သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ် သာဝကဗောဓိဉာဏ် ဤသုံးပါးကို ဗောဓိဉာဏ် ၃-ပါးဟုခေါ်သည်။ [၁][၂]

သမ္မာသမ္ဗောဓိဉာဏ် ပြင်ဆင်ရန်

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သည့် အထွတ်အထိပ် ဉာဏ်တို့ကား သမ္မာသမ္ဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ်, သာဝကဗောဓိဉာဏ်တို့ ဖြစ်သည်[၃]။ ထိုတွင် သမ္မာ သမ္ဗောဓိဉာဏ်ကို ရယူလိုသော ဘုရားအလောင်းသူတော်ကောင်းတို့သည် အောက်ထစ် ပိုင်းခြား အယုတ်အားဖြင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီ ၁၀-ပါး (အပြား ၃၀), စွန့်ခြင်းကြီး ၅-ပါး, စရိယ ၃-ပါးတို့ကို မကြောက်မရွံ့  နောက်မတွန့်ပဲ ရဲဝံ့စွာ ဖြည့်ကျင့် ဆည်းပူးတော်မူရသည်၊ ယင်းသို့ ဖြည့်ကျင့် ဆည်းပူးပြီးလျှင် နောက်ဆုံး ပစ္ဆိမဘဝ၌ အရဟတ္တမဂ်ကို ရသည်နှင့် တပြိုင်နက် ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိဒါ ၄-ပါး, ဝေသာရဇ္ဇဉာဏ် ၄-ပါး, အဘိညာဉ် ၆-ပါး, အသာဓာရဏဉာဏ် ၆-ပါး, ဒသဗလဉာဏ် ၁၀-ပါး, ဗုဒ္ဓဉာဏ် ၁၄-ပါးစသည်တို့ဖြင့် တန်းဆာဆင်အပ်သည့် သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူကြသည်၊ အရဟတ္တမဂ် ဉာဏ်နှင့်တကွ ဖော်ပြပြီး ဉာဏ်တို့ကို “သမ္မာသမ္ဗောဓိဉာဏ်”ဟု ခေါ်သည်။ (ဤ၌ဝိဇ္ဇာ ၃-ပါးဟူသည် ရှေးဘဝတို့၌ နေခဲ့ဖူး (ဖြစ်ခဲ့ဖူး) သော ခန္ဓာတို့ကိုပြန်ပြောင်း အောက်မေ့နိုင်သော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ် စုတေဆဲ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို သိမြင်နိုင်သော စုတူပပါတဉာဏ်”, တထောင့်ငါးရာ ကိလေသာတို့ကိုကုန်ခန်းစေနိုင်သော “အာသဝက္ခယဉာဏ်” တို့ဖြစ်သည်။ [၄]။ သဗ္ဗညုတ ဉာဏ်၏အရမှာ သာမညအားဖြင့် မဟာကိရိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု၌ရှိသော “ပညာ” ဟူ၍ သုတ္တန်အဋ္ဌကထာ ဗြဟ္မဇာလသုတ် [၅]၌လာ၏၊ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာပြသောအခါတို့၌ကားသောမနဿသဟဂုတ် ဥပေက္ခာသဟဂုတ်ဉာဏသမ္ပယုတ်အသင်္ခါရိကမဟာကိရိယာစိတ်၌ရှိသော “ပညာ”ဟူ၍ ဇိနာလင်္ကာရဋီကာ (နှာ ၃၀၈) ၌လာ၏။ [၆]။ ပဋိသမ္ဘိဒါ ၄-ပါး ဝေသာရဇ္ဇဉာဏ် ၄-ပါး၊ အဘိညာဉ် ၆-ပါး, အသာဓာရဏ ဉာဏ်-၆-ပါး ဒသဗလဉာဏ် ၁၀-ပါး, ဗုဒ္ဓဉာဏ် ၁၄-ပါးတို့ကို ဆိုင်ရာ အဘိဓာန်ဝင်ပုဒ်ရင်းနှင့် စတုပဋိသမ္ဘိဒါစတုဝေသာရ ဆဠဘိညာ, ဆအသာဓာရဏဉာဏ စုဒ္ဒသဗုဒ္ဓဉာဏ-ပုဒ်ကို ၌ကြည့်။) ယင်းသမ္မာသမ္ဗောဓိဉာဏ်ကို ဂေါတ မဘုရားရှင်သည် သက်တော် ၃၅-နှစ်ပြည့်မြောက်သည့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မိုးသောက်ယံဝယ် ရရှိတော်မူသည်။ [၇]

