စိတ် (ဗုဒ္ဓဘာသာ)
[၁] စိတ်၊ အာရုံကိုသိတတ်သောသဘော တရား၊ ယှဉ်ဖက်စေတသိက်တရားတို့၏ အာရုံကို သိကြောင်းသဘောတရား၊ အာရုံကိုသိမှု သဘာဝ။ [၂]
လက္ခဏ, ရသ စသည်
ပြင်ဆင်ရန်စိတ်သည် သညာ, ပညာတို့၏ သိပ္ပံမှ တမျိုးတဖုံထူးသောအားဖြင့် အာရုံကို သိခြင်း အမှတ်အသား “အာရမ္မဏဝိဇာနန လက္ခဏာ”ရှိသည်၊ အာရမ္မဏဝိဇာနနလက္ခဏာမရှိသော စိတ်မည်သည် မရှိ၊
အာရုံကို သိမှု၌ ယှဉ်ဖက် စေတသိက်တရားတို့၏ ရှေ့ သွားမှုကိစ္စ “ပုဗ္ဗင်္ဂမရသ”ရှိသည်၊
နောက် နောက်စိတ်သည် ရှေးရှေးစိတ်ကို အကြား အလပ်မရှိအောင်ပြုကာ အစဉ်ဆက်စပ်ပေး တတ်သောတရားဟု ဉာဏ်၌ ရှေးရှုထင်လာမှု အခြင်းအရာ “သန္ဒနပစ္စုပဋ္ဌာန်” ရှိသည်၊
နာမ်, ရုပ်(ယှဉ်ဖက်စေတသိက်နာမ်, မှီရာ ဝတ္ထုရုပ်)ဟူသော နီးစ္စာသောအကြောင်း “နာမရူပပဒဋ္ဌာန်”ရှိသည်၊ ပဉ္စဝေါကာရဘုံ၌ နာမ်, ရုပ် ၂-ပါးစုံ နီးစွာသောအကြောင်း “ပဒဋ္ဌာန်”ဖြစ်၍ စတုဝေါကာရဘုံ၌ နာမ်သည် သာလျှင် နီးစွာသောအကြောင်း “ပဒဋ္ဌာန်” ဖြစ်သည်။ [၃][၂]
စိတ်အကျဉ်း, အကျယ်
ပြင်ဆင်ရန်စိတ်သည် အာရုံကိုသိခြင်းလက္ခဏာအားဖြင့် တစ်ပါးသာဖြစ်သည်၊ ယင်း တစ်ပါးတည်းသောစိတ်ကိုပင် ဇာတိ, ဘူမိ, သမ္ပယောဂဓမ္မ သင်္ခါရ, နိဿယ, ကိစ္စ, ဈာန်, အာရုံ, မဂ် အပြားအားဖြင့် ယထာရဟ မြောက်ပွါး၍ “အကုသိုလ်စိတ် ၁၂, ကုသိုလ်စိတ် ၂၁, ဝိပါက်စိတ် ၃၆, ကြိယာစိတ် ၂၀-အားဖြင့် စိတ်အကျဉ်း ၈၉-ပါးဖြစ်သည်၊ ယင်းတွင် လောကုတ္တရာစိတ် ၈-ပါးကို ဈာန် ၅-ပါးဖြင့် မြှောက်ပါးလျှင် လောကုတ္တရာစိတ် အကျယ် ၄၀-ဖြစ်၍ စိတ်အကျယ် ၁၂၁-ပါးဖြစ်သည်။ [၄]
စိတ်
ပြင်ဆင်ရန်အကျဉ်းအားဖြင့်၈၉-ပါး အကျယ်အားဖြင့် ၁၂၁-ပါးသော စိတ်တို့သည် သညာ, ပညာတို့၏သိပ္ပံမှ တစ်မျိုးတဖုံ ထူးသောအားဖြင့် အာရုံကို သိတတ်သောကြောင့် “စိတ်” မည်သည်။ [၅]
တနည်း-ဖဿစသော ယှဉ်ဖက် စေတသိက်တရားတို့၏ အာရုံကို သိခြင်း၏ အကြောင်း ဖြစ်သောကြောင့် “စိတ်”မည်သည်။ [၆]
“အာရုံကိုသိ”ဟူသည် “အာရုံကို ရယူခြင်း”ပင် ဖြစ်သည်။ [၇]
မတူ ထူးခြား ကွဲပြားလို့ စိတ်
ပြင်ဆင်ရန်တနည်း-မိမိ မိမိအားလျော်သော သမ္ပယုတ်, ဘုံ, အာရုံ, ဟီန-မဇ္ဈိမ-ပဏီ, အဓိပတိတို့၏ အစွမ်းအားဖြင့် စိတ်တစ်မျိုးနှင့်တစ်မျိုး မတူ ထူးခြား ကွဲပြား ဆန်းကြယ်သောကြောင့် “စိတ်”မည်သည်၊ အချို့စိတ်သည် ရာဂနှင့်တကွ ဖြစ်၍ အချို့စိတ်တို့သည် ဒေါသ, မောဟတို့နှင့် တကွ ဖြစ်ကြသည်၊ ဤသို့ယှဉ်ဖက် “သမ္ပယုတ်”အားဖြင့် စိတ်တစ်မျိုးနှင့်တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်၊ အချို့စိတ်သည် ကာမဘုံ၌ဖြစ်၍ အချို့ စိတ်တို့သည် ရူပ, အရူပ, လောကုတ္တရာ (အဝတ္ထာ)ဘုံတို့၌ ဖြစ်ကြသည်၊ ဤသို့ဖြစ်ရာ “ဘုံ”အားဖြင့်လည်း စိတ်တစ်မျိုးနှင့် တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်၊ အချို့စိတ်သည် ရူပါရုံကို အာရုံပြု၍ အချို့စိတ်တို့သည် သဒ္ဒါရုံ စသည်ကို အာရုံပြုကြသည်၊ ဤသို့ မွေ့လျော်ရာ “အာရုံ”အားဖြင့်လည်း စိတ်တစ်မျိုးနှင့် တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်၊ အချို့စိတ်သည်အယုတ် “ဟီန”ဖြစ်၍ အချို့ စိတ်တို့သည် အလယ် “မဇ္ဈိမ”အမြတ် “ပဏီတ’ဖြစ်ကြသည်၊ ဤသို့ ဟီန-မဇ္ဈိမ-ပဏီတအားဖြင့်လည်း စိတ်တစ်မျိုးနှင့်တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်၊ ထိုဟီနစိတ် စသည်တို့တွင်လည်း အချို့စိတ်သည် ဆန္ဒအကြီးအမှုးရှိ၍ အချို့စိတ်တို့သည် ဝီရိယ, စိတ္တ, ဝီမံသာ အသီးအသီး အကြီးအမှူး ရှိကြသည်၊ ဤသို့ အကြီးအမှူး “အဓိပတိ’အားဖြင့်လည်း စိတ်တစ်မျိုးနှင့်တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်၊ ဤသို့အားဖြင့် စိတ်ဟူသမျှသည် သမ္ပယုတ်, ဘုံ, အာရုံ, ဟီန-မဇ္ဈိမ-ပဏီတ, အဓိပတိတို့၏ အစွမ်းအားဖြင့် စိတ်တစ်မျိုးနှင့်တစ်မျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်ကြသည်။ [၈]
အခြား အဓိပ္ပါယ်များ
ပြင်ဆင်ရန်တနည်း မိမိ၏စိတ်အစဉ်ကို ပြတ်မသွားအောင် အနန္တရပစ္စယသတ္တိ စသည်ဖြင့် စီတတ် ဖြစ်စေတတ်သောကြောင့် “စိတ်”မည်သည်။ [၉]
လောကီကုသိုလ်စိတ် ၁၇, အကုသိုလ်စိတ် ၁၂, အာဝဇ္ဇန်းဒွေး ကြဉ်သော ကြိယာစိတ် ၁၈-အားဖြင့် လောကီဇောစိတ် ၄၇-ပါးသည် ဇောဝီထိ၏အစွမ်းဖြင့် မိမိ၏ ဇောစိတ်အစဉ်ကို စီတတ် ဖြစ်စေတတ်သောကြောင့် “စိတ်” မည်သည်။ [၁၀]
“စီ”ဟူသည် ရှေးရှေးဇောစိတ်က နောက်နောက်ဇောစိတ်ကို အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းပင် ဖြစ်သည်။ [၁၁]
လောကီဝိပါက်စိတ် ၃၂-ပါးသည် ကံ ကိလေသာ (ကိလေသာ အဖော်သဟဲရှိသော ကံ)က ဆည်းပူး ဖြစ်စေအပ်သောကြောင့် “စိတ်”မည်သည်။ [၁၂]
တနည်းကံ ကိလေသာတို့သည် ဆည်းပူး ဖြစ်စေအပ်သော အတ္တဘောကို စောင့်ရှောက်တတ်သောကြောင့် “စိတ်”မည်သည်။ [၁၃]
ဆန်းကြယ်သော ပန်းချီစသည်ကို ပြုလုပ်စေလို့ စိတ်
ပြင်ဆင်ရန်သဝိညတ္တိကစိတ် ၃၂-ပါးသည် ဆန်းကြယ်သော ပန်းချီစသည်ကို ပြုလုပ်ပြီးစေတတ်သောကြောင့် “စိတ်”မည်သည်၊ လောက၌ ပန်းချီကားထက် ဆန်းကြယ်သောအရာသည် မရှိ၊ ထို၌လည်း လက်စွမ်းပြရေးဆွဲထားသော ပန်းချီကားချပ်သည် အလွန်တရာ ဆန်းကြယ် လှသည်၊ ယင်း ဆန်းကြယ်လှသော ပန်းချီကားချပ်သည် ပန်းချီဆရာ၏ စိတ်ဆန်းကြယ်မှုကြောင့် ဖြစ်ရသည်၊ ဤသို့ဆန်းကြယ်သော ပန်းချီစသည်ကို ပြုလုပ်ပြီးစေတတ်သောကြောင့် “စိတ်”မည်သည်၊ တနည်း-ပြုလုပ် ပြီးစေအပ်သော ပန်းချီစသော အကျိုးတရား အတူ ဆန်းကြယ်သောကြောင့် “စိတ်” မည်သည်၊ စင်စစ်အားဖြင့် ပန်းချီစသော အကျိုးတရားသည် စိတ်က အဆန်းတကြယ် ကြံစည်စိတ်ကူးထားသလောက် မပြီးမြောက် နိုင်သောကြောင့် ပန်းချီစသော အကျိုး တရား ဆန်းကြယ်မှုထက် အကြောင်းစိတ်သည်သာလျှင် သာလွန်၍ ဆန်းကြယ်ပေသည်။ [၁၄]
ဆန်းကြယ်မှုအမျိုးမျိုးကို ပြုလုပ်လို့ စိတ်
ပြင်ဆင်ရန်အကုသိုလ်စိတ် ၁၂, လောကီကုသိုလ်စိတ် ၁၇-အားဖြင့် ၂၉-ပါးသောစိတ် (ကမ္မဝိညာဉ်)တို့သည် ဒေဝ, မနုဿ, နိရယ, ပေတ, တိရစ္ဆာနဟူသော ဂတိ ၅-ပါးတို့၌ ကံ, လိင်, သညာ, ဝေါဟာရစသော အဇ္ဈတ္တိက(ဣန္ဒြိယဗဒ္ဓ) ဆန်းကြယ်မှုအမျိုးမျိုးကို ပြုလုပ် ဖြစ်စေတတ်သောကြောင့် “စိတ်”မည်သည်၊ ကာယကံ စသော အတိတ်ကုသိုလ်, အကုသိုလ်ကံအမျိုးမျိုးကို စိတ်သည် ပြုလုပ်ဖြစ်စေသည်၊ ယင်းစိတ်က ပြုလုပ်ဖြစ်စေအပ်သော အတိက်ကံအမျိုးမျိုး မတူထူးခြား ကွဲပြား ဆန်းကြယ်သောကြောင့် ပစ္စုပ္ပန်ဂတိ ထိုထို၌ လက်, ခြေ စသော “လိင်”သဏ္ဌာန်၏ မတူ ထူးခြား ကွဲပြား ဆန်းကြယ်မှု ဖြစ်ရသည်၊ သဏ္ဌာန် ကွဲပြားသောကြောင့် မှတ်ယူအပ် တိုင်းသော သဏ္ဌာန်အားလျော်စွာ “ဤသူကား မိန်းမ, ဤသူကား ယောက်ျား”ဟု မှတ်သားမှု “သညာ” မတူထူးခြား ကွဲပြား ဆန်းကြယ်ရသည်၊ မှတ်သားမှု “သညာ” ကွဲပြားသောကြောင့် သညာအားလျော်စွာ “မိန်းမ ယောက်ျား”ဟု ခေါ်ဝေါ်မှု “ဝေါဟာရ” မတူထူးခြား ကွဲပြား ဆန်းကြယ်ရသည်၊ ခေါ်ဝေါ်မှု “ဝေါဟာရ”ကွဲပြားသောကြောင့် ဝေါဟာရအားလျော်စွာ “မိန်းမ ယောက်ျား, မင်း, ပုဏ္ဏား ဖြစ်ရလို၏”ဟူသော ဆုတောင်းမှုအမျိုးမျိုးဖြင့် မိန်းမ, ယောကျ်ား, မင်း, ပုဏ္ဏားစသော အတ္တဘောကို ဖြစ်စေနိုင်သော ကံအမျိုးမျိုးကို ပြုလုပ် အားထုတ်ရကား ပစ္စုပ္ပန်ကံအမျိုးမျိုး မတူ ထူးခြား ကွဲပြား ဆန်းကြယ်ရပြန်သည်၊ ပစ္စုပ္ပန်ကံ ကွဲပြားသောကြောင့် ယင်း ပစ္စုပ္ပန် ကံအမျိုးမျိုးက မိန်းမ, ယောက်ျား, မင်း ပုဏ္ဏားစသော တောင့်တအပ်တိုင်းသော ဘဝကို ဖြစ်စေရာ၌ ဂတိ ၅-ပါး၏အစွမ်းဖြင့် ဖြစ်စေရကား အနာဂတ်ဂတိ မတူထူးခြား ကွဲပြား ဆန်းကြယ်ရသည်၊ ယင်း ပစ္စုပ္ပန်ကံ ကွဲပြားသောကြောင့်ပင် သတ္တဝါထိုထိုတို့မှာ အနာဂတ်ဂတိ ထိုထို၌ အခြေမရှိသူ, အခြေ ၂-ချောင်းရှိသူ, စသော မတူထူးခြား ကွဲပြား ဆန်းကြယ်မှုသည်လည်းကောင်း, နွား, ကျွဲ, မင်း, ပုဏ္ဏား, စတုမဟာရာဇ်နတ်စသော ဥပပတ္တိ (အမျိုးဇာတ်) ထိုထို၌ အမျိုး စည်းစိမ် ရာထူး ဂုဏ်သိရ် စသည်တို့ဖြင့် ́ မြင့်မြတ်သူ, ယုတ်နိမ့်သူစသော မတူထူးခြား ကွဲပြား ဆန်းကြယ်မှုသည်လည်းကောင်း, အတ္တဘော