[] ကောင်းမြတ်သော အစုဖွဲ့ခြင်းဖြင့် လှည့်လည် သွားလာတတ်သော မင်းသား။ [] (ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ ဘုရားဖြစ်ပြီးနောက် မိမိ၏ ဗုဒ္ဓဝါဒ ပြန့်ပွါး ထွန်းကားရေးအတွက်သာ သနာပြု ပုဂ္ဂိုလ်များကို စုဆောင်းလာရာ ဝါဆိုလပြည့်ကျော် ၆-ရက်နေ့ (ဘုရားဖြစ်ပြီ ၂-လ ၆-ရက်အရ)တွင် ပဉ္စဝဂ္ဂီငါးဦး ယသ ဦးဆောင်သော ဧဟိဘိက္ခု ရဟန်း ၅၅-ပါး၊ ပေါင်း သာသနာပြု ပုဂ္ဂိုလ် ၆၀-အထိ စုဆောင်းရရှိလာသည်။ ပထမ ဝါကျွတ် ပြီးနောက် ရဟန်း ၆၀-ကိုဒေသအသီးသီးသို့ သာသနာပြု စေလွှတ်တော်မူ၍ မိမိ ကိုယ်တိုင်မူ ဥရုဝေလတောသို့ ကြွသွားတော်မူစဉ် လမ်းခရီးအကြား ဝါခင်းထဲ၌ ဘဒ္ဒဝဂ္ဂီ ညီနောင် ၃၀-အား တရားဟောပြ ဆုံးမ တော်မူခဲ့သည်။ [][]

ဘဒ္ဒဝဂ္ဂီ ညီနောင်တို့ကား ဂေါတမ မြတ်စွာဘုရား လက်ထက်တွင် ကောသလမင်းကြီး၏ သားတော် သုံးကျိပ်ဖြစ်၏။ လှပတင့်တယ်သော ဆင်း အရောင်ရှိ၍ ပျိုမျစ်နုနယ်သော အသက်အရွယ် ရှိကုန်သော ထိုဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် မြို့ပြည်ရွာဝယ် လူများတို့အလယ်၌ ငါတို့လိုရှိတိုင်း ကာမဂုဏ်ချမ်းသာကို ခံစားမြူးထူးလျှင် သူတစ်ထူးကဲ့ရဲ့လေရာသည်။ တောခန်းဝါ၌ နေရမူကား သူတစ်ပါးကို မငဲ့ကွက် မရှက်မကြောက်ရပြီ၊ ငါတို့ဆန္ဒရှိတိုင်းပင် ပျော်ပါးရတော့မည်ဟု ကြံ၍ မိဂဒါ ဝုန်တော်နှင့် ဥရုဝေလ တောအကြား တစ်ခုသော တောအုပ်သို့ မိမိတို့မယားများနှင့်တကွ သွားရောက် ပျော်ပါးလျက် နေကြ လေသည်။ ထိုသုံးကျိပ်တို့တွင် တစ်ယောက်သော မင်းသား သည် မယားမရှိ၍ အဆင်းပြင်လျာ လှပသော ပြည့်တန်ဆာမ တစ်ယောက်ကို မယားပြု၍ ပျော်ပါးလေသည်။ တစ်နေ့သ၌ မင်းသား အိပ်ပျော်နေသော အခိုက်တွင် အဖိုးထိုက်သော ဥစ္စာ ရတနာတို့ကို ထိုပြည့်တန်ဆာမသည် ယူ၍ပြေးလေ၏။ ထို အကြောင်းကို ကျန်မင်းသား နှစ်ကျိပ်ကိုးယောက် သိကြသော အခါ အားလုံး လိုက်လံရှာဖွေကြ၏။

ထိုအချိန်၌ ဂေါတမ မြတ်စွာဘုရားသည် မိဂဒါဝုန် တောအရပ်မှသည် ဥရုဝေလတောသို့ရှေးရှုကြွတော် မူရာတွင် ခရီးအကြား၌ တောအုပ်တစ်ခုကိုတွေ့၍ ထိုတောအုပ်ကို ဝင်ပြီး သော် သစ်ပင်ကြီးရင်း၌ သီတင်းသုံးနေ တော်မူလေသည်။