ပစ္စေကဗောဓိဉာဏ် ပြင်ဆင်ရန်

ပစ္စေကဗောဓိဉာဏ်ကိုရယူလိုသော ပစ္စေကဗုဒ္ဓအလောင်းအလျာတို့သည် ၂-သင်္ချေနှင့် ကမ္ဘာတသိန်းကာလပတ်လုံး ဒါနသီလစသော ပါရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူ ကြရသည်၊ ယင်းသို့ ဖြည့်ကျင့်ဆည်းပူးပြီးလျှင် နောက်ဆုံး ပစ္ဆိမဘဝ၌ အရဟတ္တမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက် ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိဒါ ၄-ပါး၊ အဘိညာဉ် ၆-ပါးတို့ကို ဆရာမကူ သယမ္ဘူဖြင့် ရရှိတော်မူကြသည်။ ထိုဉာဏ်စုကို “ပစ္စေကဗောဓိဉာဏ်” ဟု ခေါ်ဆိုရလေသည်။ (ဤ၌ “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဂုဏ်ထူးရှိသော ပုဂ္ဂိုလ်များ မဆိတ်သုဉ်းသည့် “အသုည” ကမ္ဘာ၌သာ ပွင့်တော်မူကြသည်၊ ဆိတ်သုဉ်းသည့် “သုည” ကမ္ဘာ၌ ပွင့်ပေါကြရိုး မရှိ”ဟု ဗုဒ္ဓဝံသ အဋ္ဌကထာ (နှာ-၂၂၇) ၌လာသည်၊ သုတ်မဟာဝါဋီကာ (နှာ-၆) ၌ကား သဗ္ဗညုဘုရားရှင်တို့ ဆိတ် သုဉ်းသည့် ဗုဒ္ဓသုညကမ္ဘာ၌လည်း ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပွင့်တော်မူကြကြောင်း လာရှိပေသည်၊ ဤနှင့်စပ်၍ မှတ်သားဖွယ် အဆုံးအဖြတ်ကို [၈]၌ ကြည့်။)[၇]

သာဝကဗောဓိဉာဏ် ပြင်ဆင်ရန်

သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ တရားဒေသနာတော်ကို ဘုရားရှင်တို့ထံမှ၎င်း၊ ဘုရားရှင်တို့၏ တပည့်သာဝကများထံမှ၎င်း ကြားနာ၍ မဂ်ဖိုလ်ကိုရသော သာဝကတို့၏ အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါးစသော ဉာဏ်တို့ကို “သာဝကဗောဓိဉာဏ်”ဟု ခေါ်သည်၊ ယင်းသာဝကဗောဓိဉာဏ်သည် အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိ ဉာဏ် ပကတိသာဝကဗောဓိဉာဏ်ဟူ၍ ၃-မျိုး ပြားသည်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ လကျ်ာတော်ရံ လက်ဝဲတော်ရံ သာဝက ၂-ပါးကို “အဂ္ဂသာဝက” ဟုခေါ်သည်။ ယင်းအဂ္ဂသာဝကတို့ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါး ပဋိသမ္ဘိဒါ ၄-ပါး၊ အဘိညာဉ် ၆-ပါးတို့ကို “အဂ္ဂသာဝကဗောဓိဉာဏ်” ဟုခေါ်သည်၊ အဂ္ဂသာဝကအလောင်းအလျာ ပုဂ္ဂိုလ်တို့သည် အဂ္ဂသာဝကဗောဓိဉာဏ်ကို ရယူတော်မူရန် တသင်္ချေနှင့်ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့်တော် မူကြရသည်။ (ယင်း အဂ္ဂသာဝကဗောဓိဉာဏ်ကို အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ ရဟန်းပြုပြီးနောက် ၁၅-ရက်မြောက်တွင် ရရှိတော်မူသည်၊ အရှင်မောဂ္ဂလ္လာန်ကား ရဟန်းပြုပြီးနောက် ၇-ရက်မြောက်တွင် ရရှိတော်မူသည်။ [၉] ထိုအရှင်၂-ပါးတို့ သက်တော် ၂၅-နှစ်အရွယ် တောထွက်၍ တရားထူးရကြသည်ဟု ပဉ္စစတ္တာလီသပုစ္ဆာ ဝိဿဇ္ဇနာကျမ်း၊ တတိယပုစ္ဆာ၌ အနုမာနနည်းအားဖြင့် ဆိုသည်။) [၇]

