ပြဇာတ်သည် စာပေ အရေးအသား၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ၎င်းအပြင် ဖျော်ဖြေမှုအနုပညာတစ်ခုဖြစ်သည်။ ပြဇာတ်သည် ဟာသ ပျက်လုံးများလည်းမကျ ဝမ်းနည်းစရာကောင်းလွန်းသော ပုံစံမျိုးလည်းမဟုတ်ဘဲ၊ စိတ်ကူးဖြင့် ဆန်းသစ်တီထွင်ထားသော အနုပညာပုံစံမျိုးဖြစ်သည်။ သို့သော် ၎င်း ဟာသ၊ အလွမ်းဇာတ်ကွက်တို့၏ တစ်စိတ်တစ်ဒေသသည် ပြဇာတ်၌ ပါဝင်လေသည်။ မြန်မာပြဇာတ်များ၌ စကားအသုံးအနှုံးများသည် အထွတ်အညွန့်၊ အတွန့်အတက်များလှ၍ ယိုးဒယားပန်းခက်များနှင့်ပင် တူလှပေသည်ဟု ခိုင်းနှိုင်း ပြောဆိုကြသည်။ တာဝတိံသာဝေဇယန္တာနတ်နန်းတွေ၊ မြင်းမိုရ်တောင်၊ သီတာခုနှစ်တန်၊ သတ္တရတန်တောင်၊ ဗာရဏသီပြည်၊ သိကြား၊နတ်မြင်းပျံ၊ ဘီလူး၊ ဇော်ဂျီ(ဝိဇ္ဇာ)တွေ စသည်ဖြင့် စကားပြောများသည် ပျော့ပြောင်းရှည်လျားလှသည်။ ပြဇာတ်ကရန်အတွက် မင်းသားချော သတ္တိရှိရှိများ၊ မင်သမီး လှလှ သေးသေး သွယ်သွယ်လေးများ၊ စကားတတ်အောင်သွယ်အပျိုတော်မကလေးများ နှင့် လူရွှင်တော် ဟာသကျော်များပါဝင်လေသည်။


ရှေးယခင်က မြေဝိုင်း ဗုံရှည်ခေတ်မှ စ၍၊ ရုံထိုးဇာတ်ရုံခေတ်တိုင်အောင် ခင်းကျင်းပြသသော ဇာတ်ခင်းပုံ၊ ဇာတ်ကပုံမှာခမည်း တော်ထွက်၊ နတ်ကတော်ထွက်၊ ဝန်ထွက်၊ ရှင်ဘုရင်ထွက်၊တိုင်းပြည်တည်၊ ၎င်းနောက် သိကြားဖြစ်ဖြစ်၊ ဘီလူး၊ သူဌေးကြီး စသည်ဖြင့် ထွက်ကြပြီး၊ ၎င်းနောက် မင်းသားထွက်၊ မင်းသမီးထွက်၍ ၊ အက ၊ အခုန်၊ အဆို၊ လူရွှင်တော်၊ အလွမ်းအဆွေးများနှင့် စုံလင်အောင် ခင်းကျင်းပြသပြီး လူ့ဘဝ၏ တစ်စိတ်တစ်ဒေသကို ဖော်ပြကြသည်။ ပြဇာတ်ကို မြန်မာသက္ကရာဇ် ၁၀၀၀ ကျော်က ဝန်ကြီးပဒေသရာဇာ ရေးသားသော မဏိခက် ဇာတ်တော်မှ စတင်၍ ရေးသားခဲ့သည်ဟု ဖော်ပြကြသည်။[]ကုန်းဘောင်ခေတ်တွင် ဦးပုညရေသည်ပြဇာတ်သည်ကား ထင်းရှားသော ပြဇာတ်တစ်ခုဖြစ်သည်။[] ယခုအခါ မြန်မာနိုင်ငံတွင် ပြဇာတ်သည်ကား တွင်ကျယ်မှုလျော့ပါးလာခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ်သင်္ကြန်အထိမ်းအမှတ်အဖြစ် မန္တလေးတွင် တင်ဆက်သည့် မန္တလေးသားစစ်စစ်ကြီးပါ ပြဇာတ်မှာလည်း လူကြိုက်များလှသည်။


