ကလေးမြို့သည် စစ်ကိုင်းတိုင်းမှ ခရိုင်မြို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၏ အနောက်ဘက်အစွန်ဆုံးရှိ ခရိုင်မြို့တစ်မြို့ ဖြစ်သည်။ မုံရွာ၊ ကန့်ဘလူဒေသများနှင့် မဟာမြိုင်တောကြီးက ခြားထားသည်။ ပုံတောင်၊ ပုံညာတောင်တန်းကြီးနှစ်ခုကလည်း မြောက်မှ တောင်သို့ တန်းလျက် ယင်းမာပင် ၊ ပေါက်၊ ပခုက္ကူဒေသများနှင့်ခြားထားပြန်သည်။ ချင်းတွင်းမြစ်သည် ခန္တီးဒေသကိုစီးဆင်းဖြတ်သန်းလာပြီး မြောက်မှ တောင်သို့ စီးဆင်းကာကျွန်းလှ၊ မြေဒူး၊ သက်ကယ်ကျင်းဒေသတို့ဖြင့် ကလေးမြို့ကို ပိုင်းခြားထားသည်။

ကလေးမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ကလေးမြို့
ကလေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလေးမြို့
ကလေးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 23°11′N 94°3′E / 23.183°N 94.050°E / 23.183; 94.050
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်း
ခရိုင်ကလေး
လတ္တီကျု(၂၃)ဒီဂရီ၊ (၁၁)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၃)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ကလေးမြို့
ဧရိယာ
 • စုစုပေါင်း၂၃၃၇.၇၄ စတုရန်းကီလိုမီတာ (၉၀၂.၆၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၄၀ မီတာ (၄၅၀ ပေ)
လူဦးရေ ၄၀၀,၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကလေးမြို့သည် အထက်ချင်းတွင်းဒေသဖြစ်ပြိး အရှေ့ဘက် မြစ်သာမြစ် မှ အနောက်ဘက် ချင်းတောင်ခြေနှင့် ထိစပ်သည်ထိဖြစ်သည်။ (ယခင်က မြစ်သာမြစ်ဘေးရှိ ပြင်သာရွာ နှင့် တောင်အူရွာတို့ကို ယခုအခါမြို့ပေါ် ရပ်ကွက် အောင်မေတ္တာ အဖြစ်ပြောင်းလဲသတ်မှတ်ထားသည်။)

ယခင်က ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၉၂ ခန့်ရှိ၍ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း ၂၄ ဖာလုံရှိ၍ မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ရပ်ကွက် ၂၀ ရှိပြီး အိမ် ခြေပေါင်း တစ်သောင်းကျော်ခန့်ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ ၅၆၇ ခန့်ရှိသည်။

ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက် တန်း ကျောင်းကိုးကျောင်းနှင့် ခေတ်မှီသော လေယာဉ်ကွင်း လည်း ရှိသဖြင့်၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကား လာသော မြို့ကလေးတစ်မြို့ ဖြစ်ပေသည်။ မြို့ပေါ်ရှိ လူဦးရေ ၏ ၅ပုံ ၃ ပုံမှာ တောင်သူလယ်လုပ်များဖြစ်၍၊ မြို့နယ်ရှိလူထု မှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ် ကြသည်။

ကလေးမြို့နှင့် မိုင် ၂ဝခန့်အကွာတွင်သစ်ချောက် ကျောက်မီးသွေးတွင်း တစ်ခုကို တွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်တူးဖော် လုပ်ကိုင်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊ ကလေးမြို့ အနီးတစ်ဝိုက် ကျေးရွာများသို့ ချင်းတောင်ဒေသမှ ချင်းလူမျိုးများသည်လည်းကောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ(ခေါ်) လူးဆိုင် ချင်းလူမျိုးများသည်လည်းကောင်း၊ အိမ်ထောင်စုအလိုက် တစ် သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်လျက်ရှိကြ၏။

ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော မြို့တစ်မြို့ ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို သုတ်သင် ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိ သလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ ကလေးမြို့တွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဆိုသော ရွှေဘုံသာ စေတီတော် ရှိလေသည်။ ရာဇမဟာမုနိစေတီတော်မှာလည်း ထင်ရှားသည်။[]


