ကုသိုလ်
ကုသိုလ်နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်များစွာရှိသည်တွင် သင့်လျော်သည့် အချက်အလက် အကြောင်းအရာများကို
- ကုသိုလ်အယူအဆ။
- ကုသိုလ်အမျိုးအစား။
- ကုသိုလ်၏လက္ခဏာစသည်။
- ကုသိုလ်ဖြင့် အကုသိုလ်ပယ်ပုံ။
- ကုသိုလ်က အကုသိုလ်ထက် အားကြီးပုံ။
- ကုသိုလ်ဖြစ်ရန် အကြောင်းများ။
- ကုသိုလ်ဖြစ်ရန် အခါအခွင့်။
- ကုသိုလ်၏ အကျိုး။
- တိုက်တွန်းချက်— ဤသို့ ၉-ပိုင်း ခွဲကာ အစဉ်အတိုင်း မကျဉ်းမကျယ် သင့်လျော်ရုံ ရေးသားဖော်ပြပေအံ့—[၁]
၁-ကုသိုလ်အယူအဆ
ပြင်ဆင်ရန်ကုသိုလ်ဟူသော ဝေါဟာရသည် ပါဠိသက် စကားဖြစ်၍ မြန်မာစစ်စစ်အဓိပ္ပါယ်မှာ “အကောင်း = ကောင်းသော သဘော” ဖြစ်သည်။ ထိုကောင်းသော သဘော ဆိုရာ၌ အဓိပ္ပါယ်အမျိုးမျိုး ရှိသည့်အနက်—
(က) အပြစ်ကင်းခြင်း, အပြစ်ကင်း၍ ကောင်းခြင်း။
(ခ) အပူအပင် ကင်းခြင်း, အပူအပင် ကင်း၍ ကောင်းခြင်း။
(ဂ) အနာရောဂါကင်းခြင်း, အနာရောဂါ ကင်း၍ ကောင်းခြင်း။
(ဃ) ကောင်းကျိုး ပေးစွမ်းနိုင်၍ ကောင်းခြင်း။
(င) ကောသလ္လ မည်သော ဉာဏ်ပညာကြောင့်ဖြစ်၍ ကောင်းခြင်း-ဟု အကောင်း သဘော (၅) မျိုး ပါဝင်သက်ဆိုင်သည်။
(က) (ခ) လောက၌ အပြစ်ကင်းလွတ်သော ပစ္စည်း ဝတ္ထု၊ တစ်ခုခုကို တွေ့မြင်လျှင် “ကောင်းသားပဲ, အကောင်းပဲ”ဟု သုံးစွဲ ပြောဆိုလေ့ရှိသည်။ ထို့အတူ အပူအပင်ကင်းခြင်းကိုလည်း “အကောင်း”ဟု သမုတ်ကြသည်။ ဤနည်းအတိုင်းပင် ကိလေသာ အပြစ်, ကိလေသာ အပူ ကင်းသောကြောင့် ကုသိုလ်ကို “အကောင်း = ကောင်းသောသဘော”ဟုဆိုသည် (ကိလေသာသည် စိတ်ကို ညစ်နွမ်းစေတတ်, ပူပန်စေတတ်သောကြောင့် စိတ်၏အပြစ်, စိတ်၏ ပူပန်ခြင်းဟု ဆိုရသည်။ အဘိ၊ဋ္ဌ၊၁၊၁၀၅-၌ ဤ ၂-မျိုးကို အပြစ်ကင်းခြင်း တစ်မျိုးတည်းဖြင့် ပြ၍ [၂]-၌ ၂-မျိုးခွဲပြသည်)။
(ဂ) လောက၌ လူချင်းတွေ့၍ နှုတ်ဆက်ရာတွင် “နေကောင်းရဲ့လား?- ကောင်းပါတယ်” စသည်ဖြင့် ပြောဆို သုံးနှုန်းကြရာ ရောဂါကင်းခြင်း ကျန်းမာခြင်းကိုရည်ရွယ်၍ “ကောင်း”ကို သုံးခြင်းဖြစ်သည်။
ထို့အတူပင် ကိလေသာ ရောဂါကင်းသောကြောင့် ကုသိုလ်ကို “အကောင်း = ကောင်းသော သဘော”ဟု ဆိုသည်၊ (ကိလေသာသည် စိတ်ကို နာကျင်စေတတ် နှိပ်စက်တတ်သောကြောင့် စိတ်၏ အနာရောဂါဟု ဆိုရသည်)။
(ဃ) လောက၌ “စပါးစိုက်တာကောင်းသည်, ကုန်သည်လုပ်တာ ကောင်းသည်” စသည်ဖြင့် သုံးစွဲပြောဆိုရာ၌ နောင်အခါ ကောင်းကျိုး ဖြစ်ထွန်းမည်, ကောင်းကျိုး ခံစားရမည်ကို ရည်ရွယ်၍ စိုက်ပျိုးခြင်း စသော အသက်မွေးအတတ်အလုပ်အကိုင်တို့ကို “ကောင်း”ဟု အဓိပ္ပါယ်ထား၍ ပြောဆိုခြင်း ဖြစ်သည်၊ ထိုနည်းအတူ နောင်သောအခါ အကြောင်းညီညွတ်ပြည့်စုံလျှင် ကောင်း ကျိုးပေးလတ္တံ, ကောင်းကျိုး ဧကန်ရမည် ဖြစ်သောကြောင့် ကုသိုလ်ကို “အကောင်း = ကောင်းသောသဘော”ဟု ဆိုခြင်းဖြစ်သည်။
(င) လောက၌ ဉာဏ်ပညာကြောင့် ဖြစ်သော လိမ်မာကျွမ်းကျင်မှုတို့ကို တွေ့မြင်သိရှိသောအခါ၌ “ကောင်းပါပေသည်”ဟု ချီးမွမ်းပြောဆိုကြသည်။ ထို့အတူ ဉာဏ်ပညာကြောင့်ဖြစ်ရ၍ ကုသိုလ်ကို “အကောင်း = ကောင်းသောသဘော”ဟုဆိုရသည်။ [၃]-၌ လိမ်မာကျွမ်းကျင်ခြင်းကို ဉာဏ် ကြောင့်ဖြစ်ခြင်း၌ သွင်းယူသည်။ ဤအရာ၌ ဉာဏ်ယှဉ်ကုသိုလ်ကို မုချ ဉာဏ်မယှဉ်ကုသိုလ်ကို ဥပစာအားဖြင့် ယူရမည်ဟု အဘိ၊ဋ္ဌ၊၁၊၁၀၅-၌ ပြဆို၏။ ဉာဏ်သည် ဉာဏ်မယှဉ်သော ကုသိုလ်တို့ကိုလည်း ပကတူပနိဿယ-သတ္တိဖြင့် ကျေးဇူးပြုသည်ဟု [၄]-ဆိုသောကြောင့် “ဉာဏ်ပညာကြောင့်ဖြစ် ကုသိုလ်မည်၏” ဆိုရာ၌ မုချအားဖြင့် ဉာဏ်ယှဉ်မယှဉ် ကုသိုလ်အားလုံး သက်ဆိုင်သည်ဟု ယူဆသင့်သည်။ [၅] ကုသလကို ဝိဂြိုဟ်အမျိုးမျိုးပြု၍ သဒ္ဒတ္ထအမျိုးမျိုး ကြံစည်ပြဆိုထားရာ ထောင့်ကွင်း၌ ပါသော အကိုး သာဓက ကျမ်းညွှန်းများကို ကြည့်ခြင်းအားဖြင့် စုံလင်စွာ သိနိုင်သည်၊ ထို့ကြောင့် သဒ္ဒတ္ထအကျယ် မရေးတော့ပေ၊ အကျဉ်းချုပ်ဆိုရလျှင် အကုသိုလ်ကို ပယ်တတ်သောကြောင့် ကုသိုလ်မည်၏၊ ဉာဏ်သည် ယူအပ်ဖြစ်စေအပ်သောကြောင့် ကုသိုလ်-မည်၏ ဟု အဓိပ္ပါယ် ၂-မျိုးသာ ရသည်။) [၁]
၂-ကုသိုလ်အမျိုးအစား
ပြင်ဆင်ရန်ကုသိုလ်သည် -
(က) ကာမာဝစရကုသိုလ်၊ (ခ) မဟဂ္ဂုတ်ကုသိုလ်၊ (ဂ) လောကုတ္တရာ ကုသိုလ်ဟု ၃-မျိုး ၃-စားရှိသည်။
ကာမာဝစရကုသိုလ်
ပြင်ဆင်ရန်(က) ကာမာဝစရကုသိုလ် = ကာမကုသိုလ်— အပါယ်လေးဘုံ လူ့ဘုံ နတ်ပြည် ခြောက်ထပ် ပါဝင်သော ကာမ ၁၁-ဘုံ၌ အဖြစ်များသော ကုသိုလ်သည် (ဝါ) ကာမသုဂတိ ၇-ဘုံသို့ ရောက်စေတတ်, ပဋိသန္ဓေကျိုးပေးတတ်သော ကုသိုလ်သည် ကာမာဝစရကုသိုလ် (အတိုသုံး) ကာမကုသိုလ်မည်၏ [၆] ထိုကုသိုလ်သည် ဒါနမှု သီလမှု ဘာဝနာမှု အားလျော်စွာ ၃-မျိုးရှိသည်။ ထိုအမှုတို့ကား မျက်မြင်ကိုယ်တွေ့ဖြစ်သောကြောင့် ကောင်းမှုဟု မြန်မာသက်သက်ဖြင့်လည်းကောင်း, ကုသိုလ် ကောင်းမှုဟု ပါဠိသက်စကားနှင့်တွဲဖက်၍၎င်း ခေါ်ဝေါ်ပြောဆိုသုံးစွဲလေ့ရှိကြသည်။
ဒွါရအားဖြင့် ၃-ပါး၊ အာရုံအားဖြင့် ၆-ပါး
ပြင်ဆင်ရန်ထို၃-မျိုးတို့သည်လည်း ဖြစ်ရာဒွါရလိုက်၍ ကိုယ်ဖြင့်ပြုသော ကောင်းမှု, နှုတ်ဖြင့်ပြုသော ကောင်းမှု, စိတ်ဖြင့်ပြုသောကောင်း (ဝါ) ကာယကံ, ဝစီကံ, မနောကံဟု ၃-မျိုး အသီးသီးပြားသည်။ ထိုမှတစ်ပါး အဆင်းကိုအာရုံပြု၍ဖြစ်သော ကုသိုလ်၊ အသံ, အနံ့, အရသာ, အတွေ့, (ပသာဒရုပ် သုခုမရုပ် စိတ် စေတသိက် နိဗ္ဗာန် ပညတ် ၆-မျိုးပါဝင်သော) ဓမ္မကို အာရုံပြု၍ ဖြစ်သော ကုသိုလ်ဟု အာရုံလိုက်၍ ၆-မျိုး ကွဲပြားသည်။
အဆင်းစသော အာရုံ ၆-ပါးကို အာရုံပြု၍ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာ ကုသိုလ်တို့၏ ကာယကံ, ဝစီကံ, မနောကံ ဖြစ်ပုံ ၅၄-မျိုးကို [၇]၌ အကျယ် ပြထားသည်။ ယင်း ကာမကုသိုလ်သည် ဒါန-စသော ၃-ပါးနှင့် မြှောက်သော် (၁x၃ = ၃) ၃-ပါးဖြစ်သည်၊ ယင်း ၃-ပါးကို ကာယကံစသော ကံ ၃-ပါးနှင့် မြှောက်ပြန်လျှင် (၃x၃ = ၉) ၉-ပါးဖြစ်သည်၊ ယင်း ၉-ပါးကို ရူပါရုံစသောအာရုံ ၆-ပါးနှင့်မြှောက်ပွါးက (၉×၆ = ၅၄) ၅၄-ပါး ဖြစ်သည်။
ပုညကိရိယာဝတ္ထု ၁၀-ပါး
ပြင်ဆင်ရန်သင်္ဂီတိသုတ် [၈]၌ ဒါန, သီလ, ဘာဝနာဟု ကုသိုလ် ၃-မျိုးသာ ပြသော်လည်း အဋ္ဌကထာ ဆရာတို့က— အရိုအသေ ပြုခြင်း (အပစာယန)၊ ကိစ္စကြီးငယ်ဆောင်ရွက်ခြင်း (ဝေယျာဝစ္စ)၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှဝေခြင်း (ပတ္တိဒါန)၊ သူတစ်ပါး ပေးဝေ သောကုသိုလ်အဖို့ကိုသာဓုခေါ်ခြင်း(ပတ္တာနုမောဒန)၊ တရားနာယူခြင်း (ဓမ္မဿဝန)၊ တရားဟောခြင်း (ဓမ္မဒေသနာ)၊ အယူကို ဖြောင့်စွာထားခြင်း(ဒိဋ္ဌိဇုကမ္မ)၊ ဤ၇-ပါးကို ဖြည့်စွက်လျက် ၁၀-ပါး ပြဆိုကြသည်။ ထိုဆယ်ပါးကို (ကုသိုလ်ဖြစ်၍ ပုည၊ မချွတ် ဧကန်ပြုသင့်၍ ကိရိယ၊ အကျိုးအာနိသင်တို့၏ တည်ရာဖြစ်၍ ဝတ္ထု၊ ဤ ၃-မျိုးကို တပေါင်းတည်းပြုကာ) ပုညကိရိယဝတ္ထု ဟု သုံးသည်။ ထို၁၀-ပါးတို့၏ အဓိပ္ပါယ်, အရကောက်ကိုလည်းကောင်း, အပစာယန ဝေယျာဝစ္စ စသော ၇-ပါးကို ဒါန သီလ ဘာဝနာတို့၌ သွင်းပုံတို့ကို၎င်း [၉]တို့၌ကြည့်။
