မြန်မာနိုင်ငံ ပါဠိစာပေခေတ်ကို လေ့လာရာ၌ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ မည်သည့်အချိန် လောက်က ရောက်ရှိလာသည်ကို ထည့်သွင်းစဉ်းစားရပေမည်။

ရာဇဝင်သမိုင်းကျမ်းဂန်တို့အရ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓ သာသနာရောက်လာသည်ဟု ဆိုနိုင်သော်လည်း ခိုင်လုံသော သက်သေသာဓကများ လိုလျက်ရှိသည်။ [၁]

မြန်မာပြည်ကို ဗုဒ္ဓဘာသာ စရောက်ချိန် ပြင်ဆင်ရန်

ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များအရဆိုသော် ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံသို့ ခရစ်နှစ် နှစ်ဦးပိုင်းလောက်ကပင် ရောက်ရှိခဲ့သည်ကို တွေ့ရပေသည်။ ယင်းဌာန တူးဖော်တွေ့ရှိချက်ဟူသည်မှာလည်း အခြားမဟုတ် ခရစ်နှစ် ၁၈၉၇-ခုနှစ်တွင် ပြည်ခရိုင် မှော်ဇာမြို့အနီး မောင်ကန်ကုန်းနှင့် ခင်ဘကုန်းတို့၌ တွေ့ရှိရသော ရွှေပေစာချပ်များပင် ဖြစ်ပေသည်။[၂] ၎င်းတို့၌ ရေးသားထားသော အက္ခရာအရေးအသားသည် ခရစ်နှစ် ၅-ရာစု အတွင်း ထင်ရှားခဲ့သော ဣန္ဒြိယတောင်ပိုင်း ကဒမ္ဗအက္ခရာမျိုး ဖြစ်သည်ကို တွေ့ရှိရပေရာ ၎င်းရွှေပေစာများလည်း ခရစ်နှစ် ၅၀၀-ခန့်ကပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ၎င်းရွှေပေစာများပေါ်၌ ရေးသားထားသော စာများမှာကား ဝိနည်း မဟာဝါပါဠိတော်မှ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစချီသော ဂါထာ, နိကာယ်ကြီး ၄-ရပ်နှင့် အဘိဓမ္မာပါဠိတော်မှ “စတ္တာရော ဣဒ္ဓိပါဒါ စတ္တာရော သမ္မပ္ပဓာန” စသော တရားတော်များ –ဣတိပိ သော ဘဂဝါ အရဟံ” စသော ရတနာ ၃-ပါး၏ ဂုဏ်တော်များ ဖြစ်ပေသည်၊ ၎င်းတို့ကို ပါဠိဘာသာဖြင့် ရေးသားထားသည်ကိုတွေ့ရသဖြင့် ပါဠိဘာသာသည်လည်း ခရစ်နှစ် နှစ်ဦးပိုင်းကပင် မြန်မာပြည်သို့ ရောက်ရှိနေသည်မှာ ထင်ရှားပေသည်။ [၁]

ပုဂံခေတ်မတိုင်မီ ပါဠိစာပေ ပြင်ဆင်ရန်

ထိုသို့ အလွန်စောစွာ မြန်မာနိုင်ငံသို့ ပါဠိဘာသာရောက်လာခဲ့သော်လည်း ပုဂံမတိုင်မီဖြစ်သော ပျူခေတ်, မွန်ခေတ်တို့၌ ပါဠိဘာသာထွန်းကားခဲ့သည်ဟု အတိအကျယူဆရန်ကား ခဲယဉ်းလျက်ရှိသည်ကို တွေ့ရပေသည်၊ သထုံပြည် မနူဟာမင်း(အေဒီ ၁၂-ရာစု)ထံ၌ ပိဋကသုံးပုံ ပါဠိတော်များ ရှိကြောင်း ရာဇဝင်များအရ သိရပေသည်။ ပါဠိတော်ရှိလျှင် အဋ္ဌကထာ, ဋီကာတို့လည်း ရှိရမည်ပင် ဖြစ်သည်။ ယင်းတို့ရှိလျှင် ယင်းတို့ကို အမှီပြု၍ ထိုခေတ်ပညာရှိကြီးတို့သည် ပါဠိဘာသာဖြင့် ကျမ်းဂန်များကို ရေးသားပြုစုခဲ့မည်ပင် ဖြစ်သည်။ သို့သော်လည်း ၎င်းစာပေကျမ်းဂန်တို့သည် အနိစ္စသဘောအရ ပျက်စီးပျောက်ဆုံးကုန်သည့်အတွက် နှောင်းခေတ်လူများလက်သို့ မရောက်ရှိခဲ့ခြင်းသာ ဖြစ်တန်ရာပေသည်။ အမည်မျှပင် ကြွင်းကျန်ခဲ့ခြင်းမရှိပဲ လုံးဝကွယ်ပျောက်သွားကြသည်မှာ မြန်မာနိုင်ငံပါဠိစာပေအဖို့ ဆုံးရှုံးမှုတရပ်ဟုပင် အသိအမှတ်ပြုရပေတော့မည်။ [၁]

ပုဂံခေတ် ပါဠိစာပေ ပြင်ဆင်ရန်

ယင်းသို့ ခေတ်ဦးပိုင်း မြန်မာနိုင်ငံပါဠိစာပေ အမွေအနှစ်ကို မရလိုက်သော်လည်း ပါဠိစာပေ သမိုင်းအတွက် အားကိုးစရာအဖြစ်ဖြင့် ပုဂံခေတ်မှစ၍ ပေါ်ပေါက်ခဲ့သော ပါဠိစာပေကျမ်းဂန်များ နှင့်တကွ ဂန္ထဝံသ, သာသနာလင်္ကာရစာတမ်း ပိဋကတ်တော်သမိုင်း စသော ကျမ်းတို့ကား ရှိပေသည်။

ထိုတွင် ပိဋကတ်တော်သမိုင်းအရ မြန်မာနိုင်ငံတွင် အစောဆုံးပေါ်ခဲ့သော ပါဠိကျမ်းဂန်မှာ မနုသာရဓမ္မသတ်ကျမ်းဟောင်း ဖြစ်ပေသည်။ ၎င်းကျမ်းကို ပုဂံပြည်၌ သက္ကရာဇ် ၁၆၄-ခုနှစ် နန်းတက်သော ပျူမင်းထီးလက်ထက် ပျူမင်းထီး[၃] သိကြား ရသေ့ ဤ ၃-ယောက်သောသူမြတ်တို့ မာဂဓဘာသာဖြင့် စီရင်သည်ဟု သိရသည်။ [၄]

