ပဒေသရာဇ်စနစ် သို့မဟုတ် ကံကြွေးချစနစ် (အင်္ဂလိပ်: Feudalism) ၁၀-ရာစုနှစ်ခန့်အတွင်း အနာက်ဥရောပတိုက်တွင် ပေါ်ပေါက်ခဲ့သော လူမှုဆက်ဆံရေးစနစ်တစ်ရပ် ဖြစ်သည်။ ဘုရင်များထံမှ မြေယာများ ပိုင်ဆိုင်ခွင့်ရရှိသော မူးကြီးမတ်ကြီး၊ စစ်သူကြီးများက မြေယာကို တစ်ဆင့်အငှားချခြင်းဖြင့် ကျွန်တပည့်များ မွေးသည်။ မြေယာများကို အငှားမြေကျွန်များက စိုက်ပျိုးလုပ်ကိုင်စားသောက်၍ လယ်ခများ ပေးဆောင်ကြရသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ကိုင်ရသူများမှာ လက်ဝေခံ မြေကျွန်ဘဝဖြင့် နိမ့်ကျ၍ လယ်ခစုဆောင်းမိသော မြေရှင်ကြီးများမှာ ဥစ္စာစီးပွား တိုးတက်လျက် တန်ခိုးအာဏာ ကြီးမားကြလေသည်။ ရုရှားပြည်တွင် မြေရှင်ပဒေသရာဇ်စနစ်မှာ ၁၁နှင့် ၁၂-ရာစုများတွင် ပေါ်ထွန်းလာခဲ့သည်။[]

ဥရောပတိုက်တွင် ၈ ရာစုနှစ်မှ ၁၀ ရာစုနှစ်အတွင်း ကံကြွေးချစနစ်သည် မြေယာပိုင်ဆိုင်မှုတို့ကို ဘုရင်ထံမှ လက်ဝေခံ မြေပိုင်ရှင်ကြီးများ ကြားခံပိုင်ဆိုင်လျက် လယ်လုပ်ကျွေးများက ၎င်းတို့ထံ နေထိုင်အလုပ်လုပ်ရသည့် အုပ်ချုပ်ရေးနှင့် စီးပွားပိုင်ဆိုင်မှု စနစ် ဖြစ်၏။ ကံကြွေးချစနစ် ပထမဦးဆုံးပေါက်ပွားရာနှင့် စနစ်တကျထွန်းကားဆုံးဒေသမှာ ပြင်သစ်နိုင်ငံပင် ဖြစ်လေသည်။ သို့ရာတွင် အခြားအနောက်ဥရောပနိုင်ငံများတွင် ကံကြွေးချစနစ်သည် အသွင်တမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ရာ ၁၃ ရာစုနှစ်အထိ အထူးတိုးတက် ထွန်းကားခဲ့သည်။ ဥရောပတိုက်တွင် အလယ်ခေတ်၌ ကံကြွေးချစနစ် ထွန်းကားနေသကဲ့သို့ အင်္ဂလန်တွင်လည်း နော်မန်မင်းများ ရောက်လာအုပ်စိုးသည့်အချိန်မှ အစပြု၍ ကံကြွေးချစနစ်သည် အမြစ်တွယ်ခဲ့လေသည်။ ဥရောပတိုက်တွင် ထိုအချိန်အခါက မြောက်နှင့်အရှေ့အရပ်မှ ရိုင်းစိုင်းသောလူအမျိုးမျိုးတို့ ဝင်ရောက်တိုက်ခိုက်ဒုက္ခပေးလာခါစဖြစ်ရာ အအုပ်အထိန်းရှိနိုင်သမျှရှိအောင် ပြုလုပ်ရာမှ ကံကျွေးချစနစ် ပေါ်ပေါက်ခဲ့၏။ ကံကျွေးချစနစ်မှာ ကိုယ့်ဘက်တော်သားဖြစ်အောင် သစ္စာခံစေပြီးမှ မြေငှား၍ အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်တမျိုး ဖြစ်ပေသည်။

