ကုန်းဘောင်ခေတ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းသည် ဆင်ဖြူရှင် မင်းတရားလက်ထက် ဂျွမ်းပြည်၊ ယွန်းပြည်တို့မှ ပါလာသော အီနောင်ရာမ၊ သင်္ခပတ္တ ကေသာသီရိ ဒဏ္ဍာရီဇာတ်များကို ဂျွမ်းသံခံ ယွန်းသံခံတို့၏ အကူအညီဖြင့် သက္ကရာဇ် ၁၁၅၁ ခုနှစ်တွင် မြန်မာပြန်ဆို စေသည်။ ထို့နောက် မြန်မာပညာရှိများကို ပင့်ခေါ်စုရုံးစေ၍ ထိုဘာသာပြန် ဒဏ္ဍာရီများကို နန်းတွင်းဇာတ်တော်ကြီးများအဖြစ် ခင်းကျင်းကပြနိုင်အောင် မြန်မာတို့နှင့် သင့်လျော်သော ဇာတ်လမ်းဇာတ်ကွက်များ ထုတ်ကာ၊ ကဗျာ လင်္ကာ သီချင်းများကို ရေးစပ်ဖွဲ့ဆိုစေတော်မူလေသည်။

မောင်လှိုင်း ပြင်ဆင်ရန်

ဤသို့ဖြင့် နန်းတွင်းဇာတ်တော်ကြီးများ ပေါ်ထွက်ခဲ့ရာ သုံ့ပန်းအဖြစ် ပါလာသော ယိုးဒယား ဇာတ်သားများက မြန်မာဘုရင် နန်းတွင်း၌သာ ယိုးဒယား အတီးအဆို အကတို့နှင့် မူမပျက် ကပြကြလေသည်။ ထိုစဉ်က ဣန္ဒာဝုဓဇာတ် (အီနောင်ဇာတ်) ကပြရာ၌ ယိုးဒယား ဇာတ်မင်းသား (မြန်မာနာမည်) မောင်လှိုင်းသည် လူကြိုက်များသော ပထမအီနောင် ဖြစ်သည်ဟုသိရ၏။ ကရာ၌ လက်အိတ်စွပ် လက်သည်းတပ်လျက် လက်ဝါးကိုမှောက်လှန်ကွေးဆန့်ပြု၍ ကပြရာ လက်အိတ်သည် တစ်ဖျပ်ဖျပ် မြည်၍ စည်းချက်ကျကျနှင့် ကြည့်မဝ ဖြစ်လှသည် ဟုဆိုသည်။ မောင်လှိုင်းသည် ကိုယ်သွယ်သွယ်၊ ရင်အုံချီလျက်၊ ခါးသေးကာ တင်ပါးကြွမောက်၍ ခြေတံလက်တံလည်း သွယ်ပြီးလျှင် ပျော့ပျောင်း၏။ အသားဝါ၍ ဆံပင် နက်မှောင်ရုံမက ကောင်းလည်းကောင်းသည်။ သွားလာပုံ ယဉ်နွဲ့သည်။ ထိုင်ပုံ၊ နေပုံ၊ ပြောပုံ ဆိုပုံ၊ ပြုံးရွှင်ပုံတို့တွင် အလွန်တရာ ဟန်မူပါသည်။ အင်းဝ နန်းတွင်းသူများ နှစ်သက်ကြသဖြင့် မောင်မောင်လှိုင်း ဟုလည်းကောင်း၊ အချို့က မောင်မောင် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည့်ပြင် မောင်လှိုင်းသွားပုံလာပုံ၊ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ပြုံးပုံ၊ ဦးခေါင်းငဲ့ပုံ စသည်များကိုပင် အတူယူကြသည်ဟု ဆိုလေသည်။

အီနောင် မောင်လှိုင်း မရှိသည့်နောက်တွင် ဇာတ်မျိုးဇာတ်နွယ်မှ ထွန်းကား ပေါ်ပေါက်လာသော မောင်ဘိုး ဆိုသူသည် အီနောင် ဆက်လုပ်ရလေသည်။ ရာမဇာတ် ကပြရာ၌မူ သုံ့ပန်းအဖြစ် ပါလာသူ ဆရာမြသည် ပထမဆုံး ရာမမင်းသားအဖြစ် ကပြခဲ့သူ ဖြစ်၏။ ဆရာမြ မရှိသည့် နောက်တွင် မောင်ဘိုးဝေ ဆိုသူကလည်းကောင်း၊ ထိုနောက်တွင် မောင်ဘိုး ဆိုသူကလည်းကောင်း အသီးအသီး ရာမမင်းသားအဖြစ် ကပြခဲ့ ကြလေသည်။

ဦးစံတုတ် ပြင်ဆင်ရန်

မင်းတုန်းဘုရင်နှင့် သီပေါဘုရင်တို့ လက်ထက်၌ အီနောင်မင်းသား အခန်းမှ ပါဝင် ကပြရသူမှာ ဇာတ်မင်းသား ဦစံတုတ် (ဆေးနီ ဦးစံတုတ်)ဖြစ်သည်။ အီနောင် ဦးစံတုတ် ဟူ၍ပင် ကျော်စောသည်။ ဦးစံတုတ်သည် ယိုးဒယားဇာတ်ကြီး အတီး၊ အက၊ အဆိုတို့၌ သူတထူးထက် ဝိဇ္ဇာမိုရ်နေသူ ဖြစ်သည်။ ကပြရာ၌ မတ်တတ်ရပ်ယင်းမှ ဘေးသို့ နောက်ပြန် စောင်းငဲ့ညွှတ်၍ ကရာ သရဖူနှင့် မြေထိ၍ ကပြပုံလည်း အလွန် ညက်သည်။ ဦးစံတုတ် အီနောင် နောက်၌ ဦားစိန်အုပ် တစ်ဦးသာ ထိုသို့ ကပြနိုင်သည်ဟု ဆိုကြလေသည်။

ကုန်းဘောင်ခေတ်၌ လူထုပိုင် မြန်မာအကစစ်စစ်တို့သည် တောလက် ကျေးရွာများ၌ ပေါက်ပွားထွန်းကားခဲ့သည်။ နန်းတွင်းဇာတ်တို့မှာ ရှင်ဘုရင်ပိုင် ဖြစ်၍နေရာ ထိုအချိန်က လူထုနှင့် နီးစပ်ခွင့် မရခဲ့ပေ။ လူထုရပ်ကွက်တွင် ဗုံရှည် ဗုံတိုတို့ ပေါ်ပေါက်ခေတ်စားခဲ့ရာ မြန်မာတောင်သူလယ်သမားတို့ ကောက်စိုက်ရာတွင် ပျော်ပျော်ရွင်ရွင် စည်စည်ကားကား ဖြစ်စေရန် ဗုံကြီးသီချင်း၊ ဗုံကြီးအကတို့ ပေါ်ခဲ့၏။ ဒိုးပတ် ခေါ်ပုံတို ကပြရာ၌ အသုံးပြုသော တူရိယာတို့မှာ နှဲ၊ လင်းကွင်း၊ ဗုံတိုနှင့် ဝါးလက်ခုပ်တို့ဖြစ်သည်။ မင်းသားမှာ ဗုံတိုကိုလွယ်၍ တီးက ကသည်။ ဗုံတိုကို တို့ရုံသာ အလှတီး၍ အကကို များများက၏။ မင်းသား၏ အဝတ်အစားမှာ ထိုင်မသိမ်းအကျ ပုဆိုး ဒူးဖုံးဝတ်၍ ကြက်ပြီး ခါးတောင်းကျိုက်ဖြစ်သည်။ သီချင်း၊ အတီးနှင့် အကတို့မှာ ခပ်ယိုင်ယိုင် ဖြစ်သည်။

ဗုံမောင်ကျန်ပေါ်နှင့် ဗြောကိုလန်း ပြင်ဆင်ရန်

ထိုစဉ်က ဒိုးပတ်အကတွင် ဗုံမောင်ကျန်ပေါ် ဆိုသူသည် နာမည်းကြီး မင်းသားဖြစ်၏။ အကြောင်းမှာ သူ၏ ဒိုးပတ်အကကို ပရိသတ်က အလွန်သဘောကျသည်။ ကြာကြာလည်း ကြည့်လိုသည်။ ထိုကြောင့် အကနှင့် အဆိုကို ချဲ့ထွင်ရသည်။ အရယ်အရွှမ်း အဆိုအငိုတို့ကို ချဲ့ထွင်ရလေသည်။ တစ်စတစ်စနှင့် ဇာတ်ကွက်ကလေးများ ထည့်၍ ကယင်းက ဇာတ်ဘဝအသွင်သို့ ရောက်ရှိလာခဲ့လေသည်။ ဗုံမောင်ကျန်ပေါ်နှင့် မရှေးမနှောင်း နာမည်ထွက်သော သူလည်း ရှိသေးရာ၊ ထိုသူမှာ ကိုလန်းဖြစ်၍ ဗြောကို လွယ်တီး တီးယင်းက အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် အပြောကောင်း အကကောင်းသဖြင့် ဗြောကိုလန်းဟု တွင်လေသည်။ မြို့ရွာသုံး မြေဝိုင်းဇာတ်ကလေးများ၏ အဦးအစ မင်းသားများမှာ ဗုံမောင်ကျန်ပေါ်နှင့် ဗြောကိုလန်းတို့ဖြစ်သည်ဟု ဆိုနိုင်လေသည်။

