ကိုရီးယားစစ်ပွဲ

မြေက်နှင့်တောင်ကိုရီးယား၂နိုင်ငံကြား ၁၉၅၀ မှ ၁၉၅၃ အထိ ဖြစ်ပွားသောစစ်ပွဲ

ကိုရီးယားစစ်ပွဲ (အင်္ဂလိပ်: Korean War) သည် ၁၉၅၀ပြည့်နှစ်မှ ၁၉၅၃ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ ၁၉၅၀ပြည့်နှစ် ဇွန်လ (၂၅) ရက်နေ့တွင် စစ်ပွဲစတင်ခဲ့ပြီး ၁၉၅၃ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၅၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် စစ်ပွဲပြီးဆုံးခဲ့သည်ဆိုသော်လည်း ယခုအချိန်အထိ စစ်အေးတိုက်ပွဲအနေဖြင့် ဖြစ်ပွားနေဆဲဖြစ်ကာ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ခြင်း မရှိသေးပေ။[၁][၂] နှစ်ဖက်အကြား မြောက်လတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းကြောင်းရှိ နယ်စပ် လက်နက်မဲ့ဇုန်တွင် မကြာခဏဆိုသလို ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်ပွားဆဲ ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် စစ်အေးခေတ်အတွင်း တောင်နှင့်မြောက်ကိုရီးယား နှစ်ဖက်၏ နောက်ကွယ်မှ နိုင်ငံပေါင်းများစွာ ပါဝင်စွက်ဖက်ခဲ့သည့် စစ်ပွဲလည်း ဖြစ်သည်။ စစ်ပွဲအတွင်းက မြောက်ကိုရီးယား၏နောက်၌ တရုတ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု၊ တောင်ကိုရီးယား၏နောက်၌ ကုလသမဂ္ဂ (အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စု) တို့က ပါဝင်ခဲ့ကြသည်။

ဂျပန်တို့လက်အောက် ကျရောက်နေသော ကိုရီးယားကျွန်းဆွယ်သည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တို့ လက်နက်ချပြီးနောက်တွင် ဂျပန်တို့လက်အောက်မှ လွတ်မြောက်လာခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ကို ၃၈ဒီဂရီမျဉ်းပြိုင်ဖြင့် နှစ်ပိုင်းခွဲကာ ထိန်းချုပ်နိုင်ရန်အတွက် ဆိုဗီယက်နှင့် အမေရိကန်တို့ ကြိုးပမ်းခဲ့ကြသည်။ မျဉ်းပြိုင်၏ မြောက်ဘက်ကို ဆိုဗီယက်ကလည်းကောင်း၊ တောင်ဘက်ကို အမေရိကန်ကလည်းကောင်း အုပ်ချုပ်ခဲ့ကြသည်။ ဂျပန်လက်အောက်သို့ ကျရောက်နေစဉ် ၁၉၁၉ခုနှစ်ကပင် ကိုရီးယားသမ္မတနိုင်ငံ၏ အဝေးရောက်အစိုးရအဖွဲ့ကို တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ဖွဲ့စည်းပြီးဖြစ်သည်။ ထိုအစိုးရအဖွဲ့၏ သမ္မတမှာ ရီဆွန်းမန်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၅ခုနှစ်တွင် အမေရိကန်တို့က ရီဆွန်းမန်း၏ အစိုးရအဖွဲ့ကို ပယ်ချခဲ့သည်။ ၁၉၄၈ခုနှစ်တွင်မှသာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

စစ်အေးကာလ၏ တင်းမာမှုအရ ၁၉၄၈ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ်၌ အချုပ်အခြာအာဏာပိုင်နိုင်ငံ (၂)နိုင်ငံ ပေါ်ပေါက်လာခဲ့သည်။ မြောက်ပိုင်းမှာ ကွန်မြူနစ်တို့ ကြီးစိုးသော ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် တည်ထောင်ကာ၊ တောင်ပိုင်းမှာ အရင်းရှင်ဝါဒဖြင့် တည်ထောင်သော ကိုရီးယားသမ္မတနိုင်ငံ အဖြစ် တည်ထောင်သည်။ နှစ်ဖက်စလုံးသည် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို ၎င်းတို့က ပိုင်ဆိုင်သည်ဟု အသီးသီး ရပ်တည်ခဲ့ကြသည်။ တောင်ပိုင်းတွင် ကွန်မြူနစ်လမ်းစဉ်နှင့် ကွန်မြူနစ်ထောက်ခံသူများကို ပြင်းထန်စွာနှိပ်ကွပ်ခဲ့မှုများလည်း ရှိခဲ့သည်။ မြောက်ပိုင်းမှ ခေါင်းဆောင် ကင်အီဆွန်းကလည်း တစ်ခုတည်းသော ကိုရီးယားအဖြစ် တည်ထောင်ရန်အတွက် တောင်ပိုင်းကို ကျူးကျော်ရန် ပြင်ဆင်ခဲ့သည်။ ကျူးကျော်မှုမစမီတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို နှစ်နိုင်ငံပူးပေါင်း၍ ကွန်မြူနစ်စနစ်အောက်တွင် ဆက်လက်သွားရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ရီဆွန်းမန်း၏ ဆိုးလ်အစိုးရမှ ပယ်ချခဲ့သည်။ ၎င်းတို့ကမူ နှစ်နိုင်ငံပေါင်းစည်းရန် ဆန္ဒရှိသော်လည်း ကွန်မြူနစ်စနစ်ဖြင့် မသွားချင်ခဲ့ပေ။ ထို့နောက် ၁၉၅၀ပြည့်နှစ် ဇွန်လ (၂၅) ရက်နေ့တွင် မြောက်ပိုင်းမှတပ်များသည် (၃၈) ဒီဂရီမျဉ်းပြိုင်ကို ဖြတ်ကျော်ခဲ့ကြသည်။