ထိုထို၌ ရုပ်အဆင်းလှသူ, မလှသူ, လာဘ်လာဘ ပေါများသူ, မပေါများသူစသော မတူထူးခြား ကွဲပြားဆန်းကြယ်မှုသည်၎င်း ဖြစ်ရသည်၊ ဤသို့အားဖြင့် ဂတိ ၅-ပါးတို့၌ ကံ, လိင်, သညာ, ဝေါဟာရစသော အဇ္ဈတ္တိကဆန်းကြယ်မှု အမျိုးမျိုးကို ပြုလုပ်ဖြစ်စေတတ်သောကြောင့် “စိတ်” မည်သည်၊ တနည်း ပြုလုပ်ဖြစ်စေအပ်သောကံ, လိင်, သညာ, ဝေါဟာရစသော အဇ္ဈတ္တိကအကျိုးတရား အတူ ဆန်းကြယ်သောကြောင့် “စိတ်” မည်သည်၊ စင်စစ်အားဖြင့် အကျိုးပေးခွင့်မရသော ကမ္မဝိညာဉ်စိတ်နှင့် ကာလ, ဂတိ, ပယောဂ စသော အထောက်အပံ့ချို့တဲ့သော အပရာပရိယဝေဒနိယကမ္မဝိညာဉ်စိတ်သည် အချို့သော ဆန်းကြယ်သော အကျိုးတရား ကိုပြုလုပ်ဖြစ်စေနိုင်မှု မရှိသောကြောင့် အဇ္ဈတ္တိက အကျိုးတရား ဆန်းကြယ်မှုထက် အကြောင်း ကမ္မဝိညာဉ်စိတ်သည်သာလျှင်သာ လွန်၍ ဆန်းကြယ်ပေသည်။ [၁၅]
တနည်း-သံသရာဝဋ်ဆင်းရဲကို စီတတ် ဖြစ်စေတတ်သောကြောင့် “စိတ်”မည်သည်။ [၁၆]
ဓမ္မပဒမှ ပြောသော စိတ်
ပြင်ဆင်ရန်“စိတ်”သည် ထိုထိုအရပ်ဒေသသို့ သွားလာတတ်သော သဘာဝတရားမျိုး မဟုတ်သော်လည်း အဝေးအရပ်၌ရှိသော အာရုံကိုပင် လှမ်းယူနိုင်သောကြောင့် အာရုံရှိရာ အဝေးအရပ်သို့ သွားတတ်သော “ဒုရင်္ဂမ” သဘာဝတရားမျိုး ဖြစ်သည်၊ တပြိုင်နက် သောခဏ၌ စိတ်၂-ခု ၃-ခု စသည် ပြိုင်တူ ဖြစ်ရိုးမရှိ၊ ရှေးစိတ်တစ်ခု ဖြစ်ပေါ် ချုပ်ပျောက်ပြီးမှ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာတတ်သောကြောင့် တစ်ခုတည်းသာ ဖြစ်လေ့ရှိသော “ဧကစရ = ဧကစာရီ” သဘာဝတရားမျိုး ဖြစ်သည်၊ အလုံး အပြား, အထောင့် စသော အထည်ကိုယ်သဏ္ဌာန်နှင့် အညို, အရွှေ, အနီ, အဖြူစသော အဆင်းမရှိသော “အသရီရ = အရူပ” သဘာဝတရားမျိုး ဖြစ်သည်၊ ဟဒယဝတ္ထုရုပ်ကို အမှီပြုကာ ဖြစ်ပေါ်တတ်သောကြောင့် ဟဒယဝတ္ထုနှင့် ယင်း၏မှီရာ မဟာဘုတ်ဟူသောဂူ၌ ကိန်းအောင်းတတ်သော “ဂုဟာသယ” သဘာဝတရားမျိုး ဖြစ်သည်။ [၁၇]
ဖြူစင်ကြောင်း, ညစ်နွမ်းကြောင်း
ပြင်ဆင်ရန်ဘဝင်စိတ် ၁၉-ပါးသည် ထက်ဝန်းကျင် စင်ကြယ်သောကြောင့် ဖြူစင်သော “ပဏ္ဍရ” သဘာဝတရားမျိုး ဖြစ်သည်၊ အကုသိုလ်စိတ်သည် (ညစ်နွမ်းသောတရားမျိုး ဖြစ်သော်လည်း)ဖြူစင်သောဘဝင်စိတ်မှ (တဝီထိတည်း၏ အဖြစ်ဖြင့်)ထွက်ပေါ်(ဖြစ်ပေါ်လာသောကြောင့် ဖြူစင်သော “ပဏ္ဍရ”သဘာဝတရား ဟုပင် ဆိုရသည်၊ ကုသိုလ်စိတ်သည် ဖြူစင်သော ဘဝင်စိတ်မှ ထွက်ပေါ် (ဖြစ်ပေါ်) လာသောကြောင့်၎င်း သူ့ကိုယ်တိုင်ကပင် ဖြူစင်နေသောကြောင့်၎င်း ဖြူစင်သော “ပဏ္ဍရ”သဘာဝတရားမျိုးပင် ဖြစ်သည်။ တနည်းအားဖြင့် စိတ်ဟူသမျှသည် ပင်ကိုယ်သဘောအားဖြင့် ဖြူစင်သော “ပဏ္ဍရ”သဘာဝတရား မျိုးချည်းသာ ဖြစ်သည်၊ သို့ဖြစ်သော်လည်း ဇောခဏ၌ ဧည့်သည် အာဂန္တုကဖြစ်သော ညစ်နွမ်းကြောင်း “ဥပက္ကိလေသ” စေတသိက် တရား, ဖြူစင်ကြောင်း “ဝေါဒါန” စေတသိက် တရားတို့ကြောင့် ညစ်နွမ်းမှု, စင်ကြယ်မှု ဖြစ်ရသည်။ [၁၈]
