ကလေးမြို့ဟောင်းအကြောင်းကို ကာလေးမြို့သမိုင်းအဖြစ်နှင့် အရှင်ပဒုမပြုစု ရေးသားသည့် သမိုင်းသစ်တစ်စောင်ကို တွေ့ရ၏။ ပြည့်စုံလှသည်။ ကလေးမြို့သည် မြို့သက် ၁၀ဝ၀ ကျော်ပြီဟုလည်း ပြောဆိုယုံကြည်ကြသည်။ သို့ရာတွင် ကျောက်စာ၊ ရေဒီယိုကာဘွန် နည်းစံနစ်ဖြင့် အချိန်ကာလကို တိုင်းတာခန့်မှန်းခြင်းမျိုးကား မပြုခဲ့ဖူးသေးချေ။

၁၁၄၅ ခု တပေါင်းလဆုတ် ၃ ရက်နေ့တွင် ငအုန်းခိုင်ဆိုသူ ထွက်ဆိုသည့် စစ်တမ်းတွင် ကလေးသည် ရှေးမဆွကပင် တည်ထားခဲ့ဖူးသည့် မြို့ဟောင်းတစ်ခုဖြစ်ခဲ့ကြောင်း နောက်ပျက်သုဉ်းသွားခဲ့ကြောင်း ၎င်းကဆက်၍ အစီရင်ခံသည်မှာ ကလေးမြို့ဟောင်းသည် မြို့ရိုး အဝန်းအနေဖြင့် တာပေါင်း ၉၀ဝ ရှိပြီး မြို့ရပ် ၉ တောင်နှင့် မြို့ထုပမာဏအားဖြင့် တစ်တာရှိ သည်ဟုဆိုလေသည်။ တံခါးရှစ်ပေါက်ရှိ၍ ပြအိုး ၄၀ တည်ဆောက်ထားရှိသည်ဟုဆို၏။ (ဒေါက်တာဒေါ်ရီရီ မှတ်စုများ၊ သာ၊ ယ၊ ၃၂၉၊ စာ ၆၈နှင့် ကင်းပု ၁၁၄၅-၁၂-၃)။

ကလေးမြို့၏စစ်တမ်း၌ ကလေးမြို့၏အကျယ်အဝန်းသည်-

အရှေ့လားသော်- ရွှေသမင်တောင်နှင့်ရှမ်းမျိုးစု(၄)စုတို့၏နယ်နှင့် ကျောခိုင်း။

တောင်လားသော်- ပိတောက်ပင်(၃)ခွဆုံနှင့် နတ်စင်၊ တစ်ဖက်တွင် ယောနယ်မြေနှင့် ကျောခိုင်း။

အနောက်လားသော်- ချင်းတောင်ရိုးနှင့် တစ်ဖက်တွင်ကျော်ကသည်း၊ မျက်နှာမည်းနယ် မြေနှင့်ကျောခိုင်း။

မြောက်လားသော်- ရေစကြိုမြို့လမ်းမနှင့် တစ်ဖက်တွင် ရှမ်းမျိုးစု(၃)စုတို့၏ နယ်မြေနှင့် ကျောခိုင်း။

အရှေ့မြောက်လားသော်- မတ်စောက်သည့် ကျောက်တန်းပေါ်တောင်နှင့် တစ်ဖက်တွင် ရှမ်းမျိုးစု(၄)စုတို့၏နယ်နှင့် ကဒူးတို့အား သတ်မှတ်ပေးထားသည့်နယ်မြေနှင့်ကျောခိုင်း။

အရှေ့တောင်လားသော်- ရွှေသမင်တောင်နှင့် တစ်ဖက်တွင်မတ်စောက်သည့် မြစ်ကျိုင်း တောင်နှင့် လင်းဇင်းနယ်တို့နှင့် ကျောခိုင်း။

ဟူ၍ဖော်ပြကြသည်။ (ဦးမောင်မောင်တင်၊ ဒေါ်ရီရီမှတ်စု၊ စာ ၆၈- ကင်းပု၊ ၁၁၄၅-၁၂-၃)။

ချင်းတွင်းဒိစတြိတ်ဂေဇက်တီးယားကမူ ကလေးမြို့နယ်သည် မြောက်ဘက်၌ သောင်သွပ်နယ်၊ အရှေ့ဘက်တွင် ချင်းတွင်း၊ တောင်ဘက်တွင် ယောနယ်နှင့် အနောက်ဘက် တွင် ချင်းတောင်နှင့်မဏိပူရတို့ဖြစ်ပြီး မြို့ရိုးအတွင်း၌ (၂၃၄ ဧက)ခန့်မျှရှိသည်ကို ကလေးမြို့ တွင် တွေ့နိုင်သေးသည်ဟု ဖော်ပြလေသည်။ (အထက်ချင်းတွင်း ဂေဇက်တီးယား။ စာ-၉)