သာဓိပတိကုသိုလ်, နိရာဓိပတိကုသိုလ်
ပြင်ဆင်ရန်ထိုကာမကုသိုလ်သည် ဆန္ဒစသည်ကို အကြီးအမှူးပြု၍ ဖြစ်သောအခါ သာဓိပတိ ကုသိုလ်(အဓိပတိပစ္စည်း ရသောကုသိုလ်), အကြီးအမှူးမပြုမူ၍ ဖြစ်သောအခါ နိရာဓိပတိ ကုသိုလ် (အဓိပတိပစ္စည်းကင်းသောကုသိုလ်) ဟု ၂-မျိုးရှိသည်။
ဟီန, မဇ္ဈိမ, ပဏီတကုသိုလ်
ပြင်ဆင်ရန်အယုတ် အလတ် အမြတ်အားဖြင့်လည်း ၃-မျိုးခွဲနိုင်သည်။ ကောင်းမှုကို ပြုလုပ်သော စိတ် ဝီရိယ ပညာတို့တွင် တစ်ပါးပါး ယုတ်ညံ့လျှင် ဟီနကုသိုလ်, အလယ်အလတ်ဖြစ်လျှင် မဇ္ဈိမကုသိုလ်, လွန်မြတ်လျှင် ပဏီတကုသိုလ် ဟု ၃-မျိုးပြားသည် [၁၀]
မရိုမသေပြုလျှင် ဟီနကုသိုလ်, လျစ်လျူရှု၍ ဘာသိဘာသာပြုလျှင် မဇ္ဈိမ ကုသိုလ်၊ ရိုရိုသေသေပြုလျှင် ပဏီတကုသိုလ် ဟူ၍၎င်း။ နည်းနည်းပြုလျှင် ဟီနကုသိုလ်၊ အတိုင်းအရှည်အားဖြင့်ပြုလျှင် (စံချိန်မှီ ပြုလျှင်) မဇ္ဈိမကုသိုလ်, အတိုင်းအရှည်ထက် လွန်ကဲပိုမိုစွာပြုလျှင် ပဏီတကုသိုလ်ဟူ၍၎င်း အနုဋီကာ၌ မိန့်ဆိုသည် [၁၁]
ဝိသုဒ္ဓိမဂ် သီလနိဒ္ဒေသ၌လာသည့်အတိုင်း အယုတ်, အလတ်, အမြတ်ခွဲနည်း ၃-မျိုးကိုလည်း မှတ်သားနည်းယူဘွယ်ဖြစ်၍ ဖော်ပြလိုပေသည်။ အကျော်အစောကို ရလိုစိတ်ဖြင့် ပြုလုပ်သော ကုသိုလ်သည် ယုတ်သောကုသိုလ် မည်၏၊ ကုသိုလ်၏ အကျိုးကို လိုလားတပ်မက်စိတ်ဖြင့် ပြုလုပ်သော ကုသိုလ်သည် အလယ် အလတ်ကုသိုလ်မည်၏၊ “ဤအမှုသည် ပြုသင့် ပြုထိုက်သော အမှုဖြစ်သည်”ဟု နှလုံးသွင်း၍ အရိယာ သူတော်ကောင်းတို့၏ အလေ့ သဘောကို မှီ၍ ပြုလုပ်သော ကုသိုလ်သည် မြတ်သော ကုသိုလ်မည်၏။ (ဤ ၃-မျိုးတို့တွင် ပဌမကုသိုလ်ကား ပကာသနစိတ်နှင့် ပြုသော ကုသိုလ်တည်း၊ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ ကိုမျှ လှလှပေးနိုင်သော ကုသိုလ်မျိုးမဟုတ်၊ ပါရမီအဖြစ်နှင့် ဝေးစွ။
ဒုတိယကုသိုလ်ကား အကျိုးကို လိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ် အမြတ်ရွေးချယ်မှု အကျိုးကြီးရာသောနည်း လမ်းကို ရွေးချယ်မှုတို့နှင့် ပြုသော ကုသိုလ်တည်း၊ ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိကိုကား ပေးနိုင်၏၊ ပါရမီကုသိုလ်မျိုးမဟုတ်။
တတိယကုသိုလ်ကား အလုပ်အမှုကိုသာ အလေးဂရုပြုသည်၊ အကျိုးကို မမျှော်လင့် “မိမိလက်ရှိ ပစ္စည်းဝတ္ထုကို သူတစ်ပါးတို့နှင့် ဆက်ဆံသည်ကိုပြု၍ သုံးဆောင်မှုသည် အရိယာ သူမြတ်တို့၏ အစဉ်ထုံးတမ်းကျင့်မြဲလမ်း ပေတည်း၊ ငါသည်လည်း အလောင်းအလျာ အရိယာတို့၏လမ်းကို လိုက်ထိုက်သည်၊ မိမိ ပိုင်သော ပစ္စည်းဥစ္စာကို သူတစ်ပါးတို့နှင့် မဆက်ဆံသည်ကိုပြု၍ သုံးဆောင်ခြင်းသည် အန္ဓဗာလပုထုဇဉ်တို့၏ အစဉ်ထုံးတမ်းကျင့်မြဲ လမ်းပေတည်း၊ ငါသည် အန္ဓဗာလပုထုဇဉ်တို့ လမ်းကို လိုက်ခြင်းငှါ မထိုက်” ဤသို့ နှလုံးထား၍ မိမိပိုင်သောပစ္စည်းဥစ္စာတို့ကို အယုတ် အလတ် အမြတ်မရွေး လှူဒါန်းပေးကမ်းစွန့် ကြဲသော ဒါနကုသိုလ်သည် အရိယာသဘာဝ ကိုမှီ၍ပြုသော ကုသိုလ်မည်၏။ ပါရမီကုသိုလ် မျိုးတည်း၊ သီလမှု နိက္ခမမှု စသည်တို့၌လည်း ဤနည်းအတိုင်း အကျိုးကို မမြှော်ကိုးပဲ အလုပ်အမှုကိုသာ အလေးဂရုပြု၍ ပြုလုပ်နိုင်မှသာ ပါရမီကုသိုလ်မျိုး ဖြစ်သည်ဟု မှတ်လေ၊ ဤကား ဥတ္တမပုရိသဒီပနီ၌ လယ်တီ ဆရာတော်ကြီး၏ အဓိပ္ပါယ် ရှင်းလင်း ပြဆိုချက်တည်း။ ဒါနကုသိုလ်ကို မူတည်၍ ရှင်းလင်းချက် ဖြစ်သည်။)
ပါရမီမြောက်သောကုသိုလ်နှင့် မမြောက်သောကုသိုလ်
ပြင်ဆင်ရန်တနည်းကား တဏှာ အစွမ်းဖြင့် ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိပြည့်စုံရန် ရည်ရွယ်၍ ကျင့်သော သီလသည် ယုတ်သော ကုသိုလ် မည်၏၊ မိမိဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် ရည်ရွယ်၍ ကျင့်သောသီလသည် အလယ်အလတ် ကုသိုလ်မည်၏၊ ခပ်သိမ်းသော သတ္တဝါတို့ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်ရည်ရွယ်၍ ကျင့်သော ပါရမီမြောက် သီလသည် မြတ်သော ကုသိုလ်မည်၏။ (ဤနေရာ၌လည်း လယ်တီ ဆရာတော်ကြီးက “ရှေးသုံးမျိုး၌ ပါသော အကျိုးကို လိုလား၍ပြုသော ဒုတိယကုသိုလ်သည် ဤနောက် ၃-မျိုးမှာ ဟီနကုသိုလ် ဖြစ်လာ၏၊ ပါရမီ မြောက်သော ကုသိုလ်မျိုး မဟုတ်၊ အယုတ်အညံ့ မျိုးသာတည်း။ မိမိ ကိလေသာမှလွတ်ရန်ပြုလုပ်သော ကုသိုလ်ကို အလတ်ကုသိုလ်ဆိုလို၏၊ ပစ္စေကဗောဓိ သာဝကဗောဓိ လမ်းတည်း။ ခပ်သိမ်းသော သတ္တဝါတို့ ကိလေသာမှလွတ်ရန် ပြုလုပ်သော ကုသိုလ်ကိုကား အမြတ်ကုသိုလ် ဆိုလို၏၊ မဟာဗောဓိလမ်းတည်း”ဟု ဥတ္တမပုရိသဒီပနီ၌ မှတ်ချက်ချတော်မူသည်။)
ဝိသုဒ္ဓိမဂ် (၁၊ ၁၃)၌ သီလကုသိုလ် အတွက် ဟီန, ပဏီတ, မဇ္ဈိမခွဲပုံတို့ကို ပြဆိုခြင်း ဖြစ်သော်လည်း အခြားသော ဒါနစသော ကုသိုလ်အားလုံးနှင့်ပင် သက်ဆိုင်၏ဟု မှတ်သားရသည်။ ကာမကုသိုလ်အတွက် ဤခွဲနည်းမျိုးနှင့် သဘောတူသော ခွဲနည်းမျိုးကို [၁၂]၌လည်း ပါရှိသည်၊ စကားသုံး အနည်းငယ် ကွဲပြားသည်။
(လယ်တီဆရာတော် ဘုရားကြီး၏ မှတ်ချက်ကို ပြလိုသောကြောင့်၎င်း ဋီကာထက် အဋ္ဌကထာကို ဦးစား ပေးလိုသောကြောင့်၎င်း ဝိသုဒ္ဓိမဂ်လာခွဲနည်းကို ပြဆိုခြင်းဖြစ်၏။ ပါရမီရှင် ဖြစ်လိုသူများ ပါရမီမြောက် ကျင့်ကြံအားထုတ် ကုသိုလ်ပြုလုပ်လိုသူများအား အထူး ရည်ရွယ်၍ လယ်တီဆရာတော်ဘုရားကြီး၏ ရေးသားချက်တို့ကို ထည့်သွင်း ဖော်ပြလိုက်ရပေသည်။)
ကုသိုလ်စိတ်အရေအတွက်
ပြင်ဆင်ရန်ထိုကာမကုသိုလ်တို့ကို သရုပ်အရကောက်သော် ဝမ်းမြောက်ဝမ်းသာ ဉာဏ်နှင့်ယှဉ်၍ တိုက်တွန်း၍ဖြစ်ရသော စိတ် ၁-ခု စသည်ဖြင့် ၈-ပါးရှိသည် [၁၃]။ (ပြဓာန်းသော သဘောကြောင့်သာ စိတ်ကို မူတည်ဆိုသည်၊ စင်စစ် ယှဉ်ဘက် စေတသိက်များပါ ကုသိုလ်အရ၌ ပါဝင်သည်)။ ထိုကာမကုသိုလ်စိတ် ၈-ပါးကို အထက်၌ ပြဆိုခဲ့ပြီးသော ပုညကိရိယဝတ္ထု ၁၀-ပါး, အာရုံ ၆-ပါး, အဓိပတိ ၄-ပါး (ဉာဏ်ကင်းသော ကုသိုလ်၌ အဓိပတိ ၃-ပါး) ကံ ၃-ပါး အယုတ်အလတ် အမြတ်ဟူသော အဆင့်အတန်း ၃-ပါး တို့ဖြင့် မြှောက်ပါးလိုက်လျှင် ၁၅၁၂၀ ရှိသည်၊ အဓိပတိကို (ဉာဏ်ကင်းသောကုသိုလ်၌) မလျှော့ပဲ တွက်လျှင် ၁၇၂၈၀-ရှိသည်။ ကာလ ဒေသ စသည်တို့ဖြင့် မြှောက်ပွါးလျှင်မူ မရေတွက် နိုင်အောင် များပေသည် [၁၄]