မြောက်ကိုရီးယား၏ နောက်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် မော်စီတုန်း၏ ကွန်မြူနစ်စနစ်ဖြင့် ​မွေးဖွားလာ​သော တရုတ်ပြည်တို့က ရပ်တည်ခဲ့ကြသည်။ ကျူးကျော်မှုစတင်ပြီးနောက် ကုလသမဂ္ဂအဖွဲ့ကြီးက မြောက်ပိုင်းရှိ ပြုံယမ်းအစိုးရကို ရှုံ့ချခဲ့သည်။ သို့သော် အချက်အလက်အများအပြားအား ဆိုဗီယက်တို့က ကန့်ကွက်သဖြင့် အခြေအနေများ တင်းမာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်အင်အားလျှော့ချထားသော အမေရိကန်ပြည်ထောင်စုသည် စစ်ပွဲသို့ တပ်သားစေလွှတ်ရန် အခက်အခဲများစွာ ရှိခဲ့သည်။ ထို့အပြင် အချိန်ပြည့်လေ့ကျင့်မှုမရှိသော အမေရိကန်တို့အနေဖြင့် စစ်ပွဲအစပိုင်းတွင် အပြင်းအထန်ခံခဲ့ရပြီး တပ်သားများစွာ ကျဆုံးခဲ့ရသည်။ ကိုရီးယားစစ်ပွဲအပြီးတွင် ကမ္ဘာ့နိုင်ငံများသည် စစ်အင်အားကို အမြဲမပြတ် လေ့ကျင့်ထားရန် လိုအပ်ကြောင်း သိရှိလာခဲ့ကြသည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံသည်လည်း ၎င်းတို့နိုင်ငံသားများအနက် အရွယ်ရောက်ပြီး သန်မာသောအမျိုးသားများသည် မဖြစ်မနေ စစ်မှုထမ်းရန် ဖြစ်လာခဲ့သည်။

အ​စောပိုင်းကာလ နောက်ခံသမိုင်း​ကြောင်းပြင်ဆင်

ကိုရီးယားမင်းဆက်များနှင့် ဂျပန်အင်ပါယာလက်အောက်ခံဘဝပြင်ဆင်

ဂျပန်တို့သည် အရှေ့အာရှနှင့် အရှေ့တောင်အာရှမှ နိုင်ငံအချို့အား ကျူးကျော်သိမ်းပိုက်ကာ ဂျပန်အင်ပါယာကို တည်ထောင်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ်သည်လည်း ၁၉၁၀ပြည့်နှစ်မှ ၁၉၄၅ခုနှစ်အထိ ဂျပန်အင်ပါယာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် နေခဲ့ရသည်။ ဂျပန်တို့လက်အောက် ကျရောက်နေစဉ်အတွင်း လူထုအုံကြွမှုနှင့်အတူ ကိုရီးယား၏ အဝေးရောက်အစိုးရကို ၁၉၁၉ခုနှစ်တွင် ထိုစဉ်က တရုတ်သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ဖွဲ့စည်းခဲ့သည်။ ထိုအစိုးရအဖွဲ့ကို ရီဆွန်းမန်း က ဦးဆောင်သည်။ သို့သော် ထိုအစိုးရအဖွဲ့သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုမရခြင်း၊ တိုင်းရင်းသားမျိုးနွယ်များကို စုစည်းနိုင်မှုမရှိခြင်း၊ အမေရိကန်နှင့် ရီဆွန်းမန်းတို့အကြား သဘောထားကွဲလွဲမှုများကြောင့် အရာမထင်ခဲ့ပေ။ ၁၉၁၉ မှ ၁၉၂၅အတွင်း ဂျပန်ကိုဆန့်ကျင်သည့် တိုက်ပွဲများကို ကိုရီးယားကွန်မြူနစ်တို့က ခေါင်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြင်ဆင်

ဂျာမနီ၊ ဂျပန်တို့ အင်အားကြီးမားလာခြင်းနှင့်အတူ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား မဟာမိတ်များဖွဲ့၍ ၁၉၃၉ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး စတင်လာခဲ့သည်။ ၁၉၄၅ခုနှစ်တွင် စစ်ကြီးပြီးဆုံးပြီး မဟာမိတ်နိုင်ငံများအနိုင်ရကာ ဝင်ရိုးတန်းနိုင်ငံများ ရှုံးနိမ့်ခဲ့ကြသည်။ ထို့ကြောင့် နာဇီဂျာမနီ၊ ဂျပန်အင်ပါယာ၊ အီတလီအင်ပါယာများ ပြိုကွဲခဲ့သည်။ ထို့ကြောင့် ဂျပန်တို့သည် ကိုရီးယားကျွန်းဆွယ်ကို လက်လွှတ်ခဲ့ရသည်။ စစ်ကြီးပြီးနောက် မဟာမိတ်အဖွဲ့မှ အမေရိကန်၊ ဆိုဗီယက်နှင့် ဗြိတိသျှတို့မှာ အင်အားကြီးလာပြီး ကြီး(၃)ကြီးဟုပင် ခေါ်စမှတ်ပြုလာခဲ့သည်။ သို့သော် စစ်ဒဏ်ကို အလူးအလိမ့်ခံခဲ့ရသော ဗြိတိန်သည် အတော်အတန် ရုန်းကန်ခဲ့ကြရသည်။ အမေရိကန်ပြည်ထောင်စုမှာမူ ပထဝီအနေအထားအရ မြောက်အမေရိကတိုက်အနေဖြင့် စစ်ဒဏ်ကို တိုက်ရိုက်မခံခဲ့ရ၍ အတော်အတန် အဆင်ပြေခဲ့ကာ အခြားနိုင်ငံများသို့ပင် ငွေကြေးထောက်ပံ့မှုများ ပေးခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးနေရာတွင် ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့သည်။ ယခင်က ကိုလိုနီနယ်မြေများသည်လည်း လွတ်လပ်ရေးများ ရလာခဲ့ကြသည်။