“စိတ်”သည် လျင်မြန်စွာဖြစ်ပေါ်၍ လျင်မြန်စွာ ချုပ်ပျက်တတ်သော “လဟုပရိဝတ္တ” သဘာဝတရားမျိုး ဖြစ်သည်၊ စိတ်ကဲ့သို့လျင် မြန်စွာ ဖြစ်ပေါ်၍ လျင်မြန်စွာ ချုပ်ပျက်တတ်သော အခြားတရားမျိုး မရှိ၊ စိတ်၏ ဖြစ်ပျက်မှု လျင်မြန်ပုံကို နှိုင်းခိုင်းမှု “ဥပမာ” ပြုရန်ပင်မလွယ်ကူ။ [၁၉]
အတွေးသမားတို့ ယူဆသော စိတ်
ပြင်ဆင်ရန်အတွေးသမား “တက္ကီပုဂ္ဂိုလ်”များသည် စက္ခုစသော ရုပ်တရားတို့၏ ပေါ်လွင်ထင်ရှားသော ချုပ်ပျက်မှုကိုသာ မြင်ကြသည်၊ ရှေးစိတ်တစ်ခုတစ်ခု ချုပ်ပျက်အပြီးတွင် နောက်စိတ်တစ်ခုတစ်ခုအကြား အလပ်မရှိ (မီးစက်ဝိုင်းပမာ) ဆက်စပ် ဖြစ်ပေါ်နေသောကြောင့် စက္ခုစသော ရုပ်တရားတို့၏ ချုပ်ပျက်မှုထက် စိတ်၏ အလွန်လျင်မြန်သော ချုပ်ပျက်မှုကို မမြင်နိုင်ကြပေ၊ ယင်းသို့ မမြင်နိုင်သောကြောင့် “ငှက်သည် သစ်တပင်မှ သစ်တပင်သို့ ပြောင်းရွေ့နားနေသကဲ့သို့ စိတ်သည် အဟောင်းဖြစ်သော ခန္ဓာကိုယ် အတ္တဘော ချုပ်ပျက်သွားသောအခါ အသစ် ဖြစ်သော အခြားခန္ဓာကိုယ် အတ္တဘောသို့ ပြောင်းရွှေ့သွားသည်”ဟု မှတ်မှား စွဲယူပြီးလျှင် “စိတ်ဟူသော အတ္တသည် အမြဲ တည်နေသော နိစ္စ, ဓုဝ, သဿတ သဘာဝမျိုး ဖြစ်သည်”ဟု ပြောဆို ပညတ်ကြလေသည်။ [၂၀]
အဘိဓမ္မာလာ စိတ်
ပြင်ဆင်ရန်“စိတ်”တစ်ခုတစ်ခု၌ ဖြစ်ပေါ်ရာကာလ “ဥပါဒ် ခဏ”တည်တန့်ရာကာလ “ဌီခဏ”, ချုပ်ပျက်ရာ ကာလ “ဘင်ခဏ”ဟု အခိုက်အတန့်ကာလ “ခဏငယ်”၃-ခု ရှိသည်၊ ယင်းခဏငယ် ၃-ခု အပေါင်းသည် စိတ်တစ်ခု၏ သက်တမ်းကာလ “စိတ္တက္ခဏတစ်ခု = ခဏကြီးတစ်ခု” ဖြစ်သည်။ [၂၁]
စိတ္တက္ခဏ တစ်ခုသည် မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် အချိန်ကာလကို ကုဋေတသိန်း မကစိတ်၍ တစိတ်ခန့်မျှသာ ရှည်ကြာသည်။ [၂၂]
မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် အချိန်ကာလ အတွင်း၌ ဥပါဒ်, ဌီ, ဘင်နှင့်ပြည့်စုံသော စိတ်ပေါင်း ကုဋေတသိန်းမက (ရှေ့နောက် ဆက်လျက် ဖြစ်ပျက်နိုင်သည်။ [၂၃]
ရှစ်ထောင့် ငါးဆယ့် ကိုးတင်း, တစိတ်, နှစ်ပြည်ရှိ စပါးတို့ကို စိတ်တစ်ခုလျှင် စပါးတစေ့ ကျဖြင့် ရေတွက်မှတ်သားသော် စပါးတို့သာ ကုန်ဖွယ်ရာရှိသည်၊ မျက်စိတမှိတ်, လျှပ်တပြက် လက်ဖျစ်တတွက် အချိန်ကာလအတွင်း၌ ဖြစ်ပေါ်သောစိတ်ကား မကုန်နိုင်။ (မိလိန္ဒ၊၁၀၉။) (စိတ်၏ ဌီခဏ ရှိ, မရှိနှင့် စပ်လျဉ်းသော စိစစ်ချက်ကို [၂၄]တို့ကြည့်။)၊
