အမြောက်ဝန်သည် အမြောက်တပ်ကို ကွပ်ကဲကြီးကြပ်ရသူ ဖြစ်သည်။ မြန်မာမင်းများ လက်ထက်က ရန်ပုံခွင်း အမြောက်တော်အပြင် စကြာတင် အမြောက်မဟာသကြုဇေယျ အမြောက်ခန်းတိုင်းရောက် အမြောက်ဆူးလေကုန်း မင်္ဂလာအမြောက် အစုသား များရှိကြရာ အမြောက်ဝန်သည် အမြောက်ဗိုလ်အမြောက်စာရေး စသည့် လက်အောက် အဆင့် အမှုထမ်းများနှင့် အတူ အုပ်ချုက်ကွပ်ကဲရသည်။

အမြောက်ဝန် ဦးထွန်းဖြိုး ပြင်ဆင်ရန်

အလောင်းမင်းတရား လက်ထက် ပထမဆုံး ခန့်အပ်ခံခဲ့ရသူ အမြောက်ဝန်မှာ သူရိန်ဝေရကျော်ဘွဲ့ခံ ဦးထွန်းဖြိုး ဖြစ်သည်။ ၇ ဖေဖော်ဝါရီ ၁၇၅၅ ခုနှစ်တွင် ပြည်ဆံတော်ရှင် တပ် ကို အောင်နိုင်ပြီးနောက် အလောင်းမင်းတရားကြီး ပြည်နန်းတော် ၌ စံနေစဉ် ပြည်မြို့သား အမြောက်မှူးဟောင်း ဦးထွန်းဖြိုး က ပြည်မြို့ အနောက်တောင်ထောင့်မှ ရန်ပုံခွင်းအမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်ကို ကြားသိရသဖြင့် ခေါ်ယူ မေးမြန်းခဲ့သည်။ ထိုအခါ အမြောက်မှူး ဦးထွန်းဖြိုးက ရန်ပုံခွင်း အမြောက်ရာဇဝင် ကို အောက်ပါအတိုင်း ပြောပြခဲ့၏။ သူက ဆင်ကြားရှင်လက်ထက်တွင် ပြည်မြို့မှ ဟံသာဝတီသို့ လိုက်ပါသွားရကြောင်း၊ သန်လျင်ရေဝန် ထံ၌ နေရစဉ် ရန်ပုံခွင်း အမြောက်ကို အရမံသင်္ဘောမှ သန်လျင်ရေဝန်က ငွေ ၇ ပိဿါ ၅၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ယင်းနောက် သန်လျင်ရေဝန်ကို ပြည်မြို့ဝန်ရာထူး ခန့်အပ်စဉ် အမြောက်ကြီး ပြည်မြို့ သို့ရောက်လာခဲ့ကာ သူ့အား အမြောက်မှူး ရာထူး ခန့်အပ်ခဲ့ကြောင်း ဖြစ်သည်။ ထိုစဉ် အမြောက်မှူးဟောင်း ဦးထွန်းဖြိုး ကို အလောင်းမင်းတရား အားရတော်မူ၍ အမြောက်ဝန် အရာခန့်အပ်လိုက်ပါသည်။

အမြောက်ဝန် ဦးအောင်ဘော် ပြင်ဆင်ရန်

၁၇၆၃ ခုနှစ် မြေဒူးမင်း (ဆင်ဖြူရှင်) နန်းတက်လာပြီးနောက် အမြောက်ဝန်ရာထူးအား နေမျိုးသီဟသူဘွဲ့ခံ ဦးအောင်ဘော် ကို ခန့်အပ်ခဲ့သည်။ အမြောက်ဝန် ဦးအောင်ဘော်သည် ၁၅ စက်တင်ဘာ ၁၇၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် နေမျိုးသခင်ဦးစီးသော ၄၀ တော် သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့၏။ ယင်းနောက် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရီ (လင်းဇင်း)မှ သမီးကညာ ဆက်သလာရာ နေမျိုးသီဟသူဘွဲ့ခံ အမြောက်ဝန် ဦးအောင်ဘော် အခမ်းအနားသို့ တက်ရောက်ခဲ့၏။

