အမ္ဗပါလီ[]-မည်သော ပြည့်တန်ဆာမ၊ အမ္ဗပါလီမည်သော ထေရီ။ []

အတိတ်ဇာတ်လမ်း

ပြင်ဆင်ရန်

အမ္ဗပါလီသည် ဖုဿမြတ်စွာဘုရား၏ နှမတော်ဘဝ၌ အလှူကြီးပေး၍ ရုပ်ဆင်းအင်္ဂါ လှပချောမောစေရန် ဆုတောင်းခဲ့သည်။ သိခီမြတ်စွာဘုရား လက်ထက်တွင် ဘိက္ခုနီမဘောင် ဝင်ရောက်ခဲ့သည်။ ဘိက္ခုနီမများစွာနှင့်အတူ စေတီကိုရှိခိုး၍ လက်ျာရစ် လှည့်လည်စဉ် မိမိရှေ့မှ ရဟန္တာဘိက္ခုနီမ တစ်ပါးသည် ချေဆတ်သဖြင့် တံတွေးပေါက်ရာ စေတီ၏ရင်ပြင်တော်၌ အမှတ်မဲ့ ကျသွားလေသည်။ ထိုတံတွေးကို မြင်၍ “ဘယ်ပြည့်တန်ဆာမ ဒီနေရာမှာ တံတွေး ထွေးခဲ့တာလဲ”ဟု ဆဲရေးတိုင်းထွာ ဖရုသဝါစာစကား ပြောခဲ့လေသည်။ ထိုအပြစ်ကြောင့် ငရဲ၌ ခံရ၍ ဘဝတစ်သောင်း ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။ ကဿပမြတ်စွာဘုရား လက်ထက်၌လည်း ဘိက္ခုနီမအဖြစ်ဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ခဲ့သည်။

ပစ္ဆိမဘဝိကဇာတ်လမ်း

ပြင်ဆင်ရန်

ဩပပါတိကပဋိသန္ဓေနေရရန် ဆုတောင်းခဲ့သဖြင့် နောက်ဆုံးဘဝတွင် ဝေသာလီ ဥယျာဉ်တော်တွင်းရှိ သရက်ပင်ရင်း သရက်ပင် ခွကြား၌ ဩပပါတ်ပဋိသန္ဓေဖြင့် လူဖြစ်လာလေသည်။ ဥယျာဉ်မှူးသည် တွေ့ရှိ၍ မြို့သို့ခေါ်လာပြီး သရက်ပင်ရင်း၌ လူဖြစ်လာသောကြောင့် "အမ္ဗပါလီ" ဟု ခေါ်တွင်သည်။

အမ္ဗပါလီသည် လှလွန်း၏၊ ရှုမောဖွယ် ရှိ၏၊ ကြည်နူးဖွယ်ကောင်း၏၊ တင့်တယ်၏၊ နှစ်သက်ဖွယ် ဂုဏ်ပေါင်းစုံ၏၊ မင်းညီမင်းသား အမြောက်အမြားကပင် သိမ်းပိုက်လိုကြ၏။ အမ္ဗပါလီကို "သူ ရထိုက်သည်, ငါ ရထိုက်သည်" ငြင်းခုံကြ၏၊ ခိုက်ရန်ဖြစ်ပွါးကြ၏။ ခိုက်ရန် အေးငြိမ်းစေရန် "မင်းသားအားလုံးနှင့် ဆိုင်စေ" ဟု ပြည့်တန်ဆာမရာထူး၌ ထားကြလေသည်။ []

ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းသည် ငယ်စဉ်က အမ္ဗပါလီ လှပချောမောကြောင်း ကြား၍ အခြံအရံအနည်းငယ်နှင့် မထင်ရှားသောအသွင်ဖြင့် ဝေသာလီသို့သွား၍ အမ္ဗပါလီနှင့်ပျော်ပါးလေသည်။ အမ္ဗပါလီက ကိုယ်ဝန်တည်ရှိကြောင်း ပြောသဖြင့် မိမိလည်း ရာဇဂြိုဟ်ဘုရင် ဖြစ်ကြောင်း ပြောပြလေသည်။ ကိုယ်ဝန်အစောင့် အရှောက်ပေးထားသည်။ နောင်အခါ ဝိမလကောဏ္ဍညမထေရ်ဟု ကျော်ကြားမည့် သူငယ်ကို ဖွားမြင်လေ၏။ []