မြန်မာပြဇာတ်များသည် ရှေးရှေးကတည်းက ရပ်ရွာဘုရားပွဲများ၌ ဗုဒ္ဓဝင်အကြောင်းရင်းများကိုလည်း ကောင်း၊ နိပါတ်ဇာတ်များကိုလည်းကောင်း ခင်းကျင်းကပြသည်မှ စ၍ဖြစ်ပေါ်လာဟန် ရှိသည်ဟု အချို့က ယူဆကြလေသည်။ တွေ့ရှိသမျှသော ပြဇာတ်တို့တွင် ရှေးအကျဆုံးဟု ဆိုရမည်ဖြစ်သော မဏိကက်ပြဇာတ်ကို ဒုတိယ အင်းဝခေတ် ညောင်ရမ်းခေတ်ဟံသာဝတီရောက် မင်းတရားကြီးလက်ထက်တွင် ဝန်ကြီးပဒေသရာဇာရေးသား ခဲ့သည်။

ထိုနောက် ကုန်းဘောင်ခေတ်ဒုတိယပိုင်း ဘိုးတော်ဘုရားလက်ထက်တွင် ပြဇာတ်များနှင့် စပ်လျဉ်း၍ အမိန့်တော်တရပ်ကို တွေ့ရလေသည်။ ထိုအမိန့်တော်သည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး၏ တူတော် သတိုးမင်းရဲဒိဘွဲ့ခံ လင်းပင်မင်းသား၏ အမှတ်အသားတော်မှ ဖြစ်သည်။ ထိုအမိန့်တော်သည် အောက်ပါအတိုင်း ဖြစ်သည်။ သက္ကရာဇ် ၁၁၅ဝ ခု နတ်တော်လပြည့်ကျော် တစ်ရက်နေ့ ဘုန်းတော်ကြီးလှသော အိမ်ရှေ့ဘုရား အမိန့်တော်နှင့် အယုဒ္ဓယတိုင်း ဂျွမ်းပြည်၊ ဟရိဘုဉ္ဇတိုင်း ယွန်းသံခံတို့နှင့် ညှိနှိုင်း၍ မြန်မာဘာသာသို့ ပြန်ဆိုစေရာ လုံးဝဥဿုံ ပြီးစီးသည်များကို နန်းတော်အိမ်တော်များနှင့် သင့်လျော်မည် ဖြစ်သောဇာတ်လမ်း ဇာတ်ကွက်များ အလိုက် ကဗျာလင်္ကာဇာတ်ချင်းများ အပြည့်အစုံဖြစ်အောင် ရေးလိုသူတို့ တာဝန်ယူကြသည့် ဇာတ်ခဏ်းဝေပုံကျစာရင်းဘုရား၊ တီးကွက်နှင့် ဇာတ်ချင်းရေးသူများ ဘုရား။ (က) ငစဉ့်ကူးမင်း မိဖုယားဟောင်း ပဘာဝတီဘွဲ့ခံ သခင် မင်းမိ။ ၎င်းမှာ အမရပူရ ပထမမြို့တည် မင်းတရား၏ သားတော် ကာမမြို့စား မင်းသားနှင့် ခမည်းတော်မင်းတရားကြီး လက်ထက် ထိမ်းမြားသည်။

