[၁] ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-နံနက်ခင်း ကပိလဝတ္ထုမြို့တော် ဆွမ်းခံဝင်ကြွတော်မူ၍ ဆွမ်းဘုဉ်းပေးတော်မူပြီး မဟာဝုန်တောအုပ်အတွင်း အုတ်ရှစ်ပင်ပျိုအနီးဝယ် နေ့သန့်တော်မူနေစဉ် ဒဏ္ဍပါဏိသာကီဝင် လမ်းလျှောက်ရင်း ဘုရားရှင်နှင့် သာရဏီယကထာပြောကြားပြီး “ရဟန်းသည် အဘယ်ဝါဒရှိပါသနည်း၊ အဘယ်တရားကိုဟောပါသနည်း”ဟု မလေးမစား မေးမြန်းပါသည်။ “ဒါယကာ အကြင်သို့သော အယူရှိသည်ဖြစ်၍ နတ်, မာရ်နတ်, ဗြဟ္မာနှင့် တကွသော ဩကာသလောက, သမဏဗြာဟ္မဏမင်းများနှင့်တကွသော သတ္တလောက၌ တစ်စုံတစ်ယောက်သောသူနှင့် မငြင်းခုံ၊ အကြင်သို့သော အခြင်းအရာအားဖြင့်ဝတ္ထုကာမ, ကိလေသာကာမတို့နှင့် မယှဉ်သည်ဖြစ်၍ တွေးတောယုံမှားမှု အလျဉ်းမရှိဘဲ (ဝိပ္ပဋိသာရကုက္ကုစ္စ, ဟတ္ထပါဒကုက္ကုစ္စကင်းပြတ်ပြီး ဘဝကြီးငယ်တို့၌ တပ်မက်မှုတဏှာကင်း၍နေတော်မူသော ရဟန္တာဖြစ်ပြီးသော ငါဘုရားကို ကိလေသာ သညာတို့ မကိန်းတော့ကုန်။ ဒါယကာ ငါဘုရားသည် ဤသို့အယူရှိတော်မူ၏။ ဤတရားကို ဟောကြားတော်မူ၏”ဟု မိန့်တော်မူပါသည်။ ဒဏ္ဍပါဏိသာကီဝင်သည် ခေါင်းညိတ်၊ လျှာထုတ်ပြီး၊ နဖူးရေးအကြောင်းသုံးခုထင်စေလျက် တောင်ဝှေး ထောက်ပြီး ထွက်ခွာသွားပါသည်။

ဘုရားရှင် ညနေချမ်းအခါ နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူပြီး ခင်းထားအပ်သော ဘုရားရှင်နေရာတော် သီတင်းသုံးတော်မူ၍ ဒဏ္ဍပါဏိ သာကီဝင်အား မိန့်ကြားတော်မူအပ်သောဤစကားကို ရဟန်းတို့အား မိန့်ကြားတော် မူပါသည်။

ထိုအခါ အညတရရဟန်းက “မြတ်စွာဘုရားသည် အဘယ်အယူရှိ၍ ဩကာသလောက, သတ္တလောက၌ တစ်စုံတစ်ယောက်သောသူနှင့်မျှ ငြင်းခုံတော် မမူပါသနည်း? အဘယ်သို့သောအကြောင်းကြောင့် ... ရဟန္တာဖြစ်ပြီးသော မြတ်စွာဘုရား၌ ကိလေသာသညာတို့ မကိန်းပါကုန်သနည်း-ဟု မေးလျှောက်ပါသည်။