ကာမကုသိုလ်စိတ်တို့တွင် သောမနဿသဟဂုတ် စိတ်ထက်ဥပေက္ခာသဟဂုတ် စိတ်က အားကြီးသည်။ (ဤနေရာ၌ သောမနဿ ဥပေက္ခာတို့၏ အယုတ်အမြတ်, အားရှိအားမဲ့ ပြဿနာဖြစ်ပွါး၍ လယ်တီဆရာတော် ဘုရားအား လျှောက်ထားရာ သောမနဿုပေက္ခာဒီပနီဖြင့် ဖြေရှင်းပေးတော်မူသည်၊ သို့ဖြစ်၍ အလိုရှိသူတို့သည် ယင်းဒီပနီကို ကြည့်ရှုရသည်၊ ဤ၌ ပြဆိုချက်မှာ အဘိဓမ္မာဝတာရ-ဋီကာသစ်ဆရာအလိုသာ ဖြစ်၏။)
ဉာဏ်မယှဉ်သော စိတ်ထက် ဉာဏ်ယှဉ်သော စိတ်က အားကြီးသည်၊ တိုက်တွန်းမှု ရှိသောစိတ်ထက် တိုက်တွန်းမှုမရှိသောစိတ်က ယှဉ်ဘက်ဝေဒနာ, ဉာဏ်တူလျှင် အားကြီးသည် [၁၅]။
သောမနဿသဟဂုတ် ဖြစ်ခြင်း စသော အင်္ဂါတို့နှင့် ပြည့်စုံလုံလောက်သောကြောင့် ကာမကုသိုလ်စိတ်ကို “မြတ်သောကုသိုလ်စိတ် (ဝါ) မဟာကုသိုလ်စိတ်”ဟု ခေါ်သည်၊ တနည်းဆိုရသော် ပစ္ဆိမဘဝိက ဘုရားလောင်းတို့၏ ပဋိသန္ဓေကို ဖြစ်စေတတ်သောကြောင့် “ပူဇော်အပ်သောစိတ် (ဝါ) မဟာကုသိုလ် စိတ်”ဟုခေါ်သည်။ [၁၆]
ကာမကုသိုလ်စိတ်သည် အကျိုးပေးရာ၌ အလွန်ကျယ်ပြန့်သည်၊ အရာကျယ်လှသည်၊ ပဋိသန္ဓေအကျိုး ဇနကသတ္တိလည်း ရှိသည်၊ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝအဆက် ဆက်တို့၌ ပဝတ္တိအကျိုးပေးသည်၊ အပရာပရိယကံအဖြစ်ဖြင့်လည်း သတ္တိရှိသည်၊ ထို့ပြင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဝေါဒါန် ဇောစိတ်တို့အဖြစ်ဖြင့် ဈာန်, မဂ်, ဖိုလ် ရရာ ရကြောင်း အခြေခံဖြစ်သည်၊ ဈာန်ဝင်စားခြင်း, ဖလသမာပတ်, နိရောဓသမာပတ် ဝင်စားရာ၌လည်း ကာမကုသိုလ် ဉာဏသမ္ပယုတ် ပါရသည်ချည်းဖြစ်သည်၊ ဤသို့ အရာကျယ် တွင်ကျယ်လှသဖြင့် မဟာကုသိုလ်စိတ်ဟုခေါ် တွင်ပေသည်။
== လောက၌ သူသူငါငါ ပြုလုပ်နေသော ကုသိုလ်တို့သည် ကာမကုသိုလ်သာ များကုန်၏။ ထိုကုသိုလ်ပြုရာ၌ အမွန်အမြတ် ဖြစ်နိုင်သမျှ ဖြစ်အောင် ပြုလုပ်ပုံကိုစွဲ၍လည်းကောင်း, အသိဉာဏ် စိတ်ဓာတ်ရှိမရှိကို အကြောင်းပြု၍၎င်း ကွဲပြား ခြားနားသော ကုသိုလ် ၆-မျိုးကို နိဂုံးအနေဖြင့် ပြလိုသည်။ ထို ၆-မျိုးကား...
(၁) မိမိသဘောအလျောက် ပြုသော ကုသိုလ် (= သယံကာရကုသိုလ်)
(၂) သူတစ်ပါးပြုသည်ကို မြင်၍ပြုသော ကုသိုလ် (= ပရံကာရကုသိုလ်)
(၃) မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြုသော ကုသိုလ် (= သာဟတ္ထိကကုသိုလ်)
(၄) သူတစ်ပါးကိုစေခိုင်း၍ပြုသောကုသိုလ် (= အာဏတ္တိကကုသိုလ်)
(၅) ကံကံ၏အကျိုးကိုသိမြင်နားလည်၍ ဉာဏ်နှင့်ယှဉ်၍ပြုသောကုသိုလ် (= သမ္ပဇာနကတကုသိုလ်)
(၆) ကံကံ၏ အကျိုးကိုမသိပဲ ဉာဏ်နှင့် မယှဉ်မူ၍ ပြုသောကုသိုလ် (= အသမ္ပဇာန ကုသိုလ်)တို့ ဖြစ်သည်။
ထိုကုသိုလ်တို့တွင် (၁) (၃) (၅) ကုသိုလ်တို့သည် အစဉ်အတိုင်း (၂) (၄) (၆) ကုသိုလ်တို့ထက် သာလွန် မွန်မြတ်ကုန်၏။ ထို့ကြောင့် ကုသိုလ် ပြုရာ၌ သူတစ်ပါးကို ကြည့်မနေပဲ ကိုယ့်သဘော အလျောက် ကိုယ်တိုင် ကိုယ်ကျ ကံကံ၏ အကျိုးကို သိရှိနားလည်သော အသိဉာဏ် စိတ်ဓာတ် ပြည့်ပြည့်ဝဝဖြင့် အားထုတ်ပြုလုပ်ကြကုန်ရာသည် [၁၇]။
မဟဂ္ဂုတ်ကုသိုလ်
ပြင်ဆင်ရန်(ခ) မဟဂ္ဂုတ်ကုသိုလ်-ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာတို့ကို ကသိုဏ်း စသော အာရုံကို စူးစိုက်တတ်သောကြောင့်လည်းကောင်း, ကာမစ္ဆန္ဒစသော နီဝရဏတို့ကို လောင် မြိုက်စေတတ်သောကြောင့်၎င်း “ဈာန = (မြန်မာလို) ဈာန်”ဟု ခေါ်သည်။ (ဈာန သဒ္ဒါကား စူးစိုက်ခြင်း, လောင်မြိုက်စေခြင်း ၂-နက် ဟောသည်။) ဝိတက်စသော တစ်ခုတစ်ခုသော အစိတ်အပိုင်းကို ဈာနင်္ဂ (ဝါ) ဈာနင်ဟု ခေါ်သည်။ ထိုဝိတက်စသည်တို့နှင့်ယှဉ်သော ကုသိုလ်စိတ် ၉-ပါး ရှိသည်။ ရှေ့ပိုင်း ၅-ပါးကို ဟောစဉ် ရစဉ် အားလျော်စွာ ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်ဟု အမည်ပေးသည်။ ဈာနင်ပါဝင်မှုလည်း ၅-ပါး ၄-ပါး ၃-ပါး ၂-ပါးအားဖြင့် အသီးသီးမတူကြ။ (စတုတ္ထ ပဉ္စမတို့ကား ဈာနင် ၂-ပါးရှိချင်း တူသော်လည်း ဝေဒနာ မတူ၍ ခွဲထားသည်။) နောက်ပိုင်း ၄-ပါးမှာ ဝေဒနာ, ဧကဂ္ဂတာ ဈာနင် ၂-ပါးရှိချင်း တူသော်လည်း အာရုံကွဲပြား၍ ၄-ပါးဖြစ်သည်။ ရှေ့ပိုင်း ၅-ပါးကို ရူပဘုံ၌ အဖြစ်များသောကြောင့်လည်းကောင်း, ရူပဘုံ၌ ပဋိသန္ဓေကျိုးပေး တတ်သောကြောင့်၎င်း ရူပါဝစရကုသိုလ်(အတိုသုံး) ရူပကုသိုလ်ဟု ဆိုသည်။ နောက်ပိုင်း ၄-ပါးကို အရူပဘုံ၌ အဖြစ်များခြင်းကြောင့်လည်းကောင်း, အရူပဘုံ၌ ပဋိသန္ဓေကျိုးပေးတတ်သော ကြောင့်၎င်း အရူပါဝစရကုသိုလ် (အတိုသုံး) အရူပကုသိုလ်-ဟု ဆိုသည် [၁၈] ဈာန-လည်း ကြည့်။
ထိုကုသိုလ် ၉-ပါးသည် ကိလေသာကိုပယ် ခါနိုင်စွမ်းရှိသောကြောင့်လည်းကောင်း, ကျယ်ပြန့် သောအကျိုးရှိသောကြောင့်လည်းကောင်း, ရှည်လျား စိတ်အစဉ်ရှိသောကြောင့်၎င်း(ကာမ ကုသိုလ်ဇောတို့ကဲ့သို့ ၇-ကြိမ်မျှသာမဟုတ်ပဲ အကြိမ်ပေါင်းများစွာ သမာပတ် ဝင်စားစဉ် ဖြစ်နိုင်ခြင်းကို ဆိုလိုသည်) မြတ်သော သဘောသို့ ရောက်သည်ဖြစ်၍ မဟဂ္ဂတ (ဝါ) မဟဂ္ဂုလ်ကုသိုလ် မြတ်သောဂုဏ်နှင့် ပြည့်စုံသော ကုသိုလ်မည်၏။ တနည်းဆိုရလျှင် မြင့်မြတ်သော ပုဂ္ဂိုလ်တို့သည် ကျင့်အပ်သောကြောင့် မဟဂ္ဂုတ်ကုသိုလ် မည်၏ [၁၉] (ဤအရာ၌ အဓိပတိ ၄-ပါး ထက် သန်သူကို မြင့်မြတ်သူဟု ဆိုလို၏။)
ထိုကုသိုလ်တို့ကို လှူဒါန်းမှု သီလဆောက်တည်မှုဟူသော ဒါနသီလဖြင့် မရနိုင်၊ ဘာဝနာဖြင့်သာ ရနိုင်သည်၊ စိတ်၌သာဖြစ်၍ မနောကံ တစ်ပါးသာရှိသည် [၂၀] ရံခါမျှသာဖြစ်လျှင် အယုတ် သင့်တော်ရုံသာ ပွါးများလျှင် အလတ်, လွန်စွာပါးများအားထုတ်၍ ကျွမ်းကျင်လျှင် (ဝသီဘော်မြောက် လျှင်) အမြတ်ဟု ၃-မျိုးကွဲပြားသည်။ ကာမ ကုသိုလ်၌ဆိုခဲ့သော ဆန္ဒစသောအဓိပတိတို့၏ အယုတ်အလတ်အမြတ်လိုက်၍လည်း ၃-မျိုး ခွဲနိုင်သည် (အနုဋီ၊၁၊၁၁၇)။
(အခြားသော ခွဲနည်း ၃-မျိုးကိုလည်း အဘိဓမ္မာဝတာရဋီကာသစ်၊၁၊၂၀၈-၌ ပြဆို ထားသေးသည်။ ချမ်းသာစွာ အားထုတ်၍ လျင်မြန်စွာသိခြင်း (သုခပ္ပဋိပဒါခိပ္ပါဘိညာ) စသော ကျင့်ကြံ အားထုတ်မှု သိမြင်ရရှိမှုတို့ကို စွဲ၍ ပဋိပဒါအားဖြင့် ၄-ပါးပြားပုံ, အာရုံ အကြောင်းပြု၍ ၄-ပါးပြားပုံ စသည်တို့ကို [၂၁]တို့၌ ကြည့်။ ဤ၌ ကျယ်အံ့စိုး၍ ချွင်းချန်ခဲ့သည်။)
လောကုတ္တရာကုသိုလ်