ဤဓမ္မသတ်ကျမ်းများ၏နောက် ယခုအခါတွင် အလွယ်တကူတွေ့ရှိလေ့လာ ဖတ်ရှုနိုင်သော မြန်မာနိုင်ငံပါဠိစာပေခေတ်ဦး၏ သမိုင်းဝင်မှတ်တိုင်များကား-[၁]

ပုဂံခေတ် ကျောက်စာများ ပြင်ဆင်ရန်

မြစေတီကျောက်စာ [၅]နှင့် ရွှေဂူကြီးဘုရားကျောက်စာတို့ပင် ဖြစ်ပေသည်။ ထိုကျောက်စာတို့တွင် မြစေတီကျောက်စာကို ပုဂံပြည် ကျန်စစ်မင်းကြီးနတ်ရွာစံသည့်နှစ်လောက်က ရေးထိုးခဲ့ခြင်းဖြစ်ပေသည်။ ၎င်းကျောက်စာ၌ ပါဠိ, မြန်မာ, မွန်, ပျူ ၄-ဘာသာတို့ဖြင့် ရေးထိုးထားရာ ပါဠိဘာသာဖြင့် ရေးထိုးထားသော မျက်နှာတွင် ပါဠိဂါထာများချည်း ရေးထိုးထားသည်ကို တွေ့ရသည်။ ၎င်းဂါထာများကို ကြည့်ရှုရခြင်းဖြင့် ထိုခေတ် ပုဂံပြည် ပါဠိစာပေ၏ အရည်အသွေးကို မှန်းဆ နိုင်ပေသည်။ မှန်၏၊ ၎င်းကျောက်စာ၌ ပါသော ဂါထာများမှာ သဒ္ဒါနည်းလည်းလှ ဆန်းဂိုဏ်း လည်းကျသော ဂါထာများချည်း ဖြစ်ပေသည်။ ထို့အတူပင် အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်ဖြစ်သည့် ရွှေဂူကြီးဘုရား၌ ရေးထိုးထားသော ပါဠိကျောက်စာသည်လည်း အရေးအသား ညက်ညော၍ အဆင့်အတန်းမြင့်သော ဂါထာတို့ချည်း ဖြစ်လေသည်။ ဤကျောက်စာ၏ ထူးခြား ချက်ကား မြစေတီကျောက်စာမှာကဲ့သို့ မိမိရေးထိုးလိုသော အကြောင်းအရာကို ရိုးရိုးရေးထိုးထား ခြင်းမဟုတ်ပဲ မင်းကြီး ဘုရားဆုပန်ပုံကို ဂါထာ ၁၀၀-မျှဖြင့် အဆန်းတကျယ် တန်းဆာဆင်ကာ ရေးသားစီကုံးထားခြင်းပင် ဖြစ်ပေသည်။ ထို့ထက်ထူးခြားသည်မှာကား ၎င်းကျောက်စာ၏အဆုံး၌ ရွှေဂူကြီးဘုရား စတင် တည်သည့်နှစ်, ပြီးသည့်နှစ်တို့ကို သက္ကတဘာသာ ၃-ဂါထာတို့ဖြင့် ပြဆိုထားခြင်းပင် ဖြစ်လေသည်။[၁]

သဒ္ဒနီတိသဒ္ဒါကျမ်း ပြင်ဆင်ရန်

ပုဂံခေတ်မှာပင် မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူထိုက်သည့် ပါဠိကျမ်းစာတစောင် ပေါ် ထွက်ခဲ့သည်၊ ယင်းကား အရှင်အဂ္ဂဝံသမထေရ် ရေးသားအပ်သော သဒ္ဒနီတိခေါ် သဒ္ဒါကျမ်းကြီး ဖြစ်ပေသည်။ ၎င်းသဒ္ဒနီတိကား မိမိ၏ သုတ်, ဝုတ္တိ, ဥဒါဟရုဏ်တို့ဖြင့် သီးခြားရေးသားအပ်သော ကျမ်းဖြစ်၍ ကစ္စည်းသဒ္ဒါကြီး၏ အခြံအရံဖြစ်သော ကျမ်းမဟုတ်ပေ။ ၎င်းကျမ်းကို ရေးသားရာတွင် ကျမ်းပြုဆရာတော်သည် မိမိခေတ်က ရှိသမျှသော ပါဠိတော် အဋ္ဌကထာ, ဋီကာ, ဂန္ထန္တရတို့နှင့်တကွ သက္ကတကျမ်းပေါင်းများစွာတို့ကို ရင်းဖျားတုံ့လှည့် အထပ်ထပ်ရှုကြည့်ပြီးမှ ရေးသားခဲ့ခြင်း ဖြစ်ပေသည်၊ ထို့ကြောင့်လည်း ဤကျမ်းကြီးသည် ပါဠိတော်, အဋ္ဌကထာ, ဋီကာတို့မှ လာသော ဥဒါဟရုဏ်တို့ဖြင့်လည်းကောင်း, သက္ကတကျမ်းများစွာမှ အဆိုအမိန့်များနှင့် ၎င်းအဆို အမိန့်များကို စိစစ်ဝေဖန်ချက်တို့ဖြင့်လည်းကောင်း, ဝေဆာလှပေသည်။ အကိုးအကားပြရာတွင်လည်း ကျမ်းဂန် ငယ်သည်, ကြီးသည်ကို ပဓာနမထားပဲ သာဓက မြောက်, မမြောက်ကိုသာ ဦးစားပေးသည်ကို တွေ့ရပေသည်။ ၎င်းကျမ်းတနေရာတွင် ဧကက္ခရကောသအမည်ရှိသော ဂါထာ ၃၂-ပုဒ် မျှသာရှိသည့် သက္ကတကျမ်းကလေးကိုပင် ကိုးကားထားသည်ကို တွေ့ရပေသည်။ [၆]

