ပစလာယမာနသုတ်

ဗ္မါ ဘာသာစကား၌ ဘုရား ဆိုသည်ကား အရူး ကိုပြောပါသည် ဗုဒ္ဓ. ဆ်ိုတာ အယူဆ ကို ပြောပါသည် ယခု မိုးညင

[၁]ဘုရားရှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့အနီး ပဲစင်းငုံတောဝယ် သီတင်းသုံးနေတော်မူစဉ် မဂဓနိုင်ငံ ကလ္လဝါဠပုတ္တရွာ၌ ၇-ရက်လုံးလုံး စင်္ကြန်ဖြင့် တရားအားထုတ် နေသဖြင့် ပင်ပန်းနွမ်းနယ်လှသဖြင့် စင်္ကြန်ဦး၌ အိပ်ငိုက်(မျည်း)နေသော အရှင်မောဂ္ဂလ္လာန်ထေရ်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် တွေ့မြင်တော်မူသဖြင့် ဣဒ္ဓိဝိဓ အဘိညာဉ်ဖြင့် ဘုရားရှင်ကြွတော်မူလာပြီး အရှင်မောဂ္ဂလ္လာန်ထေရ်အား ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်သော တရား၇-ပါးကို ဟောတော်မူပါသည်။ သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခများကို အားမထုတ်သင့်ပုံ သမာဓိကို ပျက်စီးစေနိုင်သော ရဟန်း ရှင်လူတို့နှင့် ရောနှောဆက်ဆံမှုကို ရှောင်သင့်ပုံ၊ တောရကျောင်းတို့၌ နေထိုင် အားထုတ်မှုကိုသာ ချီးမွမ်းတော်မူကြောင်း မိန့်ကြားတော်မူပါသည်။

အရှင်မောဂ္ဂလ္လာန်က တဏှာသင်္ခယဝိမုတ္တ (ရဟန္တာပုဂ္ဂိုလ်၏ ပုဗ္ဗဘာဂ ပဋိပဒါ)ကမ္မဋ္ဌာန်းကို အကျဉ်းချုပ် ဟောတော်မူပါရန် လျှောက်ထားသဖြင့် ယင်း ကမ္မဋ္ဌာန်းအကျဉ်းချုပ်ကို ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဤသုတ်သည် အရှင်မောဂ္ဂလ္လာန်ထေရ်အား ဩဝါဒ လည်းဖြစ်, ဝိပဿနာလည်းဖြစ်ပုံ၊ ဤဝိပဿနာကို ပွားများအားထုတ်သဖြင့် အရှင်မောဂ္ဂလ္လာန်ထေရ် ရဟန္တာဖြစ်ပုံကို ပြထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက် များစွာရှိပါသည်။ [၂]


အရှင်မဟာမောဂ္ဂလ္လာန် ရဟန်းပြုပုံ ပြင်ဆင်ရန်

အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ ဖြစ်တော်မူသော ကောလိတပရိဗိုဇ်သည် အရှင်သာရိပုတြာအလောင်းအလျာ ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်ထံမှ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ အစရှိသည့် အရှင်အဿဇိ မထေရ် ဟောကြားတော်မူလိုက်သည့် သစ္စာလေးပါးနှင့် စပ်သည့် တရားဂါထာဒေသနာတော်ကို နာကြားခွင့်ရရှိသည့် အတွက် သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ ထိုနေ့ကား တပို့တွဲလဆန်း (၁)ရက်နေ့ ဖြစ်၏၊ ထိုနေ့ ညနေချမ်းမှာပင် ဥပတိဿပရိဗိုဇ် ကောလိတပရိဗိုဇ်နှင့် တကွ နောက်လိုက်တပည့်ပရိဗိုဇ် (၂၅၀)တို့သည် သိဉ္စဉ်း ဆရာကြီး၏ အရံမှ ထွက်ခွာပြီးနောက် ဝေဠုဝန်ကျောင်းတိုက်တော်သို့ သွားရောက်ကာ ဘုရားရှင်၏ ထံတော်မှောက်၌ ဧဟိ ဘိက္ခု ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ဘုရားရှင်ထံတော်မှ တရားတော်ကို နာယူပြီးသည်၏ အဆုံး၌ ယင်းတပည့်ရဟန်း (၂၅၀)တို့သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြ၏၊ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ကား မိမိတို့ ရရှိမည့် အဂ္ဂသာဝကဗောဓိဉာဏ်တို့၏ ကြီးကျယ်မြင့်မြတ်သည့်အတွက်ကြောင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရေးအတွက် ဆက်လက်ကာ သမထ-ဝိပဿနာ ဘာဝနာတို့ကို ကြိုးပမ်းကြဦးမည် ဖြစ်ကြပေသည်။[၃]