၁၃-ရာစုနှစ်ကုန်ပိုင်းလောက်တွင် ပုဂံအာဏာစက် မှေးမှိန်ပြိုကွဲလာသည်။ ထိုအချိန်၌ ရှမ်းနယ်တချို့လည်း တသီးတခြားထူထောင်လာခဲ့ကြပြန်၏။ မိုးညှင်းမိုးကောင်းတို့ နယ်ပယ် မငြိမ်မသက်ဖြစ်ပေါ်လာ၏။ ထိုအထဲတွင် မိုးညှင်းနှင့်ကလေးတို့ မသင့်မမြတ်ရှိကြသည်။ ဤသည်ကိုအခွင့်ကောင်းယူ၍ မင်းကြီးစွာစော်ကဲလက်ထက် နှစ်နယ်စလုံးကို သိမ်းယူလေသည်။

ပထမဘုရင်မင်းခေါင်(၁၄၀၂-၁၄၂၃)လက်ထက်တွင် ၎င်း၏တူ ကျေးတောင်ညိုအား ကလေးမြို့စားအဖြစ်နှင့် ခန့်အပ်ထားသဖြင့် ကလေးကျေးတောင်ညိုတွင်သည်။ ကလေးမြို့ သည် မြန်မာမာနိုင်ငံအထက်ပိုင်းချင်းတွင်းမြစ်ဝှမ်းတွင် မြန်မာမင်းတို့ အသိအမှတ်ပြုသည့်စော်ဘွားအုပ်ချုပ်သောနယ်တစ်ခု ဖြစ်ခဲ့လေသည်။

ကလေးမြို့တွင် ယခုထက်တိုင် အုတ်မြို့ရိုး၊ ကျုံး အခိုင်အမာဖြင့် တွေ့နိုင်သေးသည့် ရှေးမြို့ဟောင်းတစ်မြို့ဖြစ်သည်။ ရှေးယခင်က ကလေးမြို့သည် လူဦးရေ အတော်ပင် များပြားခဲ့ဟန်ရှိ၏။ သို့ရာတွင် အင်္ဂလိပ်လက်အောက်သို့ ကလေးမြို့ရောက်ရှိပြီး၍ ၁၈၉၁ ခုနှစ်လောက် တွင်မူကား လူဦးရေများစွာ လျော့ကျနည်းပါးသွားလေသည်။ ထိုအချိန်၌ ကလေးမြို့လူဦးရေမှာ (၁၇၁၈)မျှသာရှိသည်ကို တွေ့ရှိရသည်ဆို၏။ (စာ ၂၈၆ အထက်မြန်မာနိုင်ငံ ဂေဇက်တီးယား ပထမတွဲ။)

ကာလေးမြို့

ပြင်ဆင်ရန်

ကလေးမြို့ကို တချို့က ကာလေးမြို့ဟုခေါ်ကြသည်။ မြို့လေးမြို့ကာရံ၍ တည်ထား သည့်မြို့ဖြစ်၍ ကာလေးမြို့ဟု ခေါ်သည်ဟုဆိုသည်။ အကာအရံဖြစ်သည့် ကာ-လေးမြို့မှာ

(၁) ခန်းပတ်မြို့

(၂) ရွှေတောင်မြို့

(၃)စဉ့်တုံမြို့နှင့်

(၄) မန်လုံမြို့တို့ဖြစ်ကြသည်ဟု ဆိုကြသည်။ (စာ ၅၅ ရှင်ပဒုမ-ကာလေး-သမိုင်း)

ယခုအခါ ခမ်းပတ်နှင့် ရွှေတောင်တို့ကိုသာ မြေပုံထဲ၌ တွေ့နိုင်တော့သည်။ ခမ်းပတ်မှာ ရှေးနေရာဟောင်းတစ်ခုဖြစ်သည်။ ယခုတိုင်မြို့ရိုးအစိတ်အပိုင်း၊ အကြင်းအကျန်တချို့ကို တွေ့ရှိသေးသော်လည်း မြို့ဟောင်း၏အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို ဖော်ညွှန်းရန်ကား မလွယ်ကူတော့ချေ။ ရွှေတောင်မြို့ကား ကလေးမြို့မှအရှေ့ဘက်ယွန်းယွန်း (၁၆)မိုင်ခန့်တွင် တည်ရှီသည့် ရွာတစ်ရွာမျှသာရှိသည်။ စဉ့်တုံနှင့်မန်လုံတို့ကား မြေပုံပေါ်၌ပင် အမည်ပါဝင်မှု မရှိတော့ပေ။