သို့သော် ကံကြွေးချစနစ်ကို အုပ်ချုပ်ရေးစနစ်တခုဟု ဆိုခြင်းထက် နေထိုင်ဆက်ဆံမှု စနစ်တခုဟုဆိုက ပို၍မှန်ကန်ပေမည်။ ကံကျွေးချစနစ်အရ ရှင်ဘုရင်သည် နိုင်ငံအလုံးကိုထာဝရဘုရားသခင်က ပေးသနား တော်မူသောကြောင့် အုပ်စိုးရ၍ မြေယာအားလုံး၏ ပိုင်ရှင်ဖြစ်သည်ဟု ဆိုလေသည်။ အဓိကမြေရှင်ကြီး ဖြစ်သော ရှင်ဘုရင်သည် မြေယာများကိုခွဲဝေပြီးလျှင် သူ၏ဆွေတော်မျိုးတော်များနှင့် နောက်လိုက်နောက်ပါ အခြွေအရံမှူးကြီးမတ်ရာများအား သစ္စာခံယူစေပြီးနောက် ငှားရမ်းလေသည်။ ထိုသစ္စာခံ မြေရှင်ကြီးများသည် ဝင်ရောက်တိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ ခိုင်ခံ့လှသော ကိုယ်ပိုင်ရဲတိုက်ကြီးများ တည်ဆောက်ထားလေသည်။ အခြွေအရံလည် ပေါများသည်။ သူတို့သည် အနီးအနားတဝိုက်တွင် ဘုရင်ကလေးတဆူတဖွယ် ဩဇာလွှမ်းမိုးသူများဖြစ်ကြသည်။ မြေရှင်ကြီးများက တဖန် မိမိတို့ရရှိသော မြေများကို ခွဲဝေ၍ မိမိထက် အင်အားငယ်သောသူများအား သစ္စာခံယူစေပြီးလျှင် ငှားရမ်းပြန်လေသည်။ မြေရှင်ကြီးများသည် ဘုရင့်သစ္စာတော်ခံများဖြစ်သကဲ့သို့ ထိုသူတို့သည်လည်း မြေရှင်ကြီးများ၏ သစ္စာခံများ ဖြစ်လာကြသည်။ ထို့ပြင် သူတို့်သည် မြေရှင်ကြီးများကဲ့သို့ပင် ခိုင်ခံ့သော ရဲတိုက်ကြီးများကို ပိုင်ဆိုင်၍ အနီးအနားတဝိုက်တွင် မင်းမူနေသူများ ဖြစ်၏။ သူတို့ကတဆင့် မြေကို ခွဲဝေ၍ အထက်နည်းအတိုင်း ငှားရမ်းပြန်သည်။ ထိုသို့မြေများကို အဆင့်ဆင့် ငှားရမ်းသွားကြရာ နောက်ဆုံးအဆင့်တွင်ရှိသော သစ္စာခံ၍ မြေငှားယူသူများမှာ စားနိုင်သောက်နိုင်ရုံမျှသာ ရှိလေသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

(မြို့မကျောင်းဆရာဉီးစံထွားရေးသော လောကီထုပ္ပတ်လူတို့ဇာတ် စာအုပ်၏ "အခန်း ၁၂ အလယ်ခေတ်ဉရောပအုပ်ချုပ်ပုံ" မှ ဖြည့်စွတ်ချက်)[]

မြင့်မြတ်သော ရောမအင်ပါယာ(ဟိုလီရိုမန်အင်ပါယာ, Holy Roman Empire) အား ဘုရင်ဧကရာဇ်အဖြစ် အုပ်စိုးခဲ့သူ ရှာလီမိန်းဘုရင် နတ်ရွှာစံလွန်တော်မူပြီး‌‌နောက် အေဒီ-၈၄၃ ခုတွင် ဗာဒွန်စာချုပ်အရ ဟိုလီရိုမန်အင်ပါယာအား သုံးပိုင်းပိုင်းလိုက်လေသည်။

(၁) ပထမပိုင်းမှာ ယခုခေတ်ပြင်သစ်

(၂) ဒုတိယပိုင်းမှာ ဂျာမနီ

(၃) တတိယပိုင်းမှာ အီတလီတစ်စိတ်တစ်ဒေသနှင့် အဲ(လ်စ်)‌တောင်တန်းမှ ‌မြောက်ပင်လယ်(The North Sea) အထိတန်းလျက်နေသော နယ်ပယ်အသီးသီးဖြစ်လေသည်။