“စိတ်”သည် သတ္တလောကကြီးတစ်ခုလုံးကို ဆွဲဆောင်နေသည်၊ သတ္တလောကကြီး တစ်ခုလုံးသည် စိတ်၏ ဆွဲငင်မှုကို ခံနေရသည်၊ ကိလေသာကို ပယ်သတ်ပြီးသော ပုဂ္ဂိုလ်တို့မှ တစ်ပါး အားလုံးသော ပုဂ္ဂိုလ် သတ္တဝါတို့သည် စိတ်ဟုဆိုအပ်သော တစ်ခုတည်းသောတရား၏ အလို (ဆွဲဆောင်ရာ)သို့ လိုက်ပါနေကြရသည်။ (သံ၊၁၊၃၆။) စိတ်ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့ ညစ်နွမ်းကြရ၍ စိတ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ဖြူစင်ကြရသည်။ [၂၅]
“ရုပ်ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့ ညစ်နွမ်းကြရ၍ ရုပ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ ဖြူစင်ကြရသည်”ဟု ဘုရားရှင်ဟောတော်မမူ။ [၂၆]
“စိတ်”သည်သာလျှင် သတ္တဝါတို့အား မင်း, ပုဏ္ဏား စသည် ဖြစ်ရန် ပြုစီမံသည်၊ စိတ်၏ အစွမ်းကြောင့်ပင် သတ္တဝါတို့သည် တစ်ရံတစ်ခါ ကုန်သည်, သူဆင်းရဲတို့ ဖြစ်ကြရ၍ တစ်ရံတစ်ခါ နတ်, အသုရာ, ငရဲသူငရဲသား, တိရစ္ဆာန်, ပြိတ္တာတို့ဖြစ်ကြရသည်။ [၂၇]
မျက်လှည့်ပမာ လှည့်စားတတ်သော စိတ်၏ လှည့်စားမှုကို ခံကြရသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကိလေသာမာရ်၏ အာရုံ ကာမဂုဏ်၌ မွေ့လျော်ကြသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည် နေကြရသည်။ [၂၈]
ယောက်ျား, မိန်းမ, အိမ်နေသူလူ, ရသေ့ရဟန်းဟူသော ခပ်သိမ်းသူတို့သည် မဖြစ်ပေါ် သေးသော ကိလေသာတို့ကို ဖြစ်ပေါ်ခွင့်မပေးပဲ ဖြစ်ပေါ် ပြီးသော ကိလေသာတို့ကိုလည်း ပယ်စွန့်၍ စိတ်ကို မပျံ့လွင့်ရအောင် စောင့်ရှောက် ထိန်းသိမ်းနိုင်ကြလျှင် ကိလေသာ အနှောင် အဖွဲ့ ကင်းသဖြင့် မာရ်မင်း၏ အနှောင်အဖွဲ့ ဟူသော တေဘူမကဝဋ်ဆင်းရဲမှ လွတ်ကင်း ထွက်မြောက်နိုင်ကြသည်။ [၂၉]
“အသီးတရာ၊ အညှာတစ်ခု၊ ပမာ ရှု၍၊ စိတ်ဟုမည်ငြား၊ ဤတစ်ပါးမျှ၊ တရားကိုကြပ်၊ စောင့်စည်းကွပ်က၊ လူရပ်, နတ်ရွာ၊ ဗြဟ္မာ, နိဗ္ဗာန်၊ ရောက်ကြောင်း မှန်၏”။ [၃၀]
“စိတ်” တစ်ခု တစ်ခု ဖြစ်ပေါ်ရာ၌ ယှဉ်ဖက် စေတသိက်များပါ တပြိုင်တည်း ဖြစ်ပေါ် လာကြသည်။ [၃၁]
ယင်းသို့ ဖြစ်သော်လည်း စိတ်သည်သာလျှင် ရှေ့သွား ပဓာနဖြစ်သောကြောင့် “စိတ်ဖြစ်သည်, စိတ် ဖြင့်ပြုလုပ်သည်”စသည်ဖြင့် ဘုရားရှင် ဟောတော်မူလေ့ရှိသည်၊ လောက၌ပြောဆိုသုံးနှုန်း ကြသည်။ [၃၂]
စိတ်သည် ယှဉ်ဖက် စေတသိက်တရားတို့ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားဖြစ်သည်၊ စိတ် မဖြစ်လျှင် စေတသိက်များသည် သူတို့ချည်း သက်သက် မဖြစ်စွမ်းနိုင်ကြ၊ စိတ်သည်ကား အချို့အချို့သော စေတသိက်များ မဖြစ်ကြသော်လည်း (အချို့စေတသိက်များနှင့် ကင်း၍လည်း) ဖြစ်စွမ်းနိုင်သည်၊ ထို့ကြောင့် စိတ်သည် စေတသိက်တရားတို့၏ ရှေ့သွား ပုဗ္ဗင်္ဂမ တရားဖြစ်သည်။ [၃၃]