ယင်းကျမ်းကို ပဒမာလာ, ဓာတုမာလာ, သုတ္တမာလာဟု သုံးပိုင်းခွဲ၍ ပါဠိသဒ္ဒါကို ကျယ်ဝန်းစွာ ရေးသားခဲ့ပေရာ ယနေ့တိုင် ဤကျမ်းလောက် ကျယ်ဝန်းသော ပါဠိသဒ္ဒါကျမ်း မထွက် ပေါ်သေးချေ။ ပါဠိသဒ္ဒါကို ပြိုင်ဖက်ကင်းအောင် တတ်မြောက်သည်ဟု မိမိတို့ကိုယ်ကို ယူဆကြသည့် သီဟိုဠ်သား ရဟန်းတော်တို့သည်ပင် ဤသဒ္ဒနီတိကျမ်းကြီးကို တွေ့မြင်ဖတ်ရှုကြရသောအခါ ကျမ်းပြုဆရာတော် အရှင်အဂ္ဂဝံသမထေရ်၏ ကြီးမားလှသော ဉာဏ်ရည်စွမ်းပကားကို မချီးကျူးပဲ မနေနိုင်အောင် ရှိကြလေသည်။[၇] ဤအရှင်အဂ္ဂဝံသမထေရ်သည် သက္ကရာဇ် ၅၁၆-ခုနှစ်၌ သဒ္ဒနီတိကျမ်းကို ရေးသားစီရင်ကြောင်း သာသနာလင်္ကာရစာတမ်း၌ ဆိုပေရာ[၈] ထိုအဆိုအတိုင်း မှန်လျှင် ဤအရှင်သည် အလောင်းစည်သူမင်းကြီးလက်ထက် ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ထူး တဆူ ဖြစ်ပေမည်။ [၁]

ပုဂံခေတ် သဒ္ဒါကျမ်းများ ပြင်ဆင်ရန်

သဒ္ဒနီတိကျမ်း ပေါ်ထွန်းပြီးနောက် ပုဂံခေတ်တလျှောက်တွင် များစွာသော ပါဠိကျမ်းတို့ ပေါ် ထွက်ခဲ့ရာ များသောအားဖြင့် သဒ္ဒါဖက်ဆိုင်ရာ ကျမ်းတို့သာ များလေသည်။ ယင်းသဒ္ဒါဖက် ဆိုင်ရာ ကျမ်းတို့သည် ကစ္စည်းသဒ္ဒါကျမ်း, မောဂ္ဂလ္လာန်သဒ္ဒါကျမ်း, သဒ္ဒနီတိသဒ္ဒါကျမ်း စသော ကျမ်းကြီးများကို ထောက်ဆ၍ သဒ္ဒါငယ်ကျမ်း အမည်ဖြင့် ထင်ရှားကြသည်။ ၎င်းတို့တွင် အထင်ရှားဆုံးကျမ်းတို့မှာ သဒ္ဒတ္ထဘေဒစိန္တာ, ကစ္စာယနသာရ, ကာရိကာ[၉] စသည်တို့ ဖြစ်လေသည်။ [၁]

ပုဂံခေတ် အခြားကျမ်းများ ပြင်ဆင်ရန်

သဒ္ဒါကျမ်းများအပြင် သာသနာတော်ဆိုင်ရာ အခြားကျမ်းများလည်း ပေါ်ထွက်ခဲ့သည်ပင် ဖြစ်သည်။ ၎င်းတို့တွင် ဆပ္ပဒမထေရ် ရေးသားစီရင်အပ်သည့် နာမစာရဒီပကကျမ်းနှင့် ဝိနယဂုဠှတ္ထဒီပနီကျမ်း ပေါင်လောင်ရှင်ကဿပမထေရ်၏ မဟာဗောဓိဝင် ဋီကာကျမ်းတို့မှာ ထင်ရှားသောကျမ်းများ ဖြစ်သည်။ သုတ္တနိဒ္ဒေသကျမ်းနှင့် သင်္ခေပဝဏ္ဏနာဋီကာကျမ်းတို့ကိုလည်း ပုဂံခေတ် ဆပ္ပဒမထေရ်ရေးသည်ဟု သာသနာလင်္ကာရစာတမ်း (၁၁၈-၉)၌ ဆိုသည်။ ထိုအဆိုအတိုင်း မှန်လျှင် ယင်း ၂-ကျမ်းတို့ကိုလည်း ပုဂံခေတ်ပေါ်ကျမ်းများအဖြစ်ဖြင့် မှတ်ယူနိုင်ပေသည်။ [၁၀]

ဤခေတ်တွင် ပါဠိစာပေလေ့လာမှုမှာ ရဟန်းတော်များသို့သာမကပဲ ဘုရင်စသော လူပုဂ္ဂိုလ် တို့သို့ပါ ပျံ့နှံ့ သွားခဲ့သည်၊ ထို့ကြောင့်လည်း ပိဋကစာပေတတ်မြောက်သည်ဟု မြန်မာရာဇဝင်တွင် ကျော်ကြားသော ကျစွာမင်းကြီးသည် ပရမတ္ထဗိန္ဒုကျမ်းနှင့် သဒ္ဒဗိန္ဒုကျမ်းတို့ကိုလည်းကောင်း, သံပျင်အမတ်သည် နျာသကျမ်း၏ အဖွင့်ဖြစ်သော နျာသပ္ပဒီပိကာခေါ် သံပျင်ဋီကာကိုလည်းကောင်း, ရေးသားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ [၁]

ပုဂံခေတ် နိသျကျမ်းများ ပြင်ဆင်ရန်

နိသျကျမ်းစာများလည်း ပုဂံခေတ်က အစပြုခဲ့သည်ကို တွေ့ရသည်။ မှန်၏၊ ပုဂံခေတ်နောက်ပိုင်း သက္ကရာဇ် ၆၇-ခုနှစ် ပုဂံမြို့တွင် နန်းတက်သော စောမွန်နစ်မင်း၏ ညီတော် ရာဇသူနှင့် မြောက်သားတော် စောမြတ်လှတို့က မွေးဖွားသူ ညောင်ရမ်း သာဂရ ၂-မြို့စား ဂုဏ္ဏန္တရာဇ် မင်းသားက ပုဂံမြို့တွင် ရွှေကျောင်းကြီးဆောက်လုပ် ကိုးကွယ်သည့် ဆရာတော်အရှင်ဂုဏဝဋံသကာသည် ဒီဃနိကာယ်ပါဠိတော် ၃-ကျမ်း၏ မြန်မာနိသျများကို ရေးသားခဲ့ကြောင်းဖြင့် ပိဋကတ်တော်သမိုင်း[၁၁]တွင် လာရှိပေသည်။