အရှင်မဟာကဿပ, အရှင်ဥပါလိ, အရှင်အာနန္ဒာစသော ရှစ်ကျိပ်သော မဟာသာဝကတို့ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိဒါ ၄-ပါး အဘိညာဉ် ၆-ပါးတို့ကို “မဟာသာဝကဗောဓိဉာဏ်”ဟု ခေါ်သည်။ ယင်း မဟာသာဝက ဗောဓိဉာဏ်ကို ရယူရန် ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီဖြည့်ကျင့် ဆည်းပူးတော်မူကြရသည်။ [၇]

ထို့ပြင် ဘုရားရှင်တို့၏မယ်တော် ခမည်းတော် အလုပ်အကျွေး သားတော်တို့သည် ယင်း မဟာသာဝကများနည်းတူ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည်။ [၁၀][၇]

အဂ္ဂသာဝက၊ မဟာသာဝကတို့မှ တပါးအခြားသော အရဟတ္တမဂ် အရဟတ္တဖိုလ် ပေါက်ရောက်တော်မူကြသော ဘုရားရှင်၏ တပည့်သားများကို “ပကတိသာဝက” ဟု ခေါ်သည်။ ယင်း ပကတိသာဝကတို့ ရရှိအပ်သော အရဟတ္တမဂ်ဉာဏ်နှင့်တကွ ဝိဇ္ဇာ ၃-ပါး ပဋိသမ္ဘိဒါ ၄-ပါး, အဘိညာဉ် ၆-ပါးတို့ကို “ပကတိသာဝကဗောဓိဉာဏ်”ဟု ခေါ်သည်၊ ထိုဉာဏ်ကို ရယူရန် ပကတိသာဝက အလောင်းအလျာတို့သည် တဘဝ နှစ်ဘဝမှ စ၍ ကမ္ဘာတသိန်းအတွင်း ထိုက်သည်အားလျော်စွာ ပါရမီ ဖြည့်ကျင့်တော်မူကြရသည်။ ထိုပကတိသာဝကတို့တွင် အချို့မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုသာရ၍ ဝိဇ္ဇာ ၃-ပါးစသော ဂုဏ်ထူးဝိသေသကို မရကြ၊ အချို့မှာ ဝိဇ္ဇာ ၃-ပါး, အချို့ ပဋိသမ္ဘိဒါ ၄-ပါး အချို့ အဘိညာဉ် ၆-ပါး အချို့ ဆိုခဲ့ပြီး အားလုံးကို ပါရမီသမ္ဘာရအလိုက် ထိုက်သည့်အားလျော်စွာ ရရှိတော်မူကြသည်။ [၁၁]။ (ဤဂေါတမဘုရားရှင် သာသနာတော်၌ ပကတိသာဝကဗောဓိဉာဏ်ကို ဧကဒီပိယထေရ်သည် ၄-နှစ်သားအရွယ်၌ ရရှိ၍ ပဉ္စသီလသမာဒါနိယထေရ်နှင့် ပဒုမထေရ်တို့သည် ၅-နှစ်သားအရွယ်၌ ရရှိတော်မူကြသည်။ [၁၂] ထို့ကြောင့် ထိုမထေရ်တို့ကို အသက်အရွယ် အငယ်ဆုံး ပကတိသာဝကဗောဓိဉာဏ်ကိုရသော ပုဂ္ဂိုလ်များဟု မှတ်တမ်းတင်ထိုက်ပေသည်) [၇]

