ဥတုဇရုပ်
တေဇောဓာတ် =ဥတုကြောင့် ဖြစ်သော ရုပ်ကို ဥတုဇရုပ်ဟု ခေါ်သည်။ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို ဥတုဟု ခေါ်ဆို၏၊ ယင်းဥတုခေါ် တေဇောဓာတ်သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏ (ဥတု၏ သားတည်း)။ ထိုဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက်ပင် ရှိပြန်၏၊ ယင်း တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏ (ဥတု၏ မြေးတည်း။) ဤသို့စသည်ဖြင့် ကံ-စိတ်-ဥတု-အာဟာရဟူသော ဆိုင်ရာ အကြောင်းတရားတို့ အပေါ်၌ အခြေစိုက်၍ ရုပ်ကလာပ်တို့သည် အနည်းနှင့်အများ အဆင့်ဆင့် ဖြစ်ပွားတတ်ကြပေသည်။[၁][၂]
ဥတုဇရုပ်တို့ ဖြစ်ချိန်နှင့် ချုပ်ချိန်
ပြင်ဆင်ရန်ဥတုဇရုပ်တို့ကား ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေကြသည်။ ရှေးရှေး ဥတုဇရုပ်တို့တွင် ပါဝင်သော ဥတုဇတေဇောဓာတ်သည်လည်း စွမ်းအင်မကုန်သေးက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဌီကာလသို့ ရောက်ခိုက်၌ ဖြစ်စေနိုင်ပြန်၏၊ ဥတုဇရုပ်တို့သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ ဖြစ်နိုင်ရကား ဤဥတုဇတေဇောဓာတ်သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏၊ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်ပေသည်။[၂]
ကမ္မဇရုပ်တို့၏ အထောက်အပံ့ကြောင့် ဥတုဇရုပ် ဖြစ်ရ
ပြင်ဆင်ရန်ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ကမ္မဇဥတု, စိတ္တဇဥတု, အာဟာရဇဥတု ဟူသော ဥတုအသီးအသီးတို့က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌ ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိပေသည်။ အစာသစ်ကောဋ္ဌာသကဲ့သို့သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဥတု ခေါ် တေဇောဓာတ်က ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌သာ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မလိုဟု မှတ်သားပါလေ။[၂]
သက်မဲ့လောက ဥတုဇရုပ်တို့ဖြစ်ပုံ
ပြင်ဆင်ရန်ကမ္မဇရုပ်များ ချုပ်ဆုံးပြီးနောက် ဆက်လက် ဖြစ်နိုင်သော ရုပ်တရားတို့မှာ အလောင်းကောင်အဖြစ်နှင့် တည်ရှိနေကြသော ဥတုဇရုပ်တို့သာတည်း။ အလောင်းကောင်၌ တည်ရှိသော ရုပ်တရားတို့ကား ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့သာတည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇရုပ်တို့၏ အစဉ်အတန်းသာ ဖြစ်ပေသည်။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုတို့ကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိကြပေသည်။ သက်မဲ့လောက၌လည်း ဤနည်းအတိုင်း ဖြစ်သည်။[၂]
ဥတုဇ ရုပ်ကလာပ် (၄) စည်း
ပြင်ဆင်ရန်- ၁။ ဥတုဇ-သုဒ္ဓဋ္ဌက ကလာပ် = ဥတုကြောင့်ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်။ (ရုပ်အစစ်တည်း။)
- ၂။ ဥတုဇ-သဒ္ဒနဝက ကလာပ် = ဥတုကြောင့်ဖြစ်သော အသံလျှင် (၉)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။) (ရုပ်အစစ်တည်း။)
- ၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
- ၄။ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် = အသံ-လဟုတာစသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
ဤဥတုဇရုပ်ကလာပ် (၄)စည်းတို့တွင် နံပါတ် (၁) (၂)တို့ကား ရုပ်အစစ်တို့တည်း။ ဝိပဿနာရှုကောင်းသော ရုပ်များတည်း။ နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌ လည်းကောင်း ထိုက်သလို တည်ရှိ၏၊ နံပါတ် (၂)ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။ ဤနံပါတ် (၁-၂) ရုပ်ကလာပ် (၂)မျိုးတို့ကား အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့လောက နှစ်မျိုး လုံး၌လည်းကောင်း တည်ရှိ၏၊
နံပါတ် (၃-၄)တို့ကား ရုပ်အတုများနှင့် ရောနှောနေ၏၊ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရန် ဖြစ်သည်။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေသော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသည်သာ ဖြစ်သည်။
ယင်းနှစ်မျိုးသော ရုပ်ကလာပ်တို့ကား ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါ တို့၏ သန္တာန်၌သာ ရရှိနိုင်သည်။ ဝိပဿနာရှုရာ၌ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကို ဝိပဿနာ မရှုကောင်းသဖြင့် ယင်းတို့ကို နှုတ်ပယ်လိုက်သော် ယင်းရုပ်ကလာပ်တို့သည် နံပါတ် (၁-၂)တို့နှင့် လုံးဝ တူညီသွားပေသည်။ ထို့ကြောင့် ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည်ဟု လိုရင်းကို မှတ်သားထားပါ။[၂]
ဥတုဇရုပ်ကလာပ်သာ ရှိသော ကောဋ္ဌာသများ
ပြင်ဆင်ရန်ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၃]၏ ဖွင့်ဆိုချက်နှင့် အညီ (၁) အစာသစ်, (၂) အစာဟောင်း, (၃) ပြည်, (၄) ကျင်ငယ် ဤကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် = ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစု သာတည်း။ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ စိုက်ရှုလိုက်ခဲ့သော် ယင်းကောဋ္ဌာသတို့မှာ ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်သည်ကို တွေ့ရှိနိုင်၏၊ ယင်းရုပ်ကလာပ်တိုင်းတွင် ရုပ်သဘောတရား (၈)မျိုးစီရှိရာ တေဇောဓာတ် ဥတုလည်း ပါဝင်၏၊ ယင်းတေဇောဓာတ် ဥတုကြောင့် ရုပ်ကလာပ်များ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြပေသည်။[၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတု သီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁ )
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။
- ↑ ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)