ကျိုက်လတ်မြို့နယ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ကျိုက်လတ်မြို့ ဖြစ်သည်။

ကျိုက်လတ်မြို့နယ်
မြို့နယ်
ဖျာပုံခရိုင်အတွင်းတည်နေရာ
ဖျာပုံခရိုင်အတွင်းတည်နေရာ
ကျိုက်လတ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်လတ်မြို့နယ်
ကျိုက်လတ်မြို့နယ်
ဖျာပုံခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°26′35″N 95°42′51″E / 16.44306°N 95.71417°E / 16.44306; 95.71417ကိုဩဒိနိတ်: 16°26′35″N 95°42′51″E / 16.44306°N 95.71417°E / 16.44306; 95.71417
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဖျာပုံခရိုင်
အုပ်ချုပ်ရေးမြို့ကျိုက်လတ်မြို့
လူဦးရေ (၂၀၁၄)၁၉၃,၃၄၀[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၈၄၀ ခုနှစ်ခန့်က ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ စစ်ဘေးဒဏ်ကြောင့် ပြောင်းရွှေ့လာသော မွန်လူမျိုးတို့သည် ယခု ကျိုက်လတ်မြို့နေရာတွင် ကျေးရွာတည်ထောင်ခဲ့သည်။[၂] ရွာသူ၊ ရွာသားတို့က ဉာဏ်တော် ၉ တောင်ရှိ စေတီတစ်ဆူကို တည်ထားကိုးကွယ်ကြရာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် မွန်ဘာသာဖြင့် ကျိုက်လွိုက် (ကျိုက် = ဘုရား၊ လွိုက် = ပြိုလဲခြင်း) ဘုရားပြိုရွာဟုခေါ်ရာမှ စ၍ နောင်တွင် ကျိုက်လတ်ဟု ခေါ်တွင်ခဲ့သည်။[၂]

ကျိုက်လတ်မြို့ကို ၁၈၆၁ ခုနစ်တွင် တည်ထောင်ခဲ့ပြီး၊ ၁၈၈၇ ခုနစ်တွင် သုံးခွခရိုင်ထဲ၌ ပါဝင်ခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ်မြို့အုပ် မစ္စတာမက္ကဆွဲနှင့် အတွင်းရေးမှူး ဦးစိန်ထူးတို့မှ မြို့၏ ကွက်သစ်များကို စတင် ပန္နရိုက်ပြီး မြို့တည်ခဲ့သည်။[၂]

၁၉၉၀ ပြည့်နှစ်တွင် မြို့ကော်မတီဖွဲ့စည်းပြီး၊ ၁၉၀၅ ခုနှစ်တွင် မြူနီစပါယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မြူနီစပါယ်အဖွဲ့နှင့် ဒေသန္တရအဖွဲ့တို့က ကျိုက်လတ်မြို့ကို ၂၇-၅-၁၉၀၅ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၉ ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ကျိုက်လတ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆.၃၅ ပေအထက်တွင် တည်ရှိသည်။[၂]

ပထဝီဝင် ပြင်ဆင်ရန်

တည်နေရာအကျယ်အဝန်း ပြင်ဆင်ရန်

ကျိုက်လတ်မြို့သည် မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း မြစ်ဝကျွန်းပေါ်တွင် တည်ရှိ၍ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၀ မိနစ်မှ ၁၆ ဒီဂရီ ၄၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်မှ ၉၅ ဒီဂရီ ၅၅ မိနစ်အကြားတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၂၇၄.၃၁၂ စတုရန်းမိုင် ဖြစ်ပြီး၊ မြို့၏အကျယ်အဝန်းမှာ ၁.၂၂ စတုရန်းမိုင် ဖြစ်သည်။[၂]

နယ်နမိတ် ပြင်ဆင်ရန်

ကျိုက်လတ်မြို့သည် အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်၊ အနောက်ဘက်တွင် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ်၊ မြောက်ဘက်တွင် မအူပင်မြို့နယ်တို့နှင့် နယ်မြေချင်း ထိစပ်ပါသည်။[၂]

မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး အရှေ့မှ အနောက်ဘက်သို့ စီးဆင်းသည်။ ရေအရင်းမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေးအသုံးပြုရန် ရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး ရာသီမရွေး စက်လှေ၊ သင်္ဘောများဖြင့် သွားလာနိုင်သည်။[၂]

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်သည်။

ကျိုက်လတ်မြို့နယ်အတွင်းတွင် တောရိုင်းတိရစ္ဆာန်များ မရှိသော်လည်း ကုက္ကိုလမုမိုးမခဓနိကွမ်းသီးအုန်းနှင့် သရက်ပင်များ ပေါများပါသည်။

ကျိုက်လတ်မြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ ၈.၂ စင်တီမီတာ ဖြစ်ပြီး၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများမှာ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တွင် မုန်တိုင်းအန္တရာယ် တစ်ကြိမ်စီနှင့် ၂၀၁၂ ခုနှစ်တွင် လေပြင်းတိုက်ခတ်မှု ၁ ကြိမ် ကြုံတွေ့ခဲ့သည်။[၂]

လူဦးရေ ပျံ့နှံ့နေထိုင်မှု ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်တွင် ကရင်ချင်းမွန်ဗမာရခိုင်နှင့် ရှမ်းလူမျိုးများ နေထိုင်ကြပြီး ၂၀၁၉ စက်တင်လ၏ စစ်တမ်းအရ အိမ်ခြေပေါင်း ၄၃၄၁၂၊ အိမ်ထောင်စုပေါင်း ၄၃၇၃၁ ရှိသည်။ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၄၂၁ ရွာ ရှိသည်။[၂]

ထို့ပြင် ကျိုက်လတ်မြို့တွင် တရုတ် (လူဦးရေ ၃၈၉)၊ အိန္ဒိယ (လူဦးရေ ၆၈၉)၊ ပါကစ္စတန် (လူဦးရေ ၄၃)၊ ဘင်္ဂလားဒေ့ရှ် (လူဦးရေ ၂) နှင့် အခြားလူမျိုးစု ၂၁၁ ဦးလည်း နေထိုင်ကြသည်။[၂]

ကိုးကွယ်မှု ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်တွင် ကိုးကွယ်သည့်ဘာသာနှင့် လူဦးရေမှာ ဗုဒ္ဓဘာသာ (၁၇၈၅၄၁)၊ ခရစ်ယာန် (၁၆၅၉၂)၊ ဟိန္ဒူ (၆၂၅) နှင့် အစ္စလာမ်ဘာသာ (၃၄၄) တို့ ဖြစ်သည်။[၂]

စီးပွားရေး ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်သည် စီးပွားရေးအရ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး၊ အဓိကထွက်ကုန်များမှာ ဆန်/စပါး ဖြစ်သည်။ ထို့ပြင် ကြက်မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် ပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။[၂]

ပညာရေး ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်တွင် စက်မှုသိပ္ပံကောလိပ် တည်ရှိပြီး၊ အထက်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၇ ကျောင်း၊ အလယ်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ မူလတန်းလွန်ကျောင်း ၃၀ ကျောင်း၊ အမကကျောင်း ၁၁၉ ကျောင်း၊ မူလတန်းကြိုကျောင်း ၉ ကျောင်းနှင့် ဘ.က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်း ရှိသည်။[၂]

ကျန်းမာရေး ပြင်ဆင်ရန်

ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အစိုးရဆေးရုံ ၁ ခု၊ တိုက်နယ်အစိုးရဆေးရုံ ၁ ခု၊ အစိုးရဆေးပေးခန်း ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၂ ခု ရှိသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၇။
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ကျိုက်လတ်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များကျိုက်လတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (စက်တင်ဘာ ၂၀၁၉)။