ပခုက္ကူရေဘေးကြောင့် ကမ်းတင်ကျန်နေသော အပျက်အစီးပုံများ (EMG News မှ ဓာတ်ပုံဖြစ်သည်။)
ပခုက္ကူရေဘေး ဖြစ်ပွားပြီးနောက်ပိုင်း ဝေဟင်မှ မြင်တွေ့ရပုံ (EMG News မှ ဓာတ်ပုံဖြစ်သည်။)
ရေလှိုင်းကြောင့် တိုင်းရင်းမှ ကျွတ်ထွက် မျောပါသွားသော အိမ်တစ်လုံးနှင့် နွားလှည်း (EMG News မှ ဓာတ်ပုံဖြစ်သည်။)
ပခုက္ကူရေဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်း တွင် တွေ့ရပုံ (EMG News မှ ဓာတ်ပုံဖြစ်သည်။)
ပခုက္ကူရေဘေးကြောင့် ကျိုးသွားသော ရွှေချောင်းတံတား (EMG News မှ ဓာတ်ပုံဖြစ်သည်။)

ဖြစ်ပွားသောအချိန် ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် နံနက်ပိုင်း။

ဖြစ်ပွားသောနေရာ ပြင်ဆင်ရန်

မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပခုက္ကူမြို့

ဖြစ်စဉ်အကျဉ်း ပြင်ဆင်ရန်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်း အဖြစ် ဆက်လက်တည်ရှိခဲ့ရာမှ စစ်ကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ဒေသခံများ၏အဆိုအရ အောက်တိုဘာလ၊ (၁၉) ရက်နေ့ နေ့လယ်ကတည်းက မိုးစရွာနေခဲ့ကြောင်း၊ ည (၁၂) နာရီ လောက်မှစပြီး မိုး ပိုသည်းလာကြောင်း၊ နောက်နေ့ (အောက်တိုဘာလ (၂၀)ရက်နေ့) မနက် (၆) နာရီ အထိ အဆက်မပြတ် ရွာသွန်းကြောင်း၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ် ပတ်ဝန်းကျင်ဒေသများတွင် အောက်တိုဘာလ၊ (၁၇) ရက်နေ့ကလည်း မိုးတစ်ကြိမ်ရွာထားပြီး ဆည်ကန်များတွင် ရေပြည့်နေပြီးကြောင်း၊ အောက်တိုဘာလ (၁၉)ရက်နေ့ နှင့် (၂၀)ရက်နေ့တွင် မိုးသည်းသည်းမည်းမည်းဆက်ရွာသွန်းမှုကြောင့် မြိုင်တောင်ဖျားမှ စီးဆင်းလာသော ထန်းငယ်တောချောင်းနဲ့ ကျောက်ဆောက်ချောင်းတို့ ချောင်းရေကျပြီး ရွှေချောင်းချောင်း ထဲကို အလုံးအရင်းနဲ့ရေဝင်ရောက်လာကြောင်း၊ အောက်တိုဘာ (၂၀) ရက်နေ့ နံနက် ၄ နာရီ တွင် ရွှေချောင်း ချောင်းတစ်လျှောက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ချောင်းဘေးဝဲယာတွင် တည်ရှိသော ရွာများအားလုံး ရေဘေးဒဏ် သင့်ခဲ့ရကြောင်း သိရှိရသည်။ ပခုက္ကူမြို့ဘေးမှ ဖြတ်စီးသော ရွှေချောင်းချောင်း တစ်လျှောက်တွင် နေထိုင်ကြသူများ အိမ်အလုံးလိုက် ရေထဲ မျောပါသေဆုံးကြသည်။ ထို့ပြင် ဒေသခံအများစုမှာ သိုးဆိတ်များ မွေးမြူကြသည့်အတွက် သိုးများ၊ဆိတ်များ ချောင်းရေနဲ့အတူ မျောပါပြီး ဆုံးရှုံးမှု ကြီးမားခဲ့သည်။

မိုးရေချိန် ပြင်ဆင်ရန်

အဆိုပါနေ့က ရွာသွန်းခဲ့သော မိုးရေချိန်များမှာ ပခုက္ကူမြို့တွင် ၄. ၉၂ လက်မ၊ မြိုင်မြို့တွင် ၃.၇ လက်မ၊ ပေါက်မြို့တွင် ၇.၄၇ လက်မ၊ ရေစကြိုမြို့တွင် ၄. ၃ လက်မ ရွာသွန်းခဲ့ကြောင်း သိရှိရသည်။ [၁]