မင်းသားသုံးကျိပ်လည်း သစ်ပင်ရင်း၌ သီတင်းသုံး နေတော်မူသော ဘုရားသခင်ကိုမြင်၍ ချဉ်းကပ်ပြီးလျှင် မိန်းမ တစ်ယောက် ပြေးသွားသည်ကို မြင်ပါ၏လောဟု မေးမြန်းကြ ၏။ အဘယ်ကြောင့် ထိုမိန်းမကို ရှာကြကြောင်း မြတ်စွာ ဘုရားက မေးမြန်းလေလျှင်၊ မင်းသားသုံးကျိပ်လည်း အကျိုး ကြောင်းကို လျှောက်ကြားကြ၏။ ထိုအခါ မြတ်စွာဘုရားက မယားကို ရှာဖွေခြင်းနှင့် မိမိကိုယ်ကို ရှာဖွေခြင်းတွင် မည်သည်က မြတ်ကြောင်း မေးမြန်း၏။ မင်းသားသုံးကျိပ် လည်း မိမိကိုယ်ကို ရှာဖွေခြင်းက မြတ်သည်ထင်ကြောင်း လျှောက်ထားကြ၏။ ထိုအခါတွင် ရှင်တော်ဘုရားက မာတုဂါမ တို့နှင့် ပေါင်းဖက်ခြင်းကြောင့် ပျက်စီးဆုတ်ယုတ်တတ် ကြောင်း၊ ဆင်းရဲ ဒုက္ခဟူသမျှတို့သည် မာတုဂါမတို့ကို မှီ၍ သာ ဖြစ်ကုန်ကြောင်း၊ မိန်းမတို့ကို ကြည်ညိုယှဉ်နွှဲ မှီဝဲသော သူသည်ကား ယောက်ျားတကာတို့တွင် အယုတ်မာဆုံးဖြစ်သော ယောက်ျားဖြစ်ကြောင်းတို့ကို တရားဒေသနာဖြင့် ပြတော် မူ၏။

ဤသို့ကာမဂုဏ်တို့၏ အပြစ်ကို ပြတော်မူ၍ သစ္စာ လေးပါးကို ဟောကြားတော်မူလျှင် မင်းသားတို့သည် အချို့ကား သောတာပန်၊ အချို့ကား သကဒါဂါမ်၊ အချို့ကား အနာဂါမ် တည်၍ ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြ ကုန်၏။ ထိုမင်းသား သုံးကျိပ်တို့ကား တုဏ္ဍိလဇာတ်၌ သေသောက်ကြူး သုံးကျိပ် ်ဖြစ်ကုန်၍၊ ဘုရားလောင်း မဟာတုဏ္ဍိလဝက်မင်း၏ အဆုံး အမ၌ တည်သဖြင့် ပဉ္စသီ၊ အဋ္ဌဂ ဒသသီတို့ကို ဆောက်တည် ကြ၏။ ထိုကောင်း မှုအကျိုးကြောင့် မဂ်ဖိုလ်ကို ရကြလေး။[]