ဂင်္ဂါ, ယမုနာ, အစိရဝတီ, သရဘူ, မဟီ ဟူသော မြစ်ကြီး ၅-သွယ်တို့၏ စီးဝင်ရာ မဟာသမုဒ္ဒရာရေကို လျှာဖြင့်လျက်၍ “ဤ ရေကား ဂင်္ဂါမြစ်ရေ၊ ဤရေကား ယမုနာ မြစ်ရေ၊ ဤရေကား အစိရဝတီမြစ်ရေ၊ ဤရေကား သရဘူမြစ်ရေ၊ ဤရေကား မဟီမြစ် ရေဖြစ်သည်”ဟု ပိုင်းခြား၍ သိနိုင်ရန် ခဲယဉ်း သကဲ့သို့ တစ်ခုတည်းသောအာရုံ၌ အတူတကွ ဖြစ်ကြသည့် စိတ်, စေတသိက်တရားတို့ကို ဤသဘာဝကားတွေ့ထိမှု “ဖဿ”၊ ဤသဘာဝကား ခံစားမှု “ဝေဒနာ၊ ဤသဘာဝ မှတ်သားမှုသညာ”၊ ဤသဘာဝကား စေ့ဆော်မှု “စေတနာ”၊ ဤသဘာဝကား အာရုံကိုသိမှု “စိတ်”ဖြစ်သည်”ဟု ပိုင်းခြား၍ သိနိုင်မှုသည် အလွန်ခဲယဉ်းသော အရာဖြစ်သည်၊ ထိုခဲယဉ်းသောအရာကို ဘုရားရှင်သည် ပိုင်းခြားဝေဖန်၍ ပြတော်မူခဲ့သည်။ [၃၄]
အဋ္ဌကထာ, ဋီကာတို့၌ ထိုထိုအရာဌာနအားလျော်စွာ “စိတ္တ”ပုဒ်၏ ဖြစ်သင့်သော အရကောက် “အဘိဓေယျတ္ထ”ကို “စိတ္တန္တိ ကုသလစိတ္တံ စိတ္တန္တိ အကုသလစိတ္တံ” စသည်ဖြင့် ဖွင့်ပြကြသည်။ [၃၅][၂]
ကိုးကား
ပြင်ဆင်ရန်- ↑ စိတ္တ (န) [စိန္တ+တ။ စိတိ+တ။ စိ+တ။ စိတ္တ + အ။ စိတ္တ + ကရဏ။ ကရဏပုဒ်ကို ချေ။ စိတ+တာ+အ။ စိတ+တက်။ အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော၊ ယသ္မာ ဝါ စိတ္တန္တိ သဗ္ဗစိတ္တသာဓာရဏော ဧသ သဒ္ဓေါ၊ တသ္မာ ယဒေတ္ထ လောကိယကုသလာကုသလကိရိယစိတ္တံ၊ တံ ဇဝနဝီထိဝသေန အတ္တနော သန္တာနံ စိနောတီတိ စိတ္တံ၊ ဝိပါကံ ကမ္မကိလေသေဟိ စိတန္တိ စိတ္တံ၊ အပိ စ သဗ္ဗမ္ပိ ယထာနုရူပတော စိတ္တတာယ စိတ္တံ၊ စိတ္တကရဏတာယ စိတ္တန္တိ ဧဝမ္ပေတ္ထ အတ္ထော ဝေဒိတဗ္ဗော။ အဘိ၊ဋ္ဌ၊၁၊၁၀၆။ အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။ ...ယံ ဝဋ္ဋဿ ပစ္စယော ဟောတိ၊ တံ သံသာရဒုက္ခံ စိနောတီတိပိ စိတ္တံ။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။ စိန္တေတီတိ စိတ္တံ၊ အာရမ္မဏံ ဝိဇာနာတီတိ အတ္ထော။ ...စိန္တေန္တိ ဧတေန ကရဏဘူတေန သမ္ပယုတ္တဓမ္မာတိ စိတ္တံ။ အထ ဝါ စိန္တနမတ္တံ စိတ္တံ။ ဝိဘာဝိနီ၊၇၄။ ကမ္မကိလေသေဟိ စိတံ သဉ္စိတံ အတ္တဘာဝံ တာယတိ ရက္ခတီတိ စိတ္တံ၊ ဝိပါကဝိညာဏမေဝ။ မဏိမဉ္ဇူ၊၁၊၁၂၉၊ ၁၃၀။ စိန္တေတီတိ စိတ္တံ၊ ဝိညာဏံ စိတ္တကမ္မာဒိ စ။ ဏွာဒိ။ ၈၃။ (သံ၊ဋ္ဌ၊၂၊၉၁။ အဘိ၊ဋ္ဌ၊၁၊၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။ ဓမ္မ၊ဋ္ဌ၊၁၊၁၈၂။ မဟာနိ၊ဋ္ဌ၊၁၉၊ ၂၅၁။ နေတ္တိ၊ဋ္ဌ၊၁၇၇။ နေတ္တိ၊ဝိ၊၂၄၅။ ဝိဘာဝိနီ၊၇၄။ မဏိမဉ္ဇူ၊၁၊၁၂၄-၁၃၀။ ကစ္စည်း။ ၆၅၆။ ရူ။ ၆၀၈၊ ၆၆၆။ နီတိ၊ ဓာ၊ ၃၀၅-၆-၇။ ဓာန်၊ဋီ၊၁၅၂-တို့လည်း ကြည့်။)]
