မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ
၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓိကစွမ်းအင်စုစုပေါင်း ၁၆.၅၇ မဂ္ဂါတန်ရှိသည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ၈.၇၁ တီယာဝပ်(10¹² W)ရှိခဲ့သည်။[၁]သက်ဆိုင်ရာအချက်အလက်များအရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် မဂ္ဂါဝပ် တစ်သိန်းကျော်ထုတ်လုပ်နိုင်မည့် ရေအရင်းအမြစ်၊ကျောက်မီးသွေးတန်ချိန် သန်း(၇၀၀)ကျော်၊ လေစွမ်းအင်အတွက် တီရာဝပ်နာရီပေါင်း ၃၆၅၁၀၀၊နေစွမ်းအင်ဖြင့် တီရာဝပ်နာရီပေါင်း ၅၁၉၇၃ ထုတ်လုပ်နိုင်ခြေရှိသည်။ အတည်ပြုပြီး ရေနံခိုအောင်း ပမာဏ (၄၅၉)သန်း၊သဘာဝဓာတ်ငွေ့ ကုဗပေပေါင်း (၁၁.၈)ထရီလီယံရှိသည်။
၂၀၁၉ခုနှစ်တွင် ရေအားလျှပ်စစ်စက်ရုံ (၂၅)ရုံ၊ ကျောက်မီးသွေးစက်ရုံ (၁)ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ (၁၃)ရုံရှိသည်။ စက်ရုံအားလုံး၏ စက်တပ်ဆင်အင်အားမှာ (၄၈၃၉.၈) MWရှိပြီး အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကို ရေအားလျှပ်စစ်စက်ရုံများမှ အဓိကထုတ်လုပ်သည်။၂၀၁၅တွင် ရေအားလျှပ်စစ်စက်ရုံများမှ (၆၅%)၊ ကျောက်မီးသွေးမှ (၂%)၊ သဘာဝဓာတ်ငွေ့မှ (၃၃%) ထုတ်လုပ်ရရှိသည်။ မဟာဓာတ်အားလိုင်းမှ ဓာတ်အားသုံးစွဲခြင်းမှာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး လူဦးရေ၏ ၅၀%သာရှိသေးသည်။၂၀၃၀ပြည့်နှစ်တွင် ၁၀၀%သုံးစွဲနိုင်ရန်မျှော်မှန်းကာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (၂၀၁၅-၂၀၃၀) (NEP)ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသည်။၂၀၃၀အလွန်ကာလတွင် ရေအားလျှပ်စစ်ကို ၃၈%သာ ထုတ်လုပ်တော့မည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မှ (၉%) ထုတ်လုပ်နိုင်ရန်မျှော်မှန်းထားကြသည်။[၂][၃]
မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှုတွင် ကမ်းလွန်/ကုန်းတွင်း လုပ်ကွက်များမှ ထုတ်လုပ်လျက်ရှိရာ ၂၀၁၆-၂၀၁၇၌ ရေနံစည် ၅.၂သန်းသာထုတ်လုပ်နိုင်ခဲ့သည်။ နိုင်ငံ၏ ရေနံပမာဏ မလုံလောက်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။၂၀၁၄-၂၀၁၅တွင် ပြည်ပမှဝယ်ယူတင်သွင်းသော ရေနံဂါလန် ၇သိန်းကျော်ရှိသည်။ မင်းဘူး၊သန်လျင်၊ချောက် ရေနံချက်စက်ရုံများမှ တစ်နေ့လျှင် စည်ပေါင်း ၂၂၀၀၀ချက်လုပ်လျက်ရှိသည်။
သဘာဝဓာတ်ငွေ့ပိုင်းတွင် ကုန်းတွင်းဘူမိချိုင့်ဝှမ်း ၁၄ခု၊ ကမ်းလွန် ၃ခု ရှိသည်။
ရေနံ
