ဦးအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုတော်သူ ဖြစ်သည်။ အဖ ရှေ့နေဦးဖာ ၊ အမိ ဒေါ်စုတို့မှ ၁၉၁၁ မှ ၊ ဩဂုတ်လ ၂၀ ရက် (မြန်မာသက္ကရာဇ် ၁၂၇၃ ခု ၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ယောက်အနက် နို့ညှာ ဖြစ်သည်။ သူ၏ မွေးချင်းများမှာ မခင်ညွှန့် (လယ်ဝန်ကတော်)၊ မဝက် (အိမ်ထောင်မပြု)၊ မောင်ဘဝင်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သူ)၊ မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊ မောင်နေအောင် (အမိန့်တော်ရရှေ့နေ)၊ မောင်ညိုမောင် (ငယ်စဉ်ကကွယ်လွန်)၊ မောင်ထွန်းလင်း၊ မောင်အောင်သန်း၊ မောင်အောင်ဆန်းတို့ ဖြစ်ကြသည်။

ဦးအောင်သန်း

ပညာသင်ဘဝ

ပြင်ဆင်ရန်

အသက် (၆) နှစ်အရွယ် နတ်မောက် ဦးသောဘိတ ကျောင်းတွင် စတင် ပညာသင်လျက် (၁၃)နှစ်အရွယ် ၁၉၂၄ ခုနှစ်တွင် မြန်မာအလို ခုနှစ်တန်းအောင်သည်။ ထိုနှစ် ရေနံချောင်း နေရှင်နယ်ကျောင်းသို့ ပြောင်း၍ ဆက်လက်သင်ရာ ၊ ၁၉၂၅ ခု အောက်တိုဘာလတွင် နေရှင်နယ် ခုနှစ်တန်းအောင်လျက် ၊ ၁၉၂၆ ခု မတ်လတွင် အစိုးရစစ် အင်္ဂလိပ် မြန်မာ ခုနှစ်တန်း စကောလားရှစ် စာမေးပွဲအောင်သည်။ စကောလားရှစ်ဆု ချီးမြှင့်ခြင်း မခံရချေ။ ၁၉၂၈ ခု မတ်လတွင် အင်္ဂလိပ်-မြန်မာ ၁၀ တန်းကို မြန်မာစာတွင် ဂုဏ်ထူးဖြင့် အောင်သည်။ သို့သော်လည်း သင်္ချာဘာသာမအောင်သဖြင့် တက္ကသိုလ် ဝင်ခွင့်မရချေ။ ထိုနှစ်သည် ၁၀ တန်းအောင်သူများကို 'က' နှင့် 'ခ' ခွဲသည့် ပထမဆုံးနှစ်ဖြစ်သည်။ ထို့နောက် နောင်တစ်နှစ် ၁၉၂၉ တွင် သင်္ချာဘာသာ တစ်ခုတည်း ဖြေဆိုခွင့်ရသော်လည်း ဘာသာအားလုံး ပြန်ဖြေရာ ဂဏန်းဘာသာတွင် ဂုဏ်ထူးဖြင့် အောင်မြင်လျက် တက်ကသိုလ်ဝင်ခွင့်ရသည်။ (ထိုခေတ်က သင်္ချာဘာသာကို ဂဏန်းဘာသာ ၊ အက္ခရာသင်္ချာနှင့် ဂဲဩမေထရီဘာသာဟူ၍ ခွဲထားသည်။) ၎င်းနှင့်တစ်နှစ်တည်း တက္ကသိုလ်ရောက်သူများမှ ကိုရှုမောင် (ပါတီဥက္ကဋ္ဌ ဦးနေဝင်း)၊ ကိုချင်းစိန် (ရွှေညာမောင်) ၊ ကိုဝန် (မင်းသုဝဏ်) စသူတို့ ဖြစ်သည်။