မြေဝိုင်းဇာတ် ပြင်ဆင်ရန်

မြေဝိုင်းဇာတ် အဆင်အပြင်မှာ ကွင်းကျယ်ကျယ် မြေတလင်းပြောင်ပြောင်တွင် နေရာယူပြီးလျှင် သုံးပုံနှစ်ပုံကို ကပြရန် သတ်မှတ်၍ သုံးပုံတစ်ပုံကို ဝိုင်းတော်တီးများအတွက် သတ်မှတ်ထားသည်။ ကွင်းအလယ်တွင် သပြေခက်နှင့် ဆဲ့နှစ်ရာသီပင်မှ အကိုင်းတို့ကို ပူးတွဲ စိုက်ထူထားပြီးလျှင် ဘေးတစ်ဘက်တစ်ချက်တွင် ရင်ခေါင်းခန့် မြင့်သည့် မီးတိုင်များ စိုက်ထူ ထားလေ့ရှိသည်။ မီးတိုင် အနည်းဆုံး နှစ်တိုင်စိုက်၍ ကလေ့ရှိကြသည်။ မီးတိုင်မှာ ဝါးပိုးဝါးတစ်လုံးကို ထိပ်မှ ခွဲစိတ်ပြီးလျှင် ရေနံချေးနှင့် ချည်မြှင့်မြိတ်ဆာပြတ်များ ထည့်ထားသည့် အင်တုံတစ်လုံးကို ဝါးဖျားတွင် ညှပ်၍ ထွန်းလေ့ရှိသည်။


ဦးစွာ၌ ဆိုင်းတစ်ခြမ်း၊ ကြေးဝိုင်းတစ်ခြမ်း တပ်ဆင်ထားသည့် လခြမ်းဆိုင်းကို အသုံးပြုကြပြီးလျှင် ထိုဆိုင်းနှင့်ပင် မြေဝိုင်း ပန်းပင်လယ် ဇာတ်ကို မိုးလင်းကပြကြသည်။ နောက်ဆိုင်းဝိုင်းနှင့် ကြေးဝိုင်းတို့ပေါ်လာပြီးလျှင် ဇာတ်တီးဝိုင်း တိုးချဲ့ လာသည်နှင့်အမျှ ထည်ဝါခမ်းနားစေရန် ဆိုင်းဝိုင်း၏ ကျောဘက်တွင် ဂဠုန်၊ နဂါး၊ မြင်း၊ ဆင်၊ ကျား၊ ရသေ့၊ ကိန္နရာ၊ နတ်သမီး၊ နတ်သား၊ သိကြား၊ မျောက်၊ ဂုမ္ဘန်၊ ဘီလူး၊ နန်းထိုင်ဘီလူး၊ ဣန္ဒဇိတ်ဘီလူးခေါင်းများကို တန်းထိုး၍ ချိတ်ဆွဲ ထားတတ်သည်။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ဖျာများခင်း၍ ကပြလာကြပြီးလျှင်၊ ဖန်ကတော့တွင် ဖယောင်းတိုင် ထွန်း၍ တီးသည့် ဆိုင်းဝိုင်းကြီးများ ပေါ်ပေါက်လာသည်။ ဇာတ်သား၊ ဇာတ်သမတို့မှာ အတီးသမားများ နောက်ပိုင်းတွင် ဝဲ ယာ ခွဲခြား၍ ဖီးလိမ်းပြင်ဆင်ကြရလေသည်။ ဇာတ်ကမည့် နေရာတွင် ဆိုင်းဝိုင်းကြီးနှင့် အနီးကပ်၍ ဇာတ်သေတ္တာတစ်ခု ထားသည်။ ယင်းဇာတ်သေတ္တာမှာ ရှင်ဘုရင်ထိုင်လျှင် နန်းတော်ဖြစ်ရသည်။ ရသေ့ရဟန်းထိုင်လျှင် ကျောင်းသခသ္မမ်းဖြစ်ရသည်။ သူဌေးကြီးထိုင်လျှင် ဧရာမအုတ်တိုင်ကြီးဖြစ်သည်။ မင်းသမီးထိုင်လျှင် တစ်ပင်တိုင်းနန်းဖြစ်၍၊ သိကြားမင်းထွက်သောအခါ ဝေဇယန္တာ နတ်နန်းကြီးဖြစ်သွားလေသည်။ ပွဲကြည့်သူများသည် ဇာတ်သေတ္တာကိုပင် ကပြသူတို့ပုံသဏ္ဌာန် ပြလိုရာကို ယုံယုံ ကြည်ကြည် စွဲလမ်းထင်မှတ်ထားကြသည်။ မင်းသမီး မင်းသားများ မြစ်ကူး ပင်လယ်ကူးရမည့် ဇာတ်ကွက်ဆိုလျှင် လူပြက် တစ်ယောက်ယောက်၏ ခေါင်းမှ ပုဝါကိုဖြန့်ပြီးလျှင် အလျားလိုက် လူပြက်နှစ်ယောက် တစ်ဘက်တစ်ချက်ကိုင်သည်။ ဇာတ်လမ်းအရ ပုဝါစ အလယ်က မင်းသမီး မင်းသားနှစ်ယောက်လုံးသော်လည်းကောင်း၊ တစ်ယောက်ယောက်သော်လည်းကောင်း မတ်တတ်ရပ်ပြီးလျှင် ကုလားသီချင်း၊ သို့မဟုတ် လှေတောသံများကို သီဆိုကာ ကကွင်းကို လှည့်ပတ် ကပြလျှင် ပွဲကြည့်သူတို့က လှေသင်္ဘောဖြင့် မြစ်ပြင်ကျယ်၊ ပင်လယ်ကူးနေသည်ဟု နားလည်ကြသည်။ ဤတွင် လေမုန်တိုင်းမိ၍ သင်္ဘောလှေပျက် ဒုက္ခရောက်ခန်းဆိုလျှင် ဆိုင်းက အယိုင်တီးပေး၊ လူပြက်နှင့် မင်းသားမင်းသမီးတို့က ကယ်ပါယူပါ အော်ဟစ်ကာ ပုဝါကို ရှေ့နောက် ယိမ်းယိုင် ဝှေ့ရမ်းလျက် တစ်ယောက်တစ်ကွဲ ဟိုပြေးသည်ပြေး လူစုခွဲ၊ လှဲအိပ်သူက အိပ်လိုက်ကြပြီးလျှင် ဆိုင်းအတီး ရပ်သော် ငိုချင်း၊ အပြောစသည်တို့ကို ဆိုကာ ဇာတ်ကွက်အတိုင်း ဆိုပြောကပြ သွားလေသည်။ ပရိသတ်ကား ယုံကြည်မှုတစ်ခုကို ရှေ့ဝယ်တင်လျက် မျက်ရည်စက်လက်နှင့် ငိုသူငို၊ နှပ်ညှစ်သူက ညှစ်နှင့် လွမ်းလက်စ မသိမ်းနိုင်အောင် ရှိရလေသည်။ ထိုမှတစ်ဆင့် ရေနံချေးမီးခွက်အစား လသာမှန်အိမ်များ ထွန်းခြင်း၊ ဇာတ်ခုံထိုးခြင်း၊ ထီးကား၊ နန်းကား၊ တောကား၊ တောင်ကားများ ဆင်ယင်ခြင်းတို့ကို ပြုလာသည်။ ဇာတ်ခုံဇာတ်ကားများကို စတင်သုံးသူသည် ဦးကျော်ဇံခေါ် ဦးဘကျော် ဖြစ်သည်ဟု ဆိုလေသည်။ မြေဝိုင်းခေတ်တွင် ထင်ရှားသော ဇာတ်မင်းသားများမှာ ဦးမြဒင်၊ ဦးကျီးညို၊ ဆရာမွှန်း၊ ဦးဘိုးကွန်း ဦးစိန္တာ၊ ဦးဘအို၊ ဦးစိန်ထိုက် ဦးဘိုးမြစ် စသူတို့ ဖြစ်သည်။ ဦးဘိုးကွန်းသည် နာမည်ကျော် ဇာတ်မင်းသမီးကြီး ဒေါ်ထွေးလေး၏ ခင်ပွန်းဖြစ်၍ ဒေါ်ထွေးလေးနှင့်ပင် အနှစ်နှစ်ဆယ်လောက်တွဲ၍ ကသွားလေသည်။ ဦးဘိုးကွန်း၊ ဒေါ်ထွေးလေးတို့သည် ဇာတ်ခုံထိုး၍လည်း ကပြခဲ့ရာ၊ ကားလိပ်ခြောက်ခု၊ မြို့ရိုးကားတစ်ခုနှင့် လသာမှန်အိမ်များ ထွန်း၍ ကပြခဲ့သည်ဟု ဆိုသည်။