အမ္ဗပါလီ အလှ

ပြင်ဆင်ရန်

အမ္ဗပါလီထံ၌ တစ်ညနေလိုလျှင် အသပြာတစ်ထောင်ပေးရ၏။ အမ္ဗပါလီကြောင့် ဝေသာလီသည် တစ်ဖက်တစ်လမ်းမှ စီးပွားရေး ဖွံ့ဖြိုးခဲ့သည်။ ဤအချက်ကို မြင်သော ဗိမ္ဗိသာရမင်းသည် မိမိ၏ ရာဇဂြိုဟ်ပြည်၌လည်း သာလဝတီကို ပြည့်တန်ဆာမအဖြစ် ရွေးချယ်ထားလေသည်။ []

ရဟန်းတော်များ အမ္ဗပါလီကို မြင်ရလျှင် သတိထား၍ နေနိုင်ရန် မြတ်စွာဘုရားသည် သတိပဋ္ဌာန်ဒေသနာတော်ကို ရဟန်းတော် များအား ဟောထားတော်မူရသည်။ [] (အမ္မပါလိဒဿန-လည်း ကြည့်။)

အမ္ဗပါလီကို မြင်ရသောကြောင့် ဆောက်တည်ရာမရ ဖြစ်နေသော ရဟန်းတို့အား အရှင်အာနန္ဒာသည် ဂါထာ ခုနစ်-ဂါထာဖြင့် ဆုံးမတော်မူရသေး၏။ []

ကျောင်းအလှူရှင်

ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ကောဋိရွာရှိ [] အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ []သီတင်းသုံးတော်မူစဉ် အမ္ဗပါလီသည် ဝေသာလီမှလာရောက်၍ ဆွမ်းဘုဉ်းပေးရန် ပင့်လျှောက်လေသည်။ ထို့နောက် လိစ္ဆဝီမင်းများက လာရောက်၍ ဆွမ်းဘုဉ်းပေးရန် ပင့်လျှောက်သော်လည်း မြတ်စွာဘုရားက လက်ခံတော်မမူချေ။ နောက်တစ်နေ့ အမ္ဗပါလီသည် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကိုဆွမ်းကပ်ပြီး မိမိ၏သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ ဥယျာဉ်ခြံနှင့်တကွ ကျောင်းကို ဘုရားအမှူးပြုသော သံဃာတော်များအား လှူဒါန်းလေသည်။ [၁၀]

ဤ အမ္ဗပါလီ၏ဥယျာဉ်သည် အခြားဥယျာဉ်များကဲ့သို့ မြို့ပြင်၌မတည်ရှိပဲ မြို့ထဲမှာပင် တည်ရှိသည်။ [၁၁]

ရဟန္တာဖြစ်ခြင်း

ပြင်ဆင်ရန်

အမ္ဗပါလီသည် နောင်အခါ၌ မိမိ၏သား ဖြစ်သော ဝိမလကောဏ္ဍည မထေရ်အထံ၌ တရားနာရ၍ ဘိက္ခုနီသာသနာ့ဘောင်သို့ ဝင်ရောက်လေသည်။ နုပျိုစဉ်က မိမိခန္ဓာကိုယ်နှင့် အိုမင်းရင့်ယော်လာသော မိမိခန္ဓာကိုယ်ကို ယှဉ်ကြည့်၍ ဝိပဿနာရှုရာ ပဋိသမ္ဘိဒါဝိမောက္ခအဘိညာဉ်ရရှိသော ရဟန္တာ ဖြစ်လေ၏။ [၁၂] [၁၃]

အမ္ဗပါလီ၏ အတ္ထုပ္ပတ္တိ

ပြင်ဆင်ရန်

ကမ္ဘာဦးအခါကမဟုတ်ဘဲ"သြပပါတ် ပဋိသန္ဓေ"နှင့် လူလာဖြစ်သော ထူးခြားသည့် လူသားတစ်ယောက် ရှိခဲ့ဖူးသည်။ ထိုသူမှာ အမ္ဗပါလီ ဖြစ်သည်။ အမ္ဗပါလီသည် အရင်ဘဝ ဘုရားရှင်များ လက်ထက်တွင် ကုသိုလ်ကောင်းမှုများကို ပါရမီဆည်းပူး အားထုတ်ခဲ့သည်။ လူ့ပြည်၊ နတ်ပြည်စုန်ဆန်ပြီး သံသရာမှာ ကျင်လည်ခဲ့ရသည်။ သိခီဘုရားရှင်လက်ထက်၌ ဘိက္ခုနီ ဖြစ်ခဲ့သည်။ သီလသိက္ခာပုဒ်တွေ မကျိုးမပေါက်အောင် စောင့်ထိန်းနေထိုင်ခဲ့သည်။