ပြင်ဆင်ရန်၂၀၂၀ပြည့်နှစ် အစောပိုင်းစာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ရေနံပိုင်ဆိုင်မှုတွင် အဆင့် ၆၄တွင်သာရှိသည်။၂၀၀၀ပြည့်နှစ်မတိုင်မီက မြန်မာ့ရေနံလုပ်ငန်းတွင် ကုန်းတွင်းရေနံကိုသာ အဓိကထား၍ လုပ်ကိုင်ခဲ့သည်။ ကုန်းတွင်းရေနံသည် ၁၉၉၂-၁၉၉၃တွင် စည်သန်းပေါင်း ၅.၅သန်းခန့်အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့နောက် တဖြည်းဖြည်း ကျဆက်းလာကာ ၁၉၉၈-၁၉၉၉တွင် ၃.၄သန်းအထိကျဆင်းခဲ့သည်။ရေနံတွင်းအသစ်များ တွေ့ရှိပြီးနောက် ၂၀၀၃-၂၀၀၄တွင် ၄.၃သန်းအထိ ပြန်လည်မြင့်တက်ခဲ့ရာမှ ၂၀၁၂-၂၀၁၃တွင် ၂.၈သန်းအထိ ကျဆင်းခဲ့သည်။
၂၀၀၀ပြည့်နှစ် နောက်ပိုင်းတွင် ကမ်းလွန်ရေနံများ တူးဖော်နိုင်ခဲ့ပြီး ၂၀၀၀-၂၀၀၁တွင် စည်သန်းပေါင်း ဝ.၈သန်းထွက်ရှိခဲ့သည်။၂၀၀၅-၂၀၀၆တွင် အမြင့်ဆုံးအနေဖြင့် စည်သန်းပေါင်း ၄.၄သန်းအထိ ထွက်ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃တွင် ၂.၈သန်းအထိ ကျဆင်းခဲ့ပြန်သည်။ မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိရာ ရေနံတွင်းအသစ်များတူးဖော်ရန် လိုအပ်နေသည်။[၄] စာရင်းတစ်ခုအရ မြန်မာနိုင်ငံတွင် အတည်ပြုရေနံပမာဏ စည်သန်းပေါင်း ၄၅၉သန်းရှိကြောင်း ဖော်ပြထားသည်။ အမေရိကန် EIA၏ အဆိုတွင်မူ ရေနံစည် သန်း၅၀သာရှိကြောင်း ဖော်ပြထားသည်။၂၀၁၈ ဇွန်လတွင် မြန်မာ့ရေနံရှာဖွေရေးအတွက် ကုန်းတွင်း ၅၃ကွက်၊ ကမ်းလွန် ၅၁ကွက် သတ်မှတ်ထားသည်။
ပြည်တွင်း ဓာတ်ဆီနှင့် ဒီဇယ်တို့ကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရပြီး ၂၀၁၄-၂၀၁၅တွင် ၇၆၇၆၇၄ ဂါလန် တင်သွင်းခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ ၃ရုံရှိပြီး အကြီးဆုံးမှာ သံပရာကန်စက်ရုံဖြစ်သည်။
စက်ရုံ | မူလဒီဇိုင်းအရ ချက်လုပ်နိုင်မည့်ပမာဏ | လက်ရှိချက်လုပ်နေသည့်ပမာဏ |
မင်းဘူး(သံပရာကန်) | ၂၅၀၀၀ | ၈၆၀၀ |
သန်လျင် | ၂၀၀၀၀ | ၁၁၄၀၀ |
ချောက် | ၆၀၀၀ | ၂၀၀၀ |
စုစုပေါင်း | ၅၁၀၀၀ | ၂၂၀၀၀ |
သဘာဝဓာတ်ငွေ့
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် ကုန်းတွင်းဘူမိချိုင့်ဝှမ်း ၁၄ခု၊ကမ်းလွန်ဘူမိချိုင့်ဝှမ်း ၃ခုရှိသည်။ ကုန်းတွင်းချိုင့်ဝှမ်းများသည် မွန်၊ရန်ကုန်၊မကွေး၊စစ်ကိုင်း၊ပဲခူးနှင့် ရခိုင်တို့တွင် အများဆုံးတည်ရှိသည်။ ကမ်းလွန်ချိုင့်ဝှမ်းများမှာ တနင်္သာရီကမ်းလွန်၊ဧရာဝတီ-ရန်ကုန်ကမ်းလွန်နှင့် ရခိုင်ကမ်းလွန်တို့ဖြစ်သည်။ ထိုအထဲတွင် ရတနာသဘာဝဓာတ်ငွေ့မြေ၊ရဲတံခွန်သဘာဝဓာတ်ငွေ့မြေ၊ဇောတိကသဘာဝဓာတ်ငွေ့မြေ၊ရွှေသဘာဝဓာတ်ငွေ့မြေတို့မှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်ကြသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းအတွက် သုံးစွဲရန် ရရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရေနံချက်စက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ONGအရောင်းဆိုင်များ၊ ဓာတ်မြေဩဇာစက်ရုံများ၊ဘိလပ်မြေစက်ရုံများ၊ LPGစက်ရုံများနှင့် လုပ်ငန်းများသို့ စုစုပေါင်းအရှည် ၂၁၄၀မိုင် ရှိသော ပိုက်လိုင်းကွန်ယက်စနစ်ဖြင့် ဖြန့်ဖြူးပေးနေသည်။
ကျောက်မီးသွေး
ပြင်ဆင်ရန်၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ အတည်ပြုကျောက်မီးသွေးတန်ချိန် ၄၀၅.၈၉သန်းရှိသည်။ ထိုပမာဏမှာ ကမ္ဘာ့ကျောက်မီးသွေးပမာဏနှင့် နှိုင်းယှဉ်လျှင် အလန်နည်းပါးသည်။ မြန်မာ့ကျောက်မီးသွေးများတွင် Lignite, Lignite to Sub-Bituminous, Sub Bitnimousအမျိုးအစားများ တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးကို ရှေးယခင်ကပင် ထုတ်ယူခဲ့ကြပြီး ၁၈၅၀ခုနှစ်များတွင် နှစ်စဉ် တန်၂၄၀၀နှုန်း ထုတ်လုပ်ခဲ့သည်။၁၉၄၈မှ ၁၉၈၈အထိ တန်ချိန် ၁၃၅၀၀ခန့် ၁၉၈၈နောက်ပိုင်းတွင် ၅၀၀၀၀၀ခန့် ထုတ်လုပ်ခဲ့သည်။ ပြည်တွင်းထွက် ကျောက်မီးသွေးကို ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ထိုင်းနှင့် တရုတ်သို့ တင်ပို့ခဲ့သည်။၂၀၀၄-၂၀၀၅ခုနှစ်တွင် တစ်နိုင်ငံလုံးထွက်ရှိမှု၏ ၈၁ရာခိုင်နှုန်းအထိ ပြည်ပတင်ပို့ခဲ့သည်။ လက်ရှိအချိန်တွင် ကျောက်မီးသွေးကို နိုင်ငံအတွင်းရှိ ဓာတ်အားပေးစက်ရုံများ၊ဘိလပ်မြေစက်ရုံများ၊ နီကယ်သန့်စင်စက်ရုံများ၊သံမဏိစက်ရုံများနှင့် အသေးစား၊အလတ်စားစက်မှုလုပ်ငန်းများတွင် အသုံးပြုသည်။[၂]
လျှပ်စစ်စွမ်းအင်
ပြင်ဆင်ရန်၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၃၂.၄ရာခိုင်နှုန်းသည် အလင်းရောင်အတွက် လျှပ်စစ်ကို အသုံးပြုကြပြီး ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ၅၄ရာခိုင်နှုန်းအထိ တိုးတက်လာသည်။[၅][၆]လျှပ်စစ်မီးအသုံးပြုရာတွင် ၇၇.၅ရာခိုင်နှုန်းမှာ မြို့ပြတွင်ဖြစ်ပြီး ကျေးလက်ဒေသတွင် ၁၄.၉ရာခိုင်နှုန်းဖြစ်သည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း
ပြင်ဆင်ရန်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝရရှိနိုင်ရန်ရည်ရွယ်ကာ ၂၀၁၅-၂၀၃၀ (၁၅)နှစ်တာ စီမံကိန်းဖြစ်သည်။၂၀၁၃ခုနှစ်မှစတင်ကာ စီစဉ်ခဲ့ကြပြီး ၂၀၁၅ခုနှစ်တွင် စတင်ခဲ့ကြသည်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့ခြင်း၊နိုင်ငံတော်မဟာဓာတ်အားလိုင်း ပြင်ဆင်တိုးချဲ့ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပ ဒေသများအတွက် အခြားနည်းလမ်းဖြင့် မီးပေးနိုင်ရန်စီမံခြင်း စသည်တို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသော နိုင်ငံတော်စီမံကိန်းတစ်ခုဖြစ်သည်။