၁၉၂၉ ခု ဇွန်လတွင် ရန်ကုန်တက္ကသိုလ် တက်ရောက်ပြီးနောက် ၁၉၃၁ ခု မတ်လတွင် ဥပစာတန်း (အိုင်အေ) အောင်ခဲ့သည်။ ဝိဇ္ဇာ (ဘီအေ) အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခွင့်ရသော်လည်း နောင်နှစ်၌ ရိုးရိုးတန်း ပြန်ဆင်းရသည်။ ၁၉၃၂-၃၃ ခု စာသင်နှစ်တွင် ၎င်းသည် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)တွင် ကွယ်လွန်သူ သခင်ဗစိန် ၊ ဝန်ကြီးဟောင်း ရာရှစ်တို့နှင့်အတူ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်သည်။ မကွေးခရိုင် တက္ကသိုလ်ကျောင်းသားများ အသင်းတည်ထောင်၍ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ အင်းဝကျောင်းဆောင် သဟာယအသင်းအမှုဆောင် ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်းအမှုဆောင် ၊ အင်းဝကျောင်းဆောင်အတွက် အစားအသောက် ကော်မတီ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ သို့ကလို ဆောင်ရွက်မှုကြောင့် စာမေးပွဲ ကျခဲ့ရသည်။ ထို့နောက် ၁၉၃၄ ခုနှစ်တွင် စာကြိုးစား၍ ပြန်ဖြေရာ ဝိဇ္ဇာ (ဘီအေ) စာမေးပွဲကို အင်္ဂလိပ်စာပေ (English Language and Literature) ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံ (Political Science) ဘာသာများဖြင့် အောင်မြင်ခဲ့သည်။

အယ်ဒီတာဘဝ

ပြင်ဆင်ရန်

ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးဘားမား (The New Burma) ဝံသာနုသတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က အယ်ဒီတာချုပ်မှာ ကွယ်လွန်သူ ၉၁ ဌာနခေတ် ဝန်ကြီး ၊ ဂျပန်ခေတ် ဝန်ကြီးနှင့် သံအမတ် ဖြစ်သော ဒေါက်တာ သိန်းမောင်ဖြစ်သည်။ ဒေါက်တာ သိန်းမောင် အိန္ဒိယပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော် (Legislative Assembley of India) အတွက် မြန်မာပြည်ကို ကိုယ်စားပြုသော အမတ်တစ်ယောက် ဖြစ်သည်။ (ထိုအချိန်က မြန်မာပြည်ကို အိန္ဒိယပြည်နှင့် တွဲထားသည်။) နယူးဘားမား သတင်းစာမှာ နိုင်ငံရေး သတင်းစာဖြစ်သည့်အတိုင်း စီးပွားရေး မတောင့်တင်း၊ အလုပ်သမားများအား လစာများ မပေးနိုင်ရကား ဝံသာနု စိတ်ရှိသူများက ဝင်ရောက်လုပ်ကိုင်ကြသည်။ ဗြိတိသျှအစိုးရကလည်း သတင်းစာနှင့် အလုပ်သမားများကို အခါအခွင့်သင့်တိုင်း ဖိနှိပ်သည်။

မြို့အုပ်ဘဝ

ပြင်ဆင်ရန်

ဦးအောင်သန်းသည် ၁၉၃၆ ခု စက်တင်ဘာလတွင် ဝန်ထောက်လောင်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ အမှတ်နည်းသဖြင့် မြို့အုပ်အဖြစ်သာ ခန့်ထားခြင်းခံရသည်။ ထိုခေတ်က ဝန်ထောက် စာမေးပွဲကို 'မြန်မာနိုင်ငံ ဝန်ထမ်းနှင့် အခြားဌာနဝန် ထမ်းများစာမေးပွဲ' (Combined B.C.S and other Services Examination) ဟုခေါ်သည်၏ အဆိုပါ စာမေးပွဲကို အသက် (၂၁) နှစ်ပြည့်ပြီး၍ (၂၅)နှစ်ထက် မကျော်လွန်သူများသာ ဝင်ခွင့်ရှိသည်။ ထိုစာမေးပွဲထက်မြင့်သော အိုင်စီအက်စ် I.C.S ခေါ် အိန္ဒိယ ပဋိဉာဉ် ဝန်ထမ်း စာမေးပွဲကို အသက် (၂၃)နှစ်ကျော်လျှင် မဝင်ရချေ။ ၁၉၃၇ ခု မတ်လ (၁၁) နေ့မှစ၍ ၁၉၄၂ ခု ဒုတိယကမ္ဘာစစ် မြန်မာပြည်သို့ ကူးစက်လာသည်အထိ မြို့အုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ ဗြိတိသျှ အစိုးရပြန်ရောက်လာသောအခါ (၁၉၄၅ ခု အောက်တိုဘာလ)တွင် အစိုးရအလုပ်မှ ထွက်၍ နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။

