မင်းလှမြို့၊ သရက်ခရိုင်

(မင်းလှမြို့(သရက်ခရိုင်) မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် မကွေးတိုင်းဒေသကြီးရှိ မြို့ အကြောင်း ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးရှိ မြို့ အတွက် မင်းလှမြို့(သာယာဝတီခရိုင်) ကို ကြည့်ပါ။

မင်းလှမြို့သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး သရက်ခရိုင်တွင်ပါဝင်သော မင်းလှမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ သာယာဝတီခရိုင်တွင်လည်း မင်းလှမြို့ဟူ၍ အမည်တူ မြို့တစ်မြို့ရှိသဖြင့် သရက်ခရိုင်တွင်းရှိ မင်းလှမြို့ကို အထက်မင်းလှဟူ၍ ခေါ်လေ့ရှိသည်။ မင်းလှမြို့သည် ဧရာဝတီမြစ်၏ အနောက် သို့မဟုတ် လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိလျက် မင်းဘူးခရိုင် နယ်စပ်အနီးတွင် ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိ လူဦးရေမှာ ၁၂,၅၁၀ ယောက်[၁] ရှိသည်။

မင်းလှမြို့
အထက်မင်းလှမြို့
မြန်မာနိုင်ငံရှိ မြို့များ
မင်းလှမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းလှမြို့
မင်းလှမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°58′N 95°2′E / 19.967°N 95.033°E / 19.967; 95.033
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်သရက်ခရိုင်
လတ္တီကျု(၁၉)ဒီဂရီ၊ (၅၈)မိနစ်
လောင်ဂျီကျု(၉၅)ဒီဂရီ၊ (၂)မိနစ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ထင်ရှားသည့်နေရာများ ပြင်ဆင်ရန်

မင်းလှမြို့မှ ထွက်ကုန်ဟူ၍ ပြောပလောက်အောင် မရှိလှ၊ သို့သော် မင်းလှအိုးစည်မှာ နာမည်ကြီးပေသည်။ ဧရာဝတီမြစ်ပေါ်တွင် တည်ရှိသည့်အလျောက် သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်သဖြင့် ရေလမ်းကို ပို၍အားထားရသည်။ မင်းလှမှ တာကိုင်းသို့ ကတ္တရာလမ်း ၁၂ မိုင်ရှိသည်။ မင်းလှမြို့နယ်တွင် ထင်ရှားသော စေတီပုထိုးများမှာ ဒဏ္ဍဘုရား၊ မင်းလှ ရွှေစက်တော်နှင့် မဟာပိန္နဲ စေတီတို့ဖြစ်၏။ ဒဏ္ဍစေတီမှာ မင်းလှမြို့၏ တောင်ဘက် ၂၇ မိုင်၊ ရေနံမရွာ၏ အနောက်မြောက်ဘက် ၂ မိုင်အကွာတွင် တည်ရှိ၍ ပုဂံနရပတိစည်သူက မိမိတန့်နားသည်ကိုအစွဲပြုကာ တည်ထားခဲ့၍ တန့်နားစေတီဟု ခေါ်သည်ဆို၏။ တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။ ရွှေစက်တော်ဘုရားသည် မင်းလှမြို့၏မြောက်ဘက် ၃ မိုင်ကွာတွင် တည်ရှိ၍ မန်းစက်တော်ရာ၏ ပုံတူဖြစ်ကာ နှစ်စဉ်ပင် ဘုရားပွဲတော်ကျင်းပသည်။ မင်းလှမြို့ ၏ အောက်ဘက် ၁၈ မိုင်အကွာ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ လက်ပံရွာမှ မဟာပိန္နဲ ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိလေသည်။

