ခြေမြန်တပ်မဌာနချုပ် (အင်္ဂလိပ်: Light Infantry Division) (အတိုကောက် တမခ) ဆိုသည်မှာ တပ်မတော် (ကြည်း)၏ ပင်မတိုက်ခိုက်ရေးတပ်များ (သို့မဟုတ်) ပင်မခြေလျင်တပ်များ ဖြစ်ကြသည်။ ခြေမြန်တပ်မဌာနချုပ်များသည် ပြည်တွင်းသောင်းကျန်းမှုများ စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှစ၍ ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းစစ်ဆင်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့သော ခြေလျင်တိုက်ခိုက်ရေးတပ်များ ဖြစ်ကြသည်။ ခြေမြန်တပ်မဌာနချုပ်များသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များနှင့် ဖွဲ့စည်းပုံအသွင်တူညီကြသော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များမှာ တိုင်းစစ်ဌာနချုပ်များ၏ အစိတ်အပိုင်းများဖြစ်ကြပြီး ခြေမြန်တပ်မဌာနချုပ်များမှာ ဦး၊ ရေး၊ ထောက်၊ စစ်ဘက်တရားစီရင်ရေးတို့ကိုသာ တိုင်းစစ်ဌာနချုပ်ကလွှမ်းမိုးပြီး စစ်ဆင်ရေးကိစ္စရပ်များတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ဆင်ရေးဌာနခွဲ (တစ်နည်းအားဖြင့် စစ်ဆင်ရေးအထူးအဖွဲ့များ)က တိုက်ရိုက်ကွပ်ကဲသည်။ လက်ရှိတွင် ခြေမြန်တပ်မဌာနချုပ် ၁၀ ခုရှိပြီး အများစုမှာ အလယ်ပိုင်းအညာဒေသတွင် အခြေစိုက်ကြသည်။

ခြေမြန်တပ်မဌာနချုပ် (တမခ) တစ်ခုလျှင် ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်းထားပြီး ခြေလျင်/ခြေမြန်တပ်ရင်း ၃ ကို နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့(နဗဟ)တစ်ခုစီဖြင့် နည်းဗျူဟာမှူးတစ်ဦးက ကွပ်ကဲသည်။ ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းအနက် ၉ ရင်းမှာ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့များ၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ကျန် ၁ ရင်းသည် ခြေမြန်တပ်မဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသည်။ သို့ရာတွင် လက်ရှိ တပ်မတော်၏ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ ယခင်ဖွဲ့စည်းပုံအင်အားနှင့် အလွန်ကွာခြားလျက်ရှိရာ စစ်ဆင်ရေးများတွင် ခြေလျင်/ခြေမြန်တပ်ရင်း ၂ ရင်း (သို့မဟုတ်) ၃ ရင်းခန့်မှ အင်အားများကို ထုတ်နုတ်၍စုပေါင်းကာ စစ်ကြောင်းများအဖြစ် ကွပ်ကဲသည်။ မြေပြင်စစ်ဆင်ရေးတွင် အမြင့်ဆုံး အနီးကပ်ကွပ်ကဲသည့်အရာရှိမှာ တပ်မမှူး ဖြစ်ပြီး နည်းဗျူဟာမှူး၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအား ဆက်သွယ်ရေးဖြင့် တိုက်ရိုက်အမိန့်ပေးကွပ်ကဲလေ့ရှိသည်။

