ထိပ်တင်ပု (ပြင်စည်မင်းသား)

ပြင်စည်မင်းသား အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ပြင်စည်မင်းသား (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ကုန်းဘောင်ခေတ်တွင် ပြင်စည်မင်းသားငါးပါးရှိသည့်အနက် စတုတ္ထပြင်စည်မင်းသားမှာ ပြင်စည်မင်းသား ထိပ် တင်ပု ဖြစ်သည်။ ၎င်းကို (၁၁၇၅)ခုနှစ် (၁၈၁၃ခုနှစ်)တွင် ဖွားမြင်သည်။ ထိပ်တင်ပု၏ ခမည်းတော်မှာ တောင်ငူမင်းသား ဖြစ် ပြီး မယ်တော်မှာ တကောင်းမင်းသမီး ဖြစ်သည်။ ထိပ်တင်ပု၏ ခမည်းတော် တောင်ငူမင်းသားသည် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် ဖြစ်သည်။ တောင်ငူမင်းသားသည် နောင်တော်စစ်ကိုင်းမင်းလက်ထက် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် တောင်ငူမြို့မှ ရဲမက် လက်နက်ကိုင်အ ပြည့်အစုံနှင့် ရပ်ခံနေသည့်အတွင်း မကျန်းမမာတော်မူပြီး တောင်ငူတွင်ပင် ကံကုန်တော်မူသည်။

ပြင်စည်မင်းသား ထိပ်တင်ပုသည် သာယာဝတီမင်းလက်ထက်တွင် မဟာသီရိဓမ္မရာဇာဘွဲ့နှင့် မင်းသားကြီးအ ရာထားကာ မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟုတွင်သည်။ မင်းတုန်းမင်းလက်ထက်တွင် သုသီရိမဟာဓမ္မရာဇာဘွဲ့နှင့် မင်းသားကြီးအရာထားကာ ပြင်စည်မြို့ကို စားရသောကြောင့် ပြင်စည်မင်းသားဟု တွင်ပြန်သည်။ မင်းတုန်းမင်းလက်ထက်၊ (၁၂၄၄)ခု (၁၈၈၂ခုနှစ်) တော်သလင်းလတွင် ကံကုန်သည်။

ရေးသားသီကုံးခဲ့သော မဟာဂီတသီချင်းများ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်တွင် ပြင်စည်မင်းသားငါးပါးရှိသည့်အနက် ကဗျာအလင်္ကာရေးသားခြင်း၊ စောင်း ငြင်း ပတ္တလား တီးမှုတ်ခြင်း စသော အရာများကို အလေ့အလာ အထုံဝါသနာပါသောသူများမှာ ပြင်စည်မင်းသား မောင်နဂါးနှင့် ပြင်စည်မင်းသား ထိပ်တင်ပု တို့နှစ်ဦးသာ ဖြစ်သည်။ ကျန်သော ပြင်စည်မင်းသား သုံးပါးမှာ စာဆိုတော်များ မဟုတ်ကြပေ။ ပြင်စည်မင်းသား မောင်နဂါးသည်လည်းကောင်း၊ ထိပ်တင်ပုသည်လည်းကောင်း မဟာဂီတ သီချင်းများ ရေးဖွဲ့ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးရေးစပ်ခဲ့သည့် ပတ်ပျိုးယိုးဒယား၊ တလိုင်း (မွန်သံ)များ ကို မည်သည့်ပြင်စည်မင်းသားက မည်သည့်သီချင်းများကို ရေးသည်ဟု မဟာဂီတစာအုပ်များတွင် ခွဲခွဲခြားခြား ဖော်ပြထားခြင်းမရှိဘဲ ပြင်စည်မင်းသား ရေးသည်ဟုသာ ယေဘူယျ ဖော်ပြထားရာ မှားယွင်းရောထွေးလေ့ ရှိသည်။