နွယ်ပတ်မြို့ဟူသည့် အမည်လည်းမြေပုံများထဲ၌ မတွေ့ရတော့ပေ။ သို့ရာတွင် ကာလေးမြို့သမိုင်းတွင် ““နွယ်ပတ်မြို့ရိုးသည် တာ ၁၀၁၅ အရှည်ရှိပြီး ၄၄၂ တာကျယ်သည်။ မြို့ရပ် ၁၀ တောင်ခန့်ရှိသည်””ဟု ဆိုလေသည်။ (စာ ၃၂ ရှင်ပဒုမ)တန် ဘုရားသမိုင်း၌မူ ““ရာဇဂြိုဟ်မြို့ကို တချို့က နွယ်ပတ်မြို့ဟုလည်း ခေါ်ကြသည်””ဟု ဆိုပြန်သည်။ ရာဇဂြိုဟ်ကား ကလေးမြို့၏ မြောက်ဘက်တွင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ပုံသဏ္ဌာန်နှင့် ပမာဏကို မဖော်ညွှန်းနိုင် တော့သော်လည်း မြေမြို့ရိုးအပိုင်းအစတချို့ရှိသည်ကို သိရပေသည်။ ရာဇဂြိုဟ်ကို တချို့က ““ကလေးတောင်ညို ရာဇဂြိုဟ်””ဟု ခေါ်ဆိုကြသည်လည်း တွေ့ရ၏။

တကောင်းပြည်ကို အုပ်စိုးသည့် အဘိရာဇာမင်း နတ်ရွာစံလေလျှင် သားတော်နှစ်ပါးဖြစ် သည့် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့အား မှူးမတ်ပညာရှိတို့က မဏ္ဍပ်တစ်ဆောင်နှင့် ဘုရား စေတီတစ်ဆူစီ အပြိုင်ဆောက်လုပ်ကြပြီး အလျင်ပြီးသူက ထီးနန်းကိုယူရန် လျှောက်ထားကြ သည်ကို သဘောတူညီကြသည့်အတိုင်း ယှဉ်ပြိုင်ခဲ့ကြရာ သစ်ကြီးဝါးကြီးတို့ဖြင့် ဆောက်လုပ် သည့် ကံရာဇာကြီးထက် သစ်ငယ်၊ ဝါးငယ်တို့ဖြင့်ဆောက်လုပ်သည့် ညီတော် ကံရာဇာငယ်က အလျင်စောစွာပြီးစီး၍ အနိုင်ရလေသည်။ ကံရာဇာကြီးသည် ညီတော်အား ထီးနန်းပေးအပ်၍ မိမိကမူ ဧရာဝတီမြစ်ကိုစုန် ချင်းတွင်းမြစ်ကိုဆန်၍ ကလေးတောင်ညိုကို ရာဇဂြိုဟ်ဟုသမုတ်ကာ စိုးစံဖူးသည်ဟု မှန်နန်းနှင့် ဓညဝတီရာဇဝင်သစ်တို့က ဆိုလေသည်။ သို့ဖြစ်ရကား ရာဇဂြိဟ်၊ နွယ်ပတ်၊ ကလေးတောင်ညို စသည်တို့မှာ တစ်နေရာတည်းလော၊ တကွဲတပြားစီလော စသည် ဖြင့် မရှင်းမလင်း ဖြစ်နေပေသည်။

ကလေးမြို့ကို လေးကြိမ်တိုင်တိုင်ပြန်၍ တည်ဆောက်ခဲ့ကြောင်း ကာလေးမြို့သမိုင်းက ဆိုလေသည်။ ပထမအကြိမ် မြန်မာသက္ကရာဇ် ၃၂၈ တွင်လည်းကောင်း၊ ထို့နောက် ၉၉၉ ခုနှစ် တွင်လည်းကောင်း၊ ထို့နောက် ၁၁၂၆ ခုနှစ်တွင် စော်ဘွားကြီးစစ်ရှိုင်းကလည်းကောင်း၊ စတုတ္ထအကြိမ် ၁၂၅၁ ခုနှစ်တွင် စော်ဘွားဦးဖာကြီးကလည်းကောင်း ထပ်မံ၍တည်ဆောက်မှုပြု သည်ဟု ဆိုသည်။ (စာ ၅၆၊ ၆၄၊ ၇၅ ကာလေးသမိုင်း)။ သို့ရာတွင် နောက်ပိုင်းခေတ်များတွင် အရံဖြစ်သည့် ကာ-လေးမြို့၏အမည်များကို ဖော်ပြရာ၌ ခမ်းပတ်၊ ရွှေတောင်၊ မံလုံ၊ စဉ့်တုံ စသည်တို့မဟုတ်တော့ဘဲ စတုတ္တအကြိမ်တည်သည့်အခါတွင် အရံလေးမြို့သို့မဟုတ် ကာ-လေး မြို့မှာ