ပြင်ဆင်ရန်(ဂ) လောကုတ္တရာကုသိုလ်— လောကကို လွန်မြောက်တတ်သော လောကကို လွန်မြောက်လွှမ်းမိုး၍ တည်သော ကုသိုလ်သည် လောကုတ္တရာ ကုသိုလ် မည်၏၊ ဝဋ်မှ ထွက် မြောက်တတ်သောကြောင့် နိယျာနိကကုသိုလ် ဟုလည်းဆိုရ၏ [၂၂] နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့် (တနည်းအားဖြင့်) ကိလေသာတို့ကို ပယ်သတ်တတ်သောကြောင့် မဂ်ကုသိုလ်ဟုလည်း ဆိုရ၏ [၂၃] ကိလေသာတို့ကို မဂ်ဖြင့် ပယ်ပုံကို ကိလေသ-၌ကြည့်။
လောကသည် သင်္ခါရလောက, သတ္တလောက, ဩကာသလောကဟု ၃-ပါးရှိသည်။ မဂ် ၄-ပါးတို့သည် ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောက(လောကီနယ်)မှ လွန်မြောက်သည်၊ သတ္တလောကမှ လွန်မြောက်ရာ၌ သောတာပတ္တိမဂ်သည် ပုထုဇဉ် လောကမှလည်းကောင်း, သကဒါဂါမိမဂ်သည် သောတာပန် လောကမှလည်းကောင်း, အနာဂါမိမဂ်သည် သကဒါဂါမ်လောကမှ၎င်း အရဟတ္တမဂ်သည် အနာဂါမ်လောကမှ၎င်း လွန်မြောက်သည်။ တည်ရာဌာန ဖြစ်ရာဘုံဘဝဟူသော ဩကာသလောကမှ ထွက်မြောက်ရာ၌ သောတာပတ္တိမဂ်သည် အပါယ်လောကမှ၎င်း သကဒါဂါမိမဂ်သည် ကာမလောက(တစိတ်တဒေသ)မှလည်းကောင်း, အနာဂါမိမဂ်သည် အလုံးစုံသော ကာမ လောကမှလည်းကောင်း, အရဟတ္တမဂ်သည် ကာမ, ရူပ, အရူပ လောကတို့မှ၎င်း လွန်မြောက်သည် [၂၄] ([၂၅]၌မူသောတာပတ္တိမဂ်သည် အပါယ်ဘဝမှ ထ၏ စသည်ဖြင့် သုံးစွဲသည်။)
အမှန်တရားကိုသိမြင်မှု စသော မဂ္ဂင် ၈-ပါးနှင့်ယှဉ်သော ထိုကုသိုလ်သည် သဒ္ဓါ စသော ဣန္ဒြေတို့၏ ထက်မြက်မှုသတ္တိ, ကိလေသာကို ပယ်နိုင်သောသတ္တိ ၄-မျိုး ၄-ဆင့် ကွဲပြားသောကြောင့် သောတာပတ္တိမဂ် စသည်ဖြင့် ၄-မျိုးကွဲပြားသည် [၂၆] ထို၄-မျိုးတို့တွင် အရဟတ္တမဂ်ကုသိုလ်သည် နောက်ထပ် ကုသိုလ်စိတ် ဖြစ်စရာမရှိ၍ ပစ္ဆိမကုသလ စိတ္တ = အဆုံးစွန်သော ကုသိုလ်စိတ်မည်၏။ ဓမ္မယမိုက်အရကောက်လည်း ကြည့်။
ထိုမဂ်ကုသိုလ်သည် မှန်သော သဘောရှိသောကြောင့်၎င်း မိမိ၏ အခြားမဲ့၌ အကျိုးပေး မြဲသောကြောင့်၎င်း သမ္မတ္တနိယတမည်၏ [၂၇]။ တရားတော်၏ ဂုဏ်တော် ၆-ပါးအနက် အကာလိက ဂုဏ်တော်သည် မဂ်ကုသိုလ်နှင့်သာ သက်ဆိုင်ပေသည်၊ အဘယ်ကြောင့်ဆိုသော် မဂ်သည်သာ ကာလမခြားပဲ အကျိုးပေးသောကြောင့်တည်း [၂၈] မဂ်ကုသိုလ်သည် ကိလေသာကို ပယ်ရာ၌ တစ်ကြိမ်တည်းဖြင့်ပင် အပြီးအပိုင် နောင်တဖန် မဖြစ်ရအောင်ပယ်သည် ဖြစ်၍ ကာမ, မဟဂ္ဂုတ်ကုသိုလ် တို့ကဲ့သို့ အကြိမ်ကြိမ်မဖြစ်ပဲ တစ်ကြိမ်သာ ဖြစ်သည် (တစ်ကြိမ်ဖြင့် မိမိပြုအပ်သော ကိစ္စကုန်သောကြောင့် ထပ်မံမဖြစ်ဟူလို) [၂၉]
(မဟဂ္ဂုတ် ကုသိုလ်ကဲ့သို့ပင် ပဋိပဒါ အပြား စသည်ကို၎င်း, အခြေခံဝိပဿနာ၏ ဂုဏ်သတ္တိ နိဗ္ဗာန်အာရုံတို့ကို အကြောင်း ပြု၍ သုညတအမည်, အနိမိတ္တအမည်, အပ္ပဏီဟိတအမည် ရပုံတို့ကို၎င်း ကျယ်အံ့စိုး၍ မဖော်ပြတော့ပေ။ သိလိုသူတို့သည် [၃၀](ကမ္မဋ္ဌာန်ပိုင်း)တို့ကို ကြည့်ကုန်ရာသည်။) ဤသို့လျှင် ကုသိုလ်တို့သည် ကာမကုသိုလ် ၈-ပါး မဟဂ္ဂုတ်ကုသိုလ် ၉-ပါး လောကုတ္တရာကုသိုလ် ၄-ပါး ပေါင်း ၂၁-ပါးဖြစ်သည်။
ကုသိုလ်အမည်ဖြင့် ဟောသော တရားတော်များ
ပြင်ဆင်ရန်ထိုထို ပါဠိတော်တို့၌ ကုသိုလ်အမည်ဖြင့် ဟောသော တရားအမျိုးမျိုးတို့ကိုလည်း အမြွက်မျှ ပြဦးအံ့—
ကုသလသုတ် [၃၂]တို့၌ တစ်ပါး၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ် ခြင်းစသော သုစရိုက်၁၀-ပါးကို ကုသိုလ်ဟု ဟောတော်မူ၏။
အကုသလသုတ် [၃၃]၌ မှန်သော အမြင်, မှန်သောအကြံ, မှန်သောစကား, မှန်သော ဆောင်ရွက်လုပ်ကိုင်မှု, မှန်သော အသက်မွေးမှု, မှန်သောဝီရိယ, မှန်သော သတိ, မှန်သော သမာဓိ, မှန်သော ဉာဏ်, မှန်သော လွတ်မြောက်မှု ၁၀-ပါးကို ကုသိုလ် ဟု ဟောတော်မူ၍
မဟာစတ္တာရီသကသုတ် [၃၄]၌ မှန်ကန်သော အမြင်အစရှိသော တရား၂၀-ကို “ကုသိုလ်အဖို့၌ ဖြစ်သော ကုသိုလ်အသင်း ဝင်တရားများ”ဟု ဟောတော်မူသည်။
သလ္လေခသုတ် [၃၅]၌ “ကောင်းမှုတို့၌ စိတ်ဖြစ်ခြင်းမျှသည်ပင် ကျေးဇူးများလှ၏၊ ကာယကံ ဝစီကံမြောက် ပြုလုပ် ပြောဆို စီမံဆောင်ရွက်ခဲ့ပါလျင် ပြောဘွယ် ရာမရှိတော့ပေ”ဟု အစချီ၍ “သူတစ်ပါးတို့သည် ညှဉ်းဆဲနှိပ်စက်ကြကုန်၏၊ ငါတို့သည် မညှဉ်းဆဲ မနှိပ်စက်ပဲနေကုန်အံ့”စသည်ဖြင့် သလ္လေခဋ္ဌာန ၄၄-ပါးတို့၌ ကုသိုလ်ဖြစ်အောင် စိတ်ထားနည်းတို့ကို သလ္လေခ ၄၄-ပါးသည်ပင် ကုသိုလ် ၄၄-ပါး ဖြစ်သည်။ ဟောတော်မူသည်၊
သမ္ပသာဒနီယသုတ် [၃၆]၌ သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ဟူသော ဗောဓိပက္ခိယတရား ၃၇-ပါးကို ကုသိုလ်ဟု ဟောတော်မူသည်။
ဒသုတ္တရသုတ် [၃၇]၌ သီလဖြည့်ကျင့်ခြင်း, ဣန္ဒြေစောင့်စည်းခြင်း, ဘောဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း, နိုးကြားခြင်း, သဒ္ဓါ သီလ စသော သူတော်ကောင်းတရား ၇-ပါး, ပဋိသမ္ဘိဒါ ၄-ပါး ဝိဇ္ဇာ ၈-ပါး စသည်တို့ကို ကုသိုလ်ဟု ဖွင့်ပြသည်။
ကုသိုလ်အရ အနုစိတ်ဟောတော်မူသော ဓမ္မသင်္ဂဏီပါဠိတော်၌ “အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း ?ဟု” ပုစ္ဆာထုတ်၍ “ကာမကုသိုလ်စိတ် ကုသိုလ်ဖြစ်ကုန် ဖြစ်ပေါ်သောအခါ ဖဿ ဝေဒနာစသော ၆၅-ပါးသော တရားတို့သည် အတူတကွ ဖြစ်ကြကုန်၏၊ ထိုတရားအစုသည် ကုသိုလ် မည်၏၊ ကုသိုလ်ဖြစ်၏”ဟု ဟောတော်မူသည်။ ရူပကုသိုလ် စသည်တို့ကိုလည်း ရသင့်သမျှ သရုပ်အကျယ်ထုတ်၍ ဟောတော်မူသည် [၃၈] ၆၅-ပါး၌ အမည် ဖော်၍ ဟောသောတရား ၅၆-ပါးနှင့် ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ, ကရုဏာ, မုဒိတာ, ကာယဒုစ္စရိတဝိရတီ (သမ္မာကမ္မန္တ), ဝစီဒုစ္စရိတဝိရတီ (သမ္မာဝါစာ), မိစ္ဆာဇီဝဝိရတီ (သမ္မာအာဇီဝ)ဟူ၍ ဟောသောတရား ၉-ပါး အမည်မဖော်ပဲ ပါဝင်၏။ ထို၉-ပါးကို ယေဝါပနဖြင့် ဟောသောကြောင့် ယေဝါပနက-ဟု ဝေါဟာရ ထူးတပ်၍ သုံးစွဲသည်။ ထိုတရားတို့ကို ဟောရာ၌ ဖဿ-စသော ငါးပါးအုပ်စု, ဈာနင် အုပ်စု, ဣန္ဒြေအုပ်စု, မဂ္ဂင်အုပ်စု-စသည်ဖြင့် ၁၇-အုပ်စုခွဲကာ ဟောတော်မူ၍ အချို့သော တရားတို့မှာ ရသင့်သော ကိစ္စအလျောက် အုပ်စု ၂-ခု၊ ၃-ခု စသည်တို့၌ ပါဝင်သောကြောင့်(သင်္ဂြိုဟ်စေတသိက်ပိုင်း အရကောက် နှင့်မတူပဲ) ၅၆-ပါးအထိ ပါဝင်ခြင်းဖြစ်သည် [၃၉] ဖဿ-စသော ၆၅-ပါးတို့၏လက္ခဏာစသည်တို့နှင့်တကွအဓိပ္ပါယ် အကျယ်ကို [၄၀]၌ ကြည့်။ [၁]
၃-ကုသိုလ်၏လက္ခဏာ-စသည်
ပြင်ဆင်ရန်ကုသိုလ်၌ အပြစ်ကင်းခြင်း, ကောင်းသော အကျိုးကို ပေးစွမ်းနိုင်ခြင်းသည် အမှတ် လက္ခဏာဖြစ်သည်၊ ထို့ကြောင့် ကုသိုလ်သည် အပြစ်မရှိခြင်း၊ ကောင်းကျိုးပေးခြင်း လက္ခဏာရှိ၏ (= အနဝဇ္ဇသုခဝိပါကလက္ခဏ)။
အကုသိုလ်ကိုဖျက်ဆီး ပယ်ရှားခြင်းသည် ကုသိုလ်၏ အလုပ်ကိစ္စဖြစ်သည်၊ ထို့ကြောင့် ကုသိုလ်သည် အကုသိုလ်ကို ဖျက်ဆီးခြင်းကိစ္စ ရှိ၏(= အကုသလဝိဒ္ဓသနရသ-ကိစ္စရသ)။
