အုန်းမြင့်လှိုင် (၁၁ ဩဂုတ် ၁၉၄၁ – ၁၃ ဇွန် ၂၀၁၃) သည် မြန်မာနိုင်ငံသား ကဗျာဆရာ၊ နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။

အဘဦးဘလှိုင် အမိဒေါ်လေးတင့်တို့မှ ၁၉၄၁ ဩဂုတ် ၁၁ရက်နေ့တွင် စစ်ကိုင်းတိုင်းမော်လိုက်မြို့၌မွေးဖွားခဲ့သည်။ ငယ်စဉ်က မန္တလေးတွင် နေထိုင်ခဲ့ကာ နောက်ပိုင်းတွင် ရန်ကုန်၌ ကြီးပြင်းခဲ့သည်။ ၁၉၅၈ တွင် အုန်းမြင့်လှိုင်အမည်ဖြင့် မန္တလေးဗဟိုရ်စည် သတင်းစာတွင် ပထမဆုံးကဗျာ ပါရှိခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စခန်းသာကဗျာစာအုပ်ကို သခွပ်နီနှင့်အတူ ထုတ်ဝေခဲ့သည်။

နိုင်ငံရေး ဆောင်ရွက်ခြင်း ပြင်ဆင်ရန်

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မြေအောက်ကျောင်းသားလှုပ်ရှားမှုများကို ရန်ကုန်ခရိုင်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ကျောင်းသားသမဂ္ဂများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မြေအောက်လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၆၆ ဖေဖော်ဝါရီ ၁၃ တွင်အင်းစိန်မှ ကိုကိုးကျွန်းအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ ရက်၄၀ အစာငတ်ခံတိုက်ပွဲ ပထမအသုတ်တွင်လည်း ပါဝင်ခဲ့သည်။ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲအပြီးတွင် အင်းစိန်ထောင်သို့ ပြန်ပို့ခြင်းခံရသည်။ ၁၉၇၂ ဧပြီတွင် လွတ်မြောက်ခဲ့သည်။ ၁၉၈၂ တွင် ယူဂျီလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ထပ်မံဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၁၉၈၈ အရေးတော်ပုံကာလအတွင်း ပြည်သူ့ခေတ် ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ အရေးတော်ပုံအပြီး ၁၉၈၉ တွင် ဖွဲ့စည်းသော အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) တွင် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ တွင် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ရာ ကော်မတီဝင်အဖြစ် ပါဝင်ခဲ့သည်။ ၎င်းနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၉၉၄ တွင် မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ မန္တလေးတွင် နေထိုင်စဉ် အင်္ဂလိပ်စာပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

အုန်းမြင့်လှိုင်အမည်ဖြင့် ကဗျာများကို လည်းကောင်း အိမ်ဓား၊ အောင်ကျော်ချမ်းအေး၊ မောနွေလ အမည်များဖြင့် နိုင်ငံတကာနှင့် ဆက်စပ်အတွေးမြင်များကို ရေးသားခဲ့သည်။ ကောင်းဟိတ် အမည်ဖြင့် ဝတ္ထုတိုနှင့် လုံးချင်းဝတ္ထုများ ဘာသာပြန်ဆိုရေးသားခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် လေဖြတ်ခံခဲ့ရပြီး နှလုံးသွေးကြောပိတ်ရောဂါကို ခံစားခဲ့ရသည်။ ၂၀၁၃ ဇွန် ၁၃ ရက်နေ့လယ် ၁နာရီ ၃၅ တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီ ဖြစ်သည်။