- ↑ ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၇
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၅၅-၆။ ပဋိသံ၊ဋ္ဌ၊၁၊၄၆။)
- ↑ (ဝိသုဒ္ဓိ၊၂၊၈၂-၇။ သင်္ဂဟ၊၂-၁၈။ ဝိဘာဝိနီ၊၇၆-၇၊ ၈၁-၂-၆-၇၊ ၉၁-၅-၇-၉၊ ၁၀၁-၄။ မဏိမဉ္ဇူ၊၁၊၃၀၃-၄။) (စိတ်အကျယ်ဝေဖန် ဟောပြပုံကို အဘိ၊ဓ၊၁၇-၁၄၄-ကြည့်။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၆။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။)
- ↑ (ဝိဘာဝိနီ၊၇၄။)
- ↑ (မူလဋီ၊၁၊၅၄၊ ၆၅၊ ၈၇။ အနုဋီ၊၁၊၇၀။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၆။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။)
- ↑ (ဝိဘာဝိနီ၊၇၄။ မဏိမဉ္ဇူ၊၁၊၁၃၀)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၆။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။)
- ↑ (မူလဋီ၊၁၊၆၅။ အနုဋီ၊၁၊၇၁။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၆။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။ မူလဋီ၊၁၊၆၅။ မဏိမဉ္ဇူ၊၁၊၁၂၉။)
- ↑ (ဝိဘာဝိနီ၊၇၄။ မဏိမဉ္ဇူ၊၁၊၁၂၉၊ ၁၃၀။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၆။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။ ဝိဘာဝိနီ၊၇၄။ မဏိမဉ္ဇူ၊၁၊၁၂၉။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၇-၈။ ပဋိသံ၊ဋ္ဌ၊၁၊၉၂။ မဏိမဉ္ဇူ၊၁၊၁၂၉။)
- ↑ (ပဋိသံ၊ဋ္ဌ၊၁၊၉၂။)
- ↑ (ဓမ္မ၊၁၈။ ထေရ၊၃၅၈။ ဓမ္မ၊ဋ္ဌ၊၁၊၁၉၃-၄။ ထေရ၊ဋ္ဌ၊၂၊၄၇၂။)
- ↑ (အံ၊၁၊၉။ အံ၊ဋ္ဌ၊၁၊၄၅။ အဘိ၊ဋ္ဌ၊၁၊၁၇၅။ မူလဋီ၊၁၊၉၅။)
- ↑ (အံ၊၁၊၉။ အံ၊ဋ္ဌ၊၁၊၄၅။ ဝိသုဒ္ဓိ၊၂၊၂၄၉။)
- ↑ (ဒီ၊ဋ္ဌ၊၁၊၁၀၅။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၂၅။ သင်္ဂဟ၊၅၇။)
- ↑ (ပရမတ္ထဒီပနီ၊၁၄၈။)
- ↑ (သံ၊ဋ္ဌ၊၂၊၉၂။ အဘိ၊ဋ္ဌ၊၂၊၃၁။ အနုဋီ၊၁၊၇၅။)
- ↑ ... သံ၊ဋ္ဌ၊၂၊၂၄၆။ သံ၊ ... ဋီ၊၂၊၂၁၇-၈။ အံ၊ဋီ၊၂၊၁၂၄။ မူလဋီ၊၂၊၂၂၂-၃။ အနုဋီ၊၂၊၂၉၊ ၃၀။ ဝိဘာဝိနီ၊၁၃၈-၉၊ ၁၄၀။ မဏိမဉ္ဇူ၊၁၊၄၃၃-၄၄၀။ ပရမတ္ထဒီပနီ၊၁၄၈-၁၅၂-
- ↑ (သံ၊၂၊၁၂၃။ သံ၊ဋ္ဌ၊၂၊၂၉၉။)
- ↑ (သံ၊ဋ္ဌ၊၂၊၂၉၉။)
- ↑ (ထေရ၊၃၅၉။)
- ↑ (ထေရီ၊၃၉၇။ ထေရီ၊ဋ္ဌ၊၁၆၃။)
- ↑ (ဓမ္မ၊၁၈။ ဓမ္မ၊ဋ္ဌ၊၁၊၁၉၄။)
- ↑ (မဃဒေဝ။ ၂၅၂။)
- ↑ (အဘိ၊ဓ၊၁၇။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၉၊ ၁၁၀။)
- ↑ (အံ၊ဋ္ဌ၊၁၊၅၅။ ဓမ္မ၊ဋ္ဌ၊၁၊၁၅၊ ၂၄။)
- ↑ (မိလိန္ဒ၊၉၄။ အဘိ၊ဋ္ဌ၊၁၊၁၈၆။)
- ↑ (မ၊ဋ္ဌ၊၂၊၁၈၉၊ သံ ဋ္ဌ၊၂၊၂၄၂။ အံ၊ဋ္ဌ၊၁၊၁၅။ ဒီ၊ဋီ၊၂၊၃၂၉။ မ၊ဋီ၊၁၊၃၈၅။ သံ၊ဋီ၊၁၊၈ဝ။ အံ၊ဋီ၊၁၊၂၅၆-စသည်။)