ထိုအချိန်အခါတွင် ဉရောပနေရာအနှံ့အပြားလိုလိုပင် ဗရုတ်ဗရက် ဖြစ်လျက်ရှိသည်။ ရှာလီမိန်းကဲ့သို့ ဘုန်းလက်ရုန်းနှင့် ပြည့်စုံတော်မူ‌သောဘုရင် နတ်ရွာစံပြီး မကြာမီမှာပင် ဉရောပတစ်တိုက်လုံး ဖရိုဖရဲ ဖြစ်ပြန်တော့သည်။ ဘုရင်ဧကရာဇ် ဟူသော ဘွဲ့သည်လည်း တစ်ဖန်တိမ်မြုပ် ‌‌ပျောက်ကွယ်သွားပြန်လေသည်။ ‌‌နောက်တစ်ကြိမ် ပြန်ပေါ်လာသောအချိန်မှာ အေဒီ-၉၄၂ ခုတွင် ဂျာမနီဘုရင် အော့တို အား အဌမ-လီယို ဘွဲ့ခံ သာသနာပိုင်က ဘုရင်ဧကရာဇ် ဟူသော ဘွဲ့ကို အပ်နှင်းလေသည်။ ဤကဲ့သို့ဘွဲ့ကို ခံယူရခြင်းကြောင့် ဂျာမနီဘုရင်တို့မှာ အကျိုးတရား တစ်စုံတစ်ရာ မခံစားရဘဲ အကျိုးများစွာ ဆုတ်ယုတ်ရလေသည်။ ဘုရင်ဧကရာဇ်ဟူသော ဘွဲ့ကို ခံယူမိသောကြောင့် အဆက်ဆက်သော် ဂျာမနီဘုရင်တို့မှာ အလယ်ခေတ် တစ်လျှောက်လုံး အကြီးအကျယ် စစ်ထိုးကြရ၏။ ဘုရင်ဧကရာဇ်နှင့် သာသနာပိုင် လည်း အချင်းဖြစ်ပွားကြရာ ဂျာမန်ဘုရင်တို့မှာ မိမိတို့နိုင်ငံပြည်တွင်းရေး ကိစ္စများအား ဂရုမပြုနိုင်ဘဲ ပစ်ထားကြရလေသည်။ ထိုကြောင့် အင်္ဂလန်နှင့် ပြင်သစ်ဘုရင် များသည် မိမိတို့နှင့် ပတ်သတ်ရာ နယ်စား၊ မြို့စားများကို နှိမ်နှင်း၍ တန်ခိုးအာဏာ တဖြည်းဖြည်း ကြီးမားလာကြလျက် မိမိတို့ဆိုင်ရာ နိုင်ငံတော်ကိုတစ်ပေါင်းတည်း ဖြစ်အောင် စည်းရုံးနိုင်ကြလေသည်။ ဂျာမနီ၌မူ နယ်စား၊ မြို့စားများမှာ တန်ခိုးအာဏာ ကြီးမားလာကြလျက် တစ်နိုင်ငံလုံးတွင် နယ်သေးနယ်မွှား အမြောက်အများ ပေါ်ပေါက်လာကာ အကွဲကွဲအပြားပြားနှင့် စည်းရုံးခြင်းမရှိတော့ချေ။ အေဒီ ၁၉ ရာစု အလယ်လောက်ကျမှ စည်းရုံးမိတော့သည်။ ဟိုလီရီုမန်အင်ပါယာ၏ ဘုရင်ဧကရာဇ် ဟူသော ဘွဲ့မှာ အော့တိုလက်ထက်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၈၀၀ ကျော်ဆက်လက်တည်တံ့ပြီးနောက် ၁၈၀၆ ခုနှစ်တွင် ဩစတြေးလျကို တိုက်ခိုက်အောင်မြင်သော နပိုလီယန် က ရပ်စဲစေသည်။

ကံကြွေးချစနစ်ပေါ်ပေါက်ခြင်း

ရှာလီမိန်းဘုရင် နတ်ရွာစံပြီးနောက် ဉရောပအခြေအနေမှာ မငြိမ်မသက် ကသောင်းကနင်းဖြစ်နေကြောင်း ဖော်ပြခဲ့ပြီ။ ထိုခေတ်အခါတွင် ပြည်သူပြည်သားများ၏ နေရေးထိုင်ရေးသည်၎င်း၊ တိုင်းပြည်ကိုအုပ်ချုပ်သော အစိုးရသည်၎င်း အတည်တကျမရှိလှချေ။ ရှေးကမ္ဘာမှ ဖြစ်ထွန်းလာသော အမြတ်အစွန်း ကောင်းကျိုးတရားတို့သည်လည်း တိမ်ကောဆုတ်ယုတ် သွားပြန်သည်။ အတတ်ပညာ ယဉ်ကျေးမှုဟူ၍ ပြောပလောက်အောင်မရှိတော့ချေ။ လမ်းပန်းများကိုလည်း မပြင်မဆင်ဘဲ ပြစ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သောကြောင့် ယိုယွင်းပျက်စီးနေလေပြီ။ အစိုးရတည်တည်တံ့တံ့နှင့် ရောင်းရေးဝယ်တာ စည်ပင်မှသာလျှင် အသုံးများလေ့ရှိသော အသပြာငွေကြေးသည်လည်း ပျောက်ကွယ်သလောက်ရှိနေလေပြီ။