“ရဟန်း အကြင်အကြောင်းကြောင့် သတ္တဝါကို ချဲ့ထွင်မှု (တဏှာမာန၊ ဒိဋ္ဌိ) သညာအစုတို့လွှမ်းမိုး၍ဖြစ်ကုန်၏။ ဤအကြောင်းအလွန်နှစ်သက်ခြင်း၊ စွဲလမ်းပြောဆိုခြင်း၊ သက်ဝင်၍စွဲယူခြင်း အကယ်၍မရှိအံ့။ ဤမရှိခြင်းသည်ပင် တပ်မက်မှု “ရာဂါနုသယ၊ ထိပါးမှု “ပဋိဃာနုသယ၊ အမြင်မှားမှု “မာနာနုသယ”တို့ ကိန်းဝပ်ခြင်း အဆုံးပေတည်း။ ဤသည်ပင် တုတ်ကိုဆွဲယူခြင်း၊ လက်နက်ကိုစွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ သဘောထားကွဲလွဲခြင်း၊ ငြင်းခုံခြင်း၊ နင်နင်ဟုပြောဆိုခြင်း၊ ဂုံးချောခြင်း၊ မုသားပြောဆိုခြင်းတို့၏ အဆုံး၌ဖြစ်၏။ ဤသည်ပင် ယုတ်မာသော ထိုအကုသိုလ် တရားတို့ အကြွင်းမဲ့ချုပ်ကုန်၏-ဟု ဤစကားကိုမိန့်ကြားတော်မူ၍ နေရာမှထပြီး ကျောင်းတော်သို့ ဝင်ကြွတော်မူသည်။

ထိုအခါ ရဟန်းတော်တို့ ဘုရားရှင်အကျဉ်းချုပ်ဟောကြားတော်မူအပ်သော ထိုစကား၏အကျယ်ဖြစ်သော အနက်အဓိပ္ပာယ်ကိုဝေဖန်၍ ဟောကြားတော်မူပါရန် အရှင်မဟာကစ္စာနထေရ်အား တောင်းပန်လျှောက်ထားကြသည်။ အရှင်မဟာကစ္စာနထေရ်က- ငါ့ရှင်တို့၊ စက္ခုပသာဒနှင့် ရူပါရုံကိုစွဲ၍ စက္ခုဝိညာဉ်စိတ်ဖြစ်၏၊ ထိုသုံးမျိုးတို့ ပေါင်းဆုံမှုသည် ဖဿဖြစ်၏၊ ဖဿကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာကိုအမှတ်ပြု၍ သိ၏၊ ထိုသညာကို ကြံစည်၏၊ ထိုကြံစည်သောအာရုံကို (တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့်) ချဲ့ထွင်၏။ ထိုချဲ့ထွင်ခြင်းကြောင့် သတ္တဝါကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော စက္ခုဝိညာဉ်ဖြင့်သိအပ်သော ရူပါရုံတို့၌ချဲ့ထွင်မှု သညာအစုတို့သည် လွှမ်းမိုး၍ ဖြစ်လာကုန်၏။ ထို့အတူသောတပသာဒ သဒ္ဒါရုံ၊ သောတဝိညာဏ်၊ ဃာနပသာဒ၊ ဂန္ဓာရုံ၊ ဃာနဝိညာဉ်၊ ဇိဝှါပသာဒ၊ ရသာရုံ၊ ဇိဝှါဝိညာဉ်၊ ကယာယပသာဒ၊ ဖောဋ္ဌဗ္ဗာရုံ ကာယဝိညာဉ်၊ ဘဝင်စိတ်၊ ဓမ္မာရုံ၊ မနောဝိညာဉ် ပပဉ္စသညာအစုတို့ လွှမ်းမိုးလာကုန်၏။