ကိုရီးယားကျွန်းဆွယ်သည်လည်း အခြားအာရှနိုင်ငံများနည်းတူ စစ်ဒဏ်ကို ခံခဲ့ရသည်။ တရုတ်ပြည်မှ အမျိုးသားရေးကိုအခြေခံသော တပ်မတော်နှင့် ကွန်မြူနစ်ကို အခြေခံသော တပ်မတော် (၂) ခုလုံးသည် ဂျပန်ကို ဆန့်ကျင်တိုက်ခိုက်နေသော ကိုရီးယားများကို ကူညီပေးခဲ့သည်။ အမျိုးသားရေးနောက်ခံ  Yi Pom-Sok သည် မြန်မာပြည်စစ်ဆင်​ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ကွန်မြူနစ်နောက်ခံ ကင်အီဆွန်းသည် ကိုရီးယားနှင့် မန်ချူးရီးယားတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ကျင်းပသော ညီလာခံ၌ မဟာမိတ်နိုင်ငံများက ဂျပန်အင်ပါယာအတွက် ဆွေးနွေးကြရာ တစ်ချိန်တွင် ကိုရီးယားသည် လွတ်လပ်သော တိုင်းပြည်ဖြစ်စေရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုရီးယားသည် ဂျပန်​အောက်က လွတ်လာပါက နိုင်ငံကြီးများက ထိန်းသိမ်းထားကာ ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်နိုင်ချိန်မှ အာဏာလွှဲ​ပြောင်း​ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။[၃]

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ လောက်က ယော်လတာမြို့၌ ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင် ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ် မျဉ်းကြောင်း ၃၈ ဒီဂရီ၏ မြောက်ဘက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များက သိမ်းယူရန် အ​မေရိကန်က အဆိုပြုခဲ့ရာ ဆိုဗီယက်တို့က သဘောတူညီခဲ့ကြသည်။[၄] ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှု လွယ်ကူစေရန် အကြမ်းဖျင်း ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်တိုမှုကြောင့် ထိုနယ်နမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေရသည်။

ကိုရီးယားကျွန်းဆွယ် နှစ်ပိုင်းကွဲသွားခြင်းပြင်ဆင်

၁၉၄၅ခုနှစ် မေလ ၈ရက်နေ့တွင် နာဇီဂျာမနီတို့ တရားဝင် လက်နက်ချခဲ့ကြသည်။ (၃)လအကြာ ၁၉၄၅ခုနှစ် ဩဂုတ်လတွင် ဆိုဗီယက်တို့က ဂျပန်ကို စစ်ကြေညာကာ ဂျပန်အင်ပါယာအပိုင် မန်ချူးရီးယားကို စတင် ကျူးကျော်ခဲ့သည်။ ထို့အပြင် အမေရိကန်ကလည်း ဂျပန်ပြည်ရှိ ဟီရိုရှီးမားနှင့် နာဂါဆာကီတို့ကို အဏုမြူဗုံး ကျဲခဲ့သည်။ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဆိုဗီယက်တပ်မတော်သည် ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၅ခုနှစ် စက်တင်ဘာ (၈) ရက်​နေ့တွင် မျဥ်းပြိုင်၏ ​တောင်ပိုင်းကို ဂျပန်တို့က အ​မေရိကန်ထံ လက်နက်ချခဲ့သည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလအတွင်း မော်စကိုမြို့၌ ကျင်းပခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ကိုရီးယား တောင်ပိုင်းနှင့် မြောက်ပိုင်းကို တစည်းတလုံးတည်း ပူးပေါင်းစေ၍ နိုင်ငံကြီး ၄ နိုင်ငံက ၅ နှစ်ခန့် ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။[၅] ထို့​နောက် ကိုရီးယားကို ဆိုဗီယက်-အ​မေရိကန် ပူးတွဲ​ကော်မရှင်က အုပ်ချုပ်ကြသည်။ သို့ရာတွင် ဆိုဗီယက်နှင့် အမေရိကန်တို့ အယူအဆချင်း မတူညီမှုကြောင့် ထိုစီမံချက် ပျက်သုဉ်းခဲ့သည်။ ထို့အပြင် လူထုအုံကြမှုများ​ကြောင့် အုပ်ချုပ်​ရေးက​​​​သောင်းကနင်းပါ ဖြစ်ခဲ့ရသည်။

၁၉၄၈ခုနှစ် ​မေလ (၁၀)ရက်တွင် ​တောင်ဘက်၌ ​ရွေး​ကောက်ပွဲတစ်ခု ကျင်းပ​ပေးခဲ့ရသည်။ ဇူလိုင်လတွင် ရီဆွန်းမန်းအား သမ္မတအဖြစ် တင်​မြှောက်ခဲ့ကာ ၁၉၄၈ခုနှစ် ဩဂုတ်လ (၁၅) ရက်​နေ့တွင် (၃၈)ဒီဂရီမျဉ်းပြိုင်၏ ​တောင်ဘက်ခြမ်းအား ကိုရီးယားသမ္မတနိုင်ငံ အဖြစ် စတင်တည်​ထောင်ခဲ့သည်။ ဆိုဗီယက်တို့ကလည်း ​မြောက်ဘက်ခြမ်းအား နိုင်ငံထူ​ထောင်ခွင့်​ပေးခဲ့ရာ ၁၉၄၈ခုနှစ် စက်တင်ဘာ (၉)ရက်​နေ့တွင် ကင်အီဆွန်း​ခေါင်း​ဆောင်​သော ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဖြစ် စတင်တည်​ထောင်ခဲ့သည်။ (၂)နိုင်ငံစလုံးသည် ၎င်းတို့နိုင်ငံများ၏ပိုင်နက်ကို ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးအဖြစ် အသီးသီး သတ်မှတ်ကြသည်။ ၁၉၄၈ခုနှစ်တွင် ​မြောက်ပိုင်းမှ ဆိုဗီယက်တပ်များ ဆုတ်ခွာခဲ့ကာ ၁၉၄၉ခုနှစ်တွင် ​တောင်ပိုင်းမှ အ​မေရိကန်တပ်များ ဆုတ်ခွာခဲ့သည်။