ဝတ်စာဆင်ယင်ပုံ ပြင်ဆင်ရန်

မြေဝိုင်းခေတ်တွင် မင်းသားများ ဝတ်စာဆင်ယင်ပုံမှာ ဗလာပုဆိုး၊ ကြက်မြီး ခါးထောင်းကျိုက်၊ ကိုယ်မှာ ထိုင်မသိမ်း ချွေးခံမပါဘဲ ဝတ်သည်။ ရင်အုံနှင့် လည်တိုင်မှာ ဆေးအနီရှိသည်။ ရွှေချည်ထိုး လည်ချာ၊ လက်မှာ လက်ပတ်ရွှေချည်ထိုး လက်ကောက်ဝတ်တွင် ပတ်စည်းထားသည်။ ခါးတောင် ဒူးဖုံး ရှေ့ဖုံးပါသည်။ ဆံပင်ကို ထိပ်လယ်မှာ မန်းရောင်ခေါ် နှစ်ပတ်ရစ်ရောင် ထုံးသည်။ ပုဝါ ရှမ်းပေါင်း ပေါင်းသည်။ လေးကောက်ကို ကိုင်သည်။ လေးကောက် ထမ်းခြင်း၊ ယူခြင်း၊ ညွှန်ခြင်း၊ လှည့်ပတ်ခြင်းတို့တွင် ခြေလှမ်းမမှားစေရဘဲ အကွက်ကျကျ ကတတ်ရလေသည်။ သစ္စာထား နှစ်ပါးသွားတွင် ပုဝါတစ်လှမ်း၊ ယပ်တောင်တစ်ကမ်း အကွာတွင် ကပြကြရသည်။ မင်းသားသည် ယခုခေတ်လို ကသည်မဟုတ်ဘဲ ဟန်မျှလောက်ပြုလုပ်၍ သီချင်းဆိုပြီးလျှင် မင်းသားကသာ ကလေသည်။ မင်းသားသည် များသေားအားဖြင့် လက်ပိုက်၍ နေသည်။ မင်းသမီးသည်လည်း ဗျာပါဆံပါးရိုက်နှင့် သိမ်မွေ့စွာ ကပြသည်။ မောင်နှင့်နှမ သားနှင့်အမိ ကြည့်ရှု့နိုင်လေသည်။

ဦးဘိုးကွန်း ပြင်ဆင်ရန်

ဇာတ်မင်းသား ဦးဘိုးကွန်းသည် သဘင်ပညာတွင် အလွန်ပြည့်ဝ အထက်တန်းကျသူဖြစ်၍ ဒေါ်ထွေးလေးကို ဇာတ်လိုက် ဇာတ်ဆောင်ကောင်းအောင် သွန်းသင်နိုင်စွမ်းသည်ဟု ဆို၏။ ဦးဘိုးကွန်းသည် မန္တလေး အရှေ့ဘက်ရှိ ကျောက်မီးရွာသာဖြစ်သည်။ ရုပ်လှသူလည်း မဟုတ်ဘဲ အသားညိုညိုနှင့် ကျောက်ပေါက်မာများ ရှိသူလည်း ဖြစ်သည်။ ထိုကြောင့် သူ့ရုပ်ရည်နှင့် လိုက်ဘက်လှသော မင်းကုသဇာတ်၊ ပဋာဒါသဇာတ်မျိုးကို ကပြတတ်၏။ ဦးဘိုးကွန်းတို့ခေတ်က မင်းသားသည် ယခုခေတ်လို ကသည်မဟုတ်ဘဲ၊ ဟန်မျှလောက်ပြုလုပ်၍ သီချင်းဆိုပြီးလျှင် များသောအားဖြင့် လက်ပိုက်၍နေသည်။ မင်းသမီးကသာလျှင် ကလေသည်။ ထို့ကြောင့် ဦးဘိုကွန်းကို အကကောင်းမင်းသားဟု ပြောမဖြစ်သည့်အပြင်၊ ဦးဘိုးကွန်းသည် လက်ပိုက်မင်းသားဟူ၍ပင် နာမည်ရခဲ့လေသည်။ သို့သော် ခုန်လာပေါက်လား မကသည်ကလွဲ၍ ဇာတ်ဆောင်ရာ၊ ဇာတ်လိုက်ရာ၊ ဇာတ်ကိုသယ်ရာတွင်ကား ဦးဘိုးကွန်းသည် အပြော၊ အဆို၊ အငိုများ၌ တစ်ကယ်တော်သူ ဖြစ်လေသည်။ ဦးဘိုးကွန်းသည် အဆိုသမားဖြစ်၍၊ စောင်းတီးလည်း ကောင်းလေသည်။ နောင်တစ်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော ဘိုးစိန်နှင့် အောင်ဗလတို့ကို ကလေးအရွယ်ကစ၍ ဦးဘိုးကွန်း၊ ဒေါ်ထွေးလေးတို့က သင်ပေးခဲ့လေသည်ဟု ဆိုလေသည်။ ဦးဘိုးကွန်းနှင့် ဒေါ်ထွေးလေးတို့တွဲ၍ ကသည့်အခါ နာမည်ကျော်ကြား လူကြိုက်များလာပြီးလျှင် အနှစ် နှစ်ဆယ်လောက်တွဲ၍ ကသွားကြရသည်။ ထို့နောက် ဦးဘိုးကွန်းသည် ပွဲကယင်း ငါးသိုင်းချောင်း လေးမျက်နှာဘက်တွင် ဖျား၍ အနိစ္စ ရောက်လေသည်။

အီကင်း ဦးမောင်ကြီး ပြင်ဆင်ရန်

ဦးဘိုးကွန်း ကွယ်လွန်ပြီးနောက် ဒေါ်ထွေးလေးသည် အီကင်း ဦးမောင်ကြီးနှင့် တွဲကသည်။ အီကင်းဦးမောင်ကြီးသည် မန္တလေးမြို့အီကင်းအရပ်သား ဖြစ်၍ ငယ်ရွယ်စဉ်က လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့သဖြင့် လယ်ကြားမောင်ကြီး ဟု နာမည်တွင်ပြီးမှ ရုပ်သေးမင်းသမီးဆရာပုထံ ပညာစည်းပူး၍ ရုပ်သေးမင်းသား အီကင်းမောင်ကြီး အမည်ဖြင့် ဆရာပုစင်တွင် ဆရာပုနှင့် တွဲခဲ့လေသည်။ ထိုနောက် ရုပ်သေးစင်မှ ဆင်းပြီးလျှင် မြေဝိုင်းဇာတ်တွင် ဝင်၍ ကပြသည်။ အီကင်း ဦးမောင်ကြီး သည် ဦးဘိုးကွန်း၏ တပည့်အရင်းလည်းဖြစ်သည် ရုပ်ချော၍ ဖြူဖြူခန့်ခန့်ကြီး ဖြစ်၏။ သို့သော် သဘင်ပညာမှာကား ဦးဘိုးကွန်းကဲ့သို့ မတော်လှပေ။ အီကင်း ဦးမောင်ကြီးသည် အသံတိမ်သဖြင့် အဆိုတွင် ရက်ရှည်ဆက်၍ မဆိုနိုင်သော်လည်း အပြောမှာ ယဉ်ကျေးလှသည်ဟု ဆို၏။ ပွဲကြည့်သူများကမူ အီကင်းဦးမောင်ကြီးနှင့် တွဲသည့်အခါ ဒေါ်ထွေးလေးသည် ပို၍ ကောင်းသေးသည် ဟုဆိုကြသည်။ ထိုသို့ တွဲကယင်း သူတို့နှစ်ဦး အကြောင်းပါကြသည်။ အီကင်း ဦးမောင်ကြီးသည် ၁၂၈၁ ခုနှစ်၌ စဉ့်ကိုင်မှ ပွဲကအပြန် ငှက်ဖျားမိ၍ ကွယ်လွန်သွားလေသည်။