တစ်နေ့သောအခါ အမ္ဗပါလီလောင်း ဘိက္ခုနီသည် တခြားသော ဘိက္ခုနီများနှင့်အတူ စေတီတစ်ဆူသို့ သွားရောက်ပူဇော်ကြသည်။ သူတို့၏ရှေ့က ကြွသွားသော ရဟန္တာမတစ်ဦးသည် ချေဆတ်ရင်း သလိပ်ခဲတစ်ခု စေတီရင်ပြင်ပေါ်တွင် အမှတ်မထင် လွင့်စဉ်ကျသွားခဲ့သည်။ ရဟန္တာမ၏ သလိပ်ခဲ လွင့်စဉ်ကျ သွားသည်ကို မမြင်၍ မဖယ်ရှားဘဲ ကြွမြဲတိုင်းသွားခဲ့သည်။ ရဟန္တာမ၏ နောက်မှ စေတီတော်ကို လင်္ကျာရစ် လှည့်ပြီး သဒ္ဓါကြည်ညိုလာတဲ့ အမ္ဗပါလီလောင်းသည် ရဟန္တာမ၏ သလိပ်ခဲကို သွားတွေ့သည်။ စေတီရင်ပြင်ပေါ်မှ သလိပ်ခဲကို တွေ့သည့်အခါ အမ္ဗပါလီက `"ဒီရင်ပြင်ပေါ်မှာ သလိပ်ခဲကို ဘယ်ပြည့်တန်ဆာမက ထွေးပစ်ခဲ့ရတာလဲ" ဟု ရုန့်ရင်းကြမ်းတမ်းသည့် ဖရုသဝါစာကို ဆိုမြည်တမ်းသည်။ တခြား ဘိက္ခုနီမများက "ငါတို့ရှေ့က သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်မြတ်တွေ ကြွသွားခဲ့တယ်။ ဒီပုဂ္ဂိုလ်ကြီးတွေလည်း မတော်တဆ ဖြစ်နိုင်တယ်။" ဒါကြောင့် အမ္ဗပါလီကို အခုလိုမပြောဆိုဖို့ သတိပေးကြ၏။ သို့သော် အမ္ဗပါလီလောင်း ဘိက္ခုနီမ က အပြောမလျော့ဘူး။ "ငါပြောတာက မှန်တာကို ပြောတာ၊ ပြည့်တန်ဆာမလို မဆင်မခြင်လုပ်လို့ ပြည့်တန်ဆာမ လို့ပြောရတာ" လို့ ထပ်ပြန်ပြောသည်။ အမ္ဗပါလီလောင်း ဘိက္ခုနီမ သည် ထိုဘဝ၌ သီလကို ကောင်းစွာ စောင့်ထိန်းပြီး နေထိုင်ခဲ့သည်။ "နောက်နောင်သော ဘဝတွေမှာ အမိဝမ်းထဲမှာ ဂဗ္ဘသေယျကပဋိသန္ဓေ မနေရသည့်သူ ဖြစ်ရပါစေ"ဟု ဆုတောင်းခဲ့သည်။

အမ္ဗပါလီလောင်းသည် ထိုဆုတောင်းကြောင့် ဘဝပေါင်းများစွာ နတ်ပြည်မှာပဲ ဖြစ်ခဲ့ရသည်။ နောက်ဆုံးဘဝ ဂေါတမဗုဒ္ဓဘုရားရှင်လက်ထက်တွင် ဝေသာလီပြည်၊ လိစ္ဆဝီမင်းများ၏ ပိုင်နက်ဖြစ်သော သရက်ဥယျာဉ်ရှိ သရက်ပင်တစ်ပင်မှာ ဩပပါတ်ပဋိသန္ဓေနှင့် လူလာဖြစ်သည်။ ဥယျာဉ်စောင့်က သရက်ဥယျာဉ်ကို လှည့်လည်ကြည့်ရှု့သည့်အခါ မိန်းကလေးကို သွား၍တွေ့မိသည်။ ဥယျာဉ်စောင့်သည် မိန်းကလေးကို "လူ" ဟု မထင်မှတ်ဘဲ "နတ်ကလာပြီး ကိုယ်ထင်ပြနေသည်" ဟု မှတ်ထင်နေ၏။ မိန်းကလေးအနားကို ဥယျာဉ်မှူးသွားသောအခါ မည်သည့်စကားမျှမပြောသဖြင့် နတ်မဟုတ်မှန်း သိသည်။ ထိုမိန်းကလေးကို အိမ်ခေါ်လာပြီး သမီးအဖြစ် မွေးစားသည်။ သရက်ပင်ကရသည့် သမီးဖြစ်၍ "အမ္ဗပါလီ" ဟု အမည်ပေးထားသည်။ အမ္ဗပါလီ အရွယ်ရောက်လာသည့်အခါ လိစ္ဆဝီမင်းများကို ဆက်သလိုက်သည်။ အမ္ဗပါလီသည် အလွန်လှသဖြင့် လိစ္ဆဝီမင်းအားလုံးက လိုချင်နှစ်သက်ကြသည်။ နောက်ဆုံး၌ လိစ္ဆဝီမင်းများသည် "သူရသင့်သည်၊ ငါရသင့်သည်" ဟု ငြင်းခုံရန်ဖြစ်ကြသည်။ လိစ္ဆဝီမင်းများ ခိုက်ရန်ဖြစ်သောအခါ ငြိမ်းအေးအောင် တရားသူကြီးက "အမ္ဗပါလီကို ပြည့်တန်ဆာအရာမှာ ထားရမည်" ဟု တရားစီရင်လေသည်။ တရားသူကြီး စီရင်သလိုပင် အမ္ဗပါလီသည် ပြည့်တန်ဆာ ဖြစ်သွားရသည်။ (ဘဝတစ်ခုမှာ ဘိက္ခုနီရဟန္တာကို ပြည့်တန်ဆာမ ဟု ဆဲဆိုခဲ့သည့် မကောင်းမှုအကုသိုလ် ကံ၏ အကျိုးပေးပင်ဖြစ်သည်။)