ဉာဏ်ရည်များ ကွားခြားကြပုံ ပြင်ဆင်ရန်

ဖော်ပြပြီး ဗောဓိဉာဏ်တို့သည် စိန္တာမယ သုတမယ ဘာဝနာမယဉာဏ်တို့၌ ထိုက်သည် အားလျော်စွာ ပါဝင်ကြသည်။ ပုထုဇဉ်တို့၏ စိန္တာမယ, သုတမယ, ဘာဝနာမယဉာဏ်ထက် သေက္ခပုဂ္ဂိုလ်တို့၏ စိန္တာမယ, သုတမယ, ဘာဝနာမယဉာဏ်သည် သာလွန်နက်နဲသည်။ ယင်းထက် ပကတိသာဝကရဟန္တာတို့၏ သာဝကဗောဓိဉာဏ်သည် သာလွန်နက်နဲသည်၊ ယင်းထက်လည်း မဟာသာဝက, အဂ္ဂသာဝက, ပစ္စေကဗုဒ္ဓါ, သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ ဗောဓိဉာဏ်တို့သည် အဆင့်ဆင့် သာလွန်နက်နဲကြပေသည်[၁၃][၇]

ပစ္စေကဗုဒ္ဓါ အရှင်မြတ်များနှင့် အဂ္ဂသာဝက ၂-ပါးတို့သည် သက်ရှိ “သဝိညာဏက” သတ္တဝါတို့၏ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ စသော ဓာတ်တို့၏ တပါးနှင့်တပါး မတူထူးခြား ကွဲပြားမှုကို သိတော်မူကြသည်။ သက်မဲ့ “အဝိညာဏက” သစ်ပင် တော တောင် စသည်တို့၏ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩာစသော ဓာတ်တို့၏ တပါးနှင့်တပါး မတူထူးခြား ကွဲပြားမှုကိုကား သိရှိတော်မမူကြပေ၊ သဗ္ဗညုဘုရားရှင်တို့ကား သက်မဲ့ “အဝိညာဏက” ဝတ္ထုတို့၏ ဓာတ်သဘာဝချင်း ထူးခြားမှုကိုလည်း သိမြင်တော်မူကြသည်၊ “ဤမည်သောဓာတ်၏ လွန်ကဲ များပြားမှုကြောင့် ဤမည်သော သစ်ပင်၏ ပင်စည်သည် ဖြူဖွေးနေရသည်၊ မည်းနက်နေရသည်၊ အခွံအခေါက်သည် ထူထဲနေရသည်။ ပါးလှစ်နေရသည်၊ အရွက်သည်လေးထောင့် အဝိုင်းစသည်ဖြစ်၍ နေရသည်၊ အပွင့်သည် ဖြူ, နီ, ဝါ, ညို ထိုထိုအဆင်းရှိနေရသည်၊ အနံ့ ကောင်း အနံ့ဆိုး တမျိုးမျိုး ရှိနေရသည်။ အသီးသည် ကြီး, ငယ်၂-ပါး ကွဲပြား၍ အဝိုင်း လေးထောင့်-စသည် ပုံဟန်သဏ္ဌာန်ကွဲ၍နေရသည်၊ ထို့ပြင် ချို, ချဉ်, စပ်, ခါး အစားစားသော အရသာရှိရလေသည်” ဤသို့ ကျနသေချာ သိမြင်တော်မူကြပါပေသည်[၁၄][၇]

ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ ပြင်ဆင်ရန်

ဗောဓိအလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီးတို့သည် မိမိတို့ရည်သန် ပန်ဆင်အပ်သည့် “ဗောဓိဉာဏ်”အလိုက် ထိုက်သည် အားလျော်စွာ ပါရမီဖြည့်ကျင့်တော်မူကြပြီးလျှင် နောက်ဆုံးပစ္ဆိမဘဝ၌ ဝိသုဒ္ဓိ ၇-ပါး ယာဉ်ရထားဖြင့် အဆင့်ဆင့်တက်ကာအထွတ် အထိပ်ဖြစ်သည့် ဗောဓိဉာဏ်သို့ ရောက်တော်မူကြသည်၊[၇]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ဉာဏ်ပညာ