ပုဂံခေတ် နောက်ပိုင်း ပါဠိစာပေများ ပြင်ဆင်ရန်

ပုဂံခေတ်၏နောက် စစ်ကိုင်း, ပင်းယ, အင်းဝ, ဟံသာဝတီခေတ်တို့တွင်လည်း ပါဠိစာပေသည် ဝေဆာတိုးတက်ခဲ့ပေသည်။ ဤခေတ်များတွင် ပါဠိကျမ်းဂန်အများအပြား ပေါ်ပေါက်ခဲ့ရာ ၎င်းတို့တွင် ထင်ရှားသော ကျမ်းအချို့ကား အရှင်သဒ္ဓမ္မပါလ သိရိမဟာဓမ္မရာဇဂုရု ဆရာတော်၏ နေတ္တိဝိဘာဝိနီဋီကာကျမ်း, အရှင်ဉာဏကိတ္တိမထေရ်၏ ပါရာဇိကဏ်ယောဇနာနှင့် အဘိဓမ္မာ ယောဇနာကျမ်းများ[၁၂], အရှင်မဟာဝိဇိတာဝီ၏ ကစ္စာယနဝဏ္ဏနာကျမ်းနှင့် ဝါစကောပဒေသသဒ္ဒါငယ်ကျမ်း, ဆူးတွင်းပစ်ဆရာတော်ဟု ထင်ရှားသည့် အရှင်နာဂိတမထေရ်၏ သဒ္ဒသာရတ္ထဇာလိနီသဒ္ဒါငယ်ကျမ်း, ပင်းယ စတုရင်္ဂဗလအမတ်ကြီး၏ အဘိဓာန်ဋီကာကျမ်း, အရှင်အရိယဝံသ မထေရ်၏ မဏိသာရမဉ္ဇူသာ ဋီကာကျမ်း, မဏိဒီပဋီကာကျမ်း, ဂန္ထာဘရဏကျမ်းနှင့် ဇာတ်ဋီကာသစ်ကျမ်း, စစ်ကိုင်း အရှင်တေဇောသာရ၏ ပရိတ်ကြီးဋီကာကျမ်း, အရှင်တိလောကဂုရု ဆရာတော်၏ ဓာတုကထာဋီကာဝဏ္ဏနာကျမ်း, အရှင်သဒ္ဓမ္မကိတ္တိဝရ၏ ဧကေက္ခရကောသကျမ်း တောင်ဖီလာဆရာတော်၏ ဝိနယာလင်္ကာရဋီကာကျမ်း, ဟံသာဝတီခေတ် အရှင်မဟာနာမထေရ်၏ မဓုဋီကာခေါ် မဓုသာရတ္ထဒီပနီဋီကာကျမ်း စသည်တို့ ဖြစ်လေသည်။[၁]

ပါဠိမြန်မာရောသော စာပေများ ပြင်ဆင်ရန်

ဆိုခဲ့ပြီးခေတ်တို့တွင် ပါဠိသက်သက်စာပေသာမကပဲ ပါဠိနှင့်မြန်မာရောသောစာပေနှင့် ပါဠိကို အမှီပြုသော မြန်မာစာပေတို့လည်း ထွန်းကားခဲ့ပေသည်။ ရွှေဥမင်ဆရာတော်၏ ဝိနည်းပါဠိတော်၊ နိသျနှင့် အဋ္ဌကထာနိသျများ အရှင်မဟာသီလဝံသ၏ နေတ္တိပါဠိတော်နိသျ, နန်းကျောင်းဆရာတော်, ဒက္ခိဏာဝန်ဆရာတော်တို့၏ သဒ္ဒါကြီးနိသျများ, ထိုထိုဆရာတော်တို့၏ မာတိကာအရကောက်စသော အကောက်ကျမ်းများ အရှင်မဟာသီလဝံသ အရှင်မဟာရဋ္ဌသာရတို့၏ ပျို့ လင်္ကာကျမ်းများ စသည်တို့ကား ဤခေတ်ပေါ်စာပေတို့တွင် ထင်ရှားသောကျမ်းအချို့ ဖြစ်ပေသည်။

ဤခေတ်အတွင်းမှာပင် စာဏကျနီတိ စသော သက္ကတနီတိတို့နှင့် အလားတူဖြစ်သော ပါဠိနီတိကျမ်းတို့ ပေါ်ထွက်ခဲ့သည်ကို တွေ့ရသည်၊ ၎င်းတို့တွင် စတုရင်္ဂဗလအမတ်ကြီး ရေးသား သည်ဆိုသော လောကနီတိနှင့် အရှင်မဟာသီလဝံသ၏ မဟာရဟနီတိတို့မှာ ထင်ရှားကျော်ကြား အသိများသော နီတိတို့ ဖြစ်ပေသည်။ [၁]

ကုန်းဘောင်ခေတ် ပါဠိစာပေ ပြင်ဆင်ရန်

၎င်းနောက် ကုန်းဘောင်ခေတ်တွင်လည်း အလားတူစာပေတို့ တိုးတက်ခဲ့ပေသည်။ ဤခေတ်တွင် ရှေးရေးကျမ်းတို့ကဲ့သို့ အရည်အသွေးမြောက်သော ပါဠိကျမ်းဂန်များ ထွက်ပေါ် ခဲ့သည်ကို တွေ့ရသည်၊ ၎င်းကျမ်းတို့ကား မောင်းထောင် သာသနာပိုင် ဆရာတော်၏ သီလက္ခန် ဋီကာသစ်ကျမ်းနှင့် ပေဋကာလင်္ကာရခေါ် နေတ္တိမဟာဋီကာသစ်ကျမ်းတို့အပြင် ဆရာတော်ဦးဗုဓ်၏ နိရုတ္တိဘေဒသင်္ဂဟသဒ္ဒါငယ်ကျမ်း, ပထမ ငါးခုန်ဆရာတော်၏ ခုဒ္ဒကပါဌဋီကာ, သမ္ဗန္ဓစိန္တာ-ဋီကာသစ်ကျမ်းများ စသည်တို့ ဖြစ်လေသည်။ ဘုရားကြီးဆရာတော်၏ ပါစိတျာဒိယောဇနာ ကျမ်း, သစ်ဆိမ့်ဆရာတော်၏ ကင်္ခါယောဇနာ မဟာဋီကာကျမ်းတို့သည်လည်း ဤခေတ်နောက်ပိုင်း၌ ထင်ရှားသော ပါဠိကျမ်းတို့ ဖြစ်ပေသည်။ [၁]