ဆရာမွှန်း ပြင်ဆင်ရန်

မြေဝိုင်းဇာတ်မင်းသား ဆရာမွှန်းသည် ဇာတိ ဓနုဖြူမြို့သားဖြစ်၍၊ အောက်နယ်ရှိ ဇာတ်မင်းသားများထဲတွင် ဣန္ဒြေ အရှိဆုံးဟု ဆိုရပေမည်။ ခန့်ညားထယ်ဝါ၍ ခေါင်းပေါင်း ပေါင်းပုံ နေထိုင်စားသောက်ပုံ ပြောဆို ရွတ်ဖတ်ပုံတို့မှာလည်း သိက္ခာရှိလှသည်။ သူ၏ ရုပ်လက္ခဏာမှာ ထောင်ထောင်မားမား၊ အသားမှာ အသားဝါ၊ မျက်နှာပြည့်၍ ဝိုင်းသည်။ ရင်အုံ နှစ်ဘက်တွင် ယိုးဒယား ဆေးနီရုပ်များ ထိုးထားသည်။ စကားပြော သီချင်းဆိုရာတွင် နှာသံ အနည်းငယ်ပါသည်။ ကပြရာ၌ နှစ်ပါးသွားခန်းများဆိုလျှင် ခန့်ညား၍ ဣန္ဒြေရှိသည်။ သီချင်းဆိုရာတွင်လည်း စည်းထိပ်နင်း၍ အဝင်ဆိုလေ့ရှိသည်။ ကပြလေ့ရှိသော ဇာတ်ထုပ်များမှာလည်း ဖိုးသုံသင်းထုံ၊ တစ်မာကူလ၊ မောင်ပျင်း၊ မောင်လုလ္လ၊ မောင်ကဒူး၊မောင်ပေါက်ကျိုင်းနှင့် အဘိုးအိုဇာတ်၊ နေအာဒိစ္စဇာတ်၊ ဥပက မဆာဝါဇာတ် စသည်တို့ဖြစ်၏။ ဆရာမွန်၊ ကပြပုံမှာ သဏ္ဌာန်လုပ် သရုပ်တူရမည် ဆိုသည့်အတိုင်း လူဆင်းရဲ၊ လူပျင်း၊ အရူး၊ အဘိုးကြီးအို၊ ဘုန်းကြီးလူထွက် စသည်တို့ လုပ်ရာတွင် ရင်းနှီးသူများပင် ဆရာမွှန်းမှန်း မသိအောင် တူလှသည် ဟုဆိုသည်။ ဆရာမွှန်းသည် အသံမကောင်းလှသော်လည်း ဇာတ်ကတတ်သူဖြစ်သည် ဟုလည်း ဆိုလေသည်။ ဆရာမွှန်းထံတွင် နည်းနာခံကာ သင်ကြားခဲ့သော တပည့်ရင်းများမှာ ဦးဘိုးဆိတ်၊ ဦးဘိုးထင်ကြီး၊ ဦးစိန်ထိုက်၊ ဦးဘိုးမြစ်၊ ဦးစိန်ကတုံး၊ ဦးကြေးဖြူ၊ ဦးစိန်ဘိုး စသူတို့ ဖြစ်သည်။ ဦးဘိုးဆိတ်သည် မူလက မင်းသား ဖြစ်သော်လည်း နောင်အခါ လူကြမ်းအဖြစ် ကပြလေသည်။ မင်းသား ဦးကြေးဖြူ၏ ငယ်မည်မှာ ငယ်ရွယ်စဉ်က ငိုတတ်၍ ထိုသို့ငိုသည့်အခါ မိဘများက ကြေးစည်ကို တီးပြလျှင် ကြေးစည်သံ ကြားက အငိုတိတ်သည်ကို အကြောင်းပြုကာ မောင်ကြေးစည်ဟုခေါ်သည်။ နောက် ရွေ့လျောပြီးလျှင် ကိုကြေးဖြူဟု အမည်တွင်လေသည်။ ဆရာမွှန်းကြီး၏ တပည့်တစ်ဦးပင် ဖြစ်သော မင်းသား ဦးစိန်ဘိုးသည် အသားဝါ၊ ရုပ်ချော၊ နှာတံပေါ်၍ ကိုယ်မှာ ဆေးနီအပြည့်ရှိ၏။ ကျွမ်းထိုး အလွန်ကောင်းသော ဟူ၏။ ဓမ္မစေတီဇာတ် ပြရာတွင် ပဲခူး ရွှေမော်ဓောသို့ တက်၍ ရွှေအပ်နှင့် နားထွင်းမင်္ဂလာပြုလျှင် ပဲခူးဘုရင်က တပ်နှင့်ဝိုင်းဖမ်းရာ၊ ပဲခူးကုန်းမှ လိပ်ပြာကန်သို့ ခုန်ဆင်းပြေးသော အခန်း၌ တပ်သားများ ခေါင်းပေါ်မှ ကျော်၍ ကျွမ်းပစ်ထွက်ပြေးခြင်းကို ပွဲကြည့်ပရိသတ်များ နှစ်သက်ကြသည်။ မင်းသား ဦးဘိုးမြစ်သည် နိုင်ငံကျော် မင်းသားတစ်ဦးပင် ဖြစ်၏။ ဦးဘိုးမြစ်သည် ဆရာမွှန်း၏ စနစ်ကို နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ မျက်နှာထားမှ စ၍ တစ်သွေမလွဲ အတုခိုးယူသူ ဖြစ်လေသည်။ ညောင်တုန်းမြို့မှ ဦးဘွား၏သား မောင်သာမောင်သည် မာတင်္ဂဇာတ်ကို အဝတ်ကလေးကာ၍ သံစုံပြောရာမှ ဆရာမွှန်းထံ နည်းခံသင်ကြားခဲ့ရာ နောင်အခါ မင်းသား မောင်မာတင်ဟု ကျော်ကြားခဲ့လေသည်။ ဆရာမွှန်း၏ တပည့်တစ်ဦးဖြစ်သော ဆဲ့နှစ်မျိုး ဦးဘရှင်သည် ရုပ်ရည်နှင့် အသံကောင်းသည်။ ဒူးကြိုး ပေါင်းကြိုး ပြည့်စုံသည်။ သရုပ်အတူလုပ်တတ်သည်။ ရုပ်ပြောင်း ရုပ်လွဲကောင်းသည်။ ဆယ့်နှစ်မျိုးခေါ်ခြင်းမှာ နတ်ကတော်က၊ ဝန်က၊ မျောက်က၊ ဇော်က၊ ရွှေစွန်ညိုက၊ အိုးစည်က၊ ဒိုးပတ်က၊ စည်တော်က စသည့် အကဆယ့်နှစ်မျိုးစုံအောင် စီကာစဉ်ကာ တစ်ခုပြီးတစ်ခု ပရိသတ် မျက်စေ့မပြတ်အောင် ကပြတတ်သောကြောင့် ဖြစ်သည်။ ဦးစိန်ကတုံး၊ ဦးဘိုးစိန်တို့ ခေတ်မထခင် ဆယ့်နှစ်မျိုးဦးဘရှင်သည် ခေတ်စားခဲ့လေသည်။ သဘင်ဆိုင်ရာ အောက်ခြေသိမ်း တတ်မြောက်၍ ဇာတ်ကတတ်သူဖြစ်သည်။