မြေပြင်အနေအထား ပြင်ဆင်ရန်

မြိုင်မြို့နယ်တောင်ပိုင်းမှ ပခုက္ကူ ရွှေချောင်းအထိ ချောင်းရိုးတစ်လျှောက်တွင် ဆည်ပေါင်း (၆)ခုနှင့် ရေကန်ကြီး (၁၅)ခုရှိသည်။ ရွှေချောင်းထဲကို ထန်းငယ်တောချောင်းနဲ့ ကျောက် ဆောက်ချောင်းတို့ စီးဝင်သည်။ ထန်းငယ်တောချောင်းတွင် ဆည်တစ်ခု၊ ကျောက်ဆောက်ချောင်းတွင် ဆည် ငါးခုရှိသည်။ ရေအခံရှိပြီးသား အချိန်မှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းသည့်အတွက် ဆည်များ၊ကန်များ ရေလျှံမှုဖြစ်ပေါ်ရသည်။ သင်းပေါင်းကန်ဆည်နှင့် သစ်ကြီးတောဆည်မှ ရေလျှံကျလာသည်။ ရှင်မတောင် အနောက်ဖျားနှင့် မြိုင်တောင်ဖျားမှ ရေများ ရွှေချောင်းချောင်းထဲသို့ အလုံးအရင်း စီးဝင်လာခဲ့သည်။

ပျက်စီးဆုံးရှုံးမှု ပြင်ဆင်ရန်

ကနဦးသတင်းအရ ရေနစ်မြုပ်မှုကြောင့် လူပေါင်း ၄၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိပြီး ၁၅၀၀ ကျော် အား ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကယ်ဆယ်ထားရကြောင်း သိရှိရသည်။ ရေနစ်မြုပ်မှုဒဏ် အပြင်ထန်ဆုံး ခံစားရသော ရပ်ကွက်မှာ ပခုက္ကူမြို့၊ အမှတ် (၃)ရပ်ကွက်ဖြစ်ပြီး အိမ်ခြေ (၂၀၀) ကျော်မှာ ရေလွှမ်းမိုးခံရကြောင်း၊ ပခုက္ကူမြို့ တိလောကရာမကျောင်း တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း အထိ လူ (၁၅၀၀) ကျော်အား ကယ်ဆယ်ထားရကြောင်း သိရသည်။ ပခုက္ကူ အရှေ့ဘက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခရိုင်အုပ်ချုပ်ရေးမှူးရုံး များအနီးရှိ တံတားမှာ ကျိုးသွားပြီး ကျူးကျော်ရပ်ကွက်ဖက်မှ အိမ်ခြေ (၁၀၀)ခန့် ချောင်းရေထဲ မျောပါသွားခဲ့သည်။

ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် ပေါက်လမ်းမပေါ်ရှိ ရွှေချောင်းတံတား၏ ရေလယ်တိုင်အမှတ်(၉) မှ (၁၃) အထိ ရေတိုက်စားခြင်းခံရပြီး ရေလယ်တိုင် သုံးတိုင်ကျိုးကာ နှစ်တိုင်ကျန်ခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအထိ လူ ၁၄၇ ဦး သေဆုံးကြောင်း သိရှိရသည်။ ဒေသခံများအဆိုအရ အိမ် ၂လုံးစာ ၃လုံးစာခန့်မြင့်သော ရေလှိုင်းလုံးကြီးများ ရုတ်တရက်ထိုးဆင်းလာကြောင်း သိရသည်။ နောက်ဆုံးသိရသောစာရင်းအရ ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေ ၂၀၀၀ ဝန်းကျင် ရေမြုပ်စေခဲ့ပြီး အိမ်ခြေ ၈၀၀ နီးပါး ပျက်စီးခဲ့သည်။ ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာ၊ ရေမြုပ်အိမ်ခြေ ၁၃၀၀ ခန့်၊ ပေါက်မြို့နယ်၌ ကျေးရွာပေါင်း ၃၅ ရွာ၊ ရေမြုပ်အိမ်ခြေ ၂၄၀၀ ကျော်၊ ပျက်စီးမျောပါအိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း Weekly Eleven News ဂျာနယ်တွင် ဖော်ပြထားသည်။ ပခုက္ကူတစ်ခရိုင်လုံး၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်ရှိပြီး ရေဘေးသင့်ပြည်သူ လူဦးရေ နှစ်သောင်းကျော် ရှိသည်။ တစ်ခရိုင်လုံး လူအသေအပျောက်မှာ ၁၀၆ ဦးခန့်ရှိနိုင်ပြီး ပခုက္ကူအပြင် ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲရွာ၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာ၊ တံဆူးရွာတို့မှာ ရေကြီးမှုဒဏ်ကို အဆိုးဆုံး ခံခဲ့ကြရသည်။ [၂] ပခုက္ကူခရိုင်အတွင်း ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၂၀ရက်နေ့တွင် မိုးရေချိန် ၄.၇၆ လက်မ အထိ ရွာသွန်းခဲ့မှုကြောင့် ရွှေချောင်းတံတား အပါအဝင်တံတားခြောက်စင်း ပျက်စီးခဲ့ ကြောင်း၊ ရေကြီးမှုကြောင့် ခရိုင်အတွင်း လူ ၅၉ ဦးသေဆုံးကာ ၄၇ ဦးပျောက်ဆုံးနေကြောင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်နှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း အစိုးရမှ ထုတ်ပြန်သည်။ ပခုက္ကူခရိုင်အတွင်း ရေမျော အိမ်ထောင်စု အိမ်ခြေ ၂၀၂၃ အိမ်ရှိ ကြောင်းနှင့် ရေဘေးကြောင့် သေဆုံးသူ ၁၀၆ဦး ရှိကြောင်းလည်း သိရှိရသည်။