ကုသိုလ်ကိုဉာဏ်ဖြင့်ရှုလျှင် ကိလေသာအညစ်အကြေးမကပ်ပဲ ဖြူစင်သော သဘောကို တွေ့မြင်ရသောကြောင့် ကုသိုလ်သည် ဖြူစင်သော အခြင်းအရာရှိ၏။ (လောက၌စိတ်ထား ဖြူစင်သည်, စေတနာဖြူစင်သည်ဟု သုံးနှုန်း ပြောဆိုရာ၌ ဉာဏ်နီဉာဏ်နက် ကောက်ကျစ် စဉ်းလဲမှု(ကိလေသာ)မပါသော စိတ်စေတနာကို ရည်ရွယ်သုံးစွဲ ပြောဆိုသကဲ့သို့ မှတ်ယူရာ၏။) (= ဝေါဒါနပစ္စုပဋ္ဌာန)၊
အသင့် လမ်းမှန်အားဖြင့် နှလုံးသွင်းမှုမရှိလျှင် ကုသိုလ်မဖြစ်နိုင်၊ ရှိမှသာ ကုသိုလ်ဖြစ်နိုင်သောကြောင့် ကုသိုလ်သည် အသင့် လမ်းမှန်စွာ နှလုံးသွင်းခြင်းလျှင် အနီးကပ်ဆုံး အကြောင်းဖြစ်သည်(= ယောနိသောမနသိကာရပဒဋ္ဌာန)။
တနည်းအားဖြင့် အပြစ်ကင်းခြင်းသည် ကုသိုလ်၏ အမှတ်လက္ခဏာ (= အနဝဇ္ဇလက္ခဏ)၊ ဖြူစင်ခြင်းသည် ကုသိုလ်၏ပြည့်စုံခြင်းဂုဏ် (= ဝေါဒါနဘာဝရသ-သမ္ပတ္တိရသ ဖြစ်သည်)၊ ကောင်းသော အကျိုးတရားသည် ကုသိုလ်၏ အကျိုး (= သုခဝိပါကပစ္စုပဋ္ဌာန, ဖလပစ္စုပဋ္ဌာနဖြစ်သည်)၊ အသင့်လမ်းမှန်စွာ နှလုံးသွင်းခြင်းသည် ကုသိုလ်၏ အနီးကပ်ဆုံး အကြောင်း ဖြစ်သည် [၄၁]။ ပဌမနည်း၌ ကုသိုလ်၏ လက္ခဏာကို အပြစ်ကင်းခြင်း ကောင်းကျိုးပေးစွမ်းနိုင်ခြင်းဟု ၂-မျိုးပြဆိုရာ ရည်ရွယ်ချက် အမျိုးမျိုးကို မူလဋီ၊၁၊၃၁-၂-၌ရှု။ ဒါနစသောပါရမီ ၁၀-ပါး၏ လက္ခဏ ရသ စသည်တို့ကိုလည်း သီလက္ခန်ဋီကာသစ် ပဌမအုပ် ဗြဟ္မဇာလသုတ်အဖွင့်၌ ကျယ်ဝန်းစွာ ဖွင့်ပြထားသည်။ (ဥတ္တမပုရိသဒီပနီ၌လည်း ပါရှိ၏၊ အလိုရှိသူတို့သည် ထိုကျမ်းတို့ကို ကြည့်ကုန်ရာသည်။ [၁]
၄-ကုသိုလ်ဖြင့် အကုသိုလ်ပယ်ပုံ
ပြင်ဆင်ရန်ကုသိုလ်သည် အကုသိုလ်ကို ဖျက်ဆီးခြင်း ကိစ္စရှိရကား အကုသိုလ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်၊ ဆန့်ကျင်သည်ဆိုရာ၌လည်း အမြဲတမ်း ကုသိုလ်က အကုသိုလ်ကို ပယ်တတ် ဖျက်ဆီးတတ်သော သတ္တိရှိ၍ အကုသိုလ်မှာမူ အပယ်ခံ အဖျက်ဆီးခံ ပယ်အပ် ဖျက်ဆီးအပ်သော သဘောရှိခြင်းကြောင့် ကုသိုလ်ကို အကုသိုလ်နှင့် ဆန့်ကျင်သည်ဟု မှတ်ယူရာသည်၊ အကုသိုလ်ကမူ ကုသိုလ်ကို ပယ်ရှား ဖျက်ဆီးခြင်းငှါ မစွမ်းနိုင်ပေ [၄၂]
အကယ်၍ အပြန်အလှန် သဘောအားဖြင့် အကုသိုလ်ကလည်း ကုသိုလ်ကို ပယ်ရှား ဖျက်ဆီးနိုင်ခဲ့ပါမူ ကုသိုလ် အမြစ်ပြတ်၍ သတ္တဝါတို့သည် အပါယ်လေးပါး၌ ပြည့်ကုန်ရာသည် [၄၃] (သတ္တဝါတို့၌ အကုသိုလ် အဖြစ်များ၍ သိုလ်ဖြစ်ခွင့်နည်းသော ဓမ္မတာသဘောကို ရည်ရွယ်ဆိုခြင်းဖြစ်သည်။)
ကုသိုလ်က အကုသိုလ်ကို ပယ်ရာ၌ (က) အကုသိုလ်ဖြစ်မှုကိုပယ်ခြင်း၊ (ခ) အကုသိုလ်၏ အကျိုးပေးမှုကို ပယ်ခြင်း-ဟု ၂-မျိုး ခွဲခြား မှတ်သားသင့်၏။
အကုသိုလ်ဖြစ်မှုကိုပယ်ခြင်း
ပြင်ဆင်ရန်(ဤနေရာ၌ အကုသိုလ် ဖြစ်ခိုက်လည်း ကုသိုလ် မဖြစ်သောကြောင့် အကုသိုလ်ကလည်း ကုသိုလ်ကိုပယ်သည် မဟုတ်ပါလော? ပယ်ရာမရောက်ပါသလော”ဟု စောဒနာ နိုင်၏။ တပြိုင်နက် စိတ် ၂-ခု မဖြစ်ကောင်းရကား အကုသိုလ်ဖြစ်ခိုက် ကုသိုလ်မဖြစ်သည်မှာ မှန်၏၊ သို့သော် ကုသိုလ်သာ ဖြစ်ခဲ့လျင် ထိုအကုသိုလ်သည် ပျောက်ရမည်ဖြစ်ရကား ကုသိုလ်မရှိကာမျှဖြင့် ကုသိုလ်ကို ပယ်သည်ဟု မဆိုသင့်။ ဥပမာ... “ကြောင်ရှိသောကြောင့် ကြွက် ပြေးသည်”ဆိုရာ၌ မပြေးလျှင် ကြောင်စား ခံရမည်ဖြစ်၍ ပြေးခြင်း, ပျောက်ခြင်း ဖြစ်သည်။ “ကြောင်မရှိ ကြွက်ထ”ဆိုရာ၌မူ ကြွက်၌ ကြောင်ကို သတ်ဖြတ် ဖျက်ဆီးနိုင်စွမ်း ရှိသောကြောင့် ကြောင်မရှိသည် မဟုတ်ပေ၊ ကြောင်လာလျှင် ထိုကြွက်များသာ ပြေးကုန် ပျောက်ကုန်ရာသည်၊ ကြွက်ထသောကြောင့် ကြောင်မရှိမဟုတ်၊ ကြောင်မရှိသောကြောင့်သာ ကြွက်ထခြင်းဖြစ်သည်၊ ကြောင်မရှိကာမျှဖြင့် ကြွက်၌ ကြောင်ကိုနိုင်သော သတ္တိ ရှိသည်ဟု မဆိုထိုက်၊ ကြောင်၏ ကြွက်နိုင်သောသဘော, ကြွက်၏ ကြောင်ကြောက်သော သဘောတို့သည် ပြောင်းလဲခြင်း မရှိပေ၊ ထို့အတူ ကုသိုလ်၏ပယ်နိုင်စွမ်း (ပဟာယကသတ္တိ)ရှိပုံ အကုသိုလ်၏ အပယ်ခံအဖျက် ဆီးခံ (ပဟာတဗ္ဗ)ဖြစ်ပုံတို့ကို နားလည်ရာသည်။)
အကုသိုလ်၏ အကျိုးပေးမှုကို ပယ်ခြင်း
ပြင်ဆင်ရန်(ခ)မှာ ကုသိုလ်ကြောင့် အကုသိုလ် အကျိုးပေးခွင့် မရခြင်း, အကုသိုလ်ကျိုး မဖြစ်ခြင်းကို ဆိုလိုသည်။ ဤအရာ၌ ထင်ရှားအောင် မဂ်ကုသိုလ်တို့ကြောင့် အကုသိုလ် အကျိုးပေးခွင့် ပယ်ပုံကို တင်ပြလိုသည်၊ သောတာပတ္တိမဂ်သည် ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး ဝိစိကိစ္ဆာ ၁-ပါး ဤငါးပါးကိုပယ်သည်၊ မဂ်ဖြစ်ဆဲ၌ ထို၅-ပါးတို့ ရှိသည်မဟုတ်ကြ၍ အဘယ်ကို ပယ်ပါသနည်း? ဟု ပုစ္ဆာထုတ် နိုင်၏။ အဖြေကား မဂ်က ကိလေသာကို ပယ်၏ ဆိုခြင်းသည် လောက၌ သစ်ပင်ကို အမြစ်ပါ မကျန် ဖျက်ဆီးသကဲ့သို့ သတ်ဖြတ်ဖျက်ဆီး နေရသည်မဟုတ်ပါ၊ ခန္ဓာသန္တာန်၌ မဂ်စိတ် ဖြစ်ပေါ်ပြီးသည့်အချိန်မှစ၍ ဆိုင်ရာ ကိလေသာတို့ ဘယ်သောအခါမှ ဖြစ်ပေါ်မလာနိုင် သည်ကိုပင် မဂ်က ကိလေသာကို ပယ်သည် သတ်သည်ဟု တင်စား၍ ခေါ်ကြခြင်း ဖြစ်သည်၊ [၄၄]စသည်လည်း ကြည့်။ ဤနည်း အတိုင်းပင် တရားတစ်ခုက တရားတစ်ခုကို ပယ်သည် သတ်သည်ဟု ဆိုရာတို့၌ မှတ်ကုန်ရာသည်။
ဤကား (က) အမျိုးအစားဖြင့်ပယ်ရာ၌ ကာမ မဟဂ္ဂုတ်တို့နှင့် မတူပုံကို ပြခြင်းဖြစ်သည်။ အကုသိုလ် အကျိုးပေးခွင့် ပယ်ပုံကို ဆက်လက်ပြဆိုဦးအံ့— အကြင် (သောတာပန်)ပုဂ္ဂိုလ်အား သောတာပတ္တိမဂ်မဖြစ်ခဲ့လျှင် သောတာပတ္တိမဂ် မရခဲ့လျှင် ထိုပုဂ္ဂိုလ်အဖို့ အပါယ်ကျဦးမည်၊ ၇-ဘဝထက်အလွန် သံသရာ လည်ရဦးမည်၊ အဘယ်ကြောင့်ဆိုသော် အပါယ်ကျရန် ၇-ဘဝထက်ဖြစ်ရန် အကြောင်း တရားများ (ကိလေသာ) ရှိသောကြောင့် ဖြစ်သည်၊ သောတာပတ္တိမဂ် ဖြစ်သောအခါ ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ လုံးဝဖြစ်ပေါ်မလာသောကြောင့် အပါယ်မကျ၊ ၇-ဘဝထက် အလွန်သံသရာလည်ခြင်းလည်း မရှိတော့ပေ။ ထို့ကြောင့် သောတာပတ္တိမဂ်က အပါယ်ကျခြင်း, ၇-ဘဝထက်ကျော်လွန်၍ သံသရာလည် ရခြင်းဟူသော အကုသိုလ်အကျိုးတရား ဖြစ်ခြင်းကို ပယ်ရာရောက်ပေသည်၊ ၇-ဘဝထက် လွန်၍ အကုသိုလ်အကျိုးပေးခွင့် ရှိနိုင်တော့မည် မဟုတ်ပေ-ဟု ဆိုလို၏။ ဤအရာ၌ အပါယ်ဘုံ၌ ဖြစ်စေသော ကံသာ အကုသိုလ် ကံမဟုတ်လော? သုဂတိဘုံ၌ ၇-ဘဝထက် အလွန်ဖြစ်စေသောကံသည်ကား လောကီ ကုသိုလ်ကံဖြစ်၍ ကုသိုလ်၏အကျိုးကိုပါ ပယ်ရာ မရောက်ပြီလော? ဟု စောဒနာဘွယ်ရှိ၏။ ထိုလောကီကုသိုလ်ကံ၏ အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ တဏှာစသည်ကို ပယ်ခြင်းကြောင့် ၇-ဘဝထက်အလွန် အကျိုးမပေးသည် ဖြစ်ရကား အကုသိုလ်ကျိုးကိုပင် ပယ်သည်မည်၏။ ပယ်သည်သတ်သည်ဟုဆိုသော စကားများကား လောကဝေါဟာရ စကားများဖြစ်၍ အဘိဓမ္မာ၌ ဥပစာဟု သဘောပေါက်လျှင် ဤပြဿနာများ အလိုလိုပြီးနိုင်ပါသည်။ အထက်မဂ် ၃-ပါးတို့၌လည်း ထိုနည်းတူစွာ မှတ်သားရာ၏။ အကျယ်ကို [၄၅]တို့၌ကြည့်။)