ဆရာမွှန်း၏ တပည့်များထဲတွင် မင်းသားဦးစိန်ထိုက်သည် တစ်မူထူးခြားသူဖြစ်သည်။ ဦးစိန်ထိုက်သည် ညောင်ဦးသား ဖြစ်သော်လည်း ညောင်တုန်းတွင် ကြီးပြင်းလာရသူဖြစ်သည်။ ဥပဓိရုပ် အလွန်ချစ်ဖွယ်ကောင်းသည်။ အသံကောင်းသည်။ အဆစ်အမျက်ပြေပြစ်သည်။ ညောင်တုန်းမြို့ပေါ်ရှိ သဘင်ပညာရှင်များထံတွင် ပညာဆည်းပူးသင် ကြားရုံမျှမက ဇာတ်ဆရာ ဆရာမွှန်းထံတွင်လည်း ထိရောက်စွာ တပည့်ခံ၍ နည်းယူသင်ကြားသည်။ အောက်နယ်တွင် မင်းသားလုပ်ကပြလေသည်။ သို့သော် သူအမူအရာနှင့်လည်း သင့်လျော်၍ သူ့ဝါသနာနှင့်လည်း ကိုက်ညီသော မောင်မစ္စကဇာတ်ကို အထူးတစ်လည် ကပြတတ်သည်။ မောင်မစ္စကဇာတ်တွင် ညဉ့်ဦး၌ ယောက်ျားဘဝနှင့် ကပြ၍ သန်ခေါင်ကျော်လျှင် မိန်းမဘဝနှင့် ကပြလေသည်။ ထိုသို့ကပြရာတွင်လည်း ဟန်အမူအရာ အပြောအဆိုမှ စ၍ မိန်းမစစ်စစ် များနှင့် မခြားနားပေ။ အပလီ အာရာ တီတီတာတာ ပြောဆိုပုံတို့မှာလည်း လွန်စွာ နှစ်သက် လောက်ပေသည်။ ၁၂၄၂ခုနှစ်တွင် မန္တလေးမြို့သို့တက်၍ ကပြခဲ့ရာ၊ ဦးစိန်ထိုက် ကပြပြောဆိုပုံများကို အမျိုးသမီးများသာမက အမျိုးသားများကပင် နှစ်သက်ကြသည်။ အချို့သော အမျိုးသမီးများကမူ ဘွဲ့ဖြူလိပ်ခေါ် ကွမ်းသီးဘက် ဆေးလိပ်၏ထိပ်တွင် ရွှေဒဂသ္မါပိတ်၍ လက်ဆောင်ပေးကြ သည်။ နောင်အခါတွင် နန်းတွင်းသူများကပါ လှုပ်ရှားလာသော ကြောင့် ကြာကြာနေလျှင် ဓားနှင့် နီးရတော့်မည့် ဘေးကြောင့် အောက်ပြည်သို့ စုန်ဆင်းတိမ်းရှောင်ခဲ့ရသည် ဟုဆိုသည်။ မြေဝိုင်း သစ္စာထား နှစ်ပါးသွား အကတွင် မင်းသား မင်းသမီးတို့ ပူးပူးကပ်ကပ် ဖြစ်အောင် စည်းခပ်ဆပ်ဆပ်ဖြင့် 'ပလို့က' ဟူသော ခပ်ကြမ်းကြမ်းအကကို စ၍ ထွင်သူမှာ မင်းသားဦးစိန္တာဖြစ်သည် ဟုဆိုလေသည်။ ဦးစိန္တာသည် လူပုံချော၊ လူရွှင်လူသွက်ဖြစ်၏။ နှစ်ချက် စည်းလေးစည်းမှန် ထုံးစံက၊ စည်း ခပ်ဆပ်ဆပ်ဖြင့် ဒူးကြိုး ပေါင်းကြိုး လှုပ်ရှားကပြသည်။ မင်းသား မင်းသမီး နီးနီးကပ်ကပ် တို့ထိသည်ကို ပရိသတ်က မြင်လိုသော ဆန္ဒဖြစ်ပေါ်လာရာ ဦးစိန္တာက မင်းသမီးကို သစ္စာနှံ ကြမ်းလာသည်။ ဦးစိန္တကြီး၏ ပလို့က သီချင်းမှာ - ရွှေမှုံ၊ ငွေမှုံ ပန်းဝတ်ကယ် စုံသလေ၊ (ပလို့ - ပလို့ ဟု ဆိုင်းက တီး၍ မင်းသားက လှည့်ပတ် ကွေးအောင် ကသည်။) ့ ့ ့ ့ ထုံလေ - မာလာ၊ မာလာ သင်းပျံ့တော်တယ်လေးဟိုက်။ ။ အိုရွှေကြက်ရုံးမှာလ၊ အိုငွေကြယ်ရုံးမှာလ၊ ပိတုန်းတွေ ပျံတော့တယ်၊ (ဤတွင် ပတ်ဆစ်ချိုး၍ ကတော့သည်။) ထို့ပြင် တို့တော့မယ်တဲ့ ဆိတ်တော့မယ်၊ ဆိတ်တော့မယ်တဲ့ တို့တော့မယ် (မင်းသမီးအား သွား၍ လက်ဆွဲ၊ ပုဝါဆွဲ လုပ်သည်။) ဘယ်ခြောက်ခါ ညာကဖမ်း၊ နမ်းမိလိမ့်မယ်။ လေးတောင်ပြည့် ခန်းသာလယ်၊ ငါးတောင်ပြည့် ခန်းသာလယ်။ မောင်မောင်ရွယ်သည့် စပုယ်ကုံး၊ အလိုဗျာ မင်းဘယ်သို့တုန်း ဟူသော သစ္စာနှံ သီချင်းကို ဆိုလျက် မင်းသမီးကို ဆွဲလားငင်လား လုပ်သည်။ မင်းသမီးက တိမ်းရှောင်ပြေးလျှင် ခြေနှင့် ဆီးသည်။ လက်နှင့် ဆီးသည်။ တစ်ခါတစ်ရံ မင်းသမီးက ကြောက်လန့်၍ ငယ်သံပါအောင်အော်သည်ကို ကာလသားများက ကြိုက်ကြလေ သည်။ ဦးစိန္တာတို့ ခေတ်ကစ၍ သစ္စာထားနှစ်ပါးသွားတွင် ပုဝါတစ်ကမ်း၊ ယပ်တောင်တစ်လှမ်း စနစ်တစ်ဖြည်းဖြည်း ကွယ်ပျောက်လေတော့သည်။ ရန်ကုန်မြို့ လမ်းမတော်မှ ဆိုင်းဆရာကြီး ဦးနီတိုး၏သား ဦးကျော်ဇံ (ခေါ်) ဦးဘကျော်သည် ပတ်တီးဘဝက ဇာတ်မင်းသားဘဝသို့ ကူးပြောင်းခဲ့သည်။ ဇာတ်ခုံ ဇာတ်ကားများကို စတင် အသုံးပြုသူ ဖြစ်သည်ဟုလည်း ဆိုသည်။ ဦးကျော်ဇံသည် ဇာတ်မင်းသား ဘဝသို့ ကူးပြောင်းခဲ့သော်လည်း ပုံပန်းကသာ မင်းသားရုပ် ရသည်။ အကနှင့် အသံကစွဲမက်လောက်အောင် မပြည့်စုံသဖြင့် မင်းသားလတ်ဘဝဖြင့် ထင်ပေါ်လာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ ဇာတ်မှာ မင်းသားနု၊ မင်းသားလတ်၊ မင်းသားကြီးဟူ၍ သုံးမျိုး ရှိရာ မင်းသားနုမှာ နှစ်ပါးသွား သစ္စာထား၊ ကျင်းအိုင် အလွမ်းအဆွမ်း ဇာတ်လိုက်ဖြစ်သည်။ မင်းသားလတ်မှာ တုတ်ထမ်း၊ ဓားထမ်း ခပ်ကြမ်းကြမ်းထဲက ဖြစ်သည်။ မင်းသားကြီးမှာ ဇာတ်အိမ်ဇာတ်ကွက်၊ ဇာတ်စီးဇာတ်နင်း အလွမ်းအဆွမ်းတို့အတွက် ဖြစ်လေသည်။ ဦးကျော်ဇံသည် ဝိဋဋူပဇာတ်နှင့် ဗဿိသာရ ဓားခွဲဇာတ်တို့ကို ကပြရာတွင် သဏ္ဌာန်လုပ် သရုပ်နှင့် တူသဖြင့် ပရိသတ် နှစ်ခြိုက်လေသည်။ ဇာတ်မင်းသား ဦးစိန်ကတုံးသည် မင်းသားကလေးဘဝတွင် အသံပျက်သွားရာ၊ သီချင်း ကောင်းစွာ မဆိုနိုင်သည့် အတွက် ခါးတောင်းကျိုက်မင်းသား (ဝါ) မင်းသားလတ်လုပ်၍ ဝိဋဋူပ၊ အင်္ဂုလိမာလ၊ ထိလပ် ပိုးအု စသည့် ဇာတ်ထုပ် များကို ကပြရာ၊ ပရိသတ် နှစ်ခြိုက်ခဲ့သည်။