ပြင်စည်မင်းသား ထိပ်တင်ပုသည် မြင်ကွန်းမင်းသားဘဝနှင့် သာယာဝတီမင်းလက်ထက်တွင် "မြန်ချာမြေကို" ပတ်ပျိုးကို ရေးခဲ့သည်။ ပြင်စည်မင်းသားအဖြစ်နှင့် မင်းတုန်းမင်းလက်ထက်တွင် အများဆုံး ရေးသားခဲ့သည်။ "ကုန်းဘောင်အာဟိန်ညွှန့်၊ သင်္ခါရွှေရောင်၊ အမရပူရိန်၊ ပြထားငယ်သည့် ဝေသဝဏ်၊ မြမန်းကိုက်ရုံ၊ မုရိုးငယ် တည့် ထက်စည်သံ၊ မျှော်တိုင်းခုဝယ်၊ သေသော်သာ မြတ်လေသိ" ပတ်ပျိုးတို့ကိုလည်းကောင်း၊ "မင်္ဂလာသီရိ မြေမြတ်စွာ" အစချီသည့် မန္တလေးမြို့ဘွဲ့ကိုလည်းကောင်း၊ "တောင်ဇမ္ဗူပိုင်” နှင့် ဝေဇယန္တာနန်းဘုံ" ယိုးဒယား တို့ကိုလည်းကောင်း ရေးသားခဲ့သည်။

ပြင်စည်မင်းသား ထိပ်တင်ပု၏ အဆက်အနွယ်များ ပြင်ဆင်ရန်

ပြင်စည်မင်းသားထိပ်တင်ပုတွင် ထိပ်တင်ဝင့်၊ ထိပ်တင်ကြည်နှင့် ထိပ်တင်ညို ဆိုသည့် သားတော်သမီးတော် (၃)ပါး ထွန်းကားသည်။ သားတော်ကြီး ထိပ်တင်ဝင့်ကို ခမည်းတော် ထိပ်တင်ပု ကံကုန်သည့် (၁၂၄၄)ခုနှစ် (၁၈၈၂ ခုနှစ်)၊ က ဆုန်လဆန်း(၁၄)ရက်တွင် မင်းတုန်းမင်းက "မင်းရဲသင်္ခယာ"ဘွဲ့ကို ပေးသနားတော်မူသည်။

သမီးတော် ထိပ်တင်ကြည်သည် ခမည်းတော် ခြေရာနင်းပြီး မဟာဂီတသီချင်းများကို ရေးသားခဲ့သည်။ "သဗ္ဗဂီ တက္ကမ ပကာသနီကျမ်း" ပေမူတွင် ထိပ်တင်ကြည် ရေးသည့် ပတ်ပျိုးသီချင်း (၈) ပုဒ် ပါဝင်သည်။

သားတော်အငယ်ဆုံး ထိပ်တင်ညိုသည်လည်း ခမည်းတော်နည်းတူ စာပေသမားပင် ဖြစ်သည်။ (၁၂၆၈)ခုနှစ် (၁၉၀၆ခုနှစ်)တွင် မင်းသားထိပ်တင်ညိုသည် "ဒဓိဝါဟန နှင့် ပါသာဒစန္ဒီ" ဝတ္ထုရှည် (ပထမတွဲ) ကို ရေးသားထုတ်ဝေခဲ့သည်။ ဒုတိယတွဲကိုမူ (၁၂၇၀)ခုနှစ် (၁၉၀၈ခုနှစ်) တွင် ဆက်လက်ရေးသား ထုတ်ဝေခဲ့သည်။

ပြင်စည်မင်းသားထိပ်တင်ပု၏ သားတော်သမီးတော်များသည် ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရလက်ထက် အထိ ရှိခဲ့ကြသေးသည်။ အင်္ဂလိပ်အစိုးရက နိုင်ငံရေးပင်စင် ထောက်ပံ့ခဲ့ရာ ထိပ်တင်ဝင့်နှင့် ထိပ်တင်ကြည်တို့ သည် (၄၀)ကျပ်စီ ရရှိပြီး ထိပ်တင်ညိုသည် (၂၀)ကျပ် ရရှိခဲ့သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မောင်သန်းဆွေ (ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်းမှ ပြင်စည်မင်းသားရှင်းတမ်း