ကာမကုသိုလ်, မဟဂ္ဂုတ်ကုသိုလ်တို့သည်လည်း မဂ်ကုသိုလ်ကဲ့သို့ အကုသိုလ် အကျိုးပေးမှုကို ပယ်၏ဟု ဆိုနိုင်ပါသည်၊ သို့သော် မဂ်ကုသိုလ်ကဲ့သို့ တဖန် မဖြစ်ပေါ်အောင် မစွမ်းနိုင်ပေ၊ ထို့ကြောင့် မဂ်ကုသိုလ်ကိုသာ တင်ပြခြင်း ဖြစ်၏။ ခိုးသူဘဝက ပြုခဲ့သော ပါဏာတိပါတကံ များစွာတို့သည် (အရဟတ္တ)မဂ် ကုသိုလ်ကြောင့် ပဋိသန္ဓေကျိုး ပေးခွင့်မရပဲ အဟောသိကံ ဖြစ်သွားသော အရှင်အင်္ဂုလိမာလမထေရ်၏ ဝတ္ထုသည် ထင်ရှားသော သာဓကဖြစ်သည်၊ ထိုအကြောင်းနှင့် စပ်လျဉ်း၍ “ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ = အကြင်သူသည် ပြုအပ်သော မကောင်းမှု အကုသိုလ်ကို (အရဟတ္တမဂ်) ကုသိုလ်ဖြင့် ပိတ်ဆို့ ပယ်ဖျက်ရာ၏”ဟု ဘုရားရှင် ဟောတော်မူသည်။ [၄၆]
အကုသိုလ်ပယ်ရာ၌ကာမကုသိုလ်ကတဒင်္ဂ ပဟာနသတ္တိ, မဟဂ္ဂုတ်ကုသိုလ်က ဝိက္ခမ္ဘနပဟာနသတ္တိ မဂ်ကုသိုလ်က သမုစ္ဆေဒပဟာနသတ္တိဖြင့် ပယ်သည်ဖြစ်၍ ပယ်ပုံခြင်း ကွဲပြား ခြားနားသည်၊ တဒင်္ဂပဟာနသတ္တိဆိုသည်မှာ ဒါနစေတနာစသောကုသိုလ်အင်္ဂါက မစ္ဆေရ-စသော အကုသိုလ်အင်္ဂါများကို ပယ်ခြင်း ဖြစ်သည်၊ ကာမကုသိုလ်သည် မဟဂ္ဂုတ် ကုသိုလ် မဂ်ကုသိုလ်တို့နှင့် နှိုင်းစာလျှင် တန်ခိုး အာနုဘော်နည်းပါးသောကြောင့် မီးရောင်ရှိခိုက်အမှောင်ပျောက်၍ မီးရောင်မရှိက မှောင်မြဲ မှောင်ပြန်သကဲ့သို့ မိမိတည်ဆဲ ဖြစ်ဆဲခဏ၌သာ အကုသိုလ်ကို ပယ်နိုင်သည်၊ မိမိဖြစ်ဆဲ ခဏ၌ ပယ်ခြင်းကို “တဒင်္ဂပဟာနသတ္တိ”ဟု မှတ်သင့်၏။
ဝိက္ခမ္ဘနပဟာနသတ္တိဆိုသည်မှာ ကာမစ္ဆန္ဒစသော အကုသိုလ်တို့ကို ခွါခြင်း, မဖြစ်အောင် တားမြစ်ခြင်း ဖြစ်သည်။ မဟဂ္ဂုတ် ကုသိုလ်သည် သမာဓိပြဓာန်း အားကောင်းသော ဈာန်ပင်ဖြစ်၍ အကုသိုလ်မဝင်အောင် အတန်ကြာကြာတားထားနိုင်သည်၊ ဥပမာ-ရေပြင်ရှိ မှော်များကိုအိုးဖြင့် ပုတ်ခတ်ဖယ်ရှားသောအခါ မှော်များသည် အဝေးရောက်သွားလျက် (အိုးပြန်ယူ ပြန်ရုတ်လိုက်သော်လည်း) ရုတ်တရက် ပြန်ရောက်စုဝေးမလာပေ၊ ထို့အတူ ဥပစာရဈာန် အပ္ပနာဈာန်တို့ဖြင့် ပယ်သော ကာမစ္ဆန္ဒစသော နီဝရဏအကုသိုလ်တို့သည် ဈာန်ဝင်စားခိုက် မဟုတ်စေကာမူ (ဈာနလာဘီ ပုဂ္ဂိုလ်တို့အား) လွယ်လွယ်ကူကူ လွှမ်းမိုးဖြစ်ပေါ်မလာနိုင်ပေ။ ထို့ကြောင့် ဝိက္ခမ္ဘနပဟာနကို ခွါသောအားဖြင့် ပယ်ခြင်း = ခွါ၍ ပယ်ခြင်းဟု ရှေးဆရာတော်များ အနက်ပြန်ဆိုကြသည်။
သမုစ္ဆေဒပဟာနသတ္တိဆိုသည်မှာကောင်းစွာ ဖြတ်ခြင်း၏ အစွမ်းအားဖြင့် ပယ်ခြင်း ဖြစ်သည်။ ပယ်ပြီးအကုသိုလ်တို့ကို နောင်တဖန် မဖြစ်ရအောင် အပြီးအပိုင် လက်စသတ် ပယ်ရှား ဖျက်ဆီးခြင်းကို ကောင်းစွာ ဖြတ်ခြင်းဟု ဆိုလိုသည်။ ဥပမာ “မိုးကြိုးပစ်ခံရသော သစ်ပင်သည် အမြစ်ပါ ပျက်စီးသည် ဖြစ်၍ နောင်တဖန် ရှင်သန် ပေါက်ရောက် မလာနိုင်တော့ပဲ တခါတည်း သေဆုံးသကဲ့သို့ မဂ်ကုသိုလ်ဖြင့် ပယ်သော အကုသိုလ်တို့သည် (တစ်ရံတစ်ခါမျှ ဖြစ်ပေါ်မလာနိုင်တော့ပဲ) ပြန်လမ်းမရှိသော ပျက်စီးခြင်းဖြင့် ပျက်စီး ပျောက်ကွယ်သွားရသည် (ဖြစ်ခွင့်ရှိလျှင် ဖြစ်နိုင်သော အကုသိုလ်ကို အနုသယခေါ်၏) [၄၇]
(အနုသယ-သဘောကို မှန်ကန်စွာ သိလိုပါလျှင် ကထာဝတ္ထုပါဠိတော်ကို လေ့လာပါ။) [၁]
၅-ကုသိုလ်က အကုသိုလ်ထက်အားကြီးပုံ
ပြင်ဆင်ရန်ကုသိုလ်သည် (အထက် ဖော်ပြခဲ့သည့် အတိုင်း သတ္တိ ၃-မျိုးဖြင့် အကုသိုလ်ကို ပယ်ဖျောက်နိုင်ခြင်း ကြောင့်) အကုသိုလ်ထက် အားကြီးပုံ, အကုသိုလ်၏ ကုသိုလ်အောက် အားနည်းပုံတို့ကို သိမြင်နိုင်သည် [၄၈] ကုသိုလ်သည် အဖန်တလဲလဲ ပွါးများအပ် ထုံအပ်သောကြောင့် (အာသေဝနသတ္တိရသောကြောင့်) အားကြီး၍ အကုသိုလ်မှာမူ ပွါးများအပ်, ထုံအပ်သော သဘောမရှိသောကြောင့် (အာသေဝန သတ္တိကင်းသောကြောင့်) အားနည်းသည် [၄၉] (ဤအရာ၌ ကုသိုလ်ကဲ့သို့ အာသေဝနသတ္တိ များစွာ မရခြင်းကို ကင်းသည်ဟု ဆိုလို၏ လုံးဝမရဟု မမှတ်ယူသင့်။) ကုသိုလ်တို့၌ သဒ္ဓါ, ဝီရိယ, သတိ သမာဓိ ပညာ, ဟိရီ, ဩတ္တပ္ပဟူသော အား ၇-ပါး ပါဝင်ခြင်းကြောင့် အားကြီးသည်၊ အကုသိုလ်၌ကား အထက်ပါ အားများမရှိ၊ အဟိရိက အနောတ္တပ္ပအား ၂-ပါးသာ ရှိ၍ ထိုအားများသည်လည်း ဆန့်ကျင်ဘက် တွေ့လျှင် မတုန်မလှုပ် ခံနိုင်ရည် ရှိသော အားများမဟုတ်ကြ၊ ယှဉ်ဘက်တရားတို့ကို ခိုင်ခံရုံသာ စွမ်းနိုင်သော တရားများ ဖြစ်သည်၊ ထို့ကြောင့် အကုသိုလ်သည် အားနည်း၏ဟုလည်း မှတ်ယူနိုင်သည် [၅၀] အကုသိုလ်ကို အားနည်း၏ ဟူ၍ မထေမဲ့မြင် မပြုသင့်၊ မိမိသန္တာန်၌ သဒ္ဓါ ဗိုလ်စသော ကုသိုလ်အားမရှိခဲ့လျှင် အားမရှိသော ကိလေသာတို့၏ လွှမ်းမိုးနှိပ်စက်ခြင်း ခံရတတ်သည် [၅၁] မိလိန္ဒပဉှာ၌— မိလိန္ဒမင်းကြီးက “အကုသိုလ်သည် ဒိဋ္ဌဓမ္မ အကျိုးပေးများခြင်းကြောင့်လည်းကောင်း, အကျိုးပေးမြန်သောကြောင့်လည်းကောင်း, ကုသိုလ်ထက် အားကြီးသည် မဟုတ်လော”ဟု သာဓက ဥပမာများစွာတို့ဖြင့် လျှောက်ထားရာ အရှင်နာဂသေနက ကုသိုလ်ကသာလျှင် အကုသိုလ်ထက် အားကြီးကြောင်းကို အထောက် အထားယုတ္တိ သာဓက ဥပမာတို့ဖြင့် ဖြေကြားတော်မူရာ မိလိန္ဒမင်းကြီးသည် သာဓုခေါ်၍ ကုသိုလ်၏ အားကြီးသည့် အဖြစ်ကို ဝန်ခံရသည်။ အကျယ်ကို-[၅၂]၌ ကြည့်။ [၁]
၆-ကုသိုလ်ဖြစ်ရန် အကြောင်းများ
ပြင်ဆင်ရန်ကုသိုလ်၏အကြောင်းတရားများကိုသုတ္တန် အဘိဓမ္မာ ၂-မျိုးခွဲလျက် ဖော်ပြလိုပေသည်။
အင်္ဂုတ္တရနိကယ်၌ “ရဟန်းတို့—မဖြစ်သေးသော ကုသိုလ်တို့ဖြစ်ပေါ်ရန် ဖြစ်ပေါ်နေဆဲ အကုသိုလ်တို့ ဆုတ်ယုတ်ရန် မမေ့မလျော့ခြင်း (အပ္ပမာဒ)မှလွဲ၍ အခြားတရားကို ငါဘုရား မြင်တော်မမူ၊ မမေ့မလျော့သောသူအား မဖြစ်သေးသော ကုသိုလ်တို့သည် ဖြစ်ကုန်၏၊ ဖြစ်ဆဲ အကုသိုလ်တို့သည် ဆုတ်ယုတ်ကုန်၏”ဟု အပ္ပမာဒ (သတိ)ကို ကုသိုလ်ဖြစ်ကြောင်းတရား အဖြစ်ဖြင့် ဟောတော်မူသည်။
ထိုနည်း အတူပင်အားထုတ်ခြင်း(ဝီရိယ) အလိုနည်းခြင်း (အပ္ပိစ္ဆတာ), ရောင့်ရဲခြင်း (သန္တုဋ္ဌိတာ), အသင့် လမ်းမှန်စွာနှလုံးသွင်းခြင်း (ယောနိသောမနသိကာရ) ကောင်းစွာ အပြားအားဖြင့် သိခြင်း (သမ္ပဇည), မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း (ကလျာဏမိတ္တတာ), ကုသိုလ်မှုတို့ကို အားထုတ်ခြင်း (ကုသလာနုယောဂ)တို့ကိုလည်း ကုသိုလ်ဖြစ်ကြောင်းတရားများဟု ဟောတော်မူသည် [၅၃]
