ခလုပစ္ဆာဘတ်ဓုတင်
ခလုပစ္ဆာဘတ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ခလုပစ္ဆာဘတ်ဓုတင် ဆောက်တည်သည့် ရဟန်းသည် ဆွမ်းစားစဉ် “တော်ပြီ” ဟု ပယ်မြစ်ပြီးမှ တစ်ဖန် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။ (ခလုပစ္ဆာဘတ်ဓုတင် မဆောက်တည်သော ရဟန်းများမှာမူ အတိရိတ်ဝိနည်းကံ ပြုပြီးလျှင် နောက်တစ်ဖန် ပြန်၍ စားနိုင်၏။)[၁]
ဆောက်တည်ပုံ
ပြင်ဆင်ရန်ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အတိရိတ် ဝိနည်းကံပြု၍ စားခြင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊
ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ပယ်မြစ်ပြီးမှ အတိရိတ်ဝိနည်းကံ ပြု၍ရသော ဆွမ်းကို မစားသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ဓုတင်ဆောင် ရဟန်း ၃-မျိုး
ပြင်ဆင်ရန်(၁) ပဌမ ဆွမ်းလုပ်၌ ပဝါရိတ်သင့်မှု မဖြစ်နိုင်၊ ပဌမ ဆွမ်းလုပ်ကို မျို၍အပြီး (စားဆဲခဏ၌) အခြား ဘောဇဉ်ကို ပယ်မြစ်မှသာ ပဝါရိတ် သင့်နိုင်သည်၊ သို့ဖြစ်၍ အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင်ရဟန်းသည် ပဌမဆွမ်းလုပ်ကို မျို၍အပြီး ပဝါရိတ်သင့်ခဲ့သော် ဒုတိယ ဆွမ်းလုပ်ကို ဆက်မစားရတော့ချေ။
(၂) အလတ်စား (= မဇ္ဈိမ)ဓုတင်ဆောင်ရဟန်းသည် ဘောဇဉ်ကို စားခိုက် ပဝါရိတ်သင့်စဉ် အတွင်း သပိတ်၌ ကြွင်းသရွေ့ ဘောဇဉ်ကို ဆက်၍ စားနိုင်၏။
(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင်ရဟန်းသည်ကား နေရာမှ မထသေးသမျှ စားနိုင်သည်။ ယင်း ရဟန်း ၃-မျိုးလုံး ပဝါရိတ်သင့်ပြီးဖြစ်လျက် ဣရိယာပုထ် တပါး၌ တဖန်ရပြန်သော ဘောဇဉ်ကို အပ်စပ်အောင် ပြုစေ၍ စားသော ခဏ၌ ဓုတင် ပျက်၏။ [၂]
ဓုတင် ပျက်စီးခြင်း
ပြင်ဆင်ရန်အတိရိတ် ဝိနည်းကံပြုထားသော ဆွမ်းဘောဇဉ်ကို စားသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]
ခလုပစ္ဆာဘတ္တိကဓုတင် ဆောင်ရကျိုး
ပြင်ဆင်ရန်- (၁) အတိရိတ် ဝိနည်းကံ မပြုပဲစားခြင်းကြောင့် သင့်သောအာပတ်မှ ဝေးကွာခြင်း၊
- (၂) ဝမ်းပြည့်အောင်စားမှုမရှိခြင်း၊
- (၃) အာမိသ၌ သိုမှီးမှု “သန္နိဓိ” ကင်းသူဖြစ်ခြင်း၊
- (၄) တဖန် ရှာမှီးမှု မရှိခြင်း၊
- (၅) အပ္ပိစ္ဆတာ စသော ဂုဏ်အားလျော်သော အသက်မွေးမှု ရှိခြင်း ဟူသော ယင်း အကျိုးများကို ရနိုင်သည် [၃]။ [၂]
တိုက်တွန်းချက်
ပြင်ဆင်ရန်-ခလုပစ္ဆာဘတ္တဓုတင်ဆောင် ပုဂ္ဂိုလ်သည် အစာကိုရှာမှီးခြင်းဖြင့် ပင်ပန်းဆင်းရဲခြင်းသို့ မရောက်။
-ဆွမ်းစသော အာမိသကို သိုမှီးမှုမပြု။
-ဝမ်းဗိုက်ပြည့်တင်းအောင် စားမိခြင်းကို ပယ်နိုင်၏။
ထို့ကြောင့် မြတ်စွာဘုရားချီးမွမ်းအပ်သော သန္တောသဂုဏ်ကျေးဇူး စသည်တို့၏ တိုးပွားခြင်းကို ဖြစ်စေတတ်သော၊ အလိုကြီးခြင်းကိလေသာ၏ အပြစ်ဆိုးတို့ကို ခါထုတ်လိုသော ယောဂီရဟန်းသည် ခလုပစ္ဆာဘတ္တဓုတင် ကို ကြိုးစားကျင့်ဆောင်အပ်ပေတော့၏။ [၄]