ရေအားလျှပ်စစ်
ပြင်ဆင်ရန်မြန်မာနိုင်ငံအတွက် ကုန်ကျမှုအသက်သာဆုံးသော လျှပ်စစ်ရင်းမြစ်မှာ ရေအားပင်ဖြစ်သည်။ အရှေ့တောင်အာရှတွင် ရေချိုးရင်းမြစ် အများဆုံးပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ မြန်မာ့လျှပ်စစ်ထုတ်လုပ်မှု၏ အများစုကို ရေအားလျှပ်စစ်မှ ထုတ်လုပ်လျက်ရှိသည်။၂၀၂၀ပြည့်နှစ်အထိ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ်စက်ရုံမှာ မန္တလေးတိုင်းအတွင်းရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံဖြစ်သည်။ ထိုစက်ရုံ၏ အပေါ်ပိုင်း ရှမ်းပြည်နယ်အတွင်းတွင် အထက်ရဲရွာနှင့် အလယ်ရဲရွာ စီမံကိန်းများ တည်ဆောက်နေသည်။
နေရောင်ခြည်စွမ်းအင်
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ တစ်နှစ်လျှင် လျှပ်စစ် ၅၁၉၇၃.၈ တီယာဝပ် (TWh/year)ထုတ်လုပ်နိုင်ရန် အလားအလာရှိသည်။ မဟာမဲခေါင်ဒေသခွဲအတွင်းတွင် နေရောင်ခြည်စွမ်းအင် အလားအလာ အများဆုံးရှိသော တိုင်းပြည်ဖြစ်သည်။ သို့ရာတွင် ထိုနေရောင်ခြည်စွမ်းအင်ကို အသုံးချ၍ လျှပ်စစ်ထုတ်လုပ်ရာ၌ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ထက် များစွာ နောက်ကျနေသည်။[၇]မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ မကွေးတိုင်း မင်းဘူးတွင်တည်ရှိကာ ပထမအဆင့်တွင် ၄၀မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး အပြည့်အဝလည်ပတ်နိုင်ပါက ၁၇၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
လေစွမ်းအင်
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် မုတ်သုံလေလမ်းကြောင်းဖြစ်သော တောင်နှင့် အနောက်တောင်ကမ်းခြေဒေသများသည် လေစွမ်းအား များစွာရရှိသည်။ ထို့အပြင် တောင်တန်းနှင့် တောင်ကြားဒေသများတွင်လည်း ရရှိသည်။ မြန်မာနိုင်ငံအတွက် လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ရှမ်း၊ကယား၊မွန်၊ရခိုင်၊တနင်္သာရီ၊ဧရာဝတီနှင့် ရန်ကုန်တို့တွင် တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။[၈]
ကျောက်မီးသွေး
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် ကျောက်မီးသွေးကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်မှုနှင့်ပက်သက်၍ ပြဿနာများစွာရှိနေဆဲဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူ့အခွင့်အရေး စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
ရေအားလျှပ်စစ်စီမံကိန်းများ
ပြင်ဆင်ရန်သံလွင်မြစ်