ဘဒ္ဒဝဂ္ဂီ ရဟန်းများသည် ရဟန်းဖြစ်ပြီးနောက် ဓူတင် ၁၃-ရပ်ကို ဆောင်ကြသည်။ တစ်ခုသော ဝါကျွတ်၌ ဘုရားရှင်ထံ ဘုရားဖူးအလာ လမ်းခရီး၌ မိုးမိသဖြင့် လေးလံသော တိစီဝရိက်ကို ဆောင်ယူ၍ ပင်ပန်းခက်ခဲစွာ လာကြရသည်။ ဘုရားရှင်သည် ရဟန်းတို့၏ နေရေး ထိုင်ရေး ကျန်းမာရေး အခြေအနေများကို မေးမြန်းတော်မူ၍ ရဟန်းများက ပင်ပန်း ခက်ခဲစွာ လာခဲ့ရကြောင်း လျှောက်ထားလေလျှင် ထိုရဟန်းများအားလျော်သော တရားစကားကို ဟောကြားတော်မူသည်၊ ရဟန်းများလည်း ထိုနေရာ၌ပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်၍ မိမိတို့ နေထိုင်ရင်း ပါဝါပြည်သို့ ပြန်ကြွသွား ကြလေသည်။ ဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီရဟန်းများ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်စလုံး ဆောင်ယူ၍ ဆင်းရဲပင်ပန်းစွာ လာခဲ့ရသော ဖြစ်ရပ်ကို အကြောင်းပြု၍ ကထိန်ခင်းမှု ဝိနည်းကံကို ခွင့်ပြုတော်မူခဲ့သည်။ ကထိန် ခွင့်ပြုလိုက်သည့်အတွက် ကထိန် အာနိသင် ရသော ရဟန်းများအဖို့ ခရီးသွားရာ၌ အဓိဋ္ဌာန်တင် သင်္ကန်း သုံးထည်စလုံး ဆောင် ယူနေစရာ မလိုဘော့ပဲ လေးလံသော ဒုကုဋ် (၂-ထပ်) သင်္ကန်းကြီးကို ထားပစ်ခဲ့လိုက ထားပစ်နိုင်ခွင့် ကထိနပုဒ် (လည်းကြည့်) ရှိသည်။ [][]

ဘဒ္ဒဝဂ္ဂီ ရဟန်းများသည် ရှေးရှေး အတိတ် ဘဝက ရှေးဘုရားရှင်များထံတော်၌ တရားထူးရရန် ဆုတောင်း၍ ကောင်းမှု ကုသိုလ်အမျိုးမျိုး ပြုလုပ်ခဲ့ဘူးကြသည်။ တဘဝ၌ သေသောက်ကြူး ၃၀-ဖြစ်၍ တုဏ္ဍိလဝက် မင်း၏ ဩဝါဒကို (တုဏ္ဍိလဇာတက-လည်း ကြည့်) နာယူကြရသဖြင့် အနှစ် ၆-သောင်း တို့ပတ်လုံး ငါးပါးသီလ စောင့်ထိန်းခဲ့ဘူးသည်၊ ယင်း ဥပနိဿယည်းကြောင့် ယခု ဘဝ၌ တထိုင်တည်း ရဟန္တာအဖြစ်သို့ ရောက်ကြခြင်း ဖြစ်ပေသည်။ [][]

  1. ဘဒ္ဒဝဂ္ဂိယ (ပု) [ဘဒ္ဒက+ဝဂ္ဂိယ] ဘဒ္ဒဝဂ္ဂီ မင်းသား၊
  2. တိံသမတ္တာ ဘဒ္ဒဝဂ္ဂိယာ သဟာယကာ သပဇာပတိကာ တသ္မိံ ဝနသဏ္ဍေ ပရိစာရေန္တိ။ ဝိ၊၃၊၃၀။ ဘဒ္ဒဝဂ္ဂိယာတိ တေ ကိရ ရာဇကုမာရာ ရူပေန စ စိတ္တေန စ ဘဒ္ဒက ဝဂ္ဂဗ္ဗန္ဓေန စ ဝိစရန္တိ တသ္မာ “ဘဒ္ဒဝဂ္ဂိယာတိ ဝုစ္စန္တိ။ ဝိ၊ဋ္ဌ၊၃၊၂၅၂။ ဘဒ္ဒံရူပဉ္စ စိတ္တဉ္စ ဧတေသ မတ္ထီတိ ဘဒ္ဒကာ။ ဝဂ္ဂဗန္ဓနံ ဝဂ္ဂေါ ဥတ္တရပဒလောပေန၊ ဝဂ္ဂေန စရန္တီတိဝဂ္ဂိယာ။ ဘဒ္ဒကာ စ တေ ဝဂ္ဂီယာစာတိ ဘဒ္ဒဝဂ္ဂိယာ စ ကကာရလောပေန။ ပါစိတ်၊ ယော၊ ၂၁၀။
  3. ဓမ္မ၊ဋ္ဌ၊၁၊၅၅။
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၁၅
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  6. ဝိ၊ဋ္ဌ၊၃၊၃၈၇-၈။
  7. ဓမ္မ၊ဋ္ဌ၊၁၊၆၃၊ ၃၀၁။)