စစ်ပွဲဖြစ်လာရန် အ​ကြောင်းတရားများပြင်ဆင်

အမေရိကန်နှင့် ကွန်မြူနစ်ဝါဒပြင်ဆင်

၁၉၄၅ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် အမေရိကန်သမ္မတ ရုစဗဲ့ ရုတ်တရက် ကွယ်လွန်သွားပြီး ဒုသမ္မတဖြစ်သူ ထရူးမင်းမှာ သမ္မတဖြစ်လာခဲ့သည်။ ထရူးမင်းသည် ဂျပန်မြို့များအား အဏုမြူဗုံးကျဲစေပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည်။ ​နောက်ပိုင်းတွင် မဟာမိတ်များဖြစ်ကြသော အမေရိကန်နှင့် ဆိုဗီယက်တို့ တင်းမာလာခဲ့ကြပြီး စစ်အေးတိုက်ပွဲများသို့ ဦးတည်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ချန်ကေရှိတ်၏ အမျိုးသားအစိုးရ အင်အားနည်းလာပြီး ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ တရုတ်တစ်ပြည်လုံးကို မော်စီတုန်း၏ ကွန်မြူနစ်တို့ အုပ်စိုးလာပြီး ကွန်မြူနစ်တိုင်းပြည်ဖြစ်လာခဲ့သည်။ ကွန်မြူနစ်အစိုးရအခြေကျလာသည်နှင့်အမျှ ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်ဖြစ်လာခဲ့သည်။ ကွန်မြူနစ်နိုင်ငံများသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ ပျံ့နှံ့နိုင်ပြီး လွတ်လပ်ရေးရပြီးစ နိုင်ငံငယ်များ ကွန်မြူနစ်ဝါဒဖြစ်သွားမည်ကို အမေရိကန်တို့ မလိုလားပေ။ ထို့ကိစ္စကို ကာကွယ်ရန်အတွက် ထရူးမင်းဝါဒခေါ် အ​မေရိကန်၏ နိုင်ငံခြားရေးဝါဒအသစ်ကို ချမှတ်ခဲ့ကြသည်။ ထို့အပြင် ဤဝါဒသည် နေတိုးအဖွဲ့ ဖွဲ့စည်းရန်လည်း ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားပြင်ဆင်

မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းသည် တောင်ပိုင်းကို ပေါင်းစည်းရယူရန် စိတ်ပြင်းပြခဲ့သည်။ ၎င်းက ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်ထံသွား၍ အကူအညီပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။ စတာလင်က အစပိုင်းတွင် ငြင်းဆိုသော်လည်း နောက်ပိုင်းတွင် သဘောတူခဲ့သည်။ ကင်အီဆွန်းက နိုင်ငံတကာကို မြောက်ပိုင်းမှ တောင်ပိုင်းအား ကျူးကျော်သည်ဟု မမြင်စေလိုပဲ ကွဲပြားနေသော နိုင်ငံအား ပြန်လည်စုစည်းသည့်ပုံစံသာ မြင်စေလိုခဲ့သည်။ ဆိုဗီယက်မှ လက်နက်ခဲယမ်းအကူအညီများမှာ မြောက်ကိုရီးယားသို့ တိတ်တဆိတ် ရောက်ရှိနေကြသည်။ ထို့အပြင် တောင်ပိုင်းသို့ သူလျှိုစေလွှတ်မှုများလည်း ပြုလုပ်ထားသည်။

တောင်ကိုရီးယားပြင်ဆင်

တောင်ကိုရီးယားရှိ ရီဆွန်းမန်းအစိုးရသည်လည်း တောင်ပိုင်းရှိ ကွန်မြူနစ်ထောက်ခံသူများနှင့် သံသယရှိသူများကို အပြင်းအထန် နှိပ်ကွပ်ခဲ့သည်။ ၁၉၄၈ခုနှစ် ဧပြီလမှ ၁၉၄၉ခုနှစ် မေလအတွင်း ဂျယ်ဂျူးကျွန်း အုံကြွမှု၌ လူပေါင်း ၁၅,၀၀၀ မှ ၃၀,၀၀၀ (ကျွန်းရှိလူဦးရေ၏ ၁၀ရာခိုင်နှုန်း) သေဆုံးခဲ့ရသည်။ လူဦးရေ ၄၀,၀၀၀ ခန့်မှာလည်း နီးစပ်ရာ ဂျပန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

တစ်ခုတည်းသောကိုရီးယားပြင်ဆင်

မြောက်ပိုင်းမှ ပြုံယမ်းအစိုးရနှင့် တောင်ပိုင်းမှ ဆိုးလ်အစိုးရတို့ အစိုးရနှစ်ဖွဲ့လုံးသည် ကိုရီးယားကျွန်းဆွယ်အား ပေါင်းစည်းကာ ၎င်းတို့အစိုးရများ၏အောက်တွင် အုပ်ချုပ်လိုကြသည်။ ပြုံယမ်းအစိုးရအား ဆိုဗီယက်တို့က လက်နက်ထောက်ပံ့ခဲ့သော်လည်း ဆိုးလ်အစိုးရကိုမူ အမေရိကန်တို့က လက်နက်ကြီးများ ထောက်ပံ့ရန် ငြင်းဆိုခဲ့သည်။ အကြောင်းမှာ ကမ္ဘာစစ်ကြီးအပြီးတွင် အမေရိကန်စစ်တပ်အား စစ်အင်အားလျှော့ချနေခြင်းကြောင့်ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရအား ဆိုဗီယက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်နီ) တို့က အသိအမှတ်ပြုပြီး ပြည်ထောင်ချင်း စီးပွားရေးစာချုပ်များ အသီးသီး ချုပ်ဆိုကြသည်။ မြောက်ပိုင်းတွင် ဆိုဗီယက်စီးပွားရေး စီမံကိန်းအရ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သည့်အပြင် စက်မှုလက်မှုလုပ်ငန်းများကို တည်ဆောက်ကြသည်။