မြေဒူးမင်း လက်ထက်နှောင်းပိုင်းကာလတွင် အမြောက်ဝန် ဦးအောင်ဘော်သည် အတွင်းဝန်ရာထူးကိုလည်း ရရှိခဲ့သည်။ အမြောက်ဝန် ဦးအောင်ဘော် သည် မြေဒူးမင်း နတ်ရွာစံလုနီးအချိန်တွင် ရေနန်းတော်မှ သလွန်တော်ဆီးသို့ ရွှေ့ဆောင်ရာ၌ အနီးကပ်ပါဝင်ခဲ့၏။ ၁၇၇၆ ခုနှစ်တွင် မြေဒူးမင်း နတ်ရွာစံလွန်သွားပြီးနောက် စဉ့်ကူးမင်းနန်း တက်လာသောအခါ ဦးအောင်ဘော် ကိုပင် အမြောက်ဝန် အရာ ခန့်အပ်ခဲ့သည်။

စဉ့်ကူးမင်းနန်းတက်စ ၂၃ ဒီဇင်ဘာ ၁၇၇၆ ခုနှစ်တွင် အမြောက်ဝန် နေမျိုးသီဟသူ အပါအဝင် တပ်များအား လကွန်းဖာသင်ဒေသသို့ စစ်ချီတက်စေခဲ့ကြောင်း သိရှိရ၏။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက်တွင် အမြောက်ဝန် ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။ ၂၇ ဖေဖော်ဝါရီ ၁၇၉၀ ပြည့်နှစ်တွင် ပဲခူးရွှေမော်ဓောဘုရား ထီးတော်သစ် တင်လှူရာ ၌ အမြောက်ဝန် နေမျိုးဇေယ အနော်ရထာ ကြီးကြပ် လုပ်ဆောင်ခဲ့ရသည်။ ယင်းနောက် ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ်တွင် မိတ္ထီလာ မင်းသမီး အား ကွမ်းခွံ့မင်္ဂလာအခမ်းအနား ကျင်းပချိန်၌မူ အမြောက်ဝန် ရွှေတောင်သီရိစည်သူ တက်ရောက် ခဲ့သည်။ ရွှေတောင်သီရိစည်သူ သည် ၁၈၇၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆင်ဖြူတော် ဆိုက်ရောက်စဉ်ကလည်း ဆင်ဖြူတော် သိမ်းအခမ်းအနား သို့ တက်ရောက်ခဲ့သေး၏။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် အမြောက်ဝန် အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးမှို သည် နောင် ပန်းပဲမင်းကြီးဟု ထင်ရှားလာခဲ့သူ ဖြစ်၏။ သူသည် ရာထူးအဆင့်ဆင့်တက်ခဲ့ပြီး မင်းတုန်းမင်းလက်ထက်၌ မြတောင်မြို့စား ဝန်ကြီး ဖြစ်လာခဲ့သည်။

သာယာဝတီမင်းလက်ထက် ပြင်ဆင်ရန်

သာယာဝတီမင်း နန်းတက်စ ၁၈၃၇ ခုနှစ်တွင် အမြောက်ဝန် နေမျိုးမင်းခေါင်ကျော် အား အဆောင်အရွက်များ ပေးအပ်ခဲ့သည်။ မကြာမီ အမြောက်ဝန်ရာထူးကို ဦးကံအား ပေးအပ်လိုက်ပါသည်။ ၁၈၄၁ ခုနှစ် အောက်တိုဘာလတွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းစဉ် အမြောက်ဝန် ဝန်းသိုမြို့စား မင်းကြီးမင်းလှ မဟာမင်းထင်ဘွဲ့ခံ ဦးကံ လိုက်ပါလာခဲ့ရ၏။ အမြောက်ဝန် ဦးကံသည် ရန်ကုန်၌ ရှိနေစဉ်အတွင်း ရွှေတိဂုံ စေတီတော်၌ ဆည်းလည်း တစ်လုံးလှူဒါန်းခဲ့ရာ ဆည်းလည်းပါ စာအရ လက်ဝဲဝင်းမှူး ရာထူးကိုလည်း ထမ်းဆောင်ခဲ့ရကြောင်း သိရှိရသည်။

ပုဂံမင်းလက်ထက် ပြင်ဆင်ရန်

ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်တွင် အမြောက်ဝန်ရာထူးခန့်အပ် ခံရသူမှာ ဦးပါတူ ဖြစ်သည်။ အမြောက်ဝန် ဦးပါတူသည် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော မင်းတုန်းကနောင် မင်းသားများ အရေး ၌ ပုဂံမင်း၏ ဘက်တော်သားတစ်ဦးအဖြစ် မင်းသားများအား လိုက်လံ နှိမ်နင်းခဲ့ရသည်။

