ဣသိသိင်္ဂရသေ့
ဘုရားလောင်းရသေ့၏ သုက်နှင့် ရောနှောသောဆီးကို သောက်မိသောသမင်မ တကောင်မှ ဖွားမြင်သူဖြစ်သည်။ [၁]
သူ၏ဦးခေါင်းထိပ်၌ သားကောင်၏ ဦးချိုနှင့်တူသော ဦးစွန်းနှစ်ခုရှိသောကြောင့် ဣသိသိင်္ဂဟု အမည်ရသည်။ [၂]
မိဂသိင်္ဂဟုလည်း အမည်ရသည်။ [၃] [၄]
ရှေးအခါက ဣသိသိင်္ဂခေါ်ရသေ့ လေးတစ်ပါးသည် ဈာန်ကစားလျက် (ဝါ)ဈာန် ချမ်းသာကို ခံစားလျက် ဟိမဝန္တာ၌ နေလေသည်။ ထိုရသေ့ ကလေးသည် ကာသိတိုင်း ဘုရားလောင်းပုဏ္ဏား ရသေ့ကြီး၏သားဖြစ်၏၊ သမင်ပျိုမတကောင်က ဘုရားလောင်းရသေ့ကြီး၏ ကျင်ငယ်စွန့်ရာ ဌာနရှိ ရသေ့ကြီးသုက်သွေးပေကျံလိမ်းကပ်နေသည့် မြက်များကို စားမိရာမှ ကိုယ်ဝန်ရှိကာ ထိုဣသိသိင်္ဂရသေ့ကလေးကို မွေးဖွားခဲ့ခြင်း ဖြစ်ပေသည်။
ဖခင်ရသေ့ကြီးသည် သားငယ်ကိုကြီးပြင်းအောင် မွေးမြူ၍ အရွယ် ရောက်လာသည့်အခါ “ဣသိသိင်္ဂ”ဟု နာမည်ပေးကာ ရသေ့ပြုပေးထား၏။ ထိုရသေ့ငယ်ကလေးကား ဟိမဝန္တာအရပ်၌ ကြီးပြင်းရ၍ အမျိုးသမီးများကို တခါတရံမျှ မမြင်ဘူး မတွေ့ဘူးပါချေ။ တချိန်က ဖခင်ကြီးခေါ် ဆောင်ပြသဖြင့် အမျိုးသမီးနှင့် ပုံသဏ္ဌာန်တူသည့်ပန်းမျှကိုသာ မြင်ဖူး တွေ့ဖူးပေသည်၊ ဖခင်ရသေ့ကြီးက ဟိမဝန္တာမှာရှိသည့် ထိုပန်းများကို ပြသ၍ “လောကမှာ ဤပန်းများနှင့် ပုံသဏ္ဌာန်တူသည့် မိန်းမဆိုတာ ရှိတယ်၊ ထိုမိန်းမများရဲ့ အလိုကိုလိုက်တဲ့သူမှန်သမျှ အားလုံး ပျက်စီးလေ့ရှိ ကြတယ်၊ အဲဒီမိန်းမများရဲ့ အလိုကို ဘယ်အခါမှ မလိုက်ပါလေနဲ့ငါ့သား လို့ ဆုံးမထားခဲ့သည်။
ဖခင်ရသေ့ကြီး ဗြဟ္မာ့ပြည်လားပြီးနောက် ဣသိသိင်္ဂ ရသေ့လေးဟာ သီလအကျင့်ကို ပြင်းထန်စွာ ကျင့်ခဲ့လေသည်၊ ကျင့်သည့်အတွက် ဣန္ဒြေ များလည်း အလွန်ရင့်ကျက်တည်ငြိမ်လျက်ရှိပေသည်။ ထိုရသေ့ငယ်၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ဘုံဗိမာန်တုန်လှုပ်လေသည်၊ သိကြားမင်းက ဆင်ခြင်ကြည့်သည့်အခါ ရသေ့ကလေးကို တွေ့သည်။ “ဤရသေ့ ငယ်သည် ငါ၏သိကြားမင်း စည်းစိမ်ကို လုယူမည့်ရသေ့ငယ်ဖြစ်သည်။ ထိုရသေ့ငယ်၏သီလကို ဖျက်ဆီးမှတော်ပေမည်” ဟု ကြံစည်ပြီး မိမိ၏ အလုပ်အကျွေး နတ်သမီးများထဲမှ အလမ္ဗုသာ နတ်သမီးကို ရွေးချယ် ခေါ်ယူ၍ ရသေ့ငယ်ကလေး၏ သီလကို ဖျက်ဆီးရန် တာဝန်ပေး လိုက်လေသည်။