နှစ်ပါးသွား သစ္စာထားတွင်လည်း ရွှေစွန်ညိုဝဲ အက၊ အိုးစည်က၊ စည်တော်တီးက၊ ဝန်ကစသည့် အကမျိုးနှင့် အသောများများ ကပြသည်။ ဦးစိန်ကတုံးသည် နဂိုက ဒူးကြိုး ပေါင်ကြိုး ကျနခဲ့သူဖြစ်သည့်ပြင်၊ ထလျက်ကဖြစ်စေ၊ ထိုင်လျက်ကဖြစ်စေ ဇာတ် သတ္တာကြီးသုံးလုံး ဆင့်၍၊ အဝတ်ဖုံးအုပ် ထားသော တောင်ပုံသဏ္ဌာန်ထိပ်၊ ခြေတွဲလွဲ၊ တင်ပါးလွှဲ၊ မုဆိုးထိုင် စသော အကျမျိုးတွင် ယိုးဒယားဟန် မပျက် စွေ့ကနဲ ခုန်လွှား ကပြသည်ကိုလည်း သဘောကျခဲ့ကြ လေသည်။ ထိုအခါ ခါးတောင်းကျိုက် မင်းသားလတ် ခေတ်စားလာသဖြင့် ဇာတ်မှန်သမျှတွင် မင်းသားလတ် မပါက မဖြစ်သလောက်ရှိခဲ့သည်။ စိန်ကတုံးဟန် ဟူ၍လည်း ခေတ်စားခဲ့လေသည်။ ဇာတ်သဘင်ကပြရာတွင် ရှေ့ပိုင်း နောက်ပိုင်းဟူ၍ရှိသည်။ တန်းလျှောက်၊ သို့မဟုတ် သစ္စာထား နှစ်ပါးသွားကို ရှေ့ပိုင်းဟုခေါ်သည်။ နှစ်ပါးသွား သစ္စာထားပြီး၍ ဇာတ်အိမ်ဇာတ်ကွက် အလိုက် အလွမ်းအဆွေးခေါ်သော ကျင်းအိုင်ပူခန်း ဆွေးခန်းတို့ကို နောက်ပိုင်းဟုခေါ်သည်။ ဇာတ်မကတတ်သူကို တန်းလျှောက်မင်းသား၊ သို့မဟုတ် ရှေ့ပိုင်းမင်းသား ဟုခေါ်၍၊ ဇာတ်ကတတ်သူကို ရှေ့ပိုင်းနောက်ပိုင်း လုံသည်ဟုဆိုသည်။ အသံကောင်း၊ အဆိုကောင်း၊ ရုပ်ရည်ချောကာ အရွယ်ကောင်းနှင့် ပြည့်စုံတိုင်းဇာတ်မကတတ်ပေ။ ထိုအတွက် ထိုသို့သော အရည်အချင်းများနှင့် ပြည့်စုံ၍ ပရိသတ်တပ်မက်ဖွယ်က တခြား၊ ဇာတ်ထုပ် ဇာတ်ကွက် အဝင်အထွက် ကျင်းအိုင်ဝပ်ခြင်း၊ လူးခြင်း၊ လှိမ့်ခြင်းက တစ်မျိုးဖြစ်၍ သဘောချင်း တူသော်လည်း တစ်ဘာသာစီ ဖြစ်လေသည်။ ဆားမလောက်သား ဦးစစ်တွေသည် အသံမကောင်း သော်လည်း ဇာတ်ကတတ်သည်။ ဖခင်ဇာတ်မင်းသားဖြစ်သူ ဇာတ်ကသွားရာသို့ လိုက်ပါယင်း မိခင်ဖြစ်သူက စစ်တွေမြို့တွင် မွေးခဲ့ခြင်းကြောင့် စစ်တွေဟု နာမည်မှည့်သည်။ ဖခင်ဖြစ်သူ မသေမီက ငါ့သား ဇာတ်မင်းသားလုပ်၍ အသက်မွေးမည်းဆိုလျှင် သုံးညတွင် တစ်ည မျောက်ဇာတ်ကရမည် ဟုပြောဆိုလျက် ကိုစစ်တွေ၏ ဦးခေါင်းတွင် မျောက်ခေါင်းကို စွပ်ပေးလိုက်သည် ဟုဆိုလေသည်။ ထိုသို့ မှာထားခဲ့သည့်အတိုင်း သုံးညဉ့်ကလျှင် တစ်ညဉ့် မျောက်ဇာတ်ကပြလေ့ ရှိခြင်းကြောင့် မျောက် - ကိုစစ်တွေ ဟုပင် တွင်ခဲ့လေသည်။ ဦးစစ်တွေသည် ခြေဆံလက်ဆံ သွယ်သည်။ ကိုယ်ဟန်ကိုယ်လက် သန့်ရှင်းသည်။ ကပြရာတွင် လက်ထား ခြေထား ယိုးဒယားဟန် ကျလွန်းသည်ဟုလည်း ဆိုလေသည်။ ဦးစစ်တွေကဲ့သို့ပင် မင်းသား ဆယ့်နှစ်မျိုး ဦးဘရှင်သည်လည်း ဇာတ်ကတတ်သူဖြစ်၍၊ ဆရာမွှန်းကြီးနှင့် မင်းသား ဦးဘချောတို့သည်လည်း အသံ မကောင်းကြသော် လည်း ဇာတ်ကတတ်ကြသူများဖြစ်ကြသည်။ ထိုနည်းတူစွာ မင်းသား ရာပြတ်ခေါ် ဦးမောင်ကလေးသည် အသံလည်း မကောင်း၊ ဇာတ်မင်းသား ဆိုလောက်အောင် ရုပ်အဆင်းမရှိ၊ ထိုသို့ဖြစ်စေကာမူ ရုပ်ဆင်းလှသော မင်းသား၊ အသံကောင်း သော မင်းသား၊ အကကောင်းသော မင်းသားများနှင့် ဇာတ်လတ်ကလေးချင်း တန်းတူ ယှဉ်ပြိုင်ကပြကြလျှင် ရာပြတ် ဦးမောင်ကလေးက နိုင်သည်။ ပွဲကြည့် ပရိသတ်ကို ထိန်းနိုင် သည်။ ဇာတ်အိမ်ဇာတ်ကွက် ရေရေလည်လည်ဖြစ်အောင် ကပြတတ်ခြင်း၊ တစ်နည်းဆိုရလျှင် ဇာတ်ကတတ်ခြင်းကြောင့် ထိုသို့ ထိန်းသိမ်းနိုင်ခြင်း ဖြစ်သည်။ ဦးဘိုးသာ ဆိုသော ဇာတ်မင်းသားသည် သုံးညဉ့်ကလျှင် တစ်ညဉ့် ကျေးဇာတ်ပါရသည်။ ကျေးယောင်ဆောင်၍ ပင်တိုင်နန်းသို့ သွားခန်းကို လူကြိုက်များ၏။ ကျေးခေါင်းဆောင်း၍ ကျေးတောင်ပံ ကျေးမြီးများ တပ်ဆင်ကာ ဝဲပုံ ပျံပုံ၊ စောင်းငဲ့ကြည့်ပုံ၊ တောင်ပံခတ်ပုံ၊ တောင်ပံဆန့်ပုံတို့ကို ပရိသတ်နှစ်သက်ကြသဖြင့် ကျေးလုပ်ကောင်းသော ဦးဘိုသားသည် ကျေးဦးဘိုးသာဟု ကျော်ကြားလေသည်။ ဇာတ်မင်းသားဦးသင်းသည် မင်းသားလတ် အဖြစ်ကပြရာ ရေကန်တွင် ရေချိုး၍ ကျားဖြစ်သော ဇာတ်ကို လူ ကြိုက် များသည်။ ကျားအဝတ်အစားကို ဝတ်ဆင်၍ ကန်တက် ကန်ဆင်း၊ ခုန်လွှားပုံ၊ ရှေ့ကျွမ်းနောက်ကျွမ်း ထိုးပုံ၊ ကျားသန်းပုံ၊ ကျားလျက်ပုံ စသည်တို့မှာ ကျား၏အမူ အယာ ပြည့်စုံ၍ ကျားသဏ္ဌန်နှင့်လည်း တူလှလေသည်။ သာ၍ ကောင်းသည်မှာ ကျားကိုက်ခန်းတွင် ဖြစ်သည်။ လူကောင်ကိုချောင်းမြောင်းပုံ၊ ခုပ်ပုံ၊ အုပ်ပုံ၊ ကိုက်ပုံ ဟန်အမူအယာ ကောင်းမွန်သည့်အပြင်။ လူကို ကိုက်ချီလျက် ဆွဲစားပုံ၊ ရှေ့ကျွမ်း နောက်ကျွမ်း ပစ်ရာတွင် ပေါ့ပေါ့ရွရွ ကလေးဖြင့် နေရာတွင် သေဝပ်စွာ ပြန်ကျပုံတိုမှာ ကျားရေ ဘောင်ဗီ၊ ကျားရေအင်္ကျီ ဝတ်ဆင်ကာ ကျားခေါင်း ဆောင်းထား၍ သူ၏ ဟန်ပန်ကို မြင်ရသဖြင့် တစ်ကယ့်ကျားဟု ထင်မှတ်ဖွယ်ရာ ဖြစ်လေသည်။ ဦးသင်းသည် ဦးစွာ ပထမ ကျားလုပ်ရာတွင် သူမတူအောင် ကောင်းသည့် အတွက် ကျားဦးသင်းဟု နာမည်ရခဲ့လေသည်။ ဇာတ်မင်းသား ဦးဆင်သည် ရုပ်ဆင်းအင်္ဂါနှင့်ပြည့်စုံသည်။ ငယ်ရွယ်စဉ်က မင်းသားနု အဖြစ်ကပြခဲ့၍၊ ကြီးသောအခါ မင်းသားကြီးအဖြစ်နှင့် လှံဦးဆင် ဟုကျော်ကြားလေသည်။ နန်းထိုင် မင်းသားကြီး၊ အိမ်ရှေ့မင်းသားလုပ်၍ ရှေ့တော်တွင် ရာဇဝတ်သင့်သူကို ငေါက်ငမ်း ကြိမ်းမောင်းလျက် ဒေါသအလျောက် မချုပ်တီးနိုင်ဘဲ၊ ရုတ်တစ်ရက် လှံတော်ကို ကောက်၍ ထိုးလိုက်ရာ ပရိသတ်က 'ဟယ်' ဟု တုန်လှုပ်သွားရလေသည်။ အကြောင်းမှာ ရှေ့တော်တွင် လက်ရှက်လျက် ဝပ်၍ ခစားနေရာ၌ လက်နှစ်ဘက်ကြားဝယ် လှံသွားကျခြင်း၊ ထိုင်၍နေခိုက်မှာ နားနှင့်ပခုံးစပ်ကြားသို့ လှံဝင်သွား၍ နောက်သို့ ထက်ခြင်း၊တစ်ခါတစ်ရံ နဖူးကို တည့်တည့်ထိုးရာ နဖူးပြင်နှင့် လှံဖျား မထိတထိဖြစ်သော်လည်း ခံရသူက အမယ်လေးဘုရားဟု ဆိုပြီးလျှင် သရုပ်တူအောင် နောက်သို့ ပက်လက်လှန်ချလိုက်ခြင်းတို့ကြောင့် ဖြစ်လေသည်။ ဇာတ်မင်းသားဦးစိန်အုတ်သည် ရုပ်သေးမှဇာတ်သို့ ကူးပြောင်းလာသူ (ဝါ) အမြင့်မှ အနိမ့်သို့ဆင်းလာသူ ဖြစ်သည်။ ဦးဘိုးကွန်း၊ ဦးညိုကြီး၊ဧရာဝဏ်ဦးတင့်၊ ဦးစိန်ခို စသူတို့လည်း အမြင့်မှ အနိမ့်သို့ ဆင်းလာသူများဖြစ်ကြသည်။ ဦးစိန်အုပ်သည် မူလက ရုပ်သးမင်းသားဖြစ်၍ ထိုနောက်တွင် ယောက်ျား ဇာတ်မင်းသမီး၊ ဇာတ်မင်းသား၊ မင်းသားကြီး စသည်ဖြင့် သဘင်ပညာ မြှင့်တင်ပေးခဲ့သည်။