ခြေမြန်တပ်မများသည် တပ်မတော်(ကြည်း)တွင် အခြားတိုက်ခိုက်ရေးတပ်များထက် ပိုမိုကြမ်းတမ်းခြင်း၊ တိုက်ရည်ခိုက်ရည်မြင့်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ တပ်ဖွဲ့ဝင်များ၏ စိတ်နေစိတ်ထားတို့ကြောင့် အကြမ်းဆုံးခြေလျင်တပ်များဟု သတ်မှတ်ကြသည်။ သို့ရာတွင် ခြေမြန်တပ်မများမှာ စစ်ဆင်ရေးအပြည့်အဝထွက်ရသည့် တပ်များဖြစ်သဖြင့် အင်အားပြုန်းတီးလျက်ရှိရာ ခြေမြန်တပ်မဌာနချုပ်တစ်ခုလျှင် ပျမ်းမျှအင်အား ၂,၀၀၀ အောက်သာရှိသည်။ ခြေမြန်တပ်မဌာနချုပ်တွင် တပ်ဖွဲ့ဝင်အားလုံးသည် ဘယ်ဘက်လက်မောင်း၌ ခြေမြန်တပ်မဌာနချုပ်၏ တံဆိပ်ကို တပ်ဆင်ရပြီး ညာဘက်လက်မောင်းတွင် သက်ဆိုင်ရာ ခြေလျင်တပ်ဖွဲ့၊ အမြှောက်တပ်ဖွဲ့၊ အင်/ယာတပ်ဖွဲ့၊ ဆေးဝန်ထမ်းတပ်ဖွဲ့ အစရှိသော လက်ရုံး၊ ဝန်ထမ်းတံဆိပ်များကို တပ်ဆင်ကြရသည်။ ထူးခြားချက်မှာ ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ရသော လက်ရုံး၊ ဝန်ထမ်းမဟုတ်သည့် တိုက်ခိုက်ရေး၊ ရုံးလုပ်ငန်းဆောင်ရွက်ရသည့် တပ်ဖွဲ့ဝင်များသည် တပ်သားအဆင့်မှ တပ်ရင်းမှူးအဆင့်ထိပင် ခြေလျင်တပ်တံဆိပ်ကို တပ်ဆင်ရပြီး ခြေမြန်တပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာမူ ရုံးလုပ်ငန်းဆောင်ရွက်ရသူများဖြစ်ပါက ခြေမြန်တပ်မဌာနချုပ်တံဆိပ်အား လက်မောင်းနှစ်ဖက်လုံး၌ တပ်ဆင်ကြရသည်။ ထို့ကြောင့် ဘယ်ဘက်တွင် တပ်မတံဆိပ်၊ ညာဘက်တွင် ခြေလျင်တံဆိပ်တပ်ဆင်ထားသော ဗိုလ်မှူးအဆင့်အရာရှိတစ်ဦးအား ခြေလျင်/ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး(သို့)ဒုတပ်ရင်းမှူး(သို့)ဌာနချုပ်တပ်ခွဲမှူးဟု သိနိုင်ပြီး လက်မောင်းနှစ်ဖက်လုံး တပ်မတံဆိပ်တပ်ဆင်ထားသော ဗိုလ်မှူးတစ်ဦးအား ခြေမြန်တပ်မဌာနချုပ်မှ စစ်ဦးစီး(ဒုတိယတန်း)တစ်ဦးဖြစ်သည်ဟု သိနိုင်သည်။ အလားတူပင် ဘယ်ဘက်တွင် တပ်မတံဆိပ်၊ ညာဘက်တွင် ခြေလျင်တံဆိပ်တပ်ဆင်ထားသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးအား ခြေလျင်/ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးဟု သိနိုင်ပြီး လက်မောင်းနှစ်ဖက်လုံး တပ်မတံဆိပ်တပ်ဆင်ထားသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးအား ခြေမြန်တပ်မဌာနချုပ်မှ စစ်ဦးစီးမှူး(ပထမတန်း) (သို့မဟုတ်) ယာယီနည်းဗျူဟာမှူးတစ်ဦးဖြစ်ကြောင်း ခွဲခြားသိရှိနိုင်သည်။ ဗိုလ်မှူးကြီးအဆင့်နှင့်အထက်သည် ဌာနချုပ်၏ တံဆိပ်ကိုသာ လက်မောင်းနှစ်ဖက်လုံး၌ တပ်ဆင်ကြသည်။ ခြေမြန်တပ်မဌာနချုပ်များ၏ အမှတ်စဉ်များကို ဗိုလ်ချုပ်ကြီးနေဝင်းက အစီအရင်ယတြာများအရ ပူးဂဏန်းများ မှည့်တွင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