ပြင်ဆင်ရန်မြန်မာနိုင်ငံ၏ မြစ်ကြီးလေးသွယ်အနက် ရေအားလျှပ်စစ်ဆောက်လုပ်ရန် အသင့်လျော်ဆုံးမှာ သံလွင်မြစ်ဖြစ်သည်။ ရေစီးကြမ်းသဖြင့် ရေကြောင်းသွားလာမှု နည်းပါးသကဲ့သို့ မိုးရာသီတွင် ရေစီးအားသန်သောကြောင့်ဖြစ်သည်။ သံလွင်မြစ်ပေါ်တွင် အဆိုပြုရေအားလျှပ်စစ်စီမံကိန်းများစွာရှိသော်လည်း လက်တွေ့တွင် ပြဿနာများစွာကြောင့် အကောင်ထည်ဖော်ရခြင်းမရှိပေ။ ၎င်းစီမံကိန်းတို့မှာ ကွမ်းလုံ၊နောင်ဖ၊တာဆန်း၊ရွာသစ်၊ဝဲကြီး၊ဒါးဂွင်း၊ဟတ်ကြီး စသည်တို့ဖြစ်သည်။ ထိုစီမံကိန်းများအနက် ဝဲကြီးနှင့် ဒါးဂွင်းမှာ ထိုင်းနယ်ခြားဖြစ်သဖြင့် လေ့လာသည့် အဆင့်သာဖြစ်သည်။ ကယားပြည်နယ်အတွင်းရှိ ရွာသစ်စီမံကိန်းမှာ မူလကကဲ့သို့ စီမံကိန်းကြီးမဟုတ်တော့ဘဲ ရေစီးအားသုံး ရေအားလျှပ်စစ် (Run - Off - River)နည်းလမ်းကိုသာ ရှာဖွေရန်အဆုံးသတ်ထားသည်။ ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံစီမံကိန်းကို စတင်ဆောင်ရွက်ရန် ၂၀၁၄ခုနှစ်တွင် နှစ်ဖက်သဘောတူလက်မှတ်ထိုးထားသည်။ တာဆန်းစီမံကိန်းမှာ နအဖအစိုးရလက်ထက်ကတည်းကပင် နှစ်ဖက် မပြေမလည်ဖြစ်ကာ ထိုအစား အထက်သံလွင်(မိုင်းတုံ)ကို ထပ်မံရှာဖွေနေကြသည်။ ထိုစီမံကိန်းများအနက်မှ ကွမ်းလုံစီမံကိန်းသာ ပြီးမြောက်ခဲ့မည်ဆိုလျှင် တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၇၄၁၂ထုတ်လုပ်နိုင်မည်ဖြစ်ကာ လက်ရှိအကြီးဆုံးဖြစ်သော ရဲရွာစီမံကိန်း၏ နှစ်ဆထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ငေါ်ချမ်းခမြစ်
ပြင်ဆင်ရန်ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ငေါ်ချမ်းခမြစ်မှာ အမြင့်ပေ ၁၂၈၀၀ပေအမြင့်ရှိ တောင်တန်းများတွင် မြစ်ဖျားခံကာ ချီဖွေမြို့အနီးတွင် မေခမြစ်အတွင်း စီးဝင်သည်။ မြစ်ကြောင်းမှာ ၉၃မိုင်သာရှည်ပြီး ပေ၃၀၀ခန့်သာကျယ်သည်။ မြစ်ဖျားဒေသရှိရေခဲတောင်များသည် ဖေဖော်ဝါရီလအထိတည်ရှိကာ မတ်လနှင့်ဧပြီလတွင် အရည်ပျော်သဖြင့် မြစ်ထဲတွင် အမြဲမပြတ် ရေစီးနေသည်။ ထိုမြစ်၏ အချို့နေရာများတွင် အနိမ့်တမံ(Run-off-River Type)ရေအားလျှပ်စစ်စီမံကိန်းများ အဆင့်ဆင့်တည်ဆောက်နိုင်သည်။ ထိုမြစ်ပေါ်တွင် ဂေါ်လန်၊ခန်ကန်း၊တုံရှင်းချောင်၊လောင်းဒင် စသည့်စီမံကိန်း(၄)ခုကို အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၂၆ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။၂၀၁၀ ဇူလိုင် ၂၃ရက်တွင် သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းများအတွက် ထိခိုက်နိုင်မည့်ရွာပေါင်း ၁၁ရွာနှင့် လူဦးရေ(၄၀၀၀)ခန့်ရှိသည်။ဤစီမံကိန်းများ အမှန်တကယ် အကောင်အထည်ဖော်နိုင်ပြီဆိုပါက စက်တပ်ဆင်အား ၁၂၀၀မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၅၇၅၅.၅ရှိမည်ဖြစ်သည်။