နိုင်ငံရေးသမားဘဝ

ပြင်ဆင်ရန်

နိုင်ငံရေး နယ်ထဲရောက်ပြီးနောက် တောင်တွင်းကြီးမြို့ ဆိုရှယ်လစ်ပါတီ တည်ထောင်ပြီး ပထမဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ နောက် တောင်တွင်းကြီးမြို့နယ် ဖဆပလ ဥက္ကဋ္ဌ ၊ မကွေးခရိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၄၇ ဧပြီလတွင် ကျင်းပသော တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် မကွေး အရှေ့မြောက်ပိုင်း (နတ်မောက်နယ်)နှင့် ကွယ်လွန်သူ ဦးဉာဏ်ရှိနှင့်အတူ ပြိုင်ဘက်မရှိ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၇ ခု ဩဂုတ်လ (၂၅) ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန ပါလီမန် အတွင်းဝန်အဖြစ် ခန့်ထားခြင်းခံရသည်။ ယင်းနောက် ဝန်ကြီးချုပ်၏ တွဲဖက်ပါလီမန်အတွင်းဝန်၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန တွဲဖက်ပါလီမန်အတွင်းဝန်၊ ပြည်ထဲရေးဌာနပါလီမန်အတွင်းဝန် စသည်ဖြင့် ဆောင်ရွက်သည်။ ၁၉၄၉ ခု ၊ ဧပြီလ (၂)ရက်နေ့တွင် အခြားဆိုရှစ်လစ်ပါတီများ ရဲဘော်များနှင့်အတူ ရာထူးမှ နုတ်ထွက်သည်။

၁၉၄၉ ခု အောက်တိုဘာလတွင် ဆိုရှယ်လစ် ခေါင်းဆောင်များ၏ အာဏာယစ်မူးမှုကို မကြိုက်သဖြင့် ဆိုရှယ်လစ်ပါတီမှ နုတ်ထွက်သည်။ ၁၉၅၀ ပြည့်နှစ် မတ်လကုန်ခါနီးတွင် ဝန်ကြီးချုပ်ဦးနုက သူ၏ ပါလီမန် အတွင်းဝန်အဖြစ် ဆောင်ရွက်ရန် မြန်အောင် ဦးတင်မှ တစ်ဆင့် ကမ်းလှမ်းသည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၅၀ ပြည့်နှစ် မတ်လတွင် အာဏာလက်ရှိ ဖဆပလ အဖွဲ့အဖြစ်မှ အပြီးအပိုင် နုတ်ထွက်လိုက်လေသည်။

