ဝိဘတ်

ဝါစင်္ဂ(၈)မျိုးအနက်အင်္ဂါတစ်မျိုး

နာမ်နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်ကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလ နှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် ဟုခေါ်သည်။[၁]

ရင်းမြစ် ပြင်ဆင်ရန်

ဝိဘတ်ဟူသော ဝေါဟာရသည် သဒ္ဒါကျမ်းမှလာသော ဝေါဟာရ ဖြစ်သည်။ ဝါကျအပေါင်းဖြင့် ဖွဲ့စပ်တည်ဆောက်ထားအပ်သော အရာကို ကျမ်းဂန်၊ ပုဒ်အပေါင်းဖြင့် ဖွဲ့စပ်တည်ဆောက်ထားအပ်သော အရာကို ဝါကျဟုဆိုသဖြင့် ပုဒ်တို့သည်ဝါကျ၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ဝိဘတ်သည် ထိုပုဒ်တို့၏အသက်ဝိညာဉ်သဖွယ်ဖြစ်သည်။ များသောအားဖြင့် ပုဒ်ဟူသမျှသည် ဝိဘတ်နှင့်မကင်းစကောင်း၊ ဝိဘတ်ဖြင့် အဆုံးသတ်လျက်ရှိ ရမြဲဖြစ်သည်။ ထိုကြောင့် ဝိဘတ်ဟူသည် ပုဒ်တို့ကိုသိရှိရေး၏ အမှတ် သင်္ကေတဖြစ်သည်။

အနက် ပြင်ဆင်ရန်

ထိုဝိဘတ်သည် နာမ်၊ အာချာတ် ဟူ၍ နှစ်မျိုးရှိသည်။ အမည်ဟောပုဒ်တို့၏အဆုံးသတ်ကို နာမ်ဝိဘတ်၊ သွားခြင်း၊ ချက်ခြင်းစသောကြိယာဟောဓာတ်တို့၏အဆုံးသတ်ကို အာချာတ်ဝိဘတ်ဟု ခေါ် သည်။ နာမ်ဝိဘတ်သည် ပထမာ၊ ဒုတိယာ၊ တတိယာ၊ စတုတ္ထီ၊ ပဉ္စမီ၊ ဆဋ္ဌီ၊ သတ္တမီဟူ၍ ခုနစ်သွယ်(ခုနစ်လုံး) ရှိသည်။

တစ်သွယ်တစ်သွယ်၌ ဧကဝုစ်၊ ဗဟုဝုစ်အားဖြင့် နှစ်မျိုးစီရှိသဖြင့် ၁၄ သွယ်ရှိသည်။ ယင်းတို့ကို မြန်မာအနက်အားဖြင့် အစဉ်အတိုင်းသည် ကား - က၊ ကို - သို့၊ ဖြင့်၊ အား၊ မှ - က - ထက် - အောက်၊ ၏၊ ၌ - မှာ - ဝယ်ဟူ၍ ပြန်ဆိုကြသည်။ ယင်း ၁၄ သွယ်သည် လိန် အနက်ကို ကတ္တား၊ ကံစသည် အားဖြင့်လည်းကောင်း၊ ဧကဝုစ် - ဗဟုဝုစ်အားဖြင့်လည်းကောင်း ခွဲခြားဝေဘန်တတ်သည်။ ထိုကြောင့် ဝိလတ်ဟူသော အမည်ကိုရသည်။