ဦးစိန်အုပ်သည် မင်းသားသန့်သန့်ဖြစ်၍ အလွန်ကောင်းကြီး မဟုတ်ပေ။ သို့သော် ဦးဘိုးကွန်း ဒေါ်ထွေးလေး၊ အီနောင် ဦးစံတုတ်၊ လူကြမ်းဦးကြွင်းစသော သဘင်ပညာတွင် စံတင်ရသူများနှင့် ကပြခဲ့ယင်း သဘင်ပညာ ပြည့်ဝခဲ့၏။ အီနောင် ဦးစံတုတ်၏ ယိုးဒယား ဇာတ်ကြီး အတီးအက အဆိုတို့ကို အတော်ရမိလိုက်လေသည်။ အထူးသဖြင့် ဦးစံတုတ် ကပြပုံမျိုးကို ဦးစံတုတ်နောက် ဦးစိန်အုပ် တစ်ဦးသာ ကပြနိုင်ကြောင်း ပြောကြလေသည်။ ဦးစိန်၏ အမည်ရင်းမှာ ဦးအာင်ခိုဖြစ်၏။ သဘင်ပညာ လုံးဝမရှိသေးဘဲ အစိမ်းသက်သက် ဖြစ်သည့် ဦးအောင်ခိုင်ကို မင်းသားတစ်လက် အရေးတစ်ကြီးအလိုရှိနေသော နာမည်ကျော် ရုပ်သေးမင်းသမီးကြီး ဆရာပုက စက်ချုပ်စားနေရာမှ ခေါ်ယူ သွန်သင်ပြသပြီးလျှင် စိန်ခိုဟုအမည်ပြောင်း၍ မင်းသားအဖြစ် ကပြစေရာ နာမည်ကျော်ကြားလာသည်။ ဦးစိန်ခိုသည် သီချင်းဆိုရာတွင် အသံကောင်းပြီးလျှင် စကားပြောရာ၌ ညင်သာသည်။ ရုပ်လှသူလည်းဖြစ်၏။ ဦးစိန်ခိုသည် နောင်အခါ ရုပ်သေးမှ ထွက်၍ ဦးဘိုးစိန်၏ ဇာတ်ထဲတွင် ပါဝင်ကပြခဲ့ရာ၊ ဒုတိယမင်းသားအဖြစ် ကပြရသောကြောင့် အရည်အရောင် တိုးပြောင်၍ မလာဘဲ တစ်ဆင့် အလျော့ခံ ရသည့် အဖြစ်သို့ပင် ရောက်သွားရလေသည်ဟု ဆိုလေသည်။ ဦးစိန်အုပ်ကဲ့သို့ပင် ယိုးဒယား အတီး၊ အက၊ အဆို တတ်ကျွမ်းသူမှာ ဦးစံရှားဖြစ်သည်ဟုဆိုသည်။ ထိုခေတ်က ဇာတ်မင်းသာသည် တစ်လ တစ်ရာရလျှင် အဆင့်အတန်း မြင့်သည်ဟု ဆိုရလေရာ၊ ထိုစဉ်က ထိုသို့ တစ်လတစ်ရာ စားရသော ဇာတ်မင်းသားများမှာ ဦးဘိုးထင်၊ ဦးကြေးဖြူ၊ ဦးစံရှာ၊ စံပယ်တင်ဦးမှူး၊ ဦးကျော်ဇံ၊ ဦးကျော်ရန်၊ စန္ဒယားဦးဘအုန်း၊ ဟံမာရာ ဦးညွန့် စသည်တို့ဖြစ်၏။ ထိုခေတ်က ဦးဘိုးကွန်း ဒေါ်ထွေးလေး၊ ဆရာမွှန်း၊ ဦးစိန်ကတုံးဦးဘိုးစိန်၊ ဦးစစ်တွေ စသည့်ဇာတ်မင်းသား များသည် မိမိဇာတ်ကို မိမိထောင်ကြလေသည်။ ပထမ ကမ္ဘာစစ်ကြီးခေတ်မှ စတင်၍ မြန်မာဇာတ်ပွဲများ တိုးတက်လာသည်။ ဇာတ်ထုတ်များကို ခင်းကျင်းရာ၌ ဒဏ္ဍာရီချည်းသာ မဟုတ်တော့်ပေ။ ယခင်က ဂိုဏ်းမလွတ်မည် စိုး၍တကြောင်း၊ တာဝန်ကြီး၍တကြောင်း မကပြဘဲ ထားခဲ့ သော နိပါတ်တော်များကိုပါ ခင်းကြင်းပြသလာသည်။ ပြနည်း ပြကွက်များကိုလည်း တစ်စထက် တစ်စအစမ်းထွင်လာကြ သည်။ အိပ်မက်ခန်း၊ ညခင်းချိန်၊ ကောင်းကင်ပြန် တောတောင် သမုဒ္ဒရာများကို ထိုးကား၊ ခေါက်ကား၊ မီးရောင် အမျိုးမျိုးထိုးကာ ပြသလာကြသည်။ မြန်မာဇာတ်ပွဲအခင်းအကျင်းကို နိုင်ငံခြားသားများပင် လေးစားလောက်အောင် ခမ်းခမ်းနားနား ရှိစေရန် အဆင့်အတန်းမြှင့်တင်ခဲ့သူများကား ဦးဘိုးစိန်နှင့် ဦးစိန်ကတုံးတို့ဖြစ်သည်။