၁၉၅၁ ခု ဧပြီလကုန်ခါနီးတွင် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ ပေါင်းစု တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ရဲဘော်ဖြူခေါင်းဆောင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်နှင့် ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် သခင်ထွန်းအုပ်တို့ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်၍ တောင်ကြီးကိုထွန်းမြင့်က အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ခု ဇွန်လတွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲ၌ လမ်းမတော်မဲဆန္ဒနယ်မှ ဝန်ကြီးချုပ်သခင်နုနှင့် ယှဉ်ပြိုင် အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲ ပြီးနောက် 'ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ တပ်ပေါင်းစု' ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်သည်။ တစ်ဆက်တည်းမှာပင် 'ဒီမိုကရေစီအခွင့်အရေး ကာကွယ်မှုကော်မတီ' ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ဆိုရှယ်နီပါတီ ဒေါက်တာဘမော်၏ မဟာဗမာပါတီနှင့် ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ ပေါင်းစုသည့် 'သုံးပွင့်ဆိုင် မဟာမိတ်အဖွဲ့'လျက် လောလောဆယ် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများကို ပူးတွဲဆောင်ရွက်ခဲ့ကြသည်။ နောက် တဖြည်းဖြည်းတိုးချဲ့လျက် ဦးဘဖေ ကဲ့သို့ နိုင်ငံရေးသမားဟောင်းကြီးများပါ ပါဝင်သော 'ပြည်ချစ်မဟာမိတ်အဖွဲ့' ဖွဲ့လျက် လုပ်ငန်းတူများကို ပူးတွဲလုပ်ကိုင်ကြသည်။ ထိုအချိန်က ထိပ်တန်းရောက်နေသော ပြဿနာမှာ တရုတ်ဖြူကျူးကျော်မှု ဖြစ်သည်။ မော်စီတုန်းတို့က တိုက်ထုတ်လိုက်၍ တရုတ်ပြည်မကြီးမှ ဖော်မိုဆာကျွန်း (ယခု တိုင်ဝမ်ကျွန်း) သို့ ထွက်ပြေးတိမ်းရှောင်ရသော ချန်ကေရှိတ်တပ်များသည် မြန်မာပြည်နယ်စပ်တွင် အမျိုးမျိုးနှိပ်စက်၊ သက်ဖြတ် ၊ လုယက်ဖျက်ဆီးနေသည်။ အာဏာလက်ရှိ ဖဆပလ အစိုးရသည် တရုတ်ဖြူအန္တရာယ်ကို ဖုံးအုပ်လျက် ထိရောက်စွာ အရေးမယူခဲ့ပေ။

၁၉၅၅ ခု ဖေဖော်ဝါရီလတွင် ရန်ကုန်မြူနီစီပယ် ရွေးကောက်ပွဲတွင် အလုံမဲဆန္ဒနယ်မှ အရွေးခံရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဆိုရှယ်နီပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ ပြည်သူ့ညီညွတ်ရေးပါတီနှင့် ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုကို အမာခံပြုလျက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ)ကို ဖွဲ့စည်းခဲ့သည်။

၁၉၅၆ ခု ဧပြီလတွင် ကျင်းပသော ပါလီမန် (ပြည်သူ့လွှတ်တော်) ရွေးကောက်ပွဲတွင် ရန်ကုန် ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရာ မဲ ၁၇၀ဝ၀ သာ ရ၍ ရှုံးနိမ့်ခဲ့သည်။ ထို့နောက် အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခု ဧပြီလ (၃)ရက်နေ့တွင် ပုဒ်မ ၅ နှင့် အဖမ်းခံရပြီးနောက် ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံရသည်။ ကိုကိုးကျွန်းအကျဉ်းစခန်း၏ထူးခြားချက်မှာ အကျဉ်းသား များအား ထောင်ဝါရမ်းတွင် မည်သို့ပင်ရေးထားစေကာမူ အားလုံးကို သာမန်အကျဉ်းသားများ (‘ဂ’အကျဉ်းသား) အဖြစ်သာ ဆက်ဆံရန် အိမ်စောင့်အစိုးရက ညွှန်ကြားထားသည်။ ဦးအောင်သန်းသည် ကိုကိုးကျွန်းရောက်ပြီး ကျန်းမာရေးတဖြည်းဖြည်းဆိုးရွားလာသဖြင့် ၁၉၅၉ ခုနှစ်ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆေးဝါးကုသရန် ရန်ကုန် စံပြထောင် (ယခုသူနာပြုတက္ကသိုလ်) သို့ ပြန်ပို့ခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့် နှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်ကြည့်မြင် တိုင် တောင်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြန်သည်။