ယောက်ျား ဟူသော သဒ္ဒါသည် သည် နှင့်တွဲဖက်၍ ယောကျ‡ား သည် ဟူသော ပုဒ်ဖြစ်လာသည်။ ကို နှင့်တွဲဖက်၍ ယောကျ‡ားကို ဟူသော ပုဒ်ဖြစ်လာသည်။ ဤသို့ စသည်ဖြင့် ယောကျ‡ား ဟူသော သဒ္ဒါသည် အဆုံးသတ် ဝိဘတ်တို့နှင့်တွဲဖက်ကာ ပုဒ်တိုင်း ပုဒ်တိုင်းတွင် ပါဝင်နိုင် သည်။ ယင်းသို့ ပါဝင်နိုင်သောသဒ္ဒါကို ဤ၌ 'လိန်' ဟုခေါ်သည်။ ဝိဘတ်သည် ယင်းအဖြူထည်သက်သက် လိန်အနက်ကို ကတ္တား အနက်ပြ 'သည်'နှင့် တွဲဖက်၍ 'ယောက်ျား' ဟူ၍လည်းကောင်း၊ ကံနက်ပြ 'ကို' နှင့်တွဲဖက်၍ 'ယောက်ျားကို' ဟူ၍လည်းကောင်း ဤသို့စသည်ဖြင့် ကရိုဏ်းအနက်ပြ 'ဖြင့်'၊ သမ္ပဒါန်အနက်ပြန်'အား'၊ အပါဒါန် အနက်ပြ'မှ'၊ သမ္ဗန်အနက်ပြ'၏'၊ ဩကာသအနက်ပြ '၌' တို့ဖြင့် တွဲဖက်ကာ ကတ္တား၊ ကံ စသည်ဖြင့် ခွဲခြားဝေဖန်တတ်သည်။ ထို့ပြင် ကတ္တား၊ ကံ စသည် ကွဲပြားပြီးကိုပင် အနည်းဖြစ်လျှင် ဧကဝုစ်၊ အများဖြစ်လျှင် ဗဟုဝုစ်အားဖြင့် ထပ်၍ ခွဲခြားဝေဖန်တတ်ပြန်သည်။ ဤသို့ လိန်အနက်ကို ကတ္တား၊ ကံ စသည်ဖြင့်လည်းကောင်း၊ ဧကဝုစ်၊ ဗဟုဝုစ်အားဖြင့်လည်းကောင်း ခွဲခြားဝေ ဖန်တတ်သောကြောင့် 'သည်' 'တို့သည်' စသော ၁၄ သွယ်ကို ဝိဘတ်ဟု ခေါ်ဆိုလေသည်။

အာချာတ် ဝိဘတ်သည် ဝတ္တမာန်၊ ပဉ္စမီ၊ သတ္တမီ၊ ပရောက္ခာ၊ ဟိယျတ္တနီ၊ အဇ္ဇတနီ၊ ဘဝိဿန္တိ၊ ကာလတိ ပတ္တိဟူ၍ရှစ်မျိုးရှိသည်။ တစ်မျိုးတစ်မျိုးတွင် ဝိဘတ် ၁၂ လုံးစီရှိသဖြင့် စုစုပေါင်း ၉၆ လုံးရှိသည်။ ယင်းတို့သည် ကြိယာဟောဓာတ်၏အနက်ကို အတိတ်၊ အနာ ဂတ်၊ ပစ္စုပ္ပန်ကာလအားဖြင့်လည်းကောင်း၊ ကတ္တား-ကံ-ဘောကာရက အားဖြင့်လည်းကောင်း၊ ဧကဝုစ် ဗဟုဝုစ်အားဖြင့်လည်းကောင်း ခွဲခြားဝေဖန် တတ်ကြသည်။ ထိုကြောင့် ဝိဘတ်ဟု ခေါ်ဆိုရလေသည်။ 'ဂစ္ဆတိ' ဟုသောပုဒ်သည် အရင်းခံအားဖြင့် ဂမုဓာတ်၊ တိဝိဘတ်တို့ဖြင့် ဆက်သွယ်ပေါင်းစပ်ထားသောပုဒ်ဖြစ်သည်။ ဝိဘတ်မပါ သော ဂမုဓာတ်သက်သက်ဆိုလျှင် သွားခြင်းအနက်တစ်ခုကိုသာ သိရသည်။ ဂစ္ဆတိဟု 'တိ'နှင့်တွဲဖက်သည့်အခါ ပစ္စုပ္ပန်ကာလ၊ ကတ္တုကာရက၊ ဧကဝုစ် အနက်တို့ကိုသိရသည်။ ဤသို့ စသည်ဖြင့် ကြိယာဟောဓာတ်၏အနက်ကို ကာလအမျိုမျိုး၊ ကာရကအမျိုးမျိုး၊ ဝုစ်အမျိုးမျိုးတို့ဖြင့် ခွဲခြားဝေဖန်တတ် သောကြောင့် တိ၊ အန္တိ စသော သဒ္ဒါတို့ကို ဝိဘတ်ဟု ခေါ်ဆိုလေသည်။[၂]

