၂၀၁၁ မြစ်သာမြစ်ရေကြီးမှု

ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်သာမြစ် ရေကြီးခဲ့ကာ ကလေးမြို့ဂန့်ဂေါမြို့တွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။

ကလေးမြို့တွင်သက်ရောက်မှု ပြင်ဆင်ရန်

ချင်းတောင်တန်းမှ မြစ်ဖျားခံ စီးဆင်းသော မြစ်သာမြစ်၏ ရေကြီးရေလျှံမှုများကြောင့် ကလေးမြို့ နှင့် ဂန့်ဂေါမြို့များတွင် ရေကြီးခဲ့ကာ မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းတွင် မော်တော်ယာဉ်များ ပိတ်ဆို့နေပြီး၊ မိုးများသဖြင့် တံတားအချို့ ရေထဲမျောပါသွားသည်။ အချို့နေရာများတွင် လမ်းမပေါ်ရှိ ရေအနက်မှာ ခါးလောက်နဲ့ ရင်ခေါင်းခန့် အထိ ဖြစ်ကုန်သည်။ ကလေးမြို့မှ နှမ်းခါးကျေးရွာအထိသာ ကားများသွားနိုင်သည်။ ရေမျက်နီ အနီးရှိ မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၁၁၂/၅ ကြားတွင်ရှိသော တံတားမှာ ရေထဲမျောပါသွားသည်။ ဂန့်ဂေါမြို့တွင်လည်း ရေကြီးခဲ့သည်။ အောက်တိုဘာလ (၂၀)ရက်နေ့ ညပိုင်းမှစပြီး မြစ်သာမြစ်ရေ တိုးလာမှုကြောင့် (၂၁) ရက်နေ့တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမပေါ် ရေလွှမ်းမိုးခံရကာ ကလေးမြို့မှ တမူး နှင့် ကလေးဝမြို့တို့သို့ ကားလမ်းအဆက်အသွယ်ပြတ်တောက်ခဲ့သည်။

မိုးရေချိန် ပြင်ဆင်ရန်

ချင်းတွင်းမြစ်တွင်မူ ရေကြီးခြင်း မရှိပဲ ပုံမှန်သာရှိသော်လည်း ယခုရွာသွန်းသော မိုးကြောင့် ကလေးဝ-ကလေးမြို့ လမ်းတွင် မြေပြိုမှုများ ဖြစ်သောကြောင့် အသွားအလာ ပိတ်ဆို့ခဲ့ရသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ အောက်တိုဘာလ (၂၀) ရက်နေ့ တွင် ထုတ်ပြန်ချက်အရ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဆောမြို့တွင်(၆.၈၅)လက်မ၊ မုံရွာမြို့တွင် (၅.၄၇)လက်မ၊ ကလေးဝမြို့တွင် (၄.၈၄)လက်မ၊ မင်းတပ်မြို့တွင် (၄.၇၆)လက်မ၊ ပလက်ဝမြို့တွင် (၄.၄၅)လက်မ တို့ ဖြစ်ပြီး၊ ချင်းတွင်းမြစ်ရေသည် အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လယ် (၁၂:၃၀) တိုင်းထွာချက်အရ မုံရွာမြို့တွင် (၈၀၉)စင်တီမီတာ သို့ ရောက်ရှိနေပြီး အဆိုပါနေ့မှ နောက်(၄၈)နာရီအတွင်း မုံရွာမြို့၏ စိုးရိမ်ရေ အမှတ် (၁၀၀၀) စင်တီမီတာသို့ရောက်ရှိ နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့တွင် သက်ရောက်မှု ပြင်ဆင်ရန်

ဂန့်ဂေါမြို့ ရေကြီးမှုကြောင့် အရှေ့ဂန့်ဂေါ နှင့် အနောက်ဂန့်ဂေါ ကို ဆက်သွယ်ထားသော ကြိုးတံတားသည် ပေ(၁၅၀)ခန့် ရေထဲမျောပါသွားခဲ့သည်။ ဂန့်ဂေါမြို့ပေါ်ရှိ မြို့မရပ်ကွက်၊ စည်ပင်ရပ်ကွက် နှင့် မြောက်ကုန်းရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့သည်။ ရေကြီးမှုကြောင့် မြို့မရပ်ကွက်မှ အိမ်ထောင်စု (၁၅) စု၊ စည်ပင်ရပ်ကွက်မှ အိမ်ထောင်စု (၃၅) စု နှင့် မြောက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု (၂၀) စုတို့ ရေလွတ် ရာ နေရာများသို့ ပြောင်းရွှေ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြရသည်။ [၁]

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်