“မှန်သောအမြင်(သမ္မာဒိဋ္ဌိ)နှင့်ပြည့်စုံသူအား မဖြစ်သေးသော ကုသိုလ်တို့လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးကုသိုလ်တို့သည်လည်း အတိုင်းထက်အလွန် ပြန့်ပွါးများပြားရန် ဖြစ်ကုန်၏”ဟု သမ္မာဒိဋ္ဌိကို ကုသိုလ်ဖြစ်ကြောင်းဟု ဟောတော်မူသည် [၅၄] ပဌမပါပဏိကသုတ်၌ “နံနက်အခါ နေ့ လယ်အခါညချမ်းအခါတို့၌ သမာဓိ၏အာရုံကို ရိုသေစွာ ဆောက်တည်သော ရဟန်းသည် မရသေးသောကုသိုလ်ကိုရရန် ရပြီးကုသိုလ်ကို တိုးပွါးစေရန် ထိုက်၏” ဟူ၍၎င်း ဒုတိယ ပါပဏိကသုတ်၌ “ရဟန်းတို့—ဤသာသနာတော်၌ ရဟန်းသည် ပညာမျက်စိအမြင်ရှိ၏ (သစ္စာ၄-ပါးကို မှန်စွာသိ၏)၊ ထူးမြတ်သော ဝီရိယရှိ၏ (ဉာဏ်ယှဉ်သောဝီရိယရှိ၏)၊ အမှီ
ကောင်းနှင့်ပြည့်စုံ၏ (သံသယဝင်၍ မေးမြန်းသောအခါ ကောင်းစွာ ဖြေကြားနိုင်သော သီတင်းသုံးဖော်ရှိ၏)၊ ဤ ၃-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် မကြာမီ ကုသိုလ်တို့၌ များမြတ် ပြန့်ပြောခြင်းသို့ ရောက်၏” ဟူ၍၎င်း သမာဓိထူထောင်မှုနှင့် ပညာမျက်စိ ရှိခြင်းစသော အင်္ဂါ ၃-ပါးတို့ကို ကုသိုလ်ဖြစ်ရန်အကြောင်းဟု ဟောတော်မူသည် [၅၅] သံယုတ္တနိကာယ်လာ အဝိဇ္ဇာသုတ်၌ “ပညာသည် ကုသိုလ်ဖြစ်ရန် ရှေ့သွားခေါင်း ဆောင်ဖြစ်၏”ဟူ၍၎င်း ဗောဇ္ဈင်္ဂသံယုတ် ပဌမကုသလသုတ်၌ “ခပ်သိမ်းကုန်သော ကုသိုလ်တို့သည် မမေ့မလျော့ခြင်း (သတိ)လျှင် အကြောင်းရင်း မူလရှိကုန်၏”ဟူ၍၎င်း ဒုတိယကုသလသုတ်၌ ခပ်သိမ်းကုန်သော ကုသိုလ်တို့သည် အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်း (ယောနိသောမနသိကာရ)လျှင် အကြောင်းရင်း မူလရှိကုန်၏ဟူ၍၎င်း ပညာ, သတိ, ယောနိသောမနသိကာရတို့ကို ကုသိုလ် ဖြစ်ဘို့ အကြောင်း ဟု ဟောတော်မူသည် [၅၆] ဤကားသုတ္တန်လာ ကုသိုလ် ဖြစ်ကြောင်းတို့တည်း။
အဘိဓမ္မာနည်းကို ဆက်လက်ပြဦးအံ့၊ ယမိုက်ပါဠိတော်၌ အလောဘ, အဒေါသ, အမောဟ ၃-ပါးတို့ကို ကုသိုလ်၏အကြောင်းများဟု ဟောတော်မူသည် [၅၇] ကုသိုလ်စိတ်အစု ဖြစ်ပေါ်လာသောအခါ ပါဝင်သော စိတ်, ဖဿ, ဝေဒနာစသော တရား အသီးသီးတို့သည် မိမိတို့၏ ပစ္စယသတ္တိအားလျော်စွာ သဟဇာတစ်မျိုး ပစ္စယသတ္တိတို့ဖြင့်၎င်း အာရုံ ၆-ပါး အကြောင်းတရားတို့က ထိုက်သည့်အားလျော်စွာ အာရမ္မဏမျိုး ပစ္စယသတ္တိတို့ဖြင့်လည်းကောင်း, ဝုဋ္ဌော-မနောဒွါရဝဇ္ဇန်း စသော ရှေးရှေးစိတ်တို့က အနန္တရမျိုးပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုသောကြောင့်၎င်း ရှေးရှေးစိတ်နှင့် အတူဖြစ်သော ဟဒယဝတ္ထုက
ဝတ္ထုမျိုး ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုသောကြောင့်လည်းကောင်း, အားကြီးသော (အရဟတ္တမဂ် အရဟတ္တဖိုလ်မှတစ်ပါး) စိတ် ၈၇ စေတသိက် ၅၂, ရုပ် ၂၈, အကြောင်း ဖြစ်ထိုက်သော ကာလ ဒေသ စသော ပညတ်တို့က ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုသောကြောင့်၎င်း ကုသိုလ်ဖြစ်ပေါ်ရခြင်းဖြစ်သည်။ အကျဉ်းချုပ်မှာ ကုသိုလ်သည် ပစ္ဆာဇာတ ဝိပါကမှ တစ်ပါး ၂၂-ပါးသော အကြောင်း ပစ္စည်းတရားတို့ကြောင့် ဖြစ်ပေါ်လာရသည်။ ဤကား ပဋ္ဌာန်းနည်းအရပြဆိုခြင်းဖြစ်သည်။ (ပဋ္ဌာန်း ပဥှာဝါရနှင့် အဘိ၊ဋ္ဌ၊၁၊၁၀၁-တို့ကို ကြည့်။) (ဤကား ပါဠိတော် တိုက်ရိုက်ပါသော ကုသိုလ်ဖြစ်ကြောင်းတို့ကို သင့်လျော်ရုံ အမြွက်မျှ ပြဆိုခြင်းဖြစ်၏၊ အဋ္ဌကထာ, ဋီကာတို့၌လည်း ကုသိုလ်ဖြစ်ကြောင်းတို့ကို အရာဌာန အားလျော်စွာ ဖွင့်ပြကြ၏၊ ဤ၌ အကျယ် မပြသာပေ။) [၁]
၇-ကုသိုလ်ဖြစ်ရန် အခါအခွင့်
ပြင်ဆင်ရန်ဩကာသ ဘုရားရှိခိုးဆိုသောအခါတိုင်း “ရပ်ပြစ် ၈-ပါးမှ လွတ်ရပါလို၏” ဟူသော ဆုတောင်းကို ဆိုမိကြပေလိမ့်မည်၊ ထိုရပ်ပြစ် ၈-ပါးမှ လွတ်သောအခါကောင်းကား ဘုရားပွင့်သောအခါ သာသနာ တည်သောအခါ ဖြစ်ပေသည်၊ ထိုအခါကို ရပ်ပြစ် ၈-ပါးမှ ရေတွက်သော် ၉-ခုမြောက်ကျ၍ “ဘုရားပွင့်ရာ ကိုးခု မြောက်အခါ (ဝါ) “ဗုဒ္ဓုပ္ပါဒနဝမက္ခဏ”ဟု ဆိုရသည်[၅၈] (မြတ်သောအကျင့် ဟူသော မဂ်လမ်း ဖိုလ်လမ်း ကျင့်စဉ်များကို ကျင့်ခွင့်မရသော အရပ်မျိုး, ဘဝမျိုးကို ပြစ်ရှိသောအရပ် (ဝါ) ရပ်ပြစ် ၈-ပါးဟု ခေါ်ဆိုသည်။)
မဂ်ဖိုလ်ဟူသော မြတ်သော အကျင့်များကို ကျင့်သုံးခွင့်ရသော ဗုဒ္ဓုပ္ပါဒနဝမက္ခဏသည် ကုသိုလ်ဖြစ်ရန် အခွင့်ကောင်း အခါကောင်းဖြစ်သည်။ ဘုရားမပွင့်သော သာသနာပအခါတို့၌လည်း ကုသိုလ်ဖြစ်သည်မဟုတ်ပါလော ? ဟု စောဒနာ ဝင်လိုသူတို့အတွက် စက် ၄-ပါးဟူသော အခွင့်ကောင်း အခါကောင်းကြီးကို ထပ်မံပြဆိုသည်။ သင့်လျော်သော အရပ်၌ နေထိုင်ရခြင်း သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရခြင်း မိမိ၏ ကိုယ်စိတ် ၂-ပါးကို ကောင်းစွာဆောက်တည် ထားခြင်း, ရှေးက ပြုဘူးသော ကောင်းမှု ရှိခြင်းဟူသော စက် ၄-ပါးတို့သည် ကုသိုလ် ဖြစ်ခြင်း၏ အခွင့်ကောင်း အခါကောင်း ကုသိုလ်ဖြစ်ခွင့်ပေးသော ခဏကောင်းများ ဖြစ်ကြသည်၊ ထိုစက် ၄-ပါးနှင့်ပြည့်စုံသူသည် ဧကန်မုချ ကုသိုလ် ဖြစ်ပွါးမည် ဖြစ်သည်၊ အောက်ထစ် အနည်းဆုံး မိမိကိုယ်စိတ်ကို ကောင်းစွာ ဆောက်တည်ခြင်း (နေရာမှန် ထားခြင်း)ဟူသော အတ္တသမ္မာပဏိဓိစက်နှင့် ကင်း၍ ကုသိုလ်ဖြစ်ရိုး ထုံးစံမရှိပေ [၅၉][၁]
၈-ကုသိုလ်၏အကျိုး
ပြင်ဆင်ရန်ကုသိုလ်၏အကျိုးများကို ကမ္မ, စေတနာ ပုဒ်တို့၌ ကျယ်ဝန်းစွာ ဖော်ပြထားပြီး ဖြစ်၍ ဤ၌ မရေးပဲ ချန်လှပ်ထားခဲ့သည်။ အလို ရှိသူတို့သည် ထိုပုဒ်တို့၏ အမှာစကားတို့ကို ကြည့်ရှုကြရန်သာ ဖြစ်သည်၊ ၉-တိုက်တွန်းချက် ကုသိုလ်ပြုရန် မည်မျှအရေးကြီးသည်ကို သိနိုင်ကြရန် ဘုရားရှင်၏ တိုက်တွန်းချက် ဒေသနာတော်အချို့ကိုဖော်ပြ၍ နောက်ဆုံး ပိုင်းအနေဖြင့်တိုက်တွန်းချက်ကိုဖော်ပြလို၏။ ကုသိုလ် ကာယကံ ဝစီကံ မနောကံတို့နှင့် ပြည့်စုံလျှင် ပညာရှိမည်၏ဟု အကုသလသုတ်၌ ဟောတော်မူခြင်းကြောင့် လူမိုက်စာရင်း မဝင်လိုသူတို့သည် ကုသိုလ်ကို ကြိုးစားအား
ထုတ်ကုန်ရာ၏ [၆၀] သက္ကပဉှသုတ် [၆၁] ၌ “နတ်တို့အရှင်သိကြားမင်း-မှီဝဲအပ် မှီဝဲသင့်သော သောမနဿဝေဒနာ, မမှီဝဲအပ် မမှီဝဲသင့်သော သောမနဿဝေဒနာတို့ကို ငါဟောမည်၊ အကြင်သောမနဿကို မှီဝဲသော် ငါ့အား အကုသိုလ်တို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တို့သည် ဆုတ်ယုတ်ကုန်၏၊ ထိုသောမနဿမျိုး မမှီဝဲအပ် မမှီဝဲသင့်။ အကြင်သောမနဿကို မှီဝဲသော် ငါ့အား အကုသိုလ်တို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တို့သည်တိုးပွါးကုန်၏၊ ထိုသောမနဿမျိုးကို မှီဝဲအပ် မှီဝဲသင့် မှီဝဲထိုက်သည်။ မှီဝဲရမည်” ဟု အစချီလျက် ကုသိုလ်တိုးပွါးအောင် ပြုတတ်သော ဝေဒနာတို့ကို မှီဝဲရှာမှီးရန်, အကုသိုလ်ဖြစ်မည့် ဝေဒနာတို့ကို ရှောင်ကြဉ်ရန် တိုက်တွန်းတော်မူသည်။
