ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်းကို အဖ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သထုံမြို့၊ ဇွဲကလာရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ကလေးဘဝ၌ မန္တလေးအမျိုးသားကျောင်း နှင့် ရန်ကုန်စိန့်ဖရန့်စ်ကျောင်း များတွင် ပညာသင်ယူခဲ့သည်။ ထို့နောက် ၁၀ နှစ်သားအရွယ်မှ အသက် ၂၀ အရွယ်အထိ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ၆ လခန့်အကြာတွင် ရေဒီယိုပညာ သင်ယူရန် အင်္ဂလန်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် တွင် ၁ နှစ်ခန့် ပညာသင်ယူပြီးနောက် ရေဒီယိုအီလက်ထရောနစ် ဒီပလိုမာ ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုအော်ရီကန်စတိတ်တက္ကသိုလ် တွင် ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာပညာများကို ၁ နှစ်ခန့် သင်ယူရာ ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာဒီပလိုမာ ရရှိခဲ့သည်။

ညွန့်ဝင်းသည် ဖခင်၏ဇာတ်သဘင်လုပ်ငန်းတွင် ပြင်ဆင်မွမ်းမံမှုဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ယူနိုင်ရန် ရည်သန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ညွန့်ဝင်းသည် မြန်မာ့ဇာတ်သဘင်နှင့်အလှမ်းကွာလွန်းခဲ့သဖြင့် ဇာတ်စင်ပေါ်သို့တက်ရန် ဝန်လေးနေခဲ့သည်။ ဖခင်၏နောက်သို့လိုက်ရန် သူ့အဖို့ ကြိုးပမ်းစရာ မြောက်မြားစွာ ရှိနေသည်ကို ရိပ်စားမိသည်။ ထို့ကြောင့် သူ သင်ယူခဲ့သော ရေဒီယိုပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ရန် ရည်သန်ခဲ့သည်။ ထိုအချိန်မှာပင် မြဇော်ဖလင်မှ ရုပ်ရှင်ရိုက်ရန် ညွန့်ဝင်းကို ကမ်းလှမ်းခဲ့သည်။

မြဇော်ဖလင်မှာ ရွှေမန်းတင်မောင်နှင့် ဝိမာန ဇာတ်ကားရိုက်ကူးရာမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ညွန့်ဝင်းသည် ရုပ်ရှင်မှာ သူနှင့်အလှမ်းမကွာလှ မစိမ်းလှဟု ယူဆသည်။ နိုင်ငံခြားရုပ်ရှင် အကြည့်အရှုများခဲ့ခြင်း၊ ကျောင်းကပွဲ ဆိုပွဲများမှ အလေ့အကျင့်ရခဲ့ခြင်းတို့က သူ့အား အထောက်အကူပြုလိမ့်မည်ဟု မြော်လင့်သည်။ ငယ်စဉ်ကလည်း ရုပ်ရှင်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ထားခဲ့ဖူးသည်။ ထို့ကြောင့် ရုပ်ရှင်လောကသို့ ခြေချခွင့်ရမည်ကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။

ပထမဆုံး စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ မြဇော်ဖလင်မှ ဒါရိုက်တာသိန်းဇော် ရိုက်ကူးသော သတို့သမီးအလိုရှိသည် ဇာတ်ကားဖြစ်သည်။ ကြည်စိုး၊ အောင်တင်၊ ခင်သန်းနုအေးအေးသင်းဘေဘီနွဲ့၊ ကြယ်နီတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၏ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားမှုမရှိသော်လည်း အချော့တော် သီချင်းကိုမူ ပရိသတ်က လက်ခံခဲ့ကြသည်။ ဒုတိယမြောက် ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းတင်မောင် ရိုက်ကူးသော မမထားနှင့် အပါ ဇာတ်ကားဖြစ်သည်။ မြင့်မြင့်ခင်၊ အောင်တင်၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤဇာတ်ကားမှ စတင်ပြီး ညွန့်ဝင်း၏သရုပ်ဆောင်မှုကို ပရိသတ်လက်ခံလာကြသည်။ အေဝမ်းမောင်တင်မောင်ထံမှ ရုပ်ရှင်ပညာရရန်သာ အဓိကထားပြီး ငွေကြေးတောင်းဆိုမှု လုံးဝမရှိဘဲ သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ခင်ကလည်း သရုပ်ဆောင်မှုများ၌ ညွန့်ဝင်းကို လက်တွဲခေါ်ခဲ့သည်။

ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းမောင်လှမျိုး ရိုက်ကူးသော ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။ ညွန့်ဝင်း၏အနုပညာသက်တမ်းတစ်လျှောက် အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီး ၂ ဦးမှာ အကယ်ဒမီဝါဝါဝင်းရွှေနှင့် အကယ်ဒမီခင်သန်းနုတို့ ဖြစ်သည်။ ညွန့်ဝင်း၏ဇာတ်ကားများစွာကို ကြီးကြပ်ရိုက်ကူးခဲ့သော ဒါရိုက်တာမှာ အေဝမ်းမောင်လှမျိုး ဖြစ်သည်။

ညွန့်ဝင်းသည် ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ဗန်တိုလူလေးနှင့် သူဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ အကယ်ဒမီ ဝါဝါဝင်းရွှေ၏ ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ ဝင်းဖေ ကြီးကြပ်၍ ဒါရိုက်တာ မင်းမာဃနှင့် ကျော်သိုက်ထွန်း ရိုက်ကူးသည့် တတိယအရွယ်၏ဒုတိယဝေဒနာ ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ မောင်နန္ဒ၏ သီတာခုနှစ်တန် ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း ၏ သူ့ကျွန်မခံပြီ ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်းဆန်ရေ ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။

မိသားစုပြင်ဆင်

ညွန့်ဝင်း၏ဇနီးအမည်မှာ ဒေါ်ခင်အေးမူ ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ယခုအခါ အကယ်ဒမီ ညွန့်ဝင်းသည် ရန်ကုန်မြို့၌ မိသားစုနှင့်အတူနေထိုင်လျက်ရှိသည်။

ကိုးကားပြင်ဆင်