ပါဠိအမှီပြုစာပေ ပြင်ဆင်ရန်

ဤခေတ်တွင် နိသျ, အရကောက်-စသော ပါဠိအမှီပြု စာပေတို့ ပိုမိုမြောက်မြားစွာ ထွန်းကား ခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုတွင် တောင်တွင်းဆရာတော် ခင်ကြီးပျော်၏ ပုဒ်စစ်ကျမ်း, ဉာသ်အရကောက်ကျမ်း, ယမိုက်ခက်ဆစ်နှင့် ပဋ္ဌာန်းအရကောက်ကျမ်းများ ဆရာတော်ဦးဗုဓ်၏ ရူပသိဒ္ဓိနိသျ, သဒ္ဒနီတိနိသျ, ဘိက္ခုပါတိမောက် ဘိက္ခုနီပါတိမောက်နှင့် ခုဒ္ဒသိက္ခာနိသျများနှင့် နေတ္တိဟာရတ္ထဒီပနီကျမ်းတို့အပြင် တောင်ဖီလာဆရာတော်၏ မာတိကာအရကောက်ကျမ်း စသည်တို့ ပါဝင်ပေသည်။

၎င်းပြင် ဤခေတ်၌ မြန်မာနိုင်ငံသာသနာဝင်နှင့် ဂန္ထဝင်ကို ပဓာနထား၍ ရေးသားအပ်သော မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြံ၏ “သာသနာလင်္ကာရစာတမ်း”ခေါ် ကျမ်းစာ တစောင် ပေါ်ထွက်ခဲ့ပေသည်၊ ဤကျမ်းကား ရတနာပုရ စတုတ္ထမြို့တည် နန်းတည် ဘဝရှင်မင်း တရားကြီး (ဘကြီးတော်ဘုရား)၏ အမိန့်တော်ဖြင့် အတွင်းဝန်ကြီး သိရိမဟာနန္ဒသင်္ကြံ မေးဆိုချက်ကို အမတ်ကြီးမဟာဓမ္မသင်္ကြံ ရေးသားဖြေဆိုအပ်သောကျမ်း ဖြစ်၍ ဤကျမ်း၌ ပထမသင်္ဂါယနာတင်မှစ၍ ဘကြီးတော်ဘုရားလက်ထက်တိုင်အောင် သာသနာဝင်ဆိုင်ရာ မှတ်သားဖွယ် အဖြစ်အပျက်တို့ကို ပြဆိုထားသည်ကို တွေ့ရလေသည်။[၁]

ရတနာပုံခေတ် ပါဠိစာပေ ပြင်ဆင်ရန်

ဤသာသနာလင်္ကာရစာတမ်းကိုပင် ကုန်းဘောင်ခေတ် နောက်ပိုင်းဖြစ်သည့် ရတနာပုံခေတ်၌ မောင်းထောင်ဆရာတော် အရှင်ပညာသာမိမထေရ်သည် သီဟိုဠ်ကျွန်း ရာမညနိကာယကို စတင် တည်ထောင်သော သရဏင်္ကရဟူသောအမည်ဟောင်းရှိသော ဣန္ဒာသဘဝရဉာဏသာမိမထေရ်နှင့် အခြားမထေရ်တို့၏ တောင်းပန်ချက်ဖြင့် ပါဠိဘာသာသို့ ပြန်ဆို ရေးသားခဲ့လေသည်။ မန္တလေးမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင်သော သာသနာဝင်ကိုပါ ထည့်သွင်း၍ ရေးသားထားသဖြင့် ပိုမိုစုံလင်သော သာသနာဝင်ကျမ်း စာတစ်စောင် ဖြစ်လေသည်၊ ကျမ်းစာ၏အမည်ကိုလည်း “သာသနဝံသပ္ပဒီပိကာ”ဟု မှည့်လေသည်။ ဤကျမ်းသည် ပါဠိဘာသာဖြင့် ရေးသားအပ်သဖြင့် နိုင်ငံခြားသား ပါဠိပညာရှင်တို့ပါ ကြည့်ရှု နိုင်သောကျမ်း ဖြစ်ရကား သာသနာ့သမိုင်း, ပါဠိစာပေသမိုင်းတို့နှင့် ပတ်သက်၍၎င်းပညာရှင်တို့ မကြာမကြာ ကိုးကားဖော်ပြခြင်းကို ခံရသော ကမ္ဘာသိ မြန်မာဖြစ် ပါဠိကျမ်းစာတစောင် ဖြစ်လေသည်။ [၁၃][၁]

ရတနာပုံခေတ် သဒ္ဒါကျမ်း ပြင်ဆင်ရန်

ဤရတနာပုံခေတ်တွင် မိမိ၏ သုတ်, ဝုတ္တိ, ဥဒါဟရုဏ်များဖြင့် ရေးသားအပ်သည့် သီးခြား ပါဠိ သဒ္ဒါကျမ်းတစောင် ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ၎င်းကား ယောအတွင်းဝန်မင်း ဦးဘိုးလှိုင် ရေးသားအပ်သည့် “သဒ္ဒဟင်္ဂဟ”ကျမ်း ဖြစ်လေသည်။ ၎င်းကျမ်းမှာ သိဒ္ဓန္တကောမုဒီခေါ် သက္ကတသဒ္ဒါကျမ်းကို များစွာအမှီပြု၍ ရေးသားအပ်သော ကျမ်းဖြစ်သဖြင့် အသုံးအနှုန်းများမှာ သက္ကတဆန်နေသည်ကို တွေ့ရသည်။ ယောမင်းကြီး၏ လက်ရာဖြစ်သည့်အတိုင်း တိကျပြတ်သားသော ဆုံးဖြတ်ချက်များကိုလည်းကောင်း, ရှေးသဒ္ဒါကျမ်းအဆိုအမိန့်တို့ကို စိစစ်ချက်တို့ကိုလည်းကောင်း, တွေ့ရှိရသည်။ ၎င်းကျမ်းမှာ ပုံနှိပ်စာအုပ်အဖြစ်သို့ မရောက်ခဲ့သဖြင့် လူသိများသော ကျမ်းအဖြစ်သို့ မရောက်ခဲ့ချေ။ ရတနာပုံခေတ်ပေါ် သီးခြား ပါဠိသဒ္ဒါကျမ်းတစောင်ဖြစ်၍ မြန်မာတို့ ဂုဏ်ယူထိုက် သောကျမ်းတစောင် ဖြစ်လေသည်။ [၁]

ဂဏ္ဌိကျမ်း, ဝိနိစ္ဆယကျမ်း နှင့် နိသျကျမ်းများ ပြင်ဆင်ရန်

ဂဏ္ဌိကျမ်းများနှင့် ဝိနိစ္ဆယကျမ်းများလည်း ဤခေတ်တွင် အများအပြား ပေါ်ပေါက်ခဲ့ရာ ဆရာတော်ဦးသုတ၏ ပါရာဇိကဏ်ဂဏ္ဌိသစ်သည် ထင်ရှားသော ကျမ်းဖြစ်လေသည်။ ဤခေတ်၌ ပေါ်ထွက်ခဲ့သော နိသျတို့တွင်လည်း ပြည်ဆရာတော်၏ အဋ္ဌသာလိနီ အဋ္ဌကထာနိသျနှင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာနိသျတို့မှာ ယနေ့တိုင် ကျော်ကြားနေသောနိသျများ ဖြစ်ကြသည်။