(ကာ) ပဉ္စီမြို့စား မြင်းမှူးမင်းသား (ကိ) မလဲးသာရွာစား ငယ်တိုးအတွင်းဝန် မဟာနန္ဒယော်ဓာ ဦးကျီစိုး (ကီ) ဗြဲတိုက်သံဆင့် ဇေယသင်္ခယာ။ ၎င်းမှာ နောက်မြဝတီမြို့စား ဝန်ကြီး ဦးစ ဇာတ် အဖွယ်အရာစကားနှင့် ကဗျာလင်္ကာရေးသူများ ဘုရား။ (ခ) မလွန်မြို့စား မင်းသား မင်းရဲနန္ဒမိတ်။ နောက်မက္ခရာမြို့စားသူ (ခါ) မိုးတာမြို့စား ဝန်ထောက်တော် နေမျိုးကျော်စွာ။ စမ္ပေယျပျို့ ရေးသူ (ခိ) အိမ်ရှေ့သံဆင့် ရွှေတိုက်စိုး နေမျိုးရာဇသူ။ ရာမရကန်ရေးသူ ဦးတိုး (ခီ) တောင်ငူမြို့စား မင်းသား သတိုးဓမ္မရာဇာ။ ပထမ ကာမမြို့စားစဉ် သခင်မင်းမိနှင့် ထိမ်းမြားသူ ဇာတ်ကွက်ဇာတ်လမ်း ရေး၍ ပြီးစီးသော ပြဇာတ်များမှာ အီနောင်၊ ရာမ၊ သင်္ခပတ္တ ပြဇာတ်မှာ တောင်ငူမြို့စား မင်းသား သတိုးဓမ္မရာဇာ တစ်ပါးတည်းရေးသည် ဘုရား။ ယင်းသည့်လေးဇာတ် အနက် သင်္ခပတ္တပြဇာတ်မှာ တောင်ငူမြို့စား မင်းသား သတိုးဓမ္မရာဇာ တပါး တည်းရေးသည်ဘုရား။ ကေသာသီရိပြဇာတ်မှာ ပဘာဝတီဘွဲ့ခံ သခင်မင်းမိတပါးတည်း ရေးသည်ဘုရား။ သက္ကရာဇ် ၁၂၂၅ ခု တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ သညာသည် စာရေးငသာထွန်းသွင်း၊ ရွှေတိုက်ကြပ်တိုက်စိုးတို့သို့ အပ်စာရင်းဘုရား။ အထက်ပါအမိန့်တော်ကို ထောက်ရှုခြင်းဖြင့် ဘိုးတော်ဘုရားလက်ထက်မှစ၍ အီနောင်၊ ရာမ၊ သင်္ခပတ္တ၊ ကေသာသီရိနန်းတွင်းဇာတ်များ ပေါ်ပေါက်လာကြောင်း ထင်ရှားသည်။

၁၈၁၉ ခုနှစ် လွန်သောအခါ၊ ထူးခြားသော ပြဇာတ်များ ပေါ်ထွက်လာလေတော့သည်။ ထိုအချိန် အထိပေါ်ပေါက်ခဲ့ပြီးသော ပြဇာတ်များသည် ရှည်လျားလွန်းသဖြင့် ခင်းကျင်းကပြလျှင် တစ်ညဉ့်နှင့် ပြီးနိုင်မည် မဟုတ်ချေ။ တညဉ့်အတွင်း၌ ဇာတ်ကွက်လည်၍ ဇာတ်ခန်းဆုံးအောင် ကပြနိုင်ရန်၊ ဒဏ္ဍာရီပြဇာတ်တိုများကို ကြံစည်တီထွင်သူကား ဘကြီးတော်လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပြဇာတ်ဆရာကြီး ဦးကြင်ဥဖြစ်၏။ ဦးကြင်ဥ သည် ပြဇာတ်၊ ဇာတ်လမ်းတို့ကို များသောအားဖြင့် ဆန်းပြားအောင် ကြံဆရေးသားလေ့ရှိရုံမက၊ စကားအဆန်း လက်တန်းထွင်ရာ၌လည်း များစွာကျွမ်းကျင်သည်။