"မြွေပူရာကင်းမှောင့်" ဆိုသောစကားကဲ့သို့ အရှေ့၊ တောင်၊ မြောက် အရပ်သုံးပါးတို့မှ စစ်မက်လိုလားသော လူမျိုးများသည် အတင်းချင်းနင်းဝင်ရောက် တိုက်ခိုက်လာကြသဖြင့် ဉရောပအခြေနေမှာ ပိုမိုဆိုးရွားသွားသည်။ တောင်ဘက်မှ မွတ်စလင် တို့သည် စပိန်တွင်အခြေစိုက်ကြပြီးနောက် အေဒီ-၈၅၀ တွင် စစ္စလီကျွန်းနှင့် အီတလီတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ကြခြင့်ဖြင့် ခြေကုပ်ရသွားကြလေသည်။ အရှေ့ဘက်မှ ရုန့်ရင်းကြမ်းတမ်းသော စလဗ်လူမျိုး(The Slavs)၊ ဟန်ဂေရီးယန်းလူမျိုး(The Hungarians) တို့သည်လည်း အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်နေကြသည်။ မြောက်ဘက်မှ နော(စ်)မင်(The Norsemen) လူမျိုးတို့သည် နဂါးရုပ်အသွင်လေကြီးများစီးကာ လာရောက်တိုက်ခိုက်ကြလေသည်။ နော(စ်)မင်လူမျိုးများမှာ အများအားဖြင့် နော်ဝေးတွင်နေထိုင်ကြ၍ အချို့မှာမူ ဒိန်းမတ်တွင်နေထိုင်ကြလေသည်။ နော်ဝေးသည် တောထူထပ်ရုံသာမက ဂရီး(စ်)ကဲ့သို့ပင် အကွေ့အကောက် ပေါများသော ပင်လယ်ကမ်းရိုးတန်းလည်းရှိ၏။ စားရေရိက္ခာ အထွက်နည်းသောကြောင့် ဂျုံ၊ စပါးများ ပျက်စီးသောအခါဝယ် တိုင်းသူပြည်သားတို့မှာ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက်မည်ကို စိုးရိမ်မကင်းဖွယ်ဖြစ်သည်။ ထိုစဉ်အခါက ဉရောပ၌ အရောင်းအဝယ် ထွန်းကားစည်ပင်နေပါလျှင် နော(စ်)မင်လူမျိုးတို့သည် ဂရီး(စ်)တို့ကဲ့သို့ပင် ပင်လယ်ရပ်ခြား သွားလာကြကာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း ပြုလုပ်တန်ရာသည်။ သို့သော ရောမအင်ပါယာ ပျက်စီယိုယွင်းသွားကတည်းက ကူးသန်းရောင်းဝယ်ရေးမှာ မရှိသလောက်ပင်။ ထို့ကြောင့် နော(စ်)မင်တို့သည် ပင်လယ်၌ကျက်စားကြလျက်၊ ပင်လယ်ဓားပြများ ဖြစ်လာကြလျက်၊ မိမိတို့နေရင်းဒေသထက် ပိုမိုစည်ပင်သာယာဝပြောသော တိုင်းပြည်တို့ကို ချင်းနင်းဝင်ရောက်တိုက်ခိုက်ကြလေသည်။ ကြံ့ခိုင်သန်မာသော လူမျိုးဖြစ်သည့် အားလျော်စွာ အလွန်ဝေးလံသော အရပ်များသို့ပင် အရောက်သွားနိုင်ကြ၏။ တစ်ခါတစ်ရံ ပင်လယ်ရပ်ခြား သွားရောက်တိုက်ခိုက်ပြီးနောက်၊ တိုက်ရာပါပစ္စည်းများနှင့် မိမိတို့ရပ်ရွာဒေသသို့ ပြန်လာတတ်ကြသည်။ တစ်ခါတစ်ရံလည်း သွားရောက်တိုက်ခိုက်ပြီးသော် မိမိတို့ဌာနသို့ မပြန်လာကြတော့ဘဲ၊ ရောက်ရာပေါက်ရာ အရပ်တွင် အခြေစိုက်ကြတော့သည်။

