သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသင်္ဂါယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် ရည်ညွှန်း၍ အာသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံ ဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော် မူကြသည်။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း။ ။ ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏ အရှေ့မြောက်ဘက် စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ယင်း၏အနောက်ဘက် သိန္ဓုမြစ်ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသောပမသုတ္တန် ဟောကြားကာ သာသနာပြုတော်မူကြသည်။

(၂) မဟိံသကတိုင်း။ ။ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏မြောက်ပိုင်းရှိ 'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင်သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကိုဟောကြားလျက် သာသနာပြုတော်မူကြသည်။

(၃) ဝနဝါသီတိုင်း။ ။ ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ် ခေါင်းဆောင်သောအဖွဲ့ဝင် သံဃာ၄-ပါးတို့ အနမတဂ္ဂသုတ္တန် ဟောကြား၍ သာသနာပြုတော်မူကြသည်။

(၄) မဟာရဋ္ဌတိုင်း။ ။ ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့ အရှင်မဟာဓမ္မရက္ခိတမထေရ်ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော်မူကာ မဟာနာရဒကဿပဇာတ်တော်ကိုဟောကြားတော်မူကာ သာသနာပြုတော်မူကြသည်။

(၅) အပရန္တတိုင်း။ ။ မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်၊ သစ္စဗန္ဓတောင်၊ သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိတ မထေရ် ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ အဂ္ဂိက္ခန္ဓောပမသုတ်ကို ဟောကြားတော်မူ၍ သာသနာပြုတော်မူကြသည်။

(၆) ယောနကတိုင်း။ ။ အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ် အီတလီတို့ တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း- သာကလမြို့ဖြစ်၏။ မိလိန္ဒမင်းနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့ ကြွတော်မူလျက် ကာဠကာရာမသုတ္တန်ကို ဟောပြောကာသာသနာပြုတော်မူကြသည်။

(၇) စိနရဋ္ဌ ခေါ် စိန့်တိုင်း ၅-ရပ်။ ။ ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့် မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့သို့ အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီတော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍ သိမ်းသွင်းကာ သာသနာပြုတော်မူကြသည်။

(၈) သုဝဏ္ဏဘူမိ တိုင်း။ ။ စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်းမြန်မာမွန်ကရင်ကချင်ကယားယွန်းယိုးဒယားကမ္ဘောဒီးယားလာအို စသော လူမျိုးတို့နေထိုင်ရာ သို့ အရှင်သောဏထေရ်နှင့် အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့ ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော်အတွင်းသို့ သိမ်းသွင်းတော်မူကြသည်။ (မှတ်ချက်။ ။ မြန်မာတို့က မွန်တိုင်းပြည်နယ် သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာကျွန်းကို သုဝဏ္ဏဘူမိဟု ရေးထိုးကြသည်။)

(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း။ ။ ယခုအခါ သီရိလင်္ကာ ဟူ၏။ ဒေဝါနံပီယတိဿမင်းကြီး လက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် အရှင်မဟာမဟိန္ဒထေရ် ဦးဆောင်၍ အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ် ၅-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ဘဏ္ဍုက ခေါ် လူဥပါသကာတို့ သွားရောက်ကြကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကို ဟောကြား၍ ဗုဒ္ဓဘာသာ အရှည် တည်တံ့အောင် တည်တံ့တိုးပွားအောင် သာသနာပြုတော်မူသွားကြလေသည်။[]

  1. ပါရာဇိက၊ ဋ္ဌ၊ ပ၊ အုပ်၊နှင့် အခြားတရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်းအမျိုးမျိုး