ဘုရားဟောဝတ္ထုကို နောက်ခံပြု၍ရေးသား သော ဝေဿန္တရာနှင့် မဟောသဓာပြဇာတ်တို့အပြင်၊ ကိုယ်ပိုင်ဉာဏ်မှ ပေါက်ဖွားလာသော ဒေဝကုမ္ဘဏ်၊ ဝင်္ကန္တ၊ ပါပဟိန်နှင့် ကာလကဏ္ဏီပြဇာတ်တို့ကို ဦးကြင်ဥရေးသားခဲ့လေသည်။ ညတွင်းချင်း အပြီးကပြနိုင် သောပြဇာတ်တို့တွင် ဦးကြင်ဥ၏ ပြဇာတ်တို့မှာ ရှေးအကျဆုံးပင် ဖြစ်တော့သည်။

ကုန်းဘောင်ခေတ်နောက်ပိုင်း၊ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် လှိုင်ထိပ်ခေါင်တင်သည် [[ဝိဇယ ကာရီနန်းတွင်းဇာတ်]]နှင့် ဣန္ဒာဝံသနန်းတွင်းဇာတ်တို့ကို ရေးသားပြန်သည်။ ထိုနှစ်ဇာတ်၏ဇာတ်ကွက် ဇာတ်လမ်းနှင့် အရေးအသားတို့သည် အီနောင်ဇာတ်နှင့် ဆင်ဆင်တူလေသည်။ မင်းတုန်းမင်းတရာကြီး လက်ထက်၌ပင် ထူးကဲစွာ ထင်ရှားသော ပြဇာတ်ဆရာကြီး စလေဦးပုညပဒုမပြဇာတ်ရေသည်ပြဇာတ်ဝိဇယပြဇာတ်ကောသလပြဇာတ်ဝေဿန္တရာပြဇာတ် စသည်တို့ ပေါ်ပေါက်လာ ပြန်သည်။

ဦးပုညသည် ဘုရားဟောဝတ္ထုများကို မှီငြမ်းပြု၍ ပြဇာတ်ရေးသား၏။ ဦးပုည၏ ပြဇာတ်များသည် ဦးကြင်ဥ၏ ပြဇာတ်များမှာကဲ့သို့ ဇာတ်ကွက်ဇာတ်လမ်း သဘောတူသည်ဟု ယူဆကြလေသည်။ ဦးပုည၏ ထူးကဲချက်တို့မှာ စကားလုံး ကြွယ်ဝမှု၊ စိတ်ကို ထိခိုက်စွဲငြိအောင် ဖွဲ့ဆိုမှု၊ ရယ်ရွှင်ဖွယ်ဖြစ်အောင် ရေးသားမှု တို့ပင် ဖြစ်ကြလေသည်။ ဦးပုည အနိစ္စရောက်ပြီးသည်၏ နောက်ပိုင်းတွင် ပြဇာတ်ခေတ်သည် ဆက်လက်၍ ထွန်းကားလာ သည်ဟု ဆိုအပ်လေသည်။ ထိုခေတ်သည် ဗြိတိသျှခေတ်သို့ပင် ကူးရောက်၍ ထွန်းကားလာသည်။ သဘင် ဖက်သို့လည်းပို၍ ယိုင်လာလေသည်။ ထိုခေတ်တွင် လူသိများကြသော ဇာတ်ရေးဆရာများသည် ဆရာယောဆရာကူး၊ ဓားပိန် ဦးမောင်ကြီး၊ ပုဇွန်တောင် ဆရာခဆင်ဖြူကျွန်း ဆရာသင်၊ ဆရာဆုသာ ဆရာလွန်း စသည်တို့ဖြစ်သည်။ ၁၈၇၇ ခုနှစ်တွင် ဆရာယော၏ နောက်ပိုင်းတွင် ပြဇာတ်ပေါ်ထွက်လာ၏။ ထိုပြဇာတ်မှာ ဆရာယော၏ ကိုယ်ပိုင်ဉာဏ်မှ ထွက်ပေါ်လာသော ပြဇာတ်ဖြစ်သည်။ ဇာတ်အိမ် ဇာတ်ကွက်ဖက်၌ ချို့ယွင်းချက် များရှိသော်လည်း၊ သီချင်းနှင့် ကကွက်များကို မြိုင်ဆိုင်အောင်