မင်းလှမြို့သည် မင်းလှခံတပ်ကြောင့်လည်း သမိုင်းတွင် ပေသည်။ မင်းလှခံတပ်သည် မင်းလှမြို့ ဧရာဝတီမြစ်ကမ်းထိပ်တွင် တည်ရှိပြီးလျှင် လေးထောင့်စတုရန်းသဏ္ဌာန် ဆင်ဆင်ရှိသည်။ မင်းလှခံတပ်မှာ မြေကြီးပေါ်တွင် တည်ဆောက်ထားသော ခံတပ်ဖြစ်၍ မြစ်တစ်ဖက်ကမ်းတွင် ရှိသော ဂွေးချောင်းခံတပ်မှာ မြေတွင်းခံတပ် ဖြစ်လေသည်။ ဤခံတပ် ၂ ခုစလုံးကို သက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ်တွင် စတင်တည်၍ ၁၂၂၅ ခုနှစ်တွင် ပြီးစီးခဲ့၏။၁၉ဝ၄ ခုနှစ်တွင် ခံတပ်အပြင် ဘက်နားတွင်ပင် ဈေးရုံတစ်ခု ဆောက်လုပ်ခဲ့သည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

မင်းလှမြို့သည် မြန်မာမင်းလက်ထက်က ရွာငယ်ကလေးဖြစ်ကာ မလွန်အောက်တွင်ကျရောက်သော်လည်း မင်းလှရွာတွင်မြို့ဝန်နှင့် နားခံတော်တို့ နေထိုင်ပြီးလျှင် မြစ်စဉ်ဝန်က အုပ်ချုပ်၏။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးချိန် ၁၈၈၆ ခုနှစ်တွင် မင်းလှကို မြန်မာပြည်အောက်ပိုင်း သရက်ခရိုင်အတွင်း သွတ်သွင်းခဲ့ပြီးလျှင် ၁၈၉၆ ခုနှစ်တွင် သရက်ခရိုင်တစ်ခုလုံးကို အထက်မြန်မာပြည် မင်းဘူးတိုင်း (နောက်-မကွေးတိုင်းဟု တွင်သည်) တွင် သွတ်သွင်းခဲ့သည်။

မင်းလှမြို့တည်ရာသည် ရှေးအခါက ကျွန်းဖြစ်ခဲ့၏။ ထိုကျွန်းပေါ်တွင် ရွှေဝနှင့် မမင်းလှမည်သော တံငါလင်မယား နေထိုင်ခဲ့ရာ အနီးတစ်ဝိုက်တွင် နေထိုင်သူများက မမင်းလှတို့ နေသော ကျွန်းဖြစ်၍၊ မမင်လှကျွန်းဟု ခေါ်စမှတ်ပြုခဲ့သည်။ မမင်းလှကျွန်းဟူသော အမည်မှ စကားရွေ့၍ မင်းလှ ဖြစ်လာသည်ဟု ဆိုလေသည်။ ထိုနောက်တွင် ဧရာဝတီမြစ်သည် အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းကာ စီးဆင်းသဖြင့် အနောက်ဘက် မြစ်ကြောင်းမှာလည်း ခန်းခြောက်သွားရာ မလွန်အင်း အဖြစ်ဖြင့်သာ ကြွင်းကျန်နေလေတော့သည်။

ယခု မင်းလှမြို့ကို ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီး အင်္ဂလိပ်တို့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီး၍ နောက် တစ်နှစ်ဖြစ်သော ၁၈၅၄ ခုနှစ်တွင် အာမီးနီးယန်းလူမျိုး မက္ကတစ် ဆိုသူက တည်ခဲ့သည်ဟု ဆို၏။ မက္ကတစ်သည် အင်္ဂလိပ်တို့ လက်အောက်တွင် မနေနိုင်သဖြင့် မျိုးချစ်မြန်မာ တစ်စုကို ခေါင်းဆောင်ပြီးလျှင် စွန့်ထားသော ရွာဟောင်းနေရာတွင် မြို့တည်ခဲ့၏။ မက္ကတစ်သည် မြို့ဝန်ပင် ဖြစ်လာကာ မင်းလှမြို့မှာလည်း အတော်အရေးပါလာသည် ဆို၏။

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)