တောင်ကိုရီးယား အစိုးရကိုမူ အမေရိကန်၊ အင်္ဂလန်နှင့် ချန်ကေရှိတ်ဦးဆောင်သော တရုတ်အမျိုးသား အစိုးရ (တရုတ်သမ္မတနိုင်ငံ) (တရုတ်ဖြူ) တို့က အသိအမှတ်ပြု၍ အီး၊ စီ၊ အေ စီမံကိန်းအရ အမေရိကန်၏ အကူအညီဖြင့် စက်မှုလက်မှု လုပ်ငန်းများကို ပြန်လည်ထူထောင် ပေးကြသည်။

ဤသို့ဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ အပြိုင်အဆိုင် ဖြစ်နေကြလျက် နယ်ခြားဒေသဖြစ်သော လတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းပြိုင်အနီးတွင် ရံဖန်ရံခါ အချင်းပွားကြလေသည်။

စစ်ဖြစ်ပွားခြင်းပြင်ဆင်

စတင်ကျူးကျော်ခြင်းပြင်ဆင်

မြောက်ပိုင်းတပ်များသည် ဆိုဗီယက်တို့ အကူအညီဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကာ တောင်ပိုင်းသို့ ကျူးကျော်ရန် ပြင်ဆင်ထားခဲ့ကြသည်။ ၁၉၅၀ပြည့်နှစ် ဇွန်လ (၂၅)ရက်နေ့တွင် (၃၈)ဒီဂရီမျဉ်းပြိုင်တစ်လျှောက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားကာ မြောက်ပိုင်းတပ်များ တောင်ပိုင်းဘက်သို့ ဝင်ရောက်ခဲ့သည်။ အချို့ကလည်း တောင်ပိုင်းမှတပ်များက အရင်ရန်စပစ်ခတ်သည်ဟု ဆိုကြသည်။ မြောက်ပိုင်းတပ်များသည် တိုက်ပွဲစချိန်တွင် အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ တောင်ပိုင်းတွင် တင့်ကားများ မရှိသည့်အပြင် တင့်ကားဖျက်လက်နက်များလည်း မရှိပေ။ ထို့ကြောင့် မြောက်ပိုင်းတပ်များက အလျင်အမြန်ချီတက်လာနိုင်ကြသည်။

ဆိုးလ်မြို့​တော် ကျဆုံးခြင်းပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆိုးလ်မြို့ ပထမတိုက်ပွဲ

တောင်ပိုင်းသမ္မတ ရီဆွန်းမန်းက ၎င်းနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်တို့သည် မြို့တော် ဆိုးလ်တွင် ရှိနေမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။မြောက်ပိုင်းတပ်များသည် အလျင်အမြန်ထိုးဖောက်လာ၍ မျဉ်းပြိုင်နှင့် နီးသော ဆိုးလ်မြို့သည် အန္တရာယ် များပြားလာခဲ့သည်။ ထို့ကြောင့် ဇွန်လ (၂၇) ရက်နေ့တွင် ရီဆွန်းမန်းအစိုးရသည် ဘူဆန်မြို့သို့ ထွက်ပြေးခဲ့သည်။

ဇွန်လ (၂၈) ရက်နေ့ နံနက် (၂)နာရီတွင် မြို့တော်ဆိုးလ်သို့ မြောက်ပိုင်းတပ်များ မရောက်လာစေရန် ဟန်မြစ်ကူးတံတားကို တောင်ပိုင်းတပ်များက ဖောက်ခွဲခဲ့သည်။ ထို့သို့ မိုင်းထောင်ဖောက်ခွဲစဉ် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့် တံတားကို ဖြတ်သန်းနေကြရာ လူ (၁၀၀) ကျော် သေဆုံးခဲ့ရသည်။ ထိုကိစ္စကြောင့် ရီဆွန်းမန်းအစိုးရကို လူထုထောက်ခံမှု လျော့နည်းသွားသည်။ တံတားကို ဖောက်ခွဲလိုက်၍ မြောက်ဘက်ရှိ မြောက်ပိုင်းတပ်များကို အနည်းငယ် ဟန့်တားနိုင်ခဲ့သည်။ သို့ရာတွင် ထိုနေ့၌ပင် ဆိုးလ်မြို့ ကျခဲ့သည်။

အမေရိကန်တို့ ပါဝင်လာခြင်း (ဇူလိုင် ဩဂုတ် - ၁၉၅၀)ပြင်ဆင်

မြောက်ပိုင်းတပ်များ ကျူးကျော်ကြောင်း ကြားသိရလျှင် ထိုစဉ်က အမေရိကန်သမ္မတ ထရူးမင်းက ကိုရီးယားအရေးနှင့် ပက်သက်၍ နိုင်ငံတွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၁၉၅၀ ဩဂုတ်လတွင် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ကိုရီးယားအရေးအတွက် စစ်အသုံးစရိတ်အဖြစ် ဒေါ်လာ ၁၂ ဘီလီယံကို လွှတ်တော်ထံမှ ခွင့်ပြုချက် ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အင်အားလျှော့ချရေးပေါ်လစီအရ အားနည်းနေသော အမေရိကန်စစ်တပ်ကို ပြန်လည်ဖြည့်တင်းခဲ့သည်။ ကမ္ဘာစစ်အပြီး ဂျပန်တွင် အခြေစိုက်နေသော မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာကို တောင်ကိုရီးယားသို့ တပ်များရွှေ့ရန် သမ္မတက အမိန့်ပေးခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ပြင်ဆင်