ထည့်သွင်းထားသဖြင့် လူကြိုက်အလွန်များခဲ့သည်။ သထုံရာဇဝင် ပြဇာတ်ပေါ်ထွက်ပြီး၍ မကြာမီအတွင်း၌ပင် ဆတိုင်မွှတ် ဆရာကူး၏ လူဝံ မောင်နှမ ပြဇာတ်မှာ ဦးကူးကိုယ်တိုင် ဉာဏ်ဖြင့် ထွင်ယူသော ပြဇာတ်ဖြစ်သည်။ ဦးကူးသည် ဘုရားဟော ဝတ္ထုတို့ကို မှီးလျှက် ဝေဿန္တရာပြဇာတ်ဘူရိဒတ်ပြဇာတ်နှင့် [[ကာကဝလ္လိယ ပြဇာတ်]]တို့ကို ၁၈၇၈ ခုနှင့် ၁၈၈၁ ခုနှစ် တို့တွင် ရေးသားခဲ့သေးသည်။ ထို့ပြင် ဦးပုညရေသည်ပြဇာတ်ကိုလည်း သီချင်းများ ဖြည့်စွက်ပေးကာ ဇာတ်ကပြရန် စီမံခဲ့သေးသည်။ ထိုနောက် ဆရာဆုသာ၏ စောဖေနှင့် စောမေပြဇာတ်၊ တင်တင်နှင့် ခင်ခင် ပြဇာတ်များ ပေါ်ထွက်လာကြသည်။

ဦးပုညခေတ်နောက်ဖက်တွင် ပေါ်ထွက်လာကြသော ပြဇာတ်ဆရာတို့သည် အဆိုနှင့်အကကို အဓိက ထား၍ ခေတ်အကြိုက်လိုက်၍ ရေးသားကြလာသဖြင့်၊ ဇာတ် ကြောင်းဆင်ရာနှင့် ဇာတ်ဆောင်တို့ကို သရုပ်ဖော် ရာတွင် ညံ့ဖျင်းသွားကြသည်။ သို့ရာတွင် သီချင်းအစပ်အဟပ်ဖက်တွင် တိုးတက်ကာ အထက်တန်းကျလာကြသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရတို့ နောက်ဆုံးသိမ်းပိုက်လိုက်သည့် ၁၈၈၆ ခုနှစ်မှ ကျော်လွန် လာသောခေတ်တွင် ပြဇာတ်လောကသည် ဇာတ်သမား သဘင်သည်တို့၏ ကြီးစိုးခြယ်လှယ်မှုကို ခံလာရ လေသည်။ ဇာတ်သဘင်တို့တွင် အဆို၊ အကနှင့် ဇာတ်ခုံအခမ်းအနားတို့သာလျှင် အရေးကြီးသည်ဟု ယူဆ လာကြကာ ရှေးပြဇာတ်များကို သဘင်သည်တို့သည် အလျင်းဂရုမပြုကြတော့ချေ။ ရှေးပြဇာတ်များကို စာပေလိုက်စားသူများသာလျှင် စာပေအရသာ ပေါ်မှုအတွက် လေ့လာဖတ်ရှုကြလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ရုပ်ရှင်ကားရိုက်ကူးရန် ကော်ပြားများ မရနိုင်သည့်အလျောက် ရုပ်ရှင် ကားများကို အစားထိုးသောအားဖြင့်၊ ခေတ်သစ်ပြဇာတ်များ ပေါ်ပေါက်လာ၏။ ထိုခေတ်ပြဇာတ်များသည် အကကို အရေးမပေးသော်လည်း အဆိုအပြောနှင့် ဇာတ်ခုံအခမ်းအနားတို့ကိုမူ ဇာတ်သဘင်များမှာကဲ့သို့ပင် အထူးအရေးထားလျက် ရှိကြလေသည်။[]

  1. မဟာဆန်ချင်သူပြဇာတ်
  2. my.wikipedia
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)