ကယ်ဆယ်ရေး ပြင်ဆင်ရန်

ချောင်းလယ် သစ်ပင်ပေါ်တွင် တင်ကျန်နေသူများကို မြို့ပေါ်ရှိ ကယ်ဆယ်ရေးသမားများမှ ကရိန်းကားများနှင့် ကယ်တင်ကြကြောင်း သိရသည်။ အောက်တိုဘာလ၊ (၂၁)ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု (၃၀၀)ကျော် လူ (၁၂၀၀)ကျော် ရောက်ရှိလာကြောင်း၊ ရေထဲပါသွားသော အိမ်အများစုမှာ ဂရန် မရှိပဲ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်ကြသဖြင့် အိမ်ထောင်စုစာရင်း အတိအကျ မရနိုင်ကြောင်း လည်း သိရှိရသည်။

ရေဘေး ဒုက္ခသည်များကို ပခုက္ကူမြို့ ရေလွတ်နေရာရှိ တိလောကကျောင်းမိုးကုတ်ဝိပသနာစခန်းများတွင် ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး ဓမ္မပါလကျောင်းရှစ်မျက်နှာကျောင်းမတ်တထောင်ကျောင်း စသောကျောင်းများတွင် နေရာချထားသည်။ အောက်တိုဘာ ၂၁ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရောက်ရှိလာပြီး ရေဘေးဒုက္ခသည် တစ်အိမ်ထောင်ကို ငွေ ၅၀၀၀ ကျပ်နှုန်းကူညီခဲ့သည်။ ဆန်အိတ်နှင့် ဆေးအဟာရများကိုလည်း အဖွဲ့အစည်းပေါင်းစုံမှ လာရောက်လှူဒါန်းကြသည်။

ရေလှိုင်းလုံးဒဏ်ကို အများဆုံးခံရသောရပ်ကွက်များမှာ ဂငယ်ကွင်းရပ်ကွက် နှင့် ရွှေကံသာအမှတ် ၃ ရပ်ကွက်တို့ဖြစ်ပြီး အများစုမှာ ရေမစီးဆင်းသည်မှာ အနှစ်(၂၀)ခန့် ကြာနေပြီဖြစ်သော ရွှေချောင်း ချောင်းခြောက်ထဲတွင် အိမ်ဆောက်နေကြခြင်း ဖြစ်သည်။ လူနေအိမ်အချို့မှာသာ ဂရန်ရှိပြီး တချို့မှာ ဒေသအခေါ် ပတ္တာမြေဟုခေါ်သော ဂရန်မရှိကြပေ။ ယမန်နှစ်ကမှ ရေစက်ချ လှူဒါန်းထားသော အေးငြိမ်းချမ်းသာကျောင်း နှင့် သန္တိသုခကျောင်းတိုက် များ ရေထဲမျောပါခဲ့ပြီး၊ သံဃာတော်များမူကား အသက်ဘေးမှ လွတ်ခဲ့ကြသည်။ ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အပိုင်းရှိ ယောချောင်းတစ်လျှောက်ရွာများဖြစ်သော ဆင်လမ်းချောင်းရွာ၊ တောင်ရွာမ၊ မြောက်ရွာမ၊ ကပိုင်၊ မြစ်ဖျား၊ ဒဲ့ဖျား၊ စညောင်း စသည့်ရွာများတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအဖွဲ့များက ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေကြေးများ လှူဒါန်းကြသည်။ စေတနာရှင်များကလည်း ငွေကြေးနှင့် ပစ္စည်းများအပြင် စတုဒိသာသဘောမျိုး ဒုက္ခသည်များအား ဆန်ပြုတ်အာဟာရများပါ တိုက်ကျွေးကြသည်။