ကလေးမြို့သည် ရှေးမြန်မာမင်းတို့လက်ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်း အစရှိသောယိုယွင်းနေသည့် ရှေးဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင်နိုင်သေးသည်။ ကလေးမြို့အား ကောဇာနှစ် ၃၂၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း လေ့လာ သိရှိရသည်။ "ကလေး" ဟူသည်မှာ ရှမ်းတိုင်းရင်းသားဘာသာစကားအရ အရောင်းအဝယ်ကောင်းသောဈေးဟူ၍အဓိပ္ပာယ်ရသည်။ နေထိုင်ကြသူများမှာ ရှမ်းနီ(ရှမ်းဗမာ)တိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားများ၊လူရှည် နှင့် အခြားသော မြန်မာတိုင်းရင်းသားများ နေထိုင်ကြသည်။ လယ်ယာ၊ ဥယျာဉ်ခြံမြေ၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ကလေးမြို့သည် တကောင်းပြည်၏ ပထမဦးဆုံးဘုရင် အဘိရာဇာမင်းလက်ထက်ကတည်းက ရှိပြီးဖြစ်ကြောင်း သမိုင်းစာအုပ်များ၌ ဖော်ပြထားသည်။ အဘိရာဇာမင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ဟူ၍ မင်းသားနှစ်ပါး ရှိခဲ့ကြသည်။ ကံရာဇာငယ်မှာ တကောင်းပြည်တွင် ထီးမွေနန်းမွေကို ဆက်ခံ စိုးစံခဲ့သည်။ ကံရာဇာကြီးမှာ အင်အားအလုံးအရင်းဖြင့် တကောင်းမှထွက်ခွာပြီး ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသည်။ သလ္လာဝတီ (ချင်းတွင်း) မြစ်နှင့် ဧရာဝတီတို့ဆုံရာ ရွာသို့ ရောက်သောအခါ သလ္လာဝတီမြစ်သို့ ဆန်တက်ခဲ့ကြသည်။ ကလေးတောင်ညိုဒေသသို့ ရောက်ရှိလာသောအခါ အလုံးအရင်းဖြင့် ရပ်နားအခြေပြုသည်။ ရာဇဂြိုဟ်ဟူ၍ သမုတ်တော်မူပြီး ခြောက်လတာမျှ စံတော်မူခဲ့သည်ဟု ဆိုသည်။ ယခင်က ကလေးမြို့သို့ သွားရောက်လိုပါက လေယာဉ်၊ မော်တော်ယာဉ် ၊ ရေယာဉ်တို့ဖြင့် သွားရောက်ကြရသည်။ ယခုအခါ ရထားလမ်းတစ်လမ်းတိုး၍ ဖောက်လုပ်ပေးထားသည်။ ကလေးမြို့မှ ဂန့်ဂေါအထိ ရထားလမ်း ဖောက်လုပ် ဖွင့်လှစ်ပြီး ဖြစ်သည်။ ဂန့်ဂေါနှင့် ပခုက္ကူအကြား ဖောက်လုပ်ဆဲ ဖြစ်သည်။ ပုံတောင်၊ပုံညာတောင်ကြောကို ဥမင်လိုဏ်တူး၍ ရထားလမ်းဖောက်လုပ်နေသည်။ ဥမင်လိုဏ်ပြီးပါက ရထားလမ်းပြီးစီးပြီ ဖြစ်သည်။ ပခုက္ကူမှ ကလေးအထိ တောက်လျှောက် သွားရောက်နိုင်မည် ဖြစ်သည်။ ပခုက္ကူမြို့မှ ကလေးမြို့အထိ စုစုပေါင်း ခရီးမိုင်(၂၀၈) မိုင်ခန့် ရှိသည်။ ကလေးမြို့မှ တမူးမြို့သို့လည်း သွားနိုင်သည့် မော်တော်ကားလမ်း ရှိသည်။


အလားတူပင် မော်တော်ကားဖြင့် ကလေးမှ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ဖလမ်းမြို့များသို့လည်း သွားရောက်နိုင်သည်။ စစ်ကိုင်း၊ မုံရွာမှ ကလေးမြို့သို့ သွားရောက်လိုပါက မဟာမြိုင်တောကို ဖြတ်၍ မော်တော်ကားဖြင့်သွားနိုင်သည်။ ချင်းတွင်းမြစ်အား ယခင်က ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးရသည်။ ယခုအခု ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ) တည်ဆောက်ထားပြီးဖြစ်သည်။

ကလေးမြို့၏ မြောက်ဘက် (၁၂)မိုင်ခန့် အကွာတွင် ဇီးချောင်းရေအားလျှပ်စစ် လုပ်ငန်းရှိသည်။ နိုင်ငံတော်ငွေကြေးများစွာ အကုန်အကျခံ ဆောက်လုပ်ပေးခဲ့ပြီး ၁၉၉၆ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ကလေးမြို့တွင် အားကစားကွင်း ၊ မိုးလုံလေလုံအားကစားရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်းတို့ ရှိသည်။ လေယာဉ်ကွင်းမှာ ပြေးလမ်းအလျားပေ (၅၅၀ဝ) ရှိသည်။ ကလေးမြို့ရှိကလေးတက္ကသိုလ်မှာလည်း အခြားပြည်နယ်တိုင်းများမှကောလိပ်များနည်းတူ အဆင့်မီ ပညာသင်ကြားရေး၊ အဆောင်နေနိုင်ရေးတို့ကို ခေတ်ပုံစံများဖြင့် ဆောက်လုပ်ပေးထားသည်။ ကလေးမြို့တွင်းရှိ ဦးအောင်ဇေယျလမ်းဆုံတွင် သတိုးသုဓမ္မ မဟာဗန္ဓုလ၏ မြင်းစီးရုပ်တုကြီးကို စိုက်ထူထားသည်။ အဆိုပါ မြင်းစီးရုပ်တုကြီးကို ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မြို့တော်ခန်းမရှေ့သို့ပြောင်းရွေ့ထားပြီးဖြစ်သည်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)