အလမ္ဗုသာနတ်သမီးကလေးသည် ဝတ်စားပြင်ဆင် တန်ဆာဆင်ယင်၍ ရသေ့ကလေး၏ ကျောင်း သင်္ခမ်းသို့ ရောက်လာခဲ့လေသည်။ ထိုအချိန်တွင် ရသေ့ကလေးမှာ နံနက်စောစော ရေမိုးချိုးကာ ဈာန်ချမ်းသာဖြင့် နေပြီးနောက် ကျောင်းသင်္ခမ်းမှ ထွက်ကာ မီးဖိုချောင်ကို တံမြက်စီးလှည်းနေခိုက်ဖြစ်သည်၊ နတ်သမီးသည် မီးဖိုချောင်အပြင်မှ နတ်အသွင်ဖြင့် မိန်းမရိပ်ကို ပြ၏။ ရသေ့ကလေးမြင်သွား၍ စက္ခုသမ္ဖဿမျက်စိ အတွေ့ကြောင့် ကျောင်းတံခါးဝသို့ ထွက်ကြည့်၏၊ နတ်သမီးက အတန်ငယ် ဆုတ်ယောင်ပြု၍ မျှား၏၊ ရသေ့ကလေးမှာ တံခါးပြင်ပသို့ အနည်းငယ်ထွက်လာ၏၊ နတ်သမီးလည်း နောက်သို့ ဆုတ်ယောင်ပြုကာ မျှားပြန်၏၊ စက္ခုအတွေ့ သည် အားရှိလာ၍ ရသေ့ကလေးသည် နတ်သမီးကို လိုက်၍ တားလေသည်၊ နတ်သမီးလည်း နောက်ဆုတ်ဟန်ပြုစဉ် ရသေ့ငယ်က အပြေးလှမ်း၍ ဖမ်းသည့်အခါ သေ့ငယ်ကို နတ်အတွေ့နှင့် ပွေ့ပိုက်၍ သီလပျက်စေလေသည်။
ထိုခဏမှာ သိကြားမင်းလာ၍ ထိုနေရာ၌ အကာအရံ ဖန်ဆင်းပေးရလေသည်၊ ရသေ့ငယ်သည် နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့ကြောင့် သုံးနှစ် တိုင်တိုင် သတိမရပဲ နတ်သမီး အတွေ့နှင့် နေရလေသည်၊ နတ်သမီး၏ ဖောဋ္ဌဗ္ဗအတွေ့နှင့်ပင် အာဟာရကိစ္စလည်း ပြီးစီးလေသည်၊ သုံးနှစ်ကြာ၍ နတ်သမီး လွှတ်လိုက်သည့်အခါမှ သတိရ၍ ကြည့်ရှုရာ သင်္ခမ်းကျောင်းမှာ တောခြုံပုပ္ပေါင်းများ ဖုံးလွှမ်းနေသည်ကို တွေ့ရလေသည်၊ နတ်သမီးသည် မိမိကိုယ်ကို ကွယ်ပြီး ရသေ့ကလေး၏ အမူအရာကို အကဲခတ်နေ၏၊ ရသေ့က လေးသည် မိမိ၌ သီလသိက္ခာ, ဈာန်သမာပတ် အကုန်ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရ၍ ငိုကြွေးလေတော့သည်။
ထိုအခါ နတ်သမီးသည် ကိုယ်ထင်ပြ၍ “ရှင်ရသေ့ “ကျွန်တော်မ ပြုလို၍ ပြုရသည်မဟုတ်ပါ၊ သိကြားမင်း၏ အမိန့်အာဏာနှင့် ပြုရပါသည်၊ ကျွန်တော်မကို သည်းခံတော်မူပါ၊ ရှင်ရသေ့လည်း အားထုတ်မြဲ အားထုတ်တော်မူပါ၊ သီလသိက္ခာ, ဈာန်သမာပတ်ကို ရမြဲရပါလိမ့်မည်” ဟု ကန်တော့၍ နတ်ပြည်သို့ ပြန်လေသည်။ သိကြားမင်းလည်း အားရတော်မူ၍ “သင်အလိုရှိရာ အခွင့်ကိုတောင်းတော့”ဟု ဆို၏။ “တခြားအခွင့်ကိုအလို မရှိပါ၊ နောင်ရသေ့သူတော်ကောင်း, ရဟန်းသူတော်ကောင်းများကို ဖျက်ဆီးမှုမှ လွတ်ပါရစေ” ဟု ခွင့်တောင်းလေသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ မိလိန္ဒ၊၁၂၇။ ဇာ၊ဋ္ဌ၊၅၊၁၆၁-၂။
- ↑ ဇာ၊ဋ္ဌ၊၅၊၁၆၃။
- ↑ သီ၊ဋီ၊သစ်၊ ၂-၃၇၄။ ဣသိသိင်္ဂံ အလမ္ဗုသေ။ ဇာ၊၂၊၁၂။ ဣသိသိင်္ဂန္တိ တဿ ကိရ မတ္ထကေ မိဂသိင်္ဂါကာရေန ဒွေ စူဠာ ဥဋ္ဌဟိံသု၊ တသ္မာ ဧဝံ ဝုစ္စတိ။ ဇာ၊ဋ္ဌ၊၅၊၁၆၃။ (ဇာ၊ဋ္ဌ၊၅၊၂၀၃။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၁
- ↑ ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်။