နိုင်ငံတော်မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ရေဘေးသင့်ပြည်သူများအား ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ထောက်ပံ့ကူညီခဲ့သည့်အပြင် ပြင်ပအလှူရှင်များမှလည်း ကျပ် သိန်းပေါင်း ၅၀၀ ကျော်အထိ လှူဒါန်းလျက်ရှိကြောင်းဆက်လက်၍လည်း အလှူရှင်များ ပခုက္ကူမြို့သို့လာရောက်လျက်ရှိကြောင်း Weekly Eleven News Journal တွင် ဖော်ပြထားသည်။ [၂]
ရေကြီးမှုဖြစ်ပြီးနောက်ပိုင်း (၂၃.၁၀.၂၀၁၁) ရက်နေ့တွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် လည်းကောင်း [၃]၊ (၂၆.၁၀.၂၀၁၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လည်းကောင်း ပခုက္ကူဒေသသို့ လာရောက်ကာ ဒုက္ခသည်များအား အားပေး၍ ငွေကြေးနှင့် စားစရာများ လှူဒါန်းပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးများ ဆောင်ရွက်ပေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ မှလည်း ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ စုပေါင်းလှူဒါန်းငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။ [၄]

တံတားကျိုးခြင်း ပြင်ဆင်ရန်

သက်တမ်း ၃၈နှစ်ရှိပြီဖြစ်သော ရွှေချောင်းတံတားမှာ တံတားတိုင်အမှတ် ၉ မှ တိုင်အမှတ် ၁၃ အထိ ရေတိုက်စားမှုဒဏ်ခံရပြီး ကျိုးကျသွားခဲ့သည်။ ပခုက္ကူမြို့၏ အဓိကတံတားဖြစ်ကာ ပခုက္ကူမှအရှေ့ဘက်ပိုင်းတွင် မန္တလေးမြို့မုံရွာမြို့မြင်းမူမြို့ရေစကြိုမြို့များ အနောက်ဘက်တွင် ပေါက်မြို့၊ ဂန့်ဂေါမြို့၊ ကျောက်ထုမြို့မှ ချင်းပြည်နယ် အထိ ဆက်သွယ်ပေးရာ အဓိကတံတား ဖြစ်သည်။ [၅]

ကြက်သွန်ဈေးကွက်အပေါ်သက်ရောက်မှု ပြင်ဆင်ရန်

ရေကြီးရေလျှံမှုများကြောင့် ကြက်သွန်နီ ၁၀ ရာခိုင်နှုန်းခန့် (လက်ကျန် တန်ချိန် ၄၀၀၀၀ ၏ ၁၀ ရာခိုင်နှုန်း) ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI)၌ ကျင်းပသော မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၁၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ပသို့ကြက်သွန်တင်ပို့မှုနှင့် စပ်လျဉ်း၍ ကြက်သွန်အသင်းမှ ပြည်ပတင်ပို့ချင်သူများအား တင်ပို့ခွင့်ပြုကြောင်း သို့ရာတွင် ဈေးကွက်မထိခိုက်အောင် ပြည်သူများအတွက်လည်း စဉ်းစားပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ [၆]

ထိုအချိန်တွင်ပင် မြန်မာပြည်အောက်ပိုင်းဒေသများတွင် ကြက်သွန်ဈေး မြင့်တက်လာကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၀ ရက်ဝန်းကျင်ကစပြီး ကြက်သွန်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀ ကျပ် နီးပါး နေ့ချင်းတက်သွားခဲ့သည်။ သဘာဝဘေး၊ လမ်းပျက်မှုများကြောင့် ကြက်သွန်အဝင်နည်းပြီး အခက်အခဲများ ကြုံရကြောင်း၊ ရာသီဥတု ပုံမှန်သာဆိုလျှင် ယခုလိုအချိန်တွင် ပေါက်ဈေး၏ ထက်ဝက်ခန့်သာ ရှိကြောင်း သိရသည်။ [၇]

ပြန်လည်နေရာချထားရေး ပြင်ဆင်ရန်

ရေနစ်မြုပ်မှုများကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရသူများအတွက် မြို့နှင့်သုံးမိုင်ခန့် ကွာဝေးသည့်နေရာတွင် နေရာသတ်မှတ် ချထားပေးရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ပြောကြားသည်။

ပျက်စီးသွားသော ရွှေချောင်းတံတားအား လတ်တလော အခြေအနေတွင် ယာယီ ဘေလီတံတား တည်ဆောက်ရန် စီစဉ်နေပြီး အခြားတံတားများကို လတ်တလော အသုံးပြုနိုင်ရန် စီစဉ်လျက် ရှိသည်။ ရွှေချောင်းတံတားမှ ဖြတ်သောလမ်းသည် မန္တလေး-ရေစကြို-မုံရွာ-ဂန့်ဂေါ သို့ ကုန်စည်စီးဆင်းရာတွင် အဓိကလမ်းကြောင်းကြီး ဖြစ်သည်။[၈]

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Home - Eleven Media Group
  2. ၂.၀ ၂.၁ Home - Eleven Media Group
  3. ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
  4. ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
  5. Home - Eleven Media Group
  6. Home - Eleven Media Group
  7. Home - Eleven Media Group
  8. Home - Eleven Media Group