သူတို့၏ ဇာတ်အဖွဲ များက မြန်မာဇာတ်ပွဲလောကတွင် အထင်ရှားဆုံး အကြီးအကျယ်ဆုံး ဖြစ်သည်။ ကိုယ်ပိုင် ရွက်ထည်ရုံ ဓာတ်မီးစက်များသာမက ဇာတ်ကိရိယာများ ပစ္စည်းများဖြင့် ဧရာဝတီမြစ်ရိုးတစ်လျောက်နှင့် မီးရထား လမ်းတစ်လျောက် မြို့ကြီးမြို့ငယ်တို့၌ လှည့်လယ် ကပြခဲ့သည်။ ဦးဘိုးစိန်ကမူ ကိုယ်တိုင်မီးသဘေသ္မာ အထူးမီးရထားတို့ကိုပင် သုံးခဲ့လေသည်။ ဦးဘိုးစိန်နှင့် ဦးစိန်ကတုံးတို့သည် မြန်မာသဘင်ကို အကတွင်သာမက အပြတွင်လည်း တိုးတက်၍ အဆင့်အတန်းမြင့်အောင် ဆောင်ရွက်ခဲ့ကြလေသည်။ ဦးဘိုးစိန်ကား ထူးခြားသော သဘင်ပညာပါရမီရှင် တစ်ဦးဖြစ်သည်။ ရုပ်ချောအသံကောင်းပြီးလျှင် အဆိုပိုင် အကနိုင်သူဖြစ်သည်။ ဇာတ်ခုံအခင်းအကျင်း ခန့်ညား ထည်ဝါအောင် ထွင်ခဲ့သည်သာမက ဆိုဟန်ကဟန်များကိုလည်း ဆန်းသစ် တည်ထွင်ခဲ့သည်။ မြန်မာဘသင်ပညာကို တိုးချဲ့ ပေးခဲ့သည်။ ဦးဘိုးစိန်သည် မြန်မာသဘင်လောက၌ ကာလရှည် ကြာစွာ ထွန်းလင်းတောက်ပခဲ့၍ မြန်မာဇာတ်သဘင်ကို တစ်ခေတ်ထွင်ခဲ့သူဟူ၍ ဆိုလောက်ပေသည်။ ဦးဘိုးစိန်နှင့် ခေတ်ပြိုင် ထင်ရှားကျော်ကြားခဲ့သော ဦးစိန်ကတုံးသည် သဘင်သက် ဦးဘိုးစိန်လောက် တာမရှည်ခဲ့ပေ။ ပင်ကိုက ခြေံတံလက်တံ ရှည်သဖြင့် ခြေကပ်ကပ် လက်ကပ်ကပ် ကပြရာ တစ်မူထူးခြားကာ၊ စိန်ကတုံးအကဟူ၍ တစ်ဘာသာစံပြုထားရသည်။ ယိုးဒယား ဟန်မပျက် အထိုင်အကျ ကောင်းသည်။ မင်းသားလတ် အကကို အထူးသဖြင့် နိုင်နင်းသည်။ ဦးစိန်ကတုံး၏ ပဒုမာ ကြာဖူးထဲမှ ယိုးဒယား အက၊ မီးစလွယ်သိုင်း အကများကို ပရိသတ်က အထူးနှစ်ခြိုက်စွဲလမ်းကြသည်။ ထိုခေတ်က ဦးဘိုးစိန်၊ ဦးစိန်ကတုံးကဲ့သို့ လျှမ်းလျှမ်း တောက် မဟုတ်သော်လည်း အထိုက်အလျောက် ကျော်ကြား ခဲ့သော ဇာတ်မင်းသားများမှာ ဟံမာရာဦးညွန့်၊ စန္ဒရားဦးဘအုန်း၊ ဦးစိန်မျက်ခုံး၊ ဘာဂျာဦးဘအေး၊ ဦးစပယ်တင်၊ ဇိကွက် ဦးဖေသက်၊ ဆောင်တော်ကူး ဦးအေးဖေ၊ သရဲ ဦးအောင်စိန်၊ အမယ်ကြီးအို ဦးအောင်စိန်၊ ဦးကတုံးရွှေ၊ ပသီ ဦးမြညွန့်၊ ဦးကျော်မြသောင်း၊ ဦးဘလှိုင်၊ ဦးကျော်မြဟန်၊ စာတော်ပြန် ဦးရွှေဗုဓ်၊ ဦးအောင်ငြိမ်း၊ ဦးအောင်မောင်း၊ ဦးချစ်စိန်၊ ဦးအောင်ဘညို၊ ဦးကြီးရွှေ၊ ဦးကြီးငွေ၊ ဦးရွှေကျီးညို၊ ဦးတောကျော်၊ ရတနာပုံ ဦးစိန်မြသွင်၊ ဦးမြတလေး၊ ဦးရွှေဒေါင်းညို၊ ဦးတက်ခေတ်စိန်၊ ရွှေမန်း ဦးတင်မောင်၊ ဦးစိန်အောင်မင်း စသူတို့ဖြစ်လေသည်။ ဤသို့ ဇာတ်မင်းသား အများအပြား ပေါ်ထွက်ခဲ့ရာ ပမာအားဖြင့် ဦးချိုရှိသူက ဦးချိုကို အားကိုသကဲ့သို့လည်းကောင်း၊ လက်သည်းခြေသည်၊ရှိသူက လက်သည်း ခြေသည်းကို အားကိုးသကဲ့သို့လည်းကောင်း နှစ်ပါးသွားတန်းလျှောက် အဆိုအက သန်စွမ်းသူက အဆိုအကကို အားကိုး အားထားပြု၍ ကပြကြသည်။ သဘင်အခေါ် ရှေ့ပိုင်း ကောင်းသည် ဟုဆိုသည်။ အမဲ့အရွဲ့၊ ရှူသံရှိုက်သံ၊ ကရုဏာရသဖြစ်အောင် ငိုနိုင်သူက ထိုအစွမ်းကို အားပြု၍ ကပြကြသည်။ သဘင်အခေါ် နောက်ပိုင်းကောင်းသည်ဟု ဆို၏။ အပြောကောင်းသူကလည်း ငါပြောလျှင် ပရိသတ်စွဲရမည်ဟု အားပြုကပြသည်။ ရုပ်ခွဲ နာမ်ခွဲ ကောင်းသူကလည်း ရုပ်ခွဲနာမ်ခွဲကိုအားပြု၍ ကပြကြသည်။ ထိုသို့မိမိနိုင်နင်း ကျွွမ်းကျင်သော အခန်းကို အားပြု၍၊ တစ်နည်းဆိုရသော် တစ်ခုကောင်းပညာကို အားကိုးအားထားပြု၍၊ တစ်နည်းဆိုရသော် တစ်ခုကောင်းပညာကို အားကိုးအားထားပြု၍ ကပြသော ဇာတ်မင်းသားတို့လည်း များပြားလှလေသည်။ ဒုတိယကမ္ဘာစစ်ကြို ကာလတွင် ရွှေမန်း ဦးတင်မောင်နာမည် တစ်ရှိန်ထိုး မြင့်တက်လာသည်။ လက်ဝဲသုန္ဒရ ဇာတ်ထုပ်ကို ခင်းကျင်းပြသရာ၌ အလွန် သဘာဝကျသည်။ ရှေ့ပိုင်းတွင် ဂီတအက ပြဇာတ်ဖြင့် သရုပ်ဖော်ထားသော ပြခန်း ပြကွက်ဆန်းများကို ခမ်းနားစွာ တင်ပြသည်။ ဆလိုက် မီးမောင်းကြီးများကို ခေတ်မီစွာ သုံး၍ ခင်းကျင်းပြသသည်။ ရွှေမန်းဦးတင်မောင်သည် အသံနှင့် အပြောကောင်းခြင်း၊ အဝတ်အစားနှင့် အခင်းအကျင်း ထယ်ဝါခန့်ငြား၍ သဘာဝကျခြင်း တို့ကြောင့် နာမည်ကျော် ကြားသည်။ စစ်ပြီးခေတ်တွင် ရွှေမန်း ဦးတင်မောင်နှင့် ရိုးဆွဲ လိုက်လာသူမှာ ဦးစိန်အောင်မင်းဖြစ်သည်။ ဦးစိန်အောင်မင်းသည် ရုပ်ရည်သန့်ပြန့်သူဖြစ်၍ အပြော၊ အဆို၊ အငိုတို့တွင် ဦးဘိုးစိန်ကို စံပြုလေသည်။ နာမည်ကျော် ဂီတစာဆို နန်းတော်ရှေ့ ဆရာတင်၏သား ရွှေနန်းတင်သည်လည်း စစ်ပြီးခေတ် မြန်မာဇာတ်သဘင်လောကတွင် ထင်ရှားသည်။ ဦးဘိုးစိန်၏သားများဖြစ်ကြသော ကနက်စိန်၊ စိန်ကြိုင်နှင့် တစ်သက်စိန်တို့သည် ဖခင်ဖြစ်သူ၏ သဘင့်အစဉ် အလာကို ဆက်ခံကာ ဖခင်၏ သဘင်ပညာ မတိမ်ကောစေရန် စိန်မဟာသဘင်အဖွဲ့ကြီးကို ဆက်လက်ကပြနေကြလေသည်။ မြနာ်မနိုင်ငံ လွပ်လပ်ရေး ရပြီးသည့်နောက်တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုများ၌ ပန်တျာကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပေးခဲ့ရာ အလားအလာရှိသော ဇာတ်မင်းသားများပေါ်ထွက်ခဲ့သည် ယင်းတို့အနက် ပန်တျာမြသိန်းနှင့် ပန်တျာကြည်လင်တို့မှာ ထင်ရှားလေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)