ရွှေလီမြစ်
ပြင်ဆင်ရန်တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၂နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် ရွှေလီမြစ်တွင် တရုတ်ဘက်ခြမ်း၌ ရေအသုံးချစီမံကိန်းများစွာရှိသည်။ ရွှေလီမြစ်ကို အထက်ဖက်ကျသည့် တရုတ်နိုင်ငံက များစွာသုံးထားသဖြင့် အောက်ဘက်ကျသည့် မြန်မာနိုင်ငံအဖို့ အခက်အခဲများရှိခဲ့သည်။ ရေအသုံးချမှုဆိုင်ရာကိစ္စများအတွက် နှစ်နိုင်ငံကော်မတီများ တွေ့ဆုံမှုအချို့ လုပ်ခဲ့ကြသည်။
ရွှေလီ(၁)စက်ရုံမှာ နမ့်ခမ်းမြို့အနီးတွင် တည်ရှိကာ ၁၉၅၅တွင် မြန်မာနှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့က ပူးပေါင်းလေ့လာခဲ့ကြသည်။ မူလက ၄၀၀မဂ္ဂါဝပ်သာ တပ်ဆင်ထားပြီး နောက်ပိုင်းတွင် ဖက်စပ်စနစ်ဖြင့် ၆၀၀မဂ္ဂါဝပ်ရှိလာသည်။၁၀၀မဂ္ဂါဝပ် စက်(၄)လုံးကို မြန်မာဖက်၊စက်(၂)လုံးကို တရုတ်ဖက်သို့ ပို့လွှတ်သည်။၂၀၁၀ပြည့်နှစ်မှစ၍ ထုတ်လုပ်မှု၏ ၉၀%ကို မြန်မာဘက်က အသုံးပြုသည်။ဤစက်ရုံမှာ တိုင်းပြည်၏ အရေးပါလှသော စက်ရုံတစ်ရုံဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်။ အမျိုးသားလွှတ်တော်။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ၂.၀ ၂.၁ မော်သာထွေး (မန္တလေး) (၂၀၁၈)။ စွမ်းအင်နှင့်လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်။
- ↑ Energy Mix၌ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှု ၅၄%အထိတိုးမြှင့်မည်။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ မြန်မာ့ရေနံလုပ်ငန်းများ၏ အလားအလာ။ 10 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2021 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစီရင်ခံစာ (in my)။
- ↑ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း (in my)။
- ↑ Vakulchuk, Roman; Kyaw Kyaw Hlaing; Edward Ziwa Naing; Indra Overland; Beni Suryadi and Sanjayan Velautham (2017). Myanmar’s Attractiveness for Investment in the Energy Sector. A Comparative International Perspective. Norwegian Institute of International Affairs (NUPI) and Myanmar Institute of Strategic and International Studies (MISIS) Report.
- ↑ "အစားထိုးစွမ်းအင် (သို့မဟုတ်) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)" (in my)။ Archived from the original on 20 April 2021။