မင်းတုန်းမင်းလက်ထက် ပြင်ဆင်ရန်

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာပြီးနောက် ဦးရွှေဇင်အား မင်းလှသီရိမင်းထင် ဘွဲ့ဖြင့် အမြောက်ဝန်အရာ ခန့်အပ်ခဲ့သည်။ သို့သော် မကြာမီ သံတော်ဆင့်ဦးဘီ ကို မဟာမင်းထင်မင်းခေါင် ဘွဲ့ဖြင့် အမြောက်ဝန် ရာထူးအပြောင်းလဲ ခန့်အပ်ခဲ့ပြန်၏။ ဦးဘီမှာ နောင် မြို့သစ်အတွင်းဝန်အဖြစ် ထင်ရှားခဲ့သူ ဖြစ်သည်။ ဦးဘီအား ဆက်ခံလျက် အမြောက်ဝန်ဖြစ်လာသူမှာ ဗန်းမော်ဝန်ထောက်မင်းကြီး မဟာမင်းခေါင်ကျော်စွာဘွဲ့ခံ ဦးတုတ် ဖြစ်သည်။ ၁၈၆၃ ခုနှစ် နိုဝင်ဘာလတွင် အမြောက်ဝန် ဦးတုတ်အား အတွင်းဝန် ရာထူးတိုးမြှင့်ပေးလိုက်ရာ အမြောက်ဝန်ဟု အမည်တွင်လာခဲ့သည်။

၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင်အရေး ဖြစ်ပွားစဉ်အခါ၌မှု အမြောက်ဝန် မဟာနော်ရထာ၏ တပ်မြေနန်းတော်မှ ရပ်တန့်ခုခံခဲ့ရသည်။

သီပေါမင်းလက်ထက် ပြင်ဆင်ရန်

သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် ခန့်အပ်ခံခဲ့ရသည်။ အမြောက်ဝန်မှာ မင်းထင်မင်းလှကျော်ခေါင်ဘွဲ့ခံ ဦးခင်မောင်ကြီး ဖြစ်သည်။ အမြောက်ဝန် ဦးခင်မောင်ကြီးသည် တိုင်တားမင်းကြီး ၏ သမီး ပထိမ်းသခင် နှင့် ခင်ပွန်း တောင်ထားဝယ်ဗိုလ် ဦးတိုး တို့၏ သားကြီးဖြစ်၏။ ၁၈၈၄ ခုနှစ် ဇန်နဝါရီလတွင် စက်ပစ်ကြစဉ် အမြောက်ဝန်မဘဲမြို့စား ဦးခင်မောင်ကြီး လည်း လိုက်ပါခဲ့ရသည်။

ဤတွင် ရတနာပုံခေတ် က အမြောက် အမှုထမ်း ၇၉၅ ဦး ရှိခဲ့ရာ နှစ်စဉ် ဆောင်းဥတုသို့ ရောက်ရှိလာလျှင် မန္တလေးတောင် အရှေ့ဘက် စက်ကတုတ်သို့ သွားရောက်ကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကြရသည်။ သီပေါမင်းလက်ထက်၌ပင် မဟာမင်းလှ မင်းထင်ရာဇာဘွဲ့ခံ အမြောက်ဝန် တစ်ဦး၏ ဘွဲ့မည်ကိုလည်း တွေ့ရှိရ၏။ အမြောက်ဝန်နှင့် ဇနီးတို့ ဘုန်းတော်ကြီးကျောင်း၌ ကျမ်းစာပေထုပ် လှူဒါန်းရာတွင် ပေစာထုပ်ကြိုးပါစာအရ သိရှိရခြင်းပင် ဖြစ်သည်။ အလားတူ ဝက်မစွတ်ဝန်ထောက် ဦးလတ်၏ ဒိုင်ယာရီပါ အမြောက်ဝန် ဦးဘ ဆိုသူမှာလည်း သီပေါမင်းလက်ထက် နောက်ဆုံး အမြောက်ဝန် ဖြစ်ဟန်ရှိသည်။ သူ့ကို ၃၁ ဩဂုတ် ၁၈၉၇ ခုနှစ်တိုင် တွေ့ရှိရဆဲ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

သစ္စာ။ အမြောက်ဝန် (in Myanmar)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ ၊ ၂၀၁၁ တွင် ပြန်စစ်ပြီး။ဒီဇင်ဘာ ၂၀၁၁ တွင် ပြန်စစ်ပြီး။