စဝ်စံထွန်း

မြန်မာနိုင်ငံရေးသမား၊ အာဇာနည်​ခေါင်း​ဆောင်ကြီး

မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်း
(၁၉၀၇-၁၉၄၇)
မွေးသက္ကရာဇ် ၁၂၆၉-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက်
၃၁ မေ ၁၉၀၇ (သောကြာနေ့)
အမည်ရင်း စဝ်စံထွန်း
မိဘအမည် စော်ဘွားကြီးစဝ်ခွန်ထီး + နန်းစိန်ဥ
မွေးဖွားရာဒေသ မိုင်းပွန်မြို့ ရှမ်းပြည်နယ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရှမ်းလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ရဲအုပ်သင်တန်း
အလုပ်အကိုင် စော်ဘွား၊ ဝန်ကြီး၊ တောင်တန်းဒေသရေးရာ ဝန်ကြီးဌာန
ကြင်ဖော် စဝ်ခင်သောင်း
သားသမီး စဝ်ဆေဟုန်
စဝ်ကိုင်ဖ
စဝ်သုနန္ဒာ
စဝ်မြင့်ကြည်
ထင်ပေါ်ကျော်ကြားမှု အာဇာနည် ကိုးဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၂၀ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့မြန်မာနိုင်ငံ
လက်မှတ် [[Image:|100px]]
ကွန်ယက်


မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း (၁၉၀၇ မေ၃၁ဖွား-၁၉၄၇ ဇူလိုင်လ ၂၀ ရက်ကွယ်လွန်) အား ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့တွင် အဖ စော်ဘွားကြီး စဝ်ခွန်ထီးနှင့် အမိ နန်းစိန်ဥတို့မှ ဖွားမြင်ခဲ့သည်။ မြန်မာမွေးသက္ကရာဇ်မှာ ၁၂၆၉-ခုနှစ် နယုန်လ ပြည့်ကျော် ၅-ရက်၊ သောကြာနေ့ဖြစ်သည်။

၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူသည်။ ၇ နှစ်သား အရွယ်မှစ၍ တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။

ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လ အလုပ်သင် လုပ်ခဲ့ပြီး မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ခဲ့သည်။ ရဲအုပ်သင်တန်း ဆင်းပြီး ဗန်မော်မြို့တွင် အလုပ်သင် ရဲဝန်ထောက်အဖြစ် ခေတ္တ ဆောင်ရွက်သည်။ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊

မိသားစု နှင့် ကိုယ်ရေးကိုယ်တာ

ပြင်ဆင်ရန်

၁၉၂၈ခုနှစ် ဇွန်လ ၂၀ ရက် (ဝါဆိုလဆန်း ၁၁-ရက်) နေ့တွင် အခမ်းအနားဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်။ ၁၉၃၂၊ နိုဝင်ဘာလ ၁၁ ရက် ( မြန်မာသက္ကရာဇ် ၁၂၉၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်) နေ့တွင် မိုးမိတ်စော်ဘွားကြီး စဝ်ခင်မောင် မဟာဒေဝီ စောနန်းအိမ်တို့၏ သမီး စဝ်ခင်သောင်းနှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ ယောက်ဖတော် စဝ်ခွန်ချိုမှာ လွတ်လပ်ရေး ရပြီး ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ မိုင်းပွန်စော်ဘွားသည် အခြားစော်ဘွားများကဲ့သို့ ဇနီးအများအပြား မထားရှိဘဲ ဇနီးတစ်ဦးသာ ရှိခဲ့သည်။ စဝ်ဆေဟုန်နှင့် စဝ်ကိုင်ဖဟူသော သား ၂ဦးနှင့် စဝ်သုနန္ဒာနှင့် စဝ်မြင့်ကြည် ဟူသော သမီးနှစ်ဦး ထွန်းကားခဲ့သည်။ မဟာဒေဝီမှာ ၁၉၄၅ တွင် ကွယ်လွန်ခဲ့သည်။

မိုင်းပွန်စော်ဘွားသည် ကျန်းမာရေးကိုအထူးလိုက်စားပြီး တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီနှင့် ဘောလုံးကစားခဲ့သည်။ ဘောလုံးကစားရာတွင် ဂိုးစောင့်နှင့်လက်ဝဲဝင်းအဖြစ်နာမည်ကြီးခဲ့ လေသည်၊ အယူဝါဒရေးရာတွင်လည်း အလွန်ကိုင်းရှိုင်းပြီး အရက်ဆေးလိပ်မသောက်၊ ကွမ်းမစားတတ်။ ပေါင်းသင်းဆက်ဆံရေးတွင်လည်း အလွန်ပြေပြစ်သူဖြစ်သည်။ ဂီတကို ချစ်မြတ်နိုး၍ လေ့လာလိုက်စားပြီး ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျိုမယ်ဒလင် စသည်တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။

ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။

 
စဝ်စံထွန်း + စဝ်ခင်သောင်း၊ တူတော် စဝ်ဆေဟုမ်
စဝ်သုနန္ဒါ၊ စဝ်သုဆီလီ၊ စဝ်ကိုင်ဖ၊ စဝ်ယိင်းစဟွမ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင်လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ၊ တောင်းတန်းဒေသအခြေအနေတို့ကို ကွက်ကျော်မြင်ပြီး အင်္ဂလိပ်တို့၏ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ မိုင်းပွန်စော်ဘွားသည် လွတ်လပ်ရေးအတွက် လုံးပမ်းလျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်းနှီးပေါင်းဖက်မိကာ တောင်တန်း-မြန်မာညီညွတ်ရေးနှင့် ပူးပေါင်းမှုကိုခရစ်နှစ် ၁၉၄၆-ခုနှစ် နိုဝင်ဘာလမှစ၍ အစွမ်းကုန်ကြိုးစားတော့သည်။

နယ်ချဲ့တို့သည် တောင်တန်းနှင့်မြန်မာ မပူးပေါင်းမိရန်အစွမ်းကုန် ကြိုးစားသော်လည်း ခေါင်းဆောင်ကြီးများ ကြိုးပမ်းမှုကြောင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် တောင်တန်း-မြန်မာ ပူးပေါင်းသည့် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ၁၉၄၇-ခုနှစ် မတ်လ၂၆-ရက်နေ့မှစ၍ အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

မိုင်းပွန်စော်ဘွားသည် တိုင်းပြည်အတွက်ကြိုးပမ်းနေစဉ် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး ဇူလိုင်လ ၂ဝ ရက် မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။ ထိုစဉ်က သူသည်အသက် ၄၁-နှစ်သာရှိသေးသည်၊

သူ့အလောင်းကို ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့သို့ ယူဆောင်သွားပြီးနောက် ၁၃၁၀-ပြည့်နှစ် ကဆုန်လဆန်း ၁-ရက်နေ့တွင် ရိုးရာအစဉ်အလာအခမ်းအနားဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်ပြီး အရိုးပြာတစ်ဝက်ကို ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ပို့၍ တစ်ဝက်ကိုကား မိုင်းပွန်မြို့ တောင်ဘက်ကုန်းတွင် အာဇာနည်ဗိမာန်ပြာသာဒ် တည်ဆောက်ထားရှိလေသည်။