ငါ့ရှင်တို့ စက္ခုပသာဒရှိလျှင် ရူပါရုံရှိလျှင် စက္ခုဝိညာဉ်ရှိလျှင် ဖဿပညတ်ကို ပညတ်လိမ့်လတံ့၊ ဖဿပညတ်ရှိလျှင် ဝေဒနာပညတို့ကို ပညတ်လိမ့်လတ္တံ့၊ သညာ ပညတ္တိရှိလျှင် ဝိတက္ကပညတ္တိကို ပညတ်လိမ့်လတ္တံ့၊ ဝိတက္ကပညတ္တိရှိသော် ပပဉ္စသညသင်္ခါ သမုဒါစရဏပညတ်လိမ့်လတ္တံ့၊ ထိုပညတ်ခြင်း၏အကြောင်းရှိသည် သာတည်း။ ကြွင်းဒွါရ, အာရုံ, ဝိညာဉ်ငါးမျိုးတို့ကိုလည်း ဤအတူပင် တစ်ပါးစီ တစ်ပါးစီ အကျယ်ဟောတော်မူပါသည်။

ငါ့ရှင်တို့ စက္ခုပသာဒမရှိလျှင် ရူပါရုံမရှိလျှင် စက္ခုဝိညာဉ်မရှိလျှင် ဖဿ ပညတ္တိကို ပညတ်လတ္တံ့သောအကြောင်းမရှိပေ၊ ဝိတက္ကပညတ္တိမရှိလျှင် ပပဉ္စ သညာသင်္ခါသမုဒါစရဏပညတ္တိကို ပညတ်သောအကြောင်းမရှိတော့ပေ။ ဘဝင်စိတ်, ဓမ္မာရုံ, မနောဝိညာဉ်တို့မရှိလျှင် ဖဿပညတ္တိကို ပညတ်လတ္တံ့သောအကြောင်း မရှိပါပေ။ ပပဉ္စသညာသင်္ခါရသမုဒါစရဏပညတ္တိကို ပညတ်သောအကြောင်းမရှိပါပေ။ ဤကား ဥဒ္ဒေသကထာ၏ အကျယ်အနက်အဓိပ္ပာယ်ကိုဝေဖန်၍ ဟောကြားခြင်း ပေတည်း။ ဤအနက်အဓိပ္ပာယ်ကို ဘုရားရှင်အားမေးမြန်းလျှောက်ထားကြကုန်လော့၊ မြတ်စွာဘုရားမိန့်ကြားတော်မူသည့်အတိုင်း ထိုဝိတ္တာရဒေသနာတော်ကို မှတ်သားကြကုန်လော့-ဟု အရှင်ကစ္စာနထေရ်က မိန့်ကြားတော်မူပါသည်။

ထိုဝိတ္တာရဒေသနာတော်ကို ဘုရားရှင်အားလျှောက်ထားကြရာ ဘုရားရှင်က “မဟာကစ္စာနထေရ်သည် ပဏ္ဍိတ, မဟာပညဖြစ်ပေ၏။ မဟာကစ္စာနထေရ်ဖွင့်ဆိုသည့်အတိုင်း ဆောင်ထားကြကုန်လော့-ဟု မိန့်ကြားတော်မူပါသည်။

အရှင်အာနန္ဒာမထေရ်က ပျားလဘို့ဥပမာဖြင့် ပညာရှိသောရဟန်းတော်သည် စိတ်ဖြင့် ဤတရားတော်၏ အနက်အဓိပ္ပာယ်ကို ပညာဖြင့်သုံးသပ်ဆင်ခြင်ငြားအံ့။ နှစ်သက်ဝမ်းမြောက်ကြည်ညိုမှုကို ရနိုင်ပါ၏။ ဤတရားတော်သည် အဘယ်အမည် ရှိပါသနည်းဟု မေးလျှောက်သည့်အခါ ဘုရားရှင်က ဤတရားတော်ကို “မဓုပိဏ္ဍိတဒေသနာတော်”ဟု မှတ်သားလေလော့ဟု မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်အကျယ်ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၁၅၄-၁၆၁။ မ၊မြန်၊၁၊၁၅၈-၁၆၅။ မ၊ဋ္ဌ၊၁၊၃၇၇-၃၈၂။ မ၊ဋီ၊၂၊၅၈-၆၇။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၂-သီဟနာဒဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