နော(စ်)မင်တို့သည် သူတို့ရောက်လေရာတွင် မီးရှို့ဖျက်စီး၊ သတ်ဖြတ်လေ့ရှိသောကြောင့် ဉရောပတစ်ဝန်းတွင် သူ့တို့အမည်ကို ကြားရုံမျှနှင့် ကြောက်ရွံ့ခြင်းပျင်းစွာဖြစ်လျက် "အဂ္ဂိတောဝါ၊ စောရတောဝါ၊ နော(စ်)မင် တောဝါ" စသည်ဖြင့် ရွတ်ဖတ်သရဇျာယ်ကြရကုန်၏။ ဉရောပရှိနိုင်ငံ အသီးသီး၌ ဘုန်းလက်ရုံးနှင့် ပြည့်စုံသောဘုရင်မင်းမြတ်နှင့် စနစ်ကျကျအုပ်ချုပ်သော အစိုးရအဖွဲ့သာရှိနေပါမူ၊ အမျှင်မပြတ် လာရောက်တိုက်ခိုက်နေကြသော နော(စ်)မန်တို့၏ ရန်ကို တွန်းလှန်ဖိုဖျက်နိုင်ဖို့အကြောင်းရှိပေသည်။ ယခုသော် ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်လည်း တစ်ပါးမှမရှိ။ စနစ်ကျကျအုပ်ချုပ်သော အစိုးရအဖွဲ့လည်း ဖရှိချေ။ အများပြည်သူတို့မှာ မဟာ ဒုက္ခတွင်းကျဆုံးလျက် မိမိတို့ကိုယ်ပိုင် လယ်ယာမြေကိုပင် အင်းအားတောင့်တင်းသော အနီးအနားရှိ နယ်စားကြီးတစ်ဉီးဉီးထံ အပ်နှံကာရန်သူ၏ဘေးမှ ကာကွယ်ပေးပါရန်အကြောင်း ဝပ်တွားတောင်းပန်ကြရရှာသည်။

ရှာလီမိန်းဘုရင်ဧကရာဇ်သည် မိမိနိုင်ငံတော်ကို နယ်စားများအား အပ်နှံခွဲဝေပေးကာ အုပ်ချုပ်စီမံခန့်ခွဲသည်။ မိမိစိုးစံနေသမျှကာလပတ်လုံး နယ်စားကြီးများသည် မိမိအပေါ်၌ တန်ခိုးအာဏာ မလွှမ်းမိုးနိုင်စေရန် အထူးဂရုပြုလေသည်။ ရှာလီမိန်းဘုရင်ဧကရာဇ် ဘဝနတ်ထံ စံလွန်တော်မူပြီးနောက် နိုင်ငံတော်အတွင်း ကသောင်းကနင်း ဖြစ်နေစဉ် နယ်စားကြီးများ၏ တန်ခိုးအာဏာသည် တစ်စတစ်စ ကြီးမားလာလျက် မိမိတို့၏ ဘုရင်မင်းမြတ်ကိုပင် တော်လှန်ခြားနားစပြုလာကြသည်။ သို့ဖြစ်သောကြောင့် ဉရောပတိုက်ကို ပညတ်အားဖြင့် ဘုရင်ဧကရာဇ်တစ်ပါးတည်း၊ သာသနာပိုင်တစ်ဉီးတည်းသာ စိုးမိုးလျက်ရှိသည် ဆိုသော်၍ငှားလည်း အမှန်မှာမူ မြို့စားနယ်စာများ ပိုင်စိုးသောနယ်ပယ်အများ ကွဲပြားနေကြပြီဖြစ်၏။ ဘုရင်ဧကရာဇ်၏ သစ္စာတော်ကို မည်ကာမတ္တသာလျှင် စောင့်သိရိုသေကြလျက် အမှန်မှာမူ အသွားအလာမလွယ်ကူသော‌ခေတ်လည်းဖြစ်သောကြောင့် နယ်ပယ်အသီးသီးတို့မှာ သီးခြားလွတ်လပ်စွာ အုပ်ချုပ်နေပြီဖြစ်၏။ ဤသို့လျှင် အမှုထမ်း အရာထမ်းတို့အား နယ်မြေခွဲဝေပေးကာ ကံကျွေးချသောစနစ် (feudal system) သည်ဖြစ်ပေါ်လာသည်။

အခြေခံဖွဲ့စည်းပုံ

ပြင်ဆင်ရန်

ဘုရင်မင်းမြတ်သည် ဘုရားသခင်၏ ကိုယစားလှယ်အဖြစ်နှင့် ဘုရားသခင်ထံမှ တိုင်းပြည်ရှိမြေအားလုံးကို ရရှိသည်ဟု ထိုခေတ်ကလူတို့သည် ယူဆကြ၏။

(မပြီးသေးပါ)








  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ပဒေသရာဇ်စနစ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. မြို့မကျောင်းဆရာဉီးစံထွား - "လောကီထုပ္ပတ်လူတို့ဇာတ်"