ဝိဘတ် (၂) မျိုး ပြင်ဆင်ရန်

ဝိဘတ် (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) နာမ်ဝိဘတ်

(ခ) ကြိယာဝိဘတ်[၁]

နာမ်ဝိဘတ် ပြင်ဆင်ရန်

နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို နာမ်ဝိဘတ် ဟုခေါ်သည်။[၁]

နာမ်ဝိဘတ် (၁၇) မျိုး ပြင်ဆင်ရန်

နာမ်ဝိဘတ်ကို အနက်အဓိပ္ပာယ်အရ (၁၇) မျိုး ခွဲထားသည်။ ၎င်းတို့မှာ ’

(က) ကတ္တားဝိဘတ် − သည်၊ က၊ မှာ။

(ခ) ကံဝိဘတ် − ကို။

(ဂ) ထွက်ခွာရာပြဝိဘတ် − မှ၊ က။

(ဃ) ရှေးရှုရာပြဝိဘတ် − သို့။

(င) ဆိုက်ရောက်ရာပြဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်။

(စ) အသုံးခံပြဝိဘတ် − ဖြင့်၊ နှင့်။

(ဆ) အကြောင်းပြဝိဘတ် − ကြောင့်၊ ဖြင့်။

(ဇ) လက်ခံပြဝိဘတ် − အား။

(ဈ) နေရာပြဝိဘတ် - ၌၊ မှာ၊ တွင်၊ ဝယ်၊ က။

(ည) အချိန်ပြဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က။

(ဋ) ပိုင်ဆိုင်ခြင်းပြဝိဘတ် − ၏။

(ဌ) လိုက်လျောပြဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ။

(ဍ) ယှဉ်တွဲပြဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ။

(ဎ) ခွဲထုတ်ရာပြဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ။

(ဏ) ရည်စူးချက်ပြဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်။

(တ) နေရာဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်။

(ထ) အချိန်ဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး။[၁]

လိုက်လျောပြဝိဘတ် ပြင်ဆင်ရန်

အဖြစ်အပျက်၊ သဘောတရား၊ လူပုဂ္ဂိုလ်၊ ပမာဏတို့နှင့် ဆန့်ကျင်ခြင်းမရှိဘဲ လိုက်လျောညီညွတ်ခြင်းရှိသည်ကို ပြသော ဝိဘတ်ကို လိုက်လျောပြဝိဘတ် ဟုခေါ်သည်။

ဥပမာ။ ။

တောင်သူကြီးများသည် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြသည်။

ဤဝါကျ၌ တောင်သူကြီးများ သီးနှံမျိုးစုံကို မည်သို့စိုက်ပျိုးကြောင်း ဖော်ပြထားသည်။ တောင်သူကြီးများသည် သီးနှံမျိုးစုံကို အချိန်ရာသီနှင့် လိုက်လျောအောင် စိုက်ပျိုးကြောင်းကို ရာသီ ဟူသော နာမ်နောက်ရှိ အလိုက် ဝိဘတ်က ပြသည်။ ထို့ကြောင့် အလိုက် သည် လိုက်လျောပြဝိဘတ် ဖြစ်သည်။[၁]

ယှဉ်တွဲပြဝိဘတ် ပြင်ဆင်ရန်

ယှဉ်တွဲခြင်း၊ ပေါင်းစည်းခြင်းကို ပြသော ဝိဘတ်ကို ယှဉ်တွဲပြဝိဘတ် ဟု ခေါ်သည်။

ဥပမာ − ပြည်သူ့တပ်မတော်သားများသည် လယ်ယာဦးကြီးများနှင့်အတူ ရွှေဝါမြေစစ်ဆင်ရေး၌ ပါဝင် ဆင်နွှဲကြသည်။