၁၉၅၀ ပြည့်နှစ် ဇွန်လ (၂၅)ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြေညာချက် (၈၂) ဖြင့် မြောက်ကိုရီးယား၏ ကျူးကျော်မှုကို ရှုံ့ချခဲ့သည်။ ၁၉၅၀ပြည့်နှစ် ဇန်နဝါရီလ အစောပိုင်းက ကုလသမဂ္ဂ၏ တရုတ်ပြည်ကိုယ်စားလှယ်အဖြစ် ထိုင်ဝမ်အစိုးရအား အသိအမှတ်ပြုခဲ့သဖြင့် ဗီတိုအာဏာရှိသူ ဆိုဗီယက်က အစည်းအဝေးများကို သပိတ်မှောက်ထားသည်။ (၂၇)ရက်နေ့တွင် ကြေညာချက် (၈၃) အရ အဖွဲ့ဝင်နိုင်ငံများမှ တပ်များအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ တပ်များစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့တွင်ပင် အမေရိကန်မ္မတ ထရူးမင်းက လေတပ်နှင့် ရေတပ်များ စေလွှတ်ခဲ့သည်။ ဇူလိုင်လ (၄) ရက်နေ့တွင် ဆိုဗီယက် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သည် တောင်ကိုရီးယားကိုယ်စား စစ်ဝင်တိုက်ရန် စနေကြောင်း စွပ်စွဲခဲ့သည်။ ဆိုဗီယက်သည် စစ်ပွဲ၏တရားဝင်မှုကို အကြောင်းပြချက်များစွာဖြင့် စိန်ခေါ်ခဲ့သည်။

ဇူလိုင် – စက်တင်ဘာ ၁၉၅၀ပြင်ဆင်

ဇူလိုင်လ (၅) ရက်နေ့တွင် ဖြစ်ပွားသော အိုဆန်တိုက်ပွဲ သည် အမေရိကန်နှင့် မြောက်ပိုင်းတပ်များအကြား ဖြစ်ပွားခဲ့သော အစောဆုံးတိုက်ပွဲဖြစ်သည်။ ဂျပန်မှ ရွှေ့ပြောင်းလာသော အမေရိကန် အမှတ် (၂၅) ခြေလျင်တပ်သည် မြောက်ပိုင်းမှ တင့်ကားများကိုယှဉ်နိုင်ရန် လက်နက်မပြည့်စုံပေ။ အိုဆန်တိုက်ပွဲ၌ အမေရိကန်များ ရှုံးနိမ့်ကာ အမေရိကန် (၁၈၀) ခန့် သေဆုံး၊ ဒဏ်ရာရ၊ သုံ့ပန်းဖြစ်ခြင်းများ ရှိခဲ့သည်။ အမေရိကန်တပ်များ တောက်လျှောက်ဆုတ်ခွာခဲ့ရပြီး မြောက်ပိုင်းတပ်များသည် တောင်ဘက်ဆီသို့ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့သည်။ (၁၄)ရက်မှ (၂၁) ရက်နေ့အတွင်း ခြေလျင်တပ်ရင်း အခြေစိုက်ရာ အရေးပါသည့်မြို့ဖြစ်သည့် ထယ်ဂျွန်းမြို့ တွင် ထယ်ဂျွန်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းတပ်များက တိုက်ပွဲကို အနိုင်ရခဲ့ပြီး တပ်ရင်းမှူး ဝီလျံဒင်း ကို ဖမ်းဆီးနိုင်ခဲ့သည်။ သူသည် စစ်ပွဲအတွင်း အဖမ်းခံခဲ့ရသော အမေရိကန်ဘက်မှ ရာထူးအမြင့်ဆုံး အရာရှိဖြစ်သည်။ မြောက်ကိုရီးယားက တိုက်ပွဲကို အနိုင်ရခဲ့သော်လည်း အခြားသော အမေရိကန်တပ်များသည် ဘူဆန်တွင် အခိုင်အမာ တပ်စွဲနိုင်ရန်အတွက် အချိန်အလုံအလောက် ရသွားခဲ့သည်။ ဘူဆန်သည် ပထဝီဝင်အနေအထားအရ ရန်သူများ အလွယ်တကူ မထိုးဖောက်နိုင်ပေ။

စက်တင်ဘာအရောက်တွင် မြောက်ပိုင်းတပ်များသည် ကိုရီးယားကျွန်းဆွယ်၏ တော်တော်များများကို သိမ်းထားနိုင်ခဲ့ပြီဖြစ်သည်။ တောင်ပိုင်းအစိုးရနှင့် အမေရိကန်တပ်များသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့တောင်ဘက် ဘူဆန်နှင့် မိုင် (၁၄၀) သာ ထိန်းထားနိုင်တော့သည်။ တောင်ပိုင်းအစိုးရ၏ ပိုင်နက်မှာ နက်ဒေါင်မြစ် တစ်ဖက်ကမ်းသာ ရှိတော့သည်။ ကုလသမဂ္ဂ၏ လုံခြုံ​ရေးတပ်များလည်း ​ရောက်ရှိလာပြီး ဘူဆန်တွင် အခိုင်အမာ တပ်စွဲထားကြသည်။ ထို့အပြင် ဘူဆန်သည် ဆိပ်ကမ်းမြို့ဖြစ်သဖြင့် ​ထောက်ပံ့​ရေးများကို ပြုလုပ်နိုင်ခဲ့သည်။

 
​မြောက်ကိုရီးယားတို့၏ အပြင်းအထန်ထိုးစစ်ဆင်လာမှုပြ​မြေပုံ၊ ​တောင်ပိုင်းအစိုးရ ထိန်းချုပ်ရာနယ်​မြေ (အစိမ်း)