ထိုဝေဒနာတို့ကိုသာ မဟုတ်သေး၊ ကိုယ်ဖြင့် ကျင့်အပ်သောအမှု (= ကာယသမာစာရ) နှုတ်ဖြင့်ကျင့်အပ်သောအမှု (= ဝစီသမာစာရ) ရှာမှီးခြင်း (= ပရိယေသန) ၃-ပါးတို့ကိုလည်းကောင်း, အဆင်း, အသံ, အနံ့, အရသာ, အတွေ့ (ပသာဒရုပ် သုခုမရုပ် စိတ် စေတသိက် နိဗ္ဗာန် ပညတ်-ဟူသော) ဓမ္မ-ဟု ဆိုအပ်သောအာရုံ ၆-ပါးတို့ကို၎င်း ကုသိုလ် ဖြစ်ပွါးမည်ဆိုက မှီဝဲသုံးဆောင် ရှာမှီးရန် အကုသိုလ်ဖြစ်မည်ဆိုက ရှောင်ကြဉ်ရန် တိုက်တွန်း ဟောကြားတော်မူသည်။
ဝိပဿီ-အစရှိသော ရှေးဘုရားရှင်တို့သည် အာဏာပါတိမောက်ခေါ် အဆုံးအမ ဩဝါဒကို ၇-နှစ်တစ်ကြိမ်-စသည်ဖြင့် ပေးတော်မူကုန်၏။ (ဝိပဿီ ဘုရားရှင်သည် ၇-နှစ်တစ်ကြိမ် သီခီနှင့် ဝေဿဘူ ဘုရားရှင်တို့သည် ၆-နှစ် တစ်ကြိမ်, ကကုသန်နှင့် ကောဏာဂုမ် ဘုရားရှင်တို့သည် ၁-နှစ်တစ်ကြိမ်ကဿပ ဘုရားရှင်သည် ၆-လ တစ်ကြိမ် အာဏာပါတိမောက် ပြတော်မူ၏။) ထိုဘုရားရှင်တို့၏ အဆုံးအမ ဩဝါဒဖြစ်သော ၃-ဂါထာတို့တွင် “သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ” ဟူသော ဂါထာသည် ပဓာနဖြစ်သည်။ မြန်မာပြန်ဆိုရသော် (၁) အလုံးစုံသော မကောင်းမှုကို မပြုရခြင်း (၂) ကုသိုလ်ကို ပြည့်စုံစေခြင်း (၃) မိမိစိတ်ကို ဖြူစင်စေခြင်း၊ ဤ ၃-ပါးသည် ဘုရားရှင်တို့၏ အဆုံးအမပေတည်းဟု အဓိပ္ပါယ်ထွက်သည်။
ထို၃-မျိုးတို့တွင်ကုသိုလ်ကိုပြည့်စုံစေခြင်း ဟူသော (၂) အချက်ကို လိုက်နာကျင့်သုံးက (၁) (၃) အချက်များဖြစ်သော အကုသိုလ် မကောင်းမှု မပြုခြင်း, မိမိစိတ် ဖြူစင်စေခြင်းတို့ကို အလိုလို ကျင့်သုံးပြီးဖြစ်၍ ၁-ချက်ခုတ် ၃-ချက်ပြတ်သဘော သက်ရောက်သည် [၆၂]
“ကုသိုလ်တို့မှ မကြောက်ကုန်လင့်၊ ကုသိုလ်ဟူသော အမည်သည် လူ နတ် နိဗ္ဗာန် ၃-တန်သော ချမ်းသာ၏ အမည်ပေတည်း၊ လူ နတ် နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရခြင်း၏ နီးစွာသော အကြောင်းတည်း” ကုသိုလ်ကို ကြောက်ရွံ့ နောက်တွန့်နေသူတို့အား ကောင်းကျိုးချမ်းသာ ညွှန်ပြလျက် ကုသိုလ်တရား ပွါးများ အားထုတ်ကြရန် ဘုရားရှင်က တိုက်တွန်းနှိုးဆော်တော်မူသည်၊ ကုသိုလ်ပြုလုပ်ရမှာ ကြောက်ရွံ့သူသည် ချမ်းသာရမည်ကို ကြောက်ရာရောက်ပေလိမ့်မည်။ [၆၃]
ဆိုခဲ့ပြီးသော ဒေသနာတော်တို့ကို ထောက်ဆ၍ “ကုသိုလ်မှုသည် ငါ့ဥစ္စာ, ငါ့ ကိုးကွယ်ရာဖြစ်သည်” ဟူသော အသိဉာဏ် စိတ် (ကမ္မဿကတာဉာဏ်)ဖြင့် ကုသိုလ် ကောင်းမှုတို့ကို တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ် ပြုလုပ်ဆည်းပူးကြကုန်ရာသည်။ အကုသိုလ်မှုသည် အကျိုးစီးပွားကို ဖျက်ဆီးတတ်, အကျိုးမဲ့ ဖြစ်စေတတ်သောကြောင့် ငါ့ဥစ္စာ, ငါလုပ်ရမည့် အလုပ်မဟုတ်၊ ကုသိုလ်မှုသည်သာ အကျိုးမဲ့ကို ဖျက်ဆီးတတ်, အကျိုးစီးပွား ဖြစ်စေတတ်၍ ငါ့ဥစ္စာ, ငါလုပ်ရမည့် အလုပ်ဟူ၍ အမှန်အတိုင်း သိမြင်သောဉာဏ်သည် ကမ္မဿကတာဉာဏ်မည်၏၊ ထိုဉာဏ်ဖြင့် ကုသိုလ်ကောင်းမှု အားထုတ်၍ သံသရာ၌ ချမ်းသာသုခ စံစားကြကုန်လျက် အရဟတ္တဖိုလ်စခန်းသို့ မြန်းကြကုန်သူတို့ကား မရေမတွက်နိုင်အောင်ပင် ရှိကြလေကုန်ပြီ[၆၄] [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ တိပိဋကအဘိဓာန် အတွဲ-၆
- ↑ ဒီ၊ဋ္ဌ၊၃၊၆၇
- ↑ (ဒီ၊ဋီ၊၃၊၆၄
- ↑ မူလဋီ၊၁၊၂၈
- ↑ အဘိ၊ဋ္ဌ၊၁၊၈၁၊ ၁၀၅။ ဒီ၊ဋ္ဌ၊၃၊၆၇။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၄-၅)။
- ↑ အဘိ၊ဋ္ဌ၊၁၊၁၁၈-၁၂၃-
- ↑ (ဒီ၊၃၊၁၈၂)
- ↑ အဘိ၊ဋ္ဌ၊၁၊၂၀၁-၃။ ဝိဘာဝိနီ၊၁၇၅-၈။ အဘိဓမ္မာဝတာရ၊ဋီ၊သစ်၊၁၊၁၉၅-၉-
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၅၇)။
- ↑ (အနုဋီ၊၁၊၁၁၇။)။
- ↑ အနုဋီ၊၁၊၁၁၇-
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၀၅)
- ↑ (ဝိဘာဝိနီ၊၈၈-၉။ ဝတာရ၊ဋီ၊သစ်၊၁၊၂၀၆)။
- ↑ (ဝတာရ၊ဋီ၊သစ်၊၁၊၂၀၅)
- ↑ ဝတာရ၊ဋီ၊သစ်၊၁၊၂၀၃။
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၀၅-၆)
- ↑ (အဘိ၊ဝိ၊၂၆၇။ အဘိ၊ဋ္ဌ၊၁၊၂၁၁။ သင်္ဂဟ၊၄-၅။ ဝိဘာဝိနီ၊၇၆၊ ၉၂)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၈၇)။
- ↑ (သင်္ဂဟ၊၃၅)။
- ↑ အဘိ၊ဋ္ဌ၊၁၊၂၂၇-၉။ ဝတာရ၊ဋီ၊သစ်၊၁၊၂၀၉-၁၀။ ဝိဘာဝိနီ၊၉၄-
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၅၉)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၈၇)။
- ↑ (ဝတာရဋီ၊ သစ်၊၁၊၂၃၃)။
- ↑ အဘိ၊ဋ္ဌ၊၁၊၂၉၇-
- ↑ (ဝိဘာဝိနီ၊၉၉။ ဝတာရ၊ဋီ၊သစ်၊၁၊၂၄၀)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၈၇)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၀၉)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၅၉။ ဝိဘာဝိနီ၊၉၉)။
- ↑ အဘိ၊ဋ္ဌ၊၁၊၂၆၆။ သင်္ဂဟ၊၆၆
- ↑ (မ၊၁၊၅၀)
- ↑ (အံ၊၃၊၄၈၃)
- ↑ (အံ၊၃၊၄၅၃)
- ↑ (မ၊၃၊၁၁၆-၁၂၁။ မ၊ဋ္ဌ၊၄၊၉၅)
- ↑ (မ၊၁၊၅၂-၃)
- ↑ (ဒီ၊၃၊၈၄)
- ↑ (ဒီ၊၃၊၂၂၇။ ဒီ၊ဋ္ဌ၊၃၊၂၃၉)
- ↑ (အဘိ၊ဓ၊၁၇-၉၀)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၇၉၊ ၁၈၀)။
- ↑ အဘိ၊ဋ္ဌ၊၁၊၁၅၀-၂၀၆
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၀၅။ မူလဋီ၊၁၊၃၁။ ဝတာရ၊ဋီ၊သစ်၊၁၊၁၇၂-၅)
- ↑ (မူလဋီ၊၁၊၂၉။ ဝိဘာဝိနီ၊၈၁)။
- ↑ (အနုဋီ၊၁၊၂၉)။
- ↑ (အဘိ၊ဋ္ဌ၊၃၊၂၁၅။ ၎င်းဋီ၊၉၂) အဘိ၊ဋ္ဌ၊၁၊၂။ ၂၇၇-
- ↑ အဘိ၊ဋ္ဌ၊၁၊၂၇၇-၉။ မူလဋီ၊၁၊၁၁၇။ မဓု၊ဋီ၊၂၀၆-
- ↑ (မ၊၂၊၃၀၇။ မ၊ဋ္ဌ၊၃၊၂၃၅။ ဓမ္မ၊၃၉။ ဓမ္မ၊ဋ္ဌ၊၂၊၁၁၁)။
- ↑ အဘိ၊ဋ္ဌ၊၁၊၃၈၆-၇။ ဝတာရ၊ဋီ၊သစ်၊၁၊၁၇၃-၄။ ၎င်း ဋီ၊သစ်၊၂၊၃၅၅)။
- ↑ (မူလဋီ၊၁၊၂၉။ ဝတာရ၊ဋီ၊သစ်၊၁၊၁၇၆)။
- ↑ (အလင်္ကာ၊ဋီ၊သစ်၊ဟောင်း၊၅၁)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၆၇-၈၊ ၂၉၅။ ဝိဘာဝိနီ၊၂၂၃)။
- ↑ (သုတ္တနိ၊၃၉၉။ သုတ္တနိ၊ဋ္ဌ၊၂၊၂၃၀)။
- ↑ မိလိန္ဒ၊၂၈၀-၄-
- ↑ (အံ၊၁၊၁၀-၁၃)။
- ↑ (အံ၊၁၊၃၂)။
- ↑ (အံ၊၁၊၁၁၄၊ ၁၁၅)။
- ↑ (သံ၊၃၊၂၊ ၈၁)။
- ↑ (ယမက၊၁၊၆)။
- ↑ (အံ၊၃၊၆၀-၁)။
- ↑ (အံ၊၁၊၃၄၁။ အဘိ၊ဋ္ဌ၊၁၊၁၀၀-၁။ မူလဋီ၊၁၊၆၀)။
- ↑ (အံ၊၁၊၁၀၂)။
- ↑ (ဒီ၊၂၊၂၂၁-၂၂၅။)
- ↑ (ဒီ၊၂၊၄၂။ ဓမ္မ၊၄၁။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၃)။
- ↑ (အံ၊၂၊၄၆၅။ ဣတိဝုတ်၊၂၀၅။ အဘိ၊ဋ္ဌ၊၁၊၃၈။ ဣတိဝုတ်၊ဋ္ဌ၊၇၀-၁)။
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၃၃-၄)။