ရတနာပုံခေတ်နှောင်းမှ မျက်မှောက်ခေတ် ပါဠိစာပေ ပြင်ဆင်ရန်

ဤခေတ်မှနောက် မျက်မှောက်ခေတ်တိုင်အောင် ပါဠိစာပေသည် မြန်မာပြည်၌ ထွန်းကား လျက်ပင်ရှိခဲ့ရာ ပါဠိဆိုင်ရာ စာပေကျမ်းဂန်များလည်း အမြောက်အမြား ထွက်ပေါ်ခဲ့သည်။ ထိုများစွာသော ကျမ်းတို့တွင် လယ်တီဆရာတော်၏ ပရမတ္ထဒီပနီ (ပါဠိ) ကျမ်းမှာ ကမ္ဘာကျော် ကျမ်းတကျမ်းပင် ဖြစ်ပေသည်။ ဆရာတော်၏ အခြားထင်ရှားသော ပါဠိကျမ်းမှာ နိရုတ္တိဒီပနီကျမ်း ဖြစ်သည်၊ မြန်မာဘာသာဖြင့် ရေးသားအပ်သော ဆရာတော်၏ ဒီပနီကျမ်းများစွာတို့သည်လည်း သာသနာဝင် ရှင်လူအပေါင်းတို့၏ လောကုတ်လောကီ ၂-လီသောအကျိုးကို ယနေ့တိုင်ရွက်ဆောင် လျက်ရှိပေသည်။ လယ်တီဆရာတော်၏ ပရမတ္ထဒီပနီ ထွက်ပေါ်ပြီးနောက် တလိုင်းကုန်းဆရာတော်၏ အင်္ကုရဋီကာ, ဆရာတော် အရှင်ဉာဏိန္ဒာသဘ၏ ဝိဘာဝိနီယောဇနာ စသော ကျမ်းဂန်တို့လည်း အများအပြား ပေါ်ထွက်ခဲ့ပေသည်။

ဤခေတ်တွင် ပါဠိကိုအမှီပြုသော ပျို့လင်္ကာများလည်း အသင့်အတင့်ထွန်းကားသည်ကို တွေ့ရသည်၊ ၎င်းတို့တွင် လောကီ-လောကုတ္တရာ ဗဟုဿုတအဖြာဖြာတို့နှင့် ပြည့်စုံကြွယ်ဝ၍ အကျယ်ဝန်းဆုံး အပြည့်စုံဆုံးဟု ဆိုထိုက်သောကျမ်းမှာ မန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် ကျမ်းကြီးပင် ဖြစ်ပေသည်။ ယင်းကျမ်းကြီးသည် မြန်မာ့ပျို့ ကဗျာစာပေသမိုင်းတွင် နောက်ဆုံး တောက်ထွန်းခဲ့သော မီးရှူးတန်ဆောင်ကြီးပင် ဖြစ်ပေတော့သည်။

