ကာမတဏှာ
ကာမဂုဏ်၌ တပ်မက်မှု၊ လိုချင်တပ်မက်မှု၊ ကာမတဏှာ[၁]။ [၂][၃]
ကာမတဏှာ ဆိုသည်မှာ အာရုံခြောက်ပါး ရှိသည့်အနက်မှ အာရုံ ခြောက်ပါးလုံး အပေါ်မှာပဲဖြစ်စေ သို့မဟုတ် အာရုံတစ်မျိုးမျိုး အပေါ်မှာပဲ ဖြစ်စေ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိခေါ်သော ဒိဋ္ဌိတို့နှင့် ယှဉ်တွဲမှုမရှိဘဲ ရိုးရိုး တွယ်တာမက်မောနေသော တဏှာတရားကို ကာမတဏှာဟု ခေါ်ပါသည်။ [၄]
တဏှာ (၆)ပါး
ပြင်ဆင်ရန်- ၁။ ရူပတဏှာ = ရူပါရုံ၌ တပ်မက်တတ်သော တဏှာ,
- ၂။ သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တပ်မက်တတ်သော တဏှာ,
- ၃။ ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တပ်မက်တတ်သော တဏှာ,
- ၄။ ရသတဏှာ = ရသာရုံ၌ တပ်မက်တတ်သော တဏှာ,
- ၅။ ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်တတ်သော တဏှာ,
- ၆။ ဓမ္မတဏှာ = ဓမ္မာရုံ၌ တပ်မက်တတ်သော တဏှာ --- ဟု
အာရုံမှ ဆင်းသက်လာသော နာမည်၏ အစွမ်းဖြင့် ဝိဘင်းပါဠိတော်၌ တဏှာ (၆)ပါးတို့ကို ဘုရားရှင်သည် ထင်ရှားပြသ ဟောကြားတော်မူအပ်ကုန်ပြီ။
ထိုတဏှာတို့တွင် တစ်မျိုး တစ်မျိုးသော တဏှာသည် ဖြစ်ပုံအခြင်းအရာအားဖြင့် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟူ၍ သုံးမျိုးစီ ပြား၏။
၁။ ကာမတဏှာ --- စက္ခုပသာဒဝယ် ရူပါရုံ ထင်လာသောအခါ ထိုရူပါရုံတည်းဟူသော လိုချင်စရာ ဝတ္ထုကာမကို လွန်စွာသာယာခြင်း၏ အစွမ်းဖြင့် လွန်စွာသာယာလျက် ဖြစ်ပေါ်လာသော ရူပတဏှာသည်ပင် ကာမတဏှာ မည်၏။
၂။ ဘဝတဏှာ --- ထိုရူပါရုံကိုပင် မြဲ၏၊ အခါခပ်သိမ်း ထင်ရှား တည်ရှိ၏ --- ဟု ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရူပတဏှာသည် ဘဝတဏှာမည်၏။ မှန်ပေသည် --- သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရာဂကို ဘဝတဏှာဟူ၍ ခေါ်ဆိုအပ်ပေသည်။
၃။ ဝိဘဝတဏှာ --- ထိုရူပါရုံကိုပင် ပြတ်၏ = သေလျှင် ပြတ်၏၊ ပျက်စီး၏ --- ဟု ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရူပတဏှာသည်ပင် ဝိဘဝတဏှာ မည်၏။ မှန်ပေသည် --- ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော ရာဂကို ဝိဘဝတဏှာဟူ၍ ခေါ်ဆိုအပ်ပေသည်။ သဒ္ဒတဏှာ စသည်တို့၌လည်း နည်းတူ ပင်တည်း။ ဤသို့လျှင် တဏှာသည် (၃_၆ = ၁၈)မျိုး ဖြစ်၏။
တဏှာအစစ် ၁၀၈
ပြင်ဆင်ရန်အဇ္ဈတ္တအာရုံ (၆)ပါး၌ (၁၈)မျိုး, ဗဟိဒ္ဓအာရုံ (၆)ပါး၌ (၁၈)မျိုး ဖြစ်ရကား တဏှာ (၃၆)မျိုးတည်း။ အတိတ်၌လည်း တဏှာ (၃၆)မျိုး, အနာဂတ်၌လည်း တဏှာ (၃၆)မျိုး, ပစ္စုပ္ပန်၌လည်း တဏှာ (၃၆)မျိုး ပြားသဖြင့် ကာလသုံးပါးလုံး၌ ပေါင်းလိုက်သော် တဏှာ (၁၀၈)မျိုးတည်း။ ယင်းတို့ကို အကျဉ်းချုံးလိုက်သော် ရူပတဏှာ စသည်ဖြင့် (၆)မျိုး, ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု (၃)မျိုး ဖြစ်သည်။ [၅]
ဘဝတဏှာနှင့် ဝိဘဝတဏှာ
ပြင်ဆင်ရန်ရူပါရုံကို ဖြစ်စေ၊ သဒ္ဒစသော အာရုံတစ်ပါးပါးကို ဖြစ်စေ အတ္တဟု စွဲယူ၍ ထိုအတ္တသည် မြဲ၏ဟု စွဲယူတတ်သော သဿတဒိဋ္ဌိကို ဘဝဟု ခေါ်၏။ ထိုဘဝအမည်ရသော သဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော တဏှာသည် ဘဝတဏှာ မည်၏။
