ္ဗဏ္ဏဝဂ်, အရညဝဂ် သေလဝဂ်, ပါတာလဝဂ် ဟု အပိုင်းငယ်ကလေးများ ခွဲခြား၍ ထားပြန်သည်။ ထိုတွင် ဘူမိဝဂ်၌ မြေကြီးဆိုင်ရာ ဝေါဟာရများ, ပုရဝဂ်၌ မြို့ပြ ပြည်ရွာ အဆောက်အဦဆိုင်ရာ ဝေါဟာရများ, နရဝဂ်၌ လူဆိုင်ရာ ဝေါဟာရများ, စတုဗ္ဗဏ္ဏဝဂ်၌ ခတ္တိယ ဗြာဟ္မဏ ဝေဿ သုဒ္ဒ-ဟူသော အမျိုးလေးပါး ဆိုင်ရာ ဝေါဟာရများ, အရညဝဂ်၌ တောနှင့် သစ်ပင် ဆေးမြစ်ဆိုင်ရာ ဝေါဟာရများ, သေလဝဂ်၌ တောင်ဆိုင်ရာ ဝေါဟာရများ, ပါတာလဝဂ်၌ နဂါးပြည်စသော အောက်လောကဆိုင်ရာ ဝေါဟာရများကို ပြဆို ထားလေသည်။ သာမညကဏ္ဍကိုလည်း ဝိသေသျဓနဝဂ်, သံကိဏ္ဏဝဂ်, အနေကတ္ထဝဂ်, အဗျယဝဂ် ဟု ခွဲခြားထားသည်။ ထိုတွင် ဝိသေသျာမီနဝဂ်၌ လိင် ၃-ပါးနှင့် ဆက်ဆံသော ဝိသေသနပုဒ်များကိုလည်းကောင်း, သံကိဏ္ဏဝဂ်၌ အထွေထွေ ဝေါဟာရများကိုလည်းကောင်း, အနေကတ္ထဝဂ်၌ အနက်အများကို ဟောသော ပုဒ်များကို၎င်းတို့ဟောနိုင်မည့် အနက်တို့နှင့်တကွလည်းကောင်း, အဗျယဝဂ်၌ နိပါတ်ပုဒ်, ဥပသာရပုဒ်တို့နှင့်၎င်းတို့၏ အနက်တို့ကိုလည်းကောင်း, စုပေါင်းပြဆိုထားပေသည်။

ဤသို့လျှင် အဘိဓာနပ္ပဒီပိကာသည် ၁၂၀၀-မျှသော ဂါထာတို့ဖြင့် များစွာသော ဝေါဟာရ သဒ္ဒါတို့ကို သိမ်းကျုံးယူငင်၍ ရေးသားအပ်ရကား ယနေ့တိုင်အောင်ပင် ပါဠိစာပေကို လိုက်စားသော ရဟန်းရှင်လူတို့အား ကျေးဇူးများစွာပြုလျက် ရှိပေသည်။ [၇]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ပါဠိစာပေ

သီဟိုဠ်ပါဠိစာပေ

မြန်မာနိုင်ငံပါဠိစာပေ

ပါဠိအဘိဓာန်

ကိုးကား ပြင်ဆင်ရန်

  1. ၂။ ပိဋကတ်တော်သမိုင်း (၁၄၅)၌ သီဟိုဠ်ကျွန်း, အနုရာဓမြို့တောင်, မဟာဝိဟာရကျောင်းတိုက်နေ အရှင်မောဂ္ဂလ္လာန်ပြုသည်ဟု ဆိုသည်။ အဘိဓာန်နိသျသစ် နိဒါန်းနှင့် The Pali Literature of Ceylon, စာမျက်နှာ ၁၈၈-တို့ ကြည့်ပါ။
  2. ၁။ အောက်ပါ ဂါထာ ၂-ပုဒ်ကို ယှဉ်ကြည့်ပါ။
    ပါယသော ရူပဘေဒေန၊ သာဟစရိယာ စ ကုတြစိ။
    ထီပုံနပုံသကံ ဉေ ယျံ၊ တဗ္ဗိသေသဝိဓိ က္ခစိ။ (အမရကောသ)။
    ဘိယျော ရူပန္တာရာ သာဟ-စရိယေန စ ကတ္ထစိ။
    ကွစာဟစ္စဝိဓာနေန၊ ဉေယျံ ထီပုံနပုံသကံ။ (အဘိဓာနပ္ပဒီပိကာ)။
  3. ၂။ အဘိ၊၁၊၁၈။
  4. ၃။ အဘိ၊၁၊၁၉။
  5. ၁။ မဟာနိ၊၂။
  6. ၂။ အတ္ထုဒ္ဓါရဖွင့်နည်းမျိုးကို ဆိုလိုသည်။ ဤနည်းကို ထိုထို အဋ္ဌကထာတို့၌ အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်ပေသည်။
  7. တိပိဋကအဘိဓာန် အတွဲ-၁၊ နိဒါန်း