ဤဝါကျ၌ ပြည်သူ့တပ်မတော်သားများသည် ပြည်သူတို့နှင့်အတူ ရွှေဝါမြေစစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲကြောင်း ဖော်ပြထားသည်။ လယ်ယာဦးကြီးများနှင့်အတူ ပါဝင်ဆင်နွှဲကြသူများမှာ ပြည်သူ့တပ်မတော်သားများ ဖြစ်ကြောင်းကို လယ်ယာဦးကြီးများ ဟူသော နာမ်နောက်ရှိ နှင့်အတူ ဝိဘတ်က ယှဉ်တွဲ ဖော်ပြသည်။ ထို့ကြောင့် နှင့်အတူ သည် ယှဉ်တွဲပြဝိဘတ် ဖြစ်သည်။[၁]

ခွဲထုတ်ရာပြဝိဘတ် ပြင်ဆင်ရန်

အစုအပေါင်းမှ တစ်စုံတစ်ရာ၊ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် စသည် တစ်စိတ်တစ်ဒေသကို ခွဲထုတ်ပြသော ဝိဘတ်ကို ခွဲထုတ်ရာပြဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

ရေသတ္တဝါများအနက် ဝေလငါးသည် အကြီးဆုံး ဖြစ်၏။

ဤဝါကျ၌ အကြီးဆုံးသတ္တဝါသည် ဝေလငါးဖြစ်ကြောင်း ဖော်ပြထားသည်။ ဝေလငါးသည် ရေသတ္တဝါများအနက် အကြီးဆုံးဖြစ်ကြောင်းကို ရေသတ္တဝါများ ဟူသော နာမ်နောက်ရှိ အနက် ဟူသော ဝိဘတ်က ပြသည်။ ထို့ကြောင့် အနက် သည် ခွဲထုတ်ရာပြဝိဘတ် ဖြစ်သည်။[၁]

ရည်စူးချက်ပြဝိဘတ် ပြင်ဆင်ရန်

တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာကို ရည်စူးကြောင်း ဖော်ပြသော ဝိဘတ်ကို ရည်စူးချက်ပြဝိဘတ် ဟုခေါ်သည်။

ဥပမာ။ ။

တပ်မတော်သားတို့သည် နိုင်ငံအတွက် အသက်ကို ပေးလှူထားသူများ ဖြစ်ကြသည်။

ဤဝါက၌ တပ်မတော်သားတို့သည် မည်သူ့အတွက်ရည်စူး၍ အသက်ပေးလှူထားသူများ ဖြစ်ကြောင်းကို ဖော်ပြထားသည်။ တပ်မတော်သားတို့သည် နိုင်ငံအတွက် အသက်ပေးလှူထားကြသူများဖြစ်ကြောင်းကို နိုင်ငံ ဟူသော နာမ်နောက်ရှိ အတွက် ဟူသော ဝိဘတ်က ရည်စူးဖော်ပြသည်။ ထို့ကြောင့် အတွက်သည် ရည်စူးချက်ပြဝိဘတ် ဖြစ်သည်။[၁]

နေရာဆက်တိုက်ပြဝိဘတ် ပြင်ဆင်ရန်

နေရာအဆက်မပြတ်ဖြစ်ခြင်းကို ပြသော ဝိဘတ်ကို နေရာဆက်တိုက်ပြဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရွာလယ်မှ ရွာဦးကျောင်းတိုင်အောင် လမ်းဖို့ လုပ်အားပေးကြသည်။

ဤဝါကျ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မည်သည့်နေရာမှ မည်သည့်နေရာထိ ဆက်တိုက် လမ်းဖို့ လုပ်အားပေးကြကြောင်းကို ဖော်ပြထားသည်။ ကြက်ခြေနီအဖွဲ့ဝင်များသည် ရွာလယ်မှ ရွာဦးကျောင်းအထိ ဆက်တိုက် လမ်းဖို့ လုပ်အားပေးကြကြောင်းကို ရွာဦးကျောင်း ဟူသော နာမ်နောက်ရှိ တိုင်အောင် ဟူသော ဝိဘတ်က ပြသည်။ ထို့ကြောင့် တိုင်အောင် သည် နေရာဆက်တိုက်ပြဝိဘတ် ဖြစ်သည်။[၁]