အမ္ဗပါလီကို သူမ သြပပါတ် ပဋိသန္ဓေနေခဲ့သော သရက်ဥယျာဉ်ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ကြသည်။ အမ္ဗပါလီကို လူတိုင်းမဆက်ဆံရအောင် အသပြာ တစ်ရာကျပ်ဟု သတ်မှတ်ထားသည်။ အမ္ဗပါလီသည် ဗုဒ္ဓဘုရားရှင်ကို အလွန်ကြည်ညိုသူ ဖြစ်သည်။ မိမိ၏သရက်ဥယျာဉ်အတွင်း ကျောင်းဆောက်ပြီး ဘုရားနှင့်တကွ သံဃာတော်များကို အမြဲလှူဒါန်းပူဇော်လေသည်။ အချိန်ကြာသောအခါ အမ္ဗပါလီတွင် "ဝိမလကောဏ္ဍည" အမည်ရှိ သားတော် မထေရ်တစ်ပါးရှိလာလေသည်။ မိမိသားတော် ဝိမလကောဏ္ဍညမထေရ်၏ တရားဟောပြမှုကြောင့် သာသနာ့ဘောင်ဝင်ကာ ဘိက္ခုနီပြုလေသည်။ ဘိက္ခုနီအဖြစ်ဖြင့် ဝိပဿနာတရားအားထုတ်မှုကြောင့် ရဟန္တာမ ဖြစ်သွားသည်။ [၁၄]

ကျမ်းကိုး

ပြင်ဆင်ရန်
  1. အမ္ဗပါလီ (ထီ) [အမ္ဗ+ပါလ+ဏီ]
  2. အဿောသိ ခေါ အမ္ဗပါလီ ဂဏိကာ။ ဝိ၊၃၊၃၂၆။ ဒီ၊၂၊၈၁။ အမ္ဗပါလီ (အမ္ဗပါလိကာ၊) စ ဂဏိကာ အဘိရူပါ ဟောတိ။ ဝိ၊၃၊၃၇၆။ ကာဠကာ ဘမရဝဏ္ဏ သဒိသာတိအာဒိကာ အမ္ဗပါလိယာ ထေရိယာ ဂါထာ။ ထေရီ၊ဋ္ဌ၊၂၁၄။
  3. အပ၊၂၊၂၉၅-၆။ ထေရီ၊ဋ္ဌ၊၂၁၄၊ ၂၂၂။
  4. ထေရ၊ဋ္ဌ၊၁၊၁၇၃။
  5. ဝိ၊၃၊၃၇၇-၈။
  6. ဒီ၊ဋ္ဌ၊၂၊၁၃၅။
  7. ထေရ၊ဋ္ဌ၊၂၊၄၂၂။
  8. (ဝိ၊၃၊၃၂၆)
  9. (ဒီ၊၂၊၈၁)
  10. ဝိ၊၃၊၃၂၆-၈။ ဒီ၊၂၊၈၁-၄။ ဒီ၊ဋ္ဌ၊၂၊၁၃၅။ သံ၊ဋ္ဌ၊၃၊၂၁၃။
  11. မ၊ဋ္ဌ၊၁၊၃၁၇။ သီ၊ဋီသစ်၊၂၊၃၂၉။
  12. ထေရီ၊၄၀၈။ အပ၊၂၊၂၉၅-၆။ ထေရီ၊ဋ္ဌ၊၂၁၄၊ ၂၂၂။
  13. တိပိဋကအဘိဓာန် အတွဲ-၁၀
  14. အပါဒါန် ပါဠိတော်