ပူဆန်တိုက်ပွဲပြင်ဆင်

ကုလသမဂ္ဂ၏တပ်များသည် နယ်မြေကို ဖြန့်ကြက်ထားသဖြင့် မြောက်ပိုင်းတပ်များသည် ၎င်းတို့၏တပ်များကို အုပ်စု (၄)စုခွဲ၍ ကုလတပ်များ အဓိကတပ်စွဲထားရာနေရာများကို တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် ကုလတပ်များ၏ အခိုင်အမာတပ်စွဲထားမှုကို လျှော့တွက်ခဲ့ကြသည်။ အဖွဲ့ (၄) ဖွဲ့မှာ အချင်းချင်းဆက်သွယ်ရန် ခက်ခဲလာပြီး ထောက်ပံ့ရန်လည်း ခက်ခဲလာခဲ့သည်။

ဆိုဗီယက်သည်လည်း အမေရိကန်နှင့် ၎င်းတို့ကြား နယူးကလီးယားတင်းမာမှုကို ထောက်ရှု၍ မြောက်ပိုင်းတပ်များကို လျှို့ဝှက်စွာသာ ပံ့ပိုးနေရသည်။ ထို့ကြောင့် လေကြောင်းပါ အသုံးပြုနိုင်သော ကုလတပ်များ အသာစီးရနေသည်။ ကွန်မြူနစ်တရုတ်များသည်လည်း မြောက်ပိုင်းတပ်ကို ကုန်းကြောင်းမှသာ အကူအညီပေးနိုင်သည်။ မြောက်ပိုင်းတပ်များသည် အင်အားနည်းလာကာ ထောက်ပံ့မှုများ ပြတ်တောက်ကုန်သည်။ အမေရိကန်လေတပ်ကလည်း မြောက်ပိုင်းတပ်များ အသုံးပြုနေသော လမ်းကြောင်းများကို ပစ်ခတ်ခဲ့သည်။ တစ်လကျော်ကြာတိုက်ပွဲသည် နှစ်ဦးနှစ်ဖက် အပြင်းအထန်ဆုံးရှုံးမှုများနှင့်အတူ ကုလတပ်များ အနိုင်ရခဲ့သည်။

အင်ချွန်းတိုက်ပွဲ (စက်တင်ဘာ ၁၉၅၀)ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အင်ချွန်းတိုက်ပွဲ

ကုလသမဂ္ဂတပ်များသည် ဘူဆန်တွင် ခုခံရင်း ဆိုးလ်မြို့တော်ကို ပြန်လည်ရယူနိုင်ရန် ကြံရွယ်နေရသည်။ စစ်ပွဲမတိုင်မီတွင် အကြိုစစ်ဆင်ရေးများကို ပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံတွင် တပ်သားများကို စစ်​ရေး​လေ့ကျင့်​ပေးထားကာ မည်သည့်အတွက်​ပြင်ဆင်​နေသည်ပင် မ​ပြောခဲ့​ပေ။ ဘူဆန်တိုက်ပွဲ အဆုံးသတ်ခါနီးတွင် ခရိုမိုက်စစ်ဆင်ရေးကို စတင်ခဲ့သည်။ ဘူဆန်သို့​ရောက်​နေ​သော ​မြောက်ပိုင်းတပ်များသည် ​အင်ချွန်းတွင် အင်အားအနည်းငယ်ဖြင့် ပြန်လည်ခုခံသည်။ စစ်ပြန်ဆုတ်လာ​သော တပ်များသည်လည်း စစ်ပန်း​နေကြသည်။ အမေရိကန်အများစုပါဝင်သော ကုလသမဂ္ဂတပ်များသည် ရေကြောင်း ကုန်းကြောင်း ​လေ​ကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် အင်ချွန်းမြို့ကို ပြန်လည်ရရှိခဲ့သည်။ သို့ရာတွင် အင်ချွန်းမြို့မှာ မြို့ပျက်သဖွယ် ကျန်ရစ်ခဲ့သည်။ အင်ချွန်းတိုက်ပွဲကြောင်း ဆိုးလ်မြို့အား ပြန်လည်သိမ်းယူရန် ဖြစ်လာခဲ့သည်။

ဆိုးလ်မြို့ ပြန်လည်ရရှိခြင်းပြင်ဆင်

စက်တင်ဘာ ၂၅ရက်နေ့တွင် ကုလတပ်များက ဆိုးလ်မြို့အား ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ မြို့အတွင်း တိုက်ပွဲများ အတော်အတန်ကြာ ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးတွင် မြို့၏အရေးပါသော အဆောက်အဦးများကို ကုလတပ်များက ထိန်းသိမ်းနိုင်ခဲ့သည်။ မြောက်ပိုင်းတပ်များအနေဖြင့် (၃၈)ဒီဂရီမျဉ်းပြိုင်၏ အနောက်သို့ ဆုတ်ခွာခဲ့ကြရသည်။ ဆိုဗီယက်မှ ခေါင်းဆောင်ကြီး စတာလင်ကလည်း အရေးပေါ် ပေါလစ်ဗျူရိုအစည်းအဝေးခေါ်ကာ မြောက်ပိုင်းတပ်များ၏ ညံ့ဖျင်းမှုကို ရှုံ့ချခဲ့သည်။

ပြေငြိမ်းရေးဆွေးနွေးပြင်ဆင်

အိန္ဒိယနှင့် အာရပ်အုပ်စု နိုင်ငံများက ဤစစ်ပွဲကို အနုနည်းဖြင့် အေးငြိမ်းစေရန် အတန်တန် ကြိုးစားခဲ့ရာ ကုလသမဂ္ဂဘက်မှ ဗိုလ်ချုပ်ကြီးဟယ်ရီဆန် ခေါင်းဆောင်သော အဖွဲ့နှင့် မြောက်ကိုရီးယား ဗိုလ်ချုပ် နမ်အီ ခေါင်းဆောင်သော ကိုယ်စားလှယ်များသည် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကြသည်။

နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိသဖြင့် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပန်မန်ဂျုံစခန်း၌ စစ်ရပ်စဲကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် ခေါင်းဆောင်ဆွေးနွေးသော နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်များအပြင် မြောက်ကိုရီးယား စစ်သေနာပတိချုပ်နှင့် ဝန်ကြီးချုပ် မာရှယ် ကင်အီဆွန်း၊ တရုတ်အနီ အပျော်တမ်းတပ် သေနာပတိ ဗိုလ်ချုပ်မှူး ဝိန်တေဟွေးနှင့် ကုလသမဂ္ဂ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူး မတ်ကလပ်တို့လည်း လက်မှတ်ရေးထိုးကြသည်။

ဤကိုရီးယားစစ်ပွဲမှာ ၃ နှစ်နှင့် ၁ လ ကျော်မျှ တိုက်ခိုက်ခဲ့သဖြင့် အိမ်ခြေ တိုက်တာ အဆောက်အအုံများ၊ စက်မှုလက်မှု လုပ်ငန်းကြီးများ ပျက်စီးဆုံးရှုံးကြသည်။ နှစ်ဦးနှစ်ဘက် ထိခိုက်ကျဆုံးခဲ့သူနှင့် သုံ့ပန်းအဖြစ် အဖမ်းခံရသူပေါင်း ၂၃ သိန်းကျော်မျှ ရှိသည်။ စစ်ပြေငြိမ်းရေး စာချုပ်အရ နှစ်ဦးနှစ်ဘက် စစ်တပ်များသည် စစ်ကြောင်းတလျှောက် မိမိတို့ ရောက်ရှိနေရာမှ နောက်သို့ ၂ ကီလိုမီတာ (၁ မိုင် ၂ ဖာလုံခန့်) ပြန်၍ ဆုတ်ခွာကြရသည်။

အကျိုးဆက်ပြင်ဆင်

တောင်ကိုရီးယားပြင်ဆင်

စစ်ပြီးနောက် တောင်ကိုရီးယား၏ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးခဲ့သည်။ ထိုစဉ်က သမ္မတ လီဆင်မန်၏ အာဏာရှင် အုပ်ချုပ်ရေးစနစ် အောက်တွင် ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးကိုသာ ရှေ့ရှုကာ အခွင့်သာသည်နှင့် တပြိုင်နက် မြောက်ကိုရီးယားနှင့် စစ်ခင်းရန်သာ ကြံစည်နေခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးရေးကို အလေးမထားခဲ့ပေ။ ၁၉၆၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် အဓိက အတိုက်အခံ သမ္မတလောင်း ချိုဗြုံအုခ် သေဆုံးခဲ့သည့် အဖြစ်အပျက်ကြောင့် လီဆင်မန် ရာထူးမှ ဆင်းပေးခဲ့ရသော်လည်း အခြေအနေ ပျော့ပြောင်းမလာခဲ့ပေ။ ဒီနောက် နောက်အာဏာရှင် တစ်ဦးဖြစ်သည့် ပတ်ကျုံဟီ ရာထူးတက်လာပြီးနောက် ၎င်း၏ လက်ထက်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီလ်ဆုန်အား လုပ်ကြံရန် ကြံစည်ခဲ့သဖြင့် နှစ်ဖက် ဆက်ဆံရေးမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် ကောင်းမွန်လာခြင်း မရှိခဲ့ပါ။ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သော်လည်း နှစ်ဖက် နိုင်ငံရေးစနစ်နှင့် ဝါဒရေးရာ သဘောထား ကွာဟချက် ကြီးမားသောကြောင့် လက်တွေ့ တိုးတက်မှုမရှိခဲ့ပါ။

၁၉၉၄ ခုနှစ်တွင် တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့၌ ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက်တွင် ကိုရီးယားစစ်ပွဲ အပါအဝင် ကိုရီးယားတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၏ သမိုင်းမှတ်တမ်းများကို ပြသထားသည်။ ၂၀၀၉ ခုနှစ် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ်နေ့တွင် ကုလသမဂ္ဂနှင့် ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားဘက်မှ ကူတိုက်ခဲ့သည့် နိုင်ငံများ (တရုတ်သမ္မတနိုင်ငံ အပါအဝင်) အား ကျေးဇူးတင်သည့်အနေဖြင့် ယင်းနိုင်ငံများ၏ အလံများကို ဆိုးလ်မြို့ကို ဖြတ်သန်းစီးဆင်းသည့် ချုံဂယ်မြစ်ဘေး ရင်ပြင်တွင် လွှင့်တင်ခဲ့သည်။ [၆]

မြောက်ကိုရီးယားပြင်ဆင်

အမေရိကန်ပြင်ဆင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ဆင်

ဆိုဗီယက်ပြင်ဆင်

ဂျပန်ပြင်ဆင်

တရုတ်သမ္မတနိုင်ငံပြင်ဆင်

ကိုးကားပြင်ဆင်

  1. "ကိုရီးယားစစ်ပွဲ ပုံရိပ်များ"။ 
  2. "ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာရန် တောင်ကိုရီးယား၏ တောင်းဆိုမှုသည် အချိန်မတန်သေးဟု မြောက်ကိုရီးယား ပြောကြား"။ 
  3. Lee၊ Jongsoo (2006)။ The Partition of Korea After World War II: A Global History။ New York: Palgrave Macmillan။ ISBN 978-1-4039-6982-8
  4. National Geographic, Korea, and the 38th Parallel (in en)။ National Geographic (5 August 2013)။
  5. George M. McCune (March 1947). "Korea: The First Year of Liberation". Pacific Affairs 20 (1). University of British Columbia. doi:10.2307/2752411. 
  6. 韩国首尔在朝鲜战争纪念日悬挂青天白日旗