ဉာဏ်စဉ်

ပညာ

ပညာရှိ

ကိုးကား ပြင်ဆင်ရန်

  1. ထေရ၊ဋ္ဌ၊၁၊၈။ မဟာဗုဒ္ဓဝံ၊ ပဉ္စမတွဲ၊ နှာ။ ၆၄၂-၃-အကျယ်ကြည့်။)
  2. တိပိဋကအဘိဓာန် အတွဲ-၁၅
  3. (ခုဒ္ဒက၊၁၀။ ဝိ၊ဋ္ဌ၊၁၊၁၁၀။ ဒီ၊ဋ္ဌ၊၁၊၉၃။ ဒီ၊ဋ္ဌ၊၂၊၆၃။ မ၊ဋ္ဌ၊၃၊၆၄။ သံ၊ဋ္ဌ၊၂၊၁၈။ အံ၊ဋ္ဌ၊၁၊၄၃။ အံ၊ဋ္ဌ၊၃၊၂၁၃။ ခုဒ္ဒက၊ဋ္ဌ၊၁၉၆။ ဥဒါန၊ဋ္ဌ၊၂၅၆။ သာရတ္ထ၊၁၊၃၅၂။သာ ရတ္ထ၊၃၊၁၈၀၊ ၁၉၃။ ဝိမတိ၊၁၊၇၀။ ဒီ၊ဋီ၊၁၊၁၃၆။ သီ၊ဋီ၊သစ်၊၁၊၃၈၄)
  4. (ဝိ၊၁၊၅၊၆၊ဒီ၊၁၊၇၆-၇၀။ အဘိ၊ ။ ၂၆၅။ ဝိ၊ဋ္ဌ၊၁၊၁၂၆-၁၃၈။ ဒီ၊ဋ္ဌ၊၁၊၂၀၀-၁။ အဘိ၊ဋ္ဌ၊၁၊၄၃၅)
  5. (ဒီ၊ဋ္ဌ၊၁၊၉၃)
  6. အဘိဓမ္မာဝိနိစ္ဆယကျမ်း၊ နှာ ၃၀၄-၅
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ ၇.၆ ၇.၇ ၇.၈ တိပိဋကအဘိဓာန် အတွဲ-၈
  8. သမန္တစက္ခုဒီပနီ (ဒု၊ နှာ ၂၆၃-၂၇၀)
  9. ဝိ၊ဋ္ဌ၊၁၊၁၅၀။ ဒီ၊ဋ္ဌ၊၂၊၁၁။ မ၊ဋ္ဌ၊၄၊၅၇-၉၊ အံ၊ဋ္ဌ၊၁၊၁၂၆။ ဓမ္မ၊ဋ္ဌ၊၁၊၆၁။ ထေရ၊ဋ္ဌ၊၂၊၇၅။ အပ၊ဋ္ဌ၊၁၊၂၃၄။
  10. (သုတ္တနိ၊ဋ္ဌ၊၁၊၄၆။ ထေရ၊ဋ္ဌ၊၁၊၁၁။ အပ၊ဋ္ဌ၊၁၊၁၅၈)
  11. (အံ၊ဋ္ဌ၊၁၊၁၀။ သုတ္တနိ၊ဋ္ဌ၊၁၊၄၃-၄၆။ ထေရ၊ဋ္ဌ၊၁၊ဂ-၁၅။ အပ၊ဋ္ဌ၊၁၊၁၅၅-၁၅၉။ စရိယာ၊ဋ္ဌ၊၃၂၀)
  12. အပ၊၁၊၈၅၊ ၁၂၂၊၄၄၀။
  13. (ဒီ၊ဋ္ဌ၊၁၊၉၃။ ဒီ၊ဋီ၊၁၊၁၃၆။ သီ၊ဋီ၊သစ်၊၁၊၃၈၄)
  14. (မ၊ဋီ၊၃၊၂၇၂)