၁၉၆၂ ခုနှစ် မတ်လ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်၍ နိုင်ငံတော်အာဏာကိုသိမ်းယူပြီး တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်နိုင်ငံထူထောင်မည်ဟု ကြေညာခဲ့ရာ ဦးအောင်သန်းသည် တော်လှန်ရေးကောင်စီကို ထောက်ခံခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးကောင်စီက ပေးအပ်သည့်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ အတိုက်အခံနိုင်ငံရေးသမားဘဝ နိဂုံး ချုပ်ခဲ့ရသည်။

၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့သော ပြည်သူ့ဒီမိုကရေစီပါတီ (People’s Democratic Party) တွင် နာယကအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမျှ အရွေးမခံရသောကြောင့် နဝတအမိန့်အမှတ် (၂/၉၂) ဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖျက်သိမ်းခံခဲ့ရသည်။

မိသားစုအခြေအနေ နှင့် ဘဝနိဂုံး

ပြင်ဆင်ရန်

ဦးအောင်သန်းသည် ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်တွင်းကြီးမြို့နေ ဦးဘတင်၊ ဒေါ်စံတို့၏ တတိယသမီး ဒေါ်ခင်နု (သခင် ထွန်းအုပ်၏ဇနီး ဒေါ်ခင်တုတ်၏ညီမ) နှင့် လက်ထပ်၍ သားစောလှအောင်သန်း၊ သမီးရီရီအောင်သန်း၊ တီတီအောင်သန်း၊ သားချိုအောင်သန်း၊ သမီးငယ်မမသန်းတို့ ထွန်းကားခဲ့သည်။

ဦးအောင်သန်းသည် စာပေဝါသနာထုံ၍ ၁၉၅၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြည်သူ့နေ့စဉ်သတင်းစာကို ဦးစီးထုတ်ဝေခဲ့သည်။ သို့သော် လုပ်ငန်းမကျွမ်းကျင်၍ ၄ လခန့်အကြာတွင် ရပ်ဆိုင်းသွားခဲ့ရသည်။ ၁၉၅၄ခုနှစ်တွင် ပြည်သူ့ဂျာနယ်ကို ထပ်မံထုတ်ဝေသည်။ သခင်မြသန်း က တာဝန်ခံအဖြစ်ဆောင်ရွက်ပေးခဲ့သည်။ ဂျာနယ်တွင် ဆောင်းပါးများရေးသား၍ လုံးချင်းစာအုပ်များအဖြစ် ၁၆နှစ် နိုင်ငံရေးအ တွေ့အကြုံများ (၁၉၆၂)၊ အောင်သန်း၏ အောင်ဆန်း (၁၉၆၅)၊ အောင်ဆန်းမိသားစု (၁၉၇၀) စသည့် စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။

ဝါရင့်အတိုက်အခံနိုင်ငံရေးသမားကြီး ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် နေအိမ်၌ ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။

ဦးအောင်သန်းသည် ၁၉၃၉ တွင် တောင်တွင်းကြီးမြို့နေ ဦးဘတင် ၊ ဒေါ်စံ တို့၏ တတိယသမီး ဒေါ်ခင်နုနှင့် လက်ထက်၍ သား စောလှအောင်သန်း ၊ သမီး ရီရီအောင်သန်း ၊ တီတီအောင်သန်း ၊ သား ချိုအောင်သန်း ၊ သမီးငယ် မမသန်း တို့ ထွန်းကားခဲ့သည်။

  1. ဦးအောင်သန်း (၂၀၁၁)။ အောင်ဆန်းမိသားစု (စတုတ္ထအကြိမ် ed.)။ Unknown parameter |piblisher= ignored (အကူအညီ)
  2. မြဟန် (၂၀၁၀)။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ (ဒုတိယအကြိမ် ed.)။ အားမာန်သစ်စာပေ။
  3. သန်းဝင်းလှိုင် (၂၀၁၀)။ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန်။ ဒုတိယတွဲ (ပထမအကြိမ် ed.)။ ပညာရွှေတောင်စာပေတိုက်။
  4. မောင်ဇေယျာ (၁၂ ဇန်နဝါရီ ၂၀၁၂). "ပါလီမန်ဒီမိုကရေစီခေတ် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း (၁၉၁၁-၁၉၉၁)". ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၇.