အိပ်ချင်ငိုက်မျဉ်းမှု ပယ်ဖျောက်ကြောင်းတရား ပြင်ဆင်ရန်

ထို့နောင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်သည် မာဂဓတိုင်းအတွင်းရှိ ကလ္လဝါဠပုတ္တရွာငယ်ကို ဆွမ်းခံရွာ အဖြစ် အမှီပြုကာ ယင်းရွာ၏ အနီးရှိ တောအုပ်တစ်ခုအတွင်း၌ ကျိန်းစက်မှု မပြုဘဲ စင်္ကြံသွားခြင်း ရပ်ခြင်း ထိုင်ခြင်း ဣရိယာပုထ်တို့ဖြင့် (၇)ရက်တိုင်တိုင် ရဟန်းတရားကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူလေသည်။ (၇)ရက်မြောက်သောနေ့တွင် စင်္ကြံဦးတွင် ထိုင်လျက် တရားအားထုတ်နေခိုက်တွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားက နှိပ်စက်လာ၏၊ ထိုအခါတွင် ဘုရားရှင် ကြွလာတော်မူကာ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက် ကြောင်းတရား (၇)မျိုးကို ဟောကြားပြသပေးတော်မူ၏၊ ဘုရားရှင် ညွှန်ကြားပေးတော်မူသည့် နည်းလမ်းကောင်းများကို ရိုသေစွာ လိုက်နာလျက် ကျင့်သုံးတော်မူလေရာ အထူးသဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် ပွားများလျက် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ရှားကာ ရဟန်းတရားကို ဆက်လက် ကြိုးပမ်းတော်မူလေရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။[၃]

အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇)မျိုး ပြင်ဆင်ရန်

ဤတွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇)မျိုးတို့၏ အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏ ..။

၁။ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ဖြစ်စေနိုင်သည့် အာရုံကို နှလုံးမသွင်းခြင်း၊

၂။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို စိတ်ဖြင့် အဖန်ဖန် စူးစမ်းဆင်ခြင်ခြင်း၊

၃။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊

၄။ နှာခေါင်းနှင့် နားနှစ်ဖက်တို့ကို ဆွဲငင်ပေးခြင်း၊ လက်ဖြင့် ကိုယ်ကို သုံးသပ်ဆုပ်နယ်ခြင်း၊

၅။ နေရာမှ ထကာ မျက်နှာသစ်ခြင်း၊ အရပ်မျက်နှာတို့ကို ကြည့်ခြင်း၊ နက္ခတ်တာရာတို့ကို ကြည့်ခြင်း၊

၆။ ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်း အာလောကသညာကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် အဓိဋ္ဌာန်ပြုလျက် အရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများခြင်း၊

၇။ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို သွတ်သွင်းလျက် အာရုံတစ်ပါးသို့ မပျံ့လွင့်သော စိတ်ထားဖြင့် စင်္ကြံ လျှောက်ခြင်း –

ဤနည်းလမ်းတို့ဖြင့် ယင်းမိဒ္ဓတရားကို ပယ်ဖျောက်၍ မရခဲ့သော် လက်ျာနံတောင်းဖြင့် စောင်းလျက် ခြေတစ်ခုပေါ်သို့ ခြေတစ်ခုကို တင်ကာ မည်သည့်အချိန်အခါ၌ ထအံ့ဟု နှလုံးသွင်းလျက် ကျိန်းစက်ခြင်းကို ပြုရန် ညွှန်ကြားသွားတော်မူပေသည်။[၃]

အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများလေ ပြင်ဆင်ရန်

ထိုတွင် ဤ၌ ဆွေးနွေးလိုသော အချက်မှာ အမှတ် (၆)ဖြစ်သည့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းအကြောင်း ဖြစ်ပါသည်။

ချစ်သား မောဂ္ဂလ္လာန် ...ဤသို့ နေရာမှထပြီးလျှင် ရေဖြင့် မျက်စိတို့ကို ပွတ်သပ်၍ အရပ်မျက်နှာတို့နှင့် နက္ခတ်တာရာတို့ကို ကြည့်သော သင့်အား ထိုမိဒ္ဓတရားသည် အကယ်၍ မကင်းပျောက်ခဲ့မူ ချစ်သား မောဂ္ဂလ္လာန်...

ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းဖြစ်သော အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို (ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော အာလောက သညာကို) နှလုံးသွင်းလေလော့၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ နေ့အခါ၌ အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ပြုထားသကဲ့သို့) ထို့အတူ ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ သင်ချစ်သားသည် ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသောအမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ထားသကဲ့သို့) ထို့အတူ နေ့အခါ၌လည်း ယင်းအာလောကသညာ = အလင်းရောင် ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများလေလော့။ ဤသို့ ပွားများ၍နေသော သင်ချစ်သား၏ သန္တာန်၌ မိဒ္ဓတရား၏ ကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။[၄][၅][၃]

ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ် ပြင်ဆင်ရန်

ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ – ထိုအမှတ် (၆) ညွှန်ကြားချက်၌ သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊ အဋ္ဌကထာ ဋီကာများကလည်း ယင်းစိတ်ကို ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ဟု ရှင်းပြ ထားတော်မူကြ၏၊ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်လည်း ဖြစ်၏၊ ယင်းအလင်းရောင်မှာ အာလောက ကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းလည်း ရှိ၏၊ ကြွင်းသော ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် အထူးသဖြင့် တေဇောကသိုဏ်းနှင့် ဩဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်းလည်း ရှိ၏၊ ယင်း အာလောကကသိုဏ်း, တေဇောကသိုဏ်း, ဩဒါတကသိုဏ်းတို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိဖို့ရန်အတွက် အခြေခံအကြောင်းရင်း အရောင်အလင်းပင် ဖြစ်သည်၊၊[၆]

ယင်းအရောင်အလင်းများကို နေ့နှင့် ည တူညီနေအောင် တစ်နေ့လုံး တစ်ညလုံး လင်းနေအောင် အဓိဋ္ဌာန်ပြုရန် ဘုရားရှင်က ညွှန်ကြားနေတော်မူခြင်း ဖြစ်၏၊ ဤအရာ၌ အင်္ဂုတ္တရဋီကာ[၇]က ဉာဏ်အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊[၃]

ဉာဏ်ရောင် (၄) မျိုး ပြင်ဆင်ရန်

၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော, ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ ပွားများ ထားအပ်သော, အထူးသဖြင့် .. အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောကကသိုဏ်း၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၃။ ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အရောင်အလင်း ––[၃]

အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ် ပြင်ဆင်ရန်

ဤသို့လျှင် ဉာဏ်ရောင် လေးမျိုး ရှိ၏၊ ဤလေးမျိုးလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။ ယင်းကဲ့သို့သော အရောင်အလင်းကို ဖြစ်စေတတ်သောဉာဏ်နှင့် အတူယှဉ်တွဲလျက် ဖြစ်သော စိတ်ကို သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ဟု ဘုရားရှင်က ဟောကြားထားတော် မူ၏၊ အထက်ပါ ပစလာယမာနသုတ္တန်တွင်ကား အာလောကကသိုဏ်းဘာဝနာဉာဏ် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တို့နှင့် ယှဉ်သောစိတ်ကို အထူးရည်ညွှန်းထားတော်မူ၏၊ ယင်းအရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၄၆၁-၄။ အံ၊မြန်၊၂၊၅၈၂-၅။ အံ၊ဋ္ဌ၊၃၊၁၇၄-၆။ အံ၊ဋီ၊၃၊၁၇၇-၁၈၀။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၆-အဗျာကတဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  4. နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလ္လာန အာလောကသညံ မနသိ ကရေယျာသိ၊ ဒိဝါသညံ အဓိဋ္ဌဟေယျာသိ၊ ယထာ ဒိဝါ တထာ ရတ္တိံ ယထာ ရတ္တိံ တထာ ဒိဝါ၊ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ။ (အံ၊၂၊၄၆၃။)
    ယထာ ဒိဝါ တထာ ရတ္တိန္တိ ယထာ ဒိဝါ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ရတ္တိမ္ပိ အဓိဋ္ဌဟေယျာသိ။ ယထာ ရတ္တိံ တထာ ဒိဝါတိ ယထာ စ တေ ရတ္တိံ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ဒိဝါပိ အဓိဋ္ဌဟေယျာသိ။ သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)
  5. သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)
  6. (ဝိသုဒ္ဓိ၊၂၊၅၈- ကြည့်ပါ။)
  7. သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)