ဆိုခဲ့ပြီးကျမ်းစာများမှတစ်ပါး အခြားအခြားသော ကျမ်းတတ်အကျော်အမော်ဖြစ်သည့် ထိုထို ဆရာတော်တို့ ရေးသားသော ကျမ်းဂန်များကိုကား ဤနိဒါန်းတွင် ပြည့်စုံအောင် ထုတ်ပြနိုင်မည် မဟုတ်၍ ဤမျှဖြင့်ပင် ပါဠိစာပေသမိုင်းအကျဉ်းကို အဆုံးသတ်ရပေတော့မည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ တိပိဋကအဘိဓာန် အတွဲ-၁၊ နိဒါန်း
  2. ၁။ ၎င်းရွှေပေချပ်တို့တွင် မောင်ကန်ကုန်းမှ တွေ့ရှိရသော ရွှေပေချပ်များသည် ယခုအခါ အင်္ဂလန်ပြည် လန်ဒန်မြို့ ဗြိတိသျှပြတိုက်သို့ ရောက်ရှိနေသည်။ ခင်ဘကုန်းမှ တွေ့ရှိရသော ရွှေပေချပ် ၂၀-ကိုကား သီရိမင်္ဂလာ ကုန်းမြေ ကမ္ဘာအေး ဘုရားအတွင်း၌ ပြသထားသည်ကို တွေ့ရှိနိုင်ပေသည်။ မောင်ကန်ကုန်း ရွှေပေချပ်များ အကြောင်းကို ရန်ကုန်တက္ကသိုလ် ပါဠိအသင်း မဂ္ဂဇင်း အတွဲတစ်, အုပ်တွဲနှစ် (သာသနာတော် ၂၅၀၀-ပြည့် အထိမ်းအမှတ်ထုတ်) စာစောင်, အင်္ဂလိပ်ဘာသာအပိုင်း စာမျက်နှာ ၅၀-၅၃-တွင် သီရိပျံချီ ဦးသာမြတ် ရေးသားထားသည်ကို ဖတ်ရှုနိုင်ပေသည်၊
  3. ၁။ ထီးမင်းယဉ်?
  4. ၂။ ပိဋကတ်တော်သမိုင်း စာမျက်နှာ ၂၃၃-၄။ ၎င်းသမိုင်း၌ပင် ပြဆိုအပ်သော ဒွတ္တပေါင်မင်း ဓမ္မသတ် ကျမ်းနှင့် ပျူမင်းထီးဓမ္မသတ်ကျမ်းတို့မှာ အပါယဂတိမုပါယံ-ဂါထာ, အဋ္ဋေသု နဝသု ဓမ္မသတ္ထေသု-ဂါထာတို့ဖြင့် အသီးအသီး အစချီသည်ဆိုသော်လည်း ၎င်းကျမ်းတို့သည် မာဂဓဘာသာသက်သက်ဖြင့် ရေးသားအပ်သော ကျမ်းဟု ဧကန်မသိနိုင်သောကြောင့် ချန်လှပ်ထားခဲ့သည်။
  5. ၃။ ဤကျောက်စာကို စိုက်ထူစေသူမှာ ကျန်စစ်မင်းကြီးနှင့် တိလောကဝဋံသကာဒေဝီတို့၏ သားတော် ရာဇကုမာရမင်းသားတည်း။ ယင်းမင်းသား စိုက်ထူခဲ့သော ကျောက်စာဖြစ်၍ ဤကျောက်စာကို ယခုအခါ “ရာဇကုမာရ်ကျောက်စာ”ဟုလည်း အမည်မှည့်ကြသည်။ ဤနိဒါန်း၌ကား အသိများ၍ တွင်နေသော အမည်သို့လိုက်ပြီး မြစေတီကျောက်စာဟုပင် သုံးထားသည်။
  6. ၁။ သဒ္ဒနီတိပဒမာလာ, (ဆဋ္ဌမူ) နှာ-၃၂၁။
  7. ၂။ ဤသဒ္ဒနီတိကျမ်းကို Helmer Smith အမည်ရှိသော အနောက်တိုင်းသား ပါဠိ သက္ကတပညာရှင်ကြီး တစ်ဦးက ၁၉၂၈-ခုနှစ်မှစ၍ ရောမအက္ခရာဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ယခုအခါ စာကိုယ် ၃-တွဲနှင့် အက္ခရာဝလိ ၂-တွဲ ထွက်ပေါ်ပြီးဖြစ်သည်။ ၎င်းစာအုပ်များကိုတည်းဖြတ်ရာ၌ သဒ္ဒနီတိနိသျမှ အရေးကြီးသော မြန်မာအနက်များကိုပါ အက္ခရာဖလှယ်နည်းဖြင့် ပြဆိုထားသည်၊ ၎င်းပုဂ္ဂိုလ်ကြီး၏ ကျေးဇူးကြောင့် နိသျနှင့်တကွသော သဒ္ဒနီတိကျမ်းကြီးသည် ကမ္ဘာသိကျမ်းကြီးအဖြစ်သို့ ရောက်ရှိနေပေပြီ။
  8. ၃။ စာမျက်နှာ ၁၁၈။ ပိဋကတ်တော်သမိုင်း (နှာ-၁၃၉)၌ကား သဒ္ဒနီတိကျမ်းကို ပုဂံပြည် ကျစွာမင်း လက်ထက် စီရင်အပ်ကြောင်း ဆိုသည်။ ဟင်္သာတမြို့ သပြေပင်ကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတဆရာတော်အရှင်သောဘန၏ မဟာဒွါရနိကာယသာသနဝံသဒီပနီ (နှာ-၁၁၃-၁၂၀)၌လည်း ပုဂံမြို့ မဟာအဂ္ဂပဏ္ဍိတစေတီ ကျောက်စာကို အထောက်အထားပြု၍ ပိဋကတ်တော်သမိုင်းကို ထောက်ခံထားသည်။ သာသနာလင်္ကာရစာတမ်း၌ ပြသော သက္ကရာဇ်အတွက် အထောက်အထား မတွေ့ရသေး။
  9. ၄။ ကာရိကာကို ကျန်စစ်မင်းလက်ထက် ပြုအပ်ကြောင်း သာသနာလင်္ကာရ စာတမ်း (၁၂၀)နှင့် ပိဋကတ် သမိုင်း (၁၄၀)တို့၌ ဆိုသည်။ ထိုအတိုင်းမှန်လျှင် ကာရိကာကျမ်းသည် ပုဂံပြည်ဖြစ်ကျမ်းတို့တွင် အစောဆုံးကျမ်း ဖြစ်ပေမည်။
  10. ၁။ သုတ္တနိဒ္ဒေသနှင့် သင်္ခေပဝဏ္ဏနာကျမ်းတို့၏ နိဂုံးတို့၌လာသော ဂါထာတို့တွင်ကား ဆပ္ပဒမထေရ်သည် သာသနာနှစ် ၁၉၉၁-ခုနှစ်တွင် သီဟိုဠ်သို့ကြွသည်ဟု ဆိုသောကြောင့် အထက်ပါကျမ်း ၂-ကျမ်းကို ပြုစုသော ဆပ္ပဒမထေရ်သည် သာသနာနှစ် ၁၇၁၅-ခုနှစ်၌ သီဟိုဠ်သို့ အရှင်ဥတ္တရာဇီဝမထေရ်နှင့် အတူကြွသော ဆပ္ပဒမထေရ် မဟုတ်နိုင်ပေ၊ ထူပါရုံဒါယကာ နရပတိကြီးလက်ထက် သီဟိုဠ်သို့ကြွသော ဒုတိယဆပ္ပဒမထေရ်သာ ဖြစ်ရပေမည်။ ထိုသို့ဖြစ်လျှင် ဤကျမ်းတို့သည် အင်းဝခေတ်ပေါ် ကျမ်းတို့သာ ဖြစ်သည်ဟု မှတ်ယူရပေမည်။ ဆပ္ပဒမထေရ်သည် သီဟိုဠ်ကျွန်းသို့ သာသနာနှစ် ၁၉၉၀-ခုနှစ်တွင် ကြွ၍ သိရိပရက္ကမဗာဟုမင်းကို