အချိန်ဆက်တိုက်ပြဝိဘတ် ပြင်ဆင်ရန်

အချိန်အဆက်မပြတ်ဖြစ်ခြင်းကို ပြသော ဝိဘတ်ကို အချိန်ဆက်တိုက်ပြဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

ဆရာတော်ဦးဝိစာရသည် နယ်ချဲ့ကို ရက်ပေါင်း (၂၁၀) တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့သည်။

ဤဝါကျ၌ ဆရာတော်ဦးဝိစာရသည် ရက်ပေါင်းမည်မျှကြာအောင် အစာငတ်ခံဆန္ဒပြကြောင်းကို ဖော်ပြထားသည်။ ဆရာတော်သည် ရက်ပေါင်း (၂၁၀) တိုင်တိုင် အဆက်မပြတ် အစာငတ်ခံ ဆန္ဒပြကြောင်းကို ရက်ပေါင်း (၂၁၀) ဟူသော နာမ်နောက်ရှိ တိုင်တိုင် ဝိဘတ်က ပြသည်။ ထို့ကြောင့် တိုင်တိုင် သည် အချိန်ဆက်တိုက်ပြဝိဘတ် ဖြစ်သည်။[၁]

ကြိယာဝိဘတ် ပြင်ဆင်ရန်

ကြိယာ၏ နောက်၌တည်၍ ၎င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ကြိယာဝိဘတ် ဟု ခေါ်သည်။[၁]

ကြိယာဝိဘတ် (၂) မျိုး ပြင်ဆင်ရန်

ကြိယာဝိဘတ် (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) ကာလပြကြိယာဝိဘတ်

(ခ) အမျိုးအစားပြကြိယာဝိဘတ်[၁]

အမျိုးအစားပြကြိယာဝိဘတ် ပြင်ဆင်ရန်

ကြိယာ၏ အမျိုးအစားကို ဖော်ပြသော ဝိဘတ်ကို အမျိုးအစားပြကြိယာဝိဘတ် ဟုခေါ်သည်။ အမျိုးအစားပြကြိယာဝိဘတ်ကို (၄) မျိုးခွဲသည်။ ၎င်းတို့မှာ ’


(က) စေခိုင်းဝိဘတ်။ ။ စေခိုင်းခြင်းကို ပြသည့် ဝိဘတ်ကို စေခိုင်းဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

  • ဆရာ့စကားကို နားထောင့်လော့
  • ညီညွတ်ကြလော့


(ခ) ညှိနှိုင်းဝိဘတ်။ ။ ဆောင်ရွက်သူ အချင်းချင်း ညှိနှိုင်းခြင်းကို ပြသည့် ဝိဘတ်ကို ညှိနှိုင်းဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

  • အိမ်ပြန်စို့။
  • ကျောင်းပိတ်ရက်မှာ ဘုရားဖူး သွားကြရအောင်။


(ဂ) ဆန္ဒညွှန်ဝိဘတ်။ ။ ခွင့်တောင်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ကျိန်ဆဲခြင်း စသော အလိုဆန္ဒတို့ကို ဖော်ပြသည့် ဝိဘတ်ကို ဆန္ဒညွှန်ဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

  • အိမ်ပြန်ပါရစေ။
  • ကျန်းမာပါစေ။
  • ဘေးတွေ့ပါစေ။


(ဃ) အမိန့်ချဝိဘတ်။ ။ အမိန့်ပေးခြင်းကို ဖော်ပြသည့် ဝိဘတ်ကို အမိန့်ချဝိဘတ် ဟု ခေါ်သည်။

ဥပမာ။ ။

  • ဤအမှုမှ တရားသေလွှတ်စေ။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)