ခြေမြန်တပ်မဌာနချုပ်တွင် ဗိုလ်မှူးချုပ်တစ်ဦးက တပ်မမှူး၊ ဗိုလ်မှူးကြီးတစ်ဦးက ဒုတိယတပ်မမှူးအဖြစ် ကွပ်ကဲသည်။ ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးအဖြစ်သို့ ရာထူးတိုးခံရသော ဗိုလ်မှူးကြီးအဆင့်အရာရှိသည် ယာယီတပ်မမှူးအဖြစ် တစ်နှစ်တိတိတာဝန်ထမ်းဆောင်ပြီးမှသာ တပ်မမှူး(ဗိုလ်မှူးချုပ်)အဆင့်သို့ အတည်ပြုတိုးမြှင့်ခန့်ထားသည်။ ခြေမြန်တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများသည် ယင်းအထက် ဒေသကွပ်ကဲရေးမှူး၊ တိုင်းမှူး စသော ရာထူးတိုးအလားအလာများသည့် ရာထူးနေရာများသို့ တိုးမြှင့်ခံရရန် အခြားအဆင့်တူရာထူးများဖြစ်သည့် တပ်မတော်ကျောင်း/တက္ကသိုလ်များမှ ကျောင်းအုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဦးစီးချုပ်၊ ဒုတိယတိုင်းမှူးများထက်ပင် အခွင့်အလမ်းများသည်။ နည်းဗျူဟာမှူးကိုမူ အနည်းဆုံး စစ်ဦးစီးတက္ကသိုလ်တက်ရောက်ပြီးသည့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးဦးကိုသာ ယာယီနည်းဗျူဟာမှူးအဖြစ်ခန့်အပ်ပြီးမှ နည်းဗျူဟာမှူး(ဗိုလ်မှူးကြီး)အဆင့်သို့ အတည်ပြုတိုးမြှင့်ခန့်ထားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ခြေမြန်တပ်မဌာနချုပ်တစ်ခုကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

  1. ခြေမြန်တပ်မဌာနချုပ်ရုံး
    1. တပ်မမှူးရုံး
    2. ဒုတိယတပ်မမှူးရုံး
      1. နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ရုံး
      2. စစ်ဦးစီးမှူး(ပထမတန်း)ရုံး
        1. စစ်ဦးစီးမှူး(ဒုတိယတန်း)(စစ်ဆင်ရေး၊ တာဝန်နှင့် လေ့ကျင့်ရေး)
          1. စစ်ဦးစီးမှူး(တတိယတန်း)(စစ်ဆင်ရေး)
          2. စစ်ဦးစီးမှူး(တတိယတန်း)(တာဝန်နှင့် လေ့ကျင့်ရေး)
        2. စစ်ဦးစီးမှူး(ဒုတိယတန်း)(စစ်ဘက်ရေးရာလုံခြုံရေး)
        3. ဦးစီးအရာရှိ(ဒုတိယတန်း)(စစ်ရေး)
          1. ဦးစီးအရာရှိ(တတိယတန်း)(စစ်ရေး)
          2. ဦးစီးအရာရှိ(တတိယတန်း)(စစ်ရေး)
        4. ဦးစီးအရာရှိ(ဒုတိယတန်း)(စစ်ထောက်)
          1. ဦးစီးအရာရှိ(တတိယတန်း)စစ်ထောက်)
          2. ဦးစီးအရာရှိ(တတိယတန်း)စစ်ထောက်)
      3. ညှိနှိုင်းကွပ်ကဲရေးမှူးရုံး
        1. ဌာနချုပ်တပ်ခွဲ
        2. ပစ်ကူပေးတပ်ခွဲ
        3. အမြှောက်တပ်စု
        4. လုံခြုံရေးတပ်စု


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ခြေမြန်တပ်မဌာနချုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ခြေမြန်တပ်မဌာနချုပ်များ နှင့် တည်နေရာများ
စဉ် အလံ တမခ တပ်မဌာနချုပ် တည်ရှိရာ နေရာ စစ်ဆင်ရေးအထူးအဖွဲ့
၁။   အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၁၁)

ရန်ကုန်တိုင်းဒေသကြီး

အင်းတိုင်မြို့

  ကစထ(၅)
၂။   အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၂၂)

ကရင်ပြည်နယ်

ဘားအံမြို့

  ကစထ(၄)
၃။   အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၃၃)

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့

  ကစထ(၁)
၄။   အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၄၄)

မွန်ပြည်နယ်

ကျိုက်ထိုမြို့

  ကစထ(၄)
၅။   အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၅၅)

ရှမ်းပြည်နယ်

ကလောမြို့

  ကစထ(၂)
၆။   အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၆၆)

ပဲခူးတိုင်းဒေသကြီး

အင်းမမြို့

  ကစထ(၃)
၇။   အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၇၇)

ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့

 ကစထ(၃)
၈။   အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၈၈)

မကွေးတိုင်းဒေသကြီး

မကွေးမြို့

  ကစထ(၁)
၉။   အမှတ်(၉၉)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၉၉)

မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့

  ကစထ(၁)
၁၀။   အမှတ်(၁ဝ၁)ခြေမြန်တပ်မ ဌာနချုပ်

တမခ(၁၀၁)

မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့

  ကစထ(၁)