အမှီပြုလျက် သာသနာတော်၏ အညစ်အကြေးကို သုတ်သင်တော်မူသည်၊ ဇယဝဍ္ဎနအမည်ရှိသောမြို့၌ သိမ်လည်းသမုတ်တော်မူခဲ့သည်ဟု သုတ္တနိဒ္ဒေသနှင့် သင်္ခေပဝဏ္ဏနာကျမ်းတို့၏ နိဂုံး၌ ဆိုထားသည်။ ထိုတွင် သိရိပရက္ကမဗာဟုမင်း ဟူသည်မှာ သာသနာနှစ် ၁၉၅၃-ခု၌ မင်းအဖြစ်သို့ ရောက်သော ဆဋ္ဌပရက္ကမဗာဟုမင်းတည်း၊ ဇယဝဍ္ဎနမြို့ဟူသည်မှာလည်း ထိုမင်း နန်းစံရာဖြစ်သည့် ယခုအခါ “ကောဋ္ဋေ (Kotte)” ဟု ခေါ်သည့်မြို့ဖြစ်သည်၊ ၎င်းမြို့သည် ယခုမြို့တော် ဖြစ်သော ကိုလံဘိုမြို့၏ အရှေ့ပိုင်းအရပ်များပင် ဖြစ်သည်။ (ဆပ္ပဒမထေရ် ၂-ပါး အကြောင်းကို သီဟိုဠ် အရှင်ဗုဒ္ဓဒတ္တ၏ “Were there two Chappadas? ဆောင်းပါးတွင်လည်းကောင်း, ဝံသဒီပနီ(၁၀၂)နှင့် မဟာဒွါရနိကာယ-သာသနဝံသဒီပနီ (၁၀၂-၆၊ ၁၆၉-၇၃)တို့တွင်လည်းကောင်း, ကြည့်။)
  11. ၂။ စာမျက်နှာ ၁၄၈။
  12. ၃။ ဤယောဇနာကျမ်းတို့ကို ယိုးဒယားတို့က ဇင်းမယ်ဖြစ်ကျမ်းဟုဆိုကြသည်၊ ယိုးဒယားအက္ခရာဖြင့်လည်း ဤကျမ်းများကို ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ ဇင်းမယ်ဖြစ်ကျမ်းဟု ၎င်းတို့ဆိုခြင်းမှာ ကျမ်းနိဂုံးတို့တွင် ပါသော “အဘိနဝပုရ၏ အနောက်မြောက်ထောင့်အရပ်၌ တည်ရှိသော ပိန္နဲပင်ကျောင်း၌ သီတင်းသုံးသော ဉာဏကိတ္တိအမည်ရှိသောမထေရ် ရေးသားအပ်သော” ဟူသော စကားရပ်တွင် အဘိနဝပုရကို ထောက်၍ ဆိုခြင်းဖြစ်သည်၊ အဘိနဝပုရ၏အနက်မှာ မြို့သစ်ဖြစ်၏၊ ဇင်းမယ်ကို ယိုးဒယားသံဖြင့် “ချင်းမိုင်”ဟု ထွက်ရာ ချင်းမှာ မြို့ဖြစ်၍ မိုင်မှာ အသစ်ဟု အဓိပ္ပါယ်ထွက်သောကြောင့် အဘိနဝပုရဖြင့် ဇင်းမယ် ဆိုလိုသည်ဟု ယူဆကြခြင်းဖြစ်လေသည်။ သို့သော်လည်း အဋ္ဌသာလိနီယောဇနာ၏ နိဂုံး၌ ဂါထာများပါရှိရာ ၎င်းဂါထာတို့တွင် ‘အတိဒုပ္ပသယှော, ဥဠာရပညော, စတုသေတိဘိန္ဒော” ဟူသော ဂုဏ်တို့ဖြင့် အထူးပြု၍ သီဟသူရ (သီဟသူ) မင်းကို မိမိ၏ ကျောင်းဒကာအဖြစ်ဖြင့် ပြဆိုထားသည်ကို တွေ့ရသည်။ “စတုသေဘိဘိန္ဒော = ဆင်ဖြူလေးစီး၏ အရှင်”ဟု ဆိုသဖြင့် ပင်းယခေတ် ဆင်ဖြူလေးစီးရှင် သီဟသူမင်း (ကျော်စွာမင်းဟုလည်း ခေါ်သည်)ကို ဆိုလိုကြောင်း ထင်ရှားသည်၊ ၎င်းပြင် ဤယောဇနာတို့နှင့် တခေတ်တည်းပေါ်သော စတုရင်္ဂဗလအမတ်ကြီး၏ အဘိဓာန်ဋီကာနိဂုံးတွင်လည်း “စတုသေတိဘိန္ဒော, အတိဒုပ္ပသယှော, ဥဠာရပညော” ဟူသော ဂုဏ်ထူးတို့ဖြင့် သီဟသူမင်းကိုပင် ဂုဏ်ပြုထားသည်ကို တွေ့ရပေသည်။ ကျမ်းရင်းစာသားကို ကြည့်ရှုလေ့လာလျှင်လည်း၊ ဤယောဇနာကျမ်းများ မြန်မာပြည်ဖြစ်ကျမ်းများ ဖြစ်ကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံ၌ တွင်ကျယ်သော ဝါကျာရမ္ဘ, ဒဠှီကရဏစသော အသုံးအနှုန်းများ, ပုဒ်များကိုရုပ်တွက်ပြရာ၌ ကစ္စည်းသဒ္ဒါကြီးနှင့် မောဂ္ဂလ္လာန်သဒ္ဒါ ကျမ်းတို့မှ သုတ်များကို တိုက်ရိုက်ယူ၍ အသုံးပြုထားချက်များနှင့် ဝနပ္ပတိပုဒ်နှင့် စပ်၍ ပုဂံဖြစ် သဒ္ဒနီတိကျမ်းကို အမည်ဖော်၍ ကိုးကားချက်များ စသည့် ထူးခြားချက်များသည် ဤကျမ်းတို့ မြန်မာပြည်ဖြစ် ကျမ်းဖြစ်ကြောင်းကို သေချာစွာ ညွှန်ပြလျက်ရှိသော အချက်အလက်တို့ပင် ဖြစ်လေသည်၊ သို့ဖြစ်၍ ဤယောဇနာကျမ်းတို့ကို ရေးသားသည့်ပုဂ္ဂိုလ်မှာ ပင်းယမြို့၌ နန်းစံသော ဆင်ဖြူလေးစီးရှင် သီဟသူမင်း (သက္ကရာဇ် ၇၁၂-၇၂၁) လက်ထက် တုဋ္ဌာဝတီမည်သော မြစ်ငယ်တောင် ပလိပ်ရွာအရှေ့ မြို့သစ်မြို့နေ အရှင်ဉာဏကိတ္တိမထေရ်ပင် ဖြစ်ကြောင်း ယုံကြည်စွာ မှတ်သားအပ်ပေသည်။ ပိဋကတ်တော်သမိုင်း၌ ကျမ်းပြုပုဂ္ဂိုလ်၏ဘွဲ့ကို ရှင်သိရိမင်္ဂလဟု ပြသည်၊ ယင်းဘွဲ့မှာ အရှင်ဉာဏကိတ္တိ၏ အခြားဘွဲ့အမည်တစ်ခုဟု ယူရန်ရှိပေသည်။
  13. ၁။ ဤ သာသနဝံသပ္ပဒီပိကာကို လန်ဒန်ပါဠိစာတော်မူအသင်း၏ ၁၈၉၇-ခုနှစ် ဂျာနယ်၌ ရောမအက္ခရာဖြင့်လည်းကောင်း, သာသနာနှစ် ၂၄၇၄-ခုနှစ်တွင် သီဟိုဠ်ကျွန်း သဒ္ဓမ္မဝံသမထေရ်တည်းဖြတ်၍ သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း, ရိုက်နှိပ်ထားလေသည်၊ B. C.law ကလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြန်ရာ ပါဠိမတတ်သော အင်္ဂလိပ်ပညာရှင်တို့ပင် ကြည့်ရှုလေ့လာနိုင်နေပေပြီ။