အာရုံ (၆)ပါး တစ်ပါးပါးကိုပင် အတ္တဟု စွဲယူ၍ အတ္တသည် အမြဲ မဖြစ် သေလျှင် ပြတ်၏ ---- ဟု စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဟု ခေါ်၏။ ထိုဝိဘဝအမည်ရသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။[၆]
တနည်း ကာမတဏှာ
ပြင်ဆင်ရန်၁။ ကာမတဏှာ ---- ငါးပါးအာရုံ ကာမဂုဏ်၌ တွယ်တာတပ်မက်သော တဏှာသည် ကာမတဏှာ မည်၏။ ဤ ကာမတဏှာဟူသော အမည်သည် အာရုံငါးပါး ကာမဂုဏ်တရား၌ တွယ်တာ တပ်မက်တတ်သော ရာဂ၏ အမည် ဖြစ်သည်။[၇]
၂။ ဘဝတဏှာ ----
(က) ကာမဘဝကို လိုလားတောင့်တသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ကာမဘဝ၌ တွယ်တာ တပ်မက် သော တဏှာသည်လည်း ဘဝတဏှာ မည်၏။
( ခ ) အတ္တသည် မပျက်မစဲ အမြဲဖြစ်၏ဟူသော သဿတဒိဋ္ဌိ အယူကို ယူပြီးလျှင် ထိုအယူကို နှစ်သက်သော တဏှာသည်လည်း ဘဝတဏှာ မည်၏။
( ဂ ) ရူပဘဝ အရူပဘဝကို တွယ်တာ တပ်မက်သော ရူပရာဂ အရူပရာဂဟု ခေါ်ဆိုအပ်သော တဏှာသည် လည်း ဘဝတဏှာ မည်၏။
(ဃ) ရူပဘဝ အရူပဘဝ၏ ဖြစ်ကြောင်း ဖြစ်သော စျာန်တရား၌ တွယ်တာတပ်မက်တတ်သော စျာနနိကန္တိဟု ခေါ်ဆိုအပ်သော တဏှာသည်လည်း ဘဝတဏှာ မည်၏။
၃။ ဝိဘဝ တဏှာ ---- အတ္တသည် မမြဲ ပြတ်စဲ၏၊ အတ္တသည် သေလျှင် ပြတ်၏။ ---- ဟု ယူဆအပ်သော အတ္တဝါဒသည် ဝိဘဝ မည်၏၊ ထို ဝိဘဝ အမည်ရသော အတ္တဝါဒကို စွဲယူသော ဒိဋ္ဌိသည် ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိ မည်၏။ ထို ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိကို တွယ်တာ တပ်မက်သော ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂသည် ဝိဘဝတဏှာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။ မူလဋီ၊၂၊၆၉။)
ကိုးကား
ပြင်ဆင်ရန်- ↑ ကာမတဏှာ (ထီ) [ကာမ+တဏှာ]
- ↑ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။ ဝိ၊၃၊၁၅။ ဒီ၊၂၊၅၂၊ ၂၄၆။ သံ၊၃၊၃၇၃။ အဘိ၊ဓ၊၂၁၅။ အဘိ၊က၊၃၅၄။ ပဋိသံ၊၃၉၊ ၃၃၀။ ပဉ္စသု ကာမဂုဏေသု တဏှာ ကာမတဏှာ။ အဘိ၊ဋ္ဌ၊၁၊၃၉၈။ ရူပါဒီသု ဟိ ဆသု အာရမ္မဏေသု ကာမဿာဒဝသေန ပဝတ္တာ တဏှာ။ အဘိ၊ဋ္ဌ၊၃၊၂၃၉။ (ဒီ၊ဋ္ဌ၊၂၊၉၀၊ ၃၈၉။ အဘိ၊ဋ္ဌ၊၂၊၁၀၄၊ ၁၇၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၄၆။ ဝိသုဒ္ဓိ၊၂၊၂၀၂။ သာရတ္ထ၊၃၊၁၇၆။ ဒီ၊ဋီ၊၂၊၉၉။ မူလဋီ၊၁၊၆၄။ အနုဋီ၊၁၊၇၀၊ ၁၅၇။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၅
- ↑ ဖားအောက်တောရဆရာတော်၏ ဓမ္မစကြာနှင့် ဝိပဿနာ တရား
- ↑ (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂။)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
- ↑ ကာမတဏှာတိ ကာမေ တဏှာ ကာမတဏှာ။ ပဉ္စကာမဂုဏိကရာဂေဿတံ အဓိဝစနံ။ ဘဝေ တဏှာ ဘဝတဏှာ။ ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ ရူပါရူပဘဝရာဂဿ စ စျာနနိကန္တိယာ စေတံ အဓိဝစနံ။ ဝိဘဝေ တဏှာ ဝိဘဝတဏှာ။ ဥစ္ဆေဒဒိဋ္ဌိသဟဂတဿ ရာဂေဿတံ အဓိဝစနံ။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။) ရူပါရူပဘဝရာဂေါ ဝိသုံ ဝက္ခတီတိ ကာမဘဝေ ဧဝ ဘဝပတ္ထနာဥပ္ပတ္တိ ဝုတ္တာတိ ဝေဒိတဗ္ဗာ။ (မူလဋီ၊၂၊၆၉။)