၁။ အနောက်မြောက်တွင် တိန်ညင်းမြို့

၂။ အရှေ့တောင်တွင် တင်သားမြို့

၃။ အနောက်တောင်တွင် မန်လုံမြို့နှင့်

၄။ မဖော်ပြပါ အိပ်စွပ်မြို့

တို့ဖြစ်ကြသည်ဟုဆိုလေသည်။ မန်လုံနှင့်အိတ်စွပ်မြို့တို့ကို မြေပုံများထဲ၌ ထည့်သွင်း ဖော်ပြထားသည်ကို မတွေ့ရပေ။ သို့ရာတွင် တိန်ညင်းရွာကလေးကိုကား ကလေးမြို့၏ အရှေ့ မြောက် ၁၆ မိုင်ခန့်အကွာတွင်လည်းကောင်း၊ တင်သားရွာကလေးကို တောင်ဘက် ၄၆မိုင်ခန့် တွင်လည်းကောင်း မြေပုံ၌ တွေ့ရှိရပေသည်။ ဗြိတိသျှတို့ ကလေးမြို့ကို သိမ်းပိုက်သည့်အခါ ၁၂၅၃ ခုနှစ်တွင် မောရိယ၊ မင်းလှဇေယျကျော်ခေါင်ဘွဲ့ရ ကလေးစော်ဘွားကြီး ဦးဖာကြီးအား လည်း မော်လမြိုင်သို့ ပို့ထားလေရာ ၎င်းင်းကွယ်လွန်သည့် အချိန်အထိပင် ဖြစ်လေသည်။

တည်နေရာနှင့်ပုံသဏ္ဌာန်

ပြင်ဆင်ရန်

စတုဂံပုံပင်ဖြစ်သည်။ သို့ရာတွင် မျဉ်းယိုင်ဖြင့်ဖွဲ့စည်းထားသည့် စတုဂံဖြစ်သည်။ သံလိုက်အိမ်မြှောင် မြောက်စူးစူးမှ အနောက်ဘက်သို့ ၂၁ ဒီဂရီယိုင်လျက်ရှိသည်။ ကလေးမြို့ ဟောင်းမှာ အလွန်ပီပြင်လှသည့်မှန်ကူကွက် ပုံသဏ္ဌာန်မျိုးဖြစ်၏။ ကလေးမြို့သည် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၁၁ မိနစ်နှင့် အရှေ့လောင်ဂျီကျု ၉၄ဒီဂရီ ၇ မိနစ်တွင် တည်ရှိသည်။

ကလေးမြို့သို့ ရန်ကုန်မှ လေကြောင်းခရီးဖြင့် တိုက်ရိုက်သွားရောက်နိုင်၏။ သို့မဟုတ် မန္တလေးမှဖြစ်စေ၊ မုံရွာမှဖြစ်စေ ချင်းတွင်းမြစ်ကြောင်းဖြင့် ကလေးဝမြို့သို့ဆန်တက်ပြီး ကလေးဝ မြို့မှတဆင့် မော်တော်ကားဖြင့် ကလေးမြို့သို့ ရောက်ရှိနိုင်သည်။ သို့မဟုတ် ရေကြောင်းလမ်းမှ ဆက်သွားလိုလျှင် ကလေးမြို့မှတဆင့် ချင်းတွင်းမြစ်လက်တက်ဖြစ်သည့် မြစ်သာမြစ်ကိုဆန်၍ မြစ်သာဆိပ်တိုင်အောင် သွားပြီးမှ ကလေးမြို့သို့ သွားရသည်။

အရွယ်အစားပမာဏ

ပြင်ဆင်ရန်

မျဉ်းယိုင်စတုဂံပုံသဏ္ဌာန်ရှိသည့် ကလေးမြို့သည် အရှေ့နောက်အလျားမှာ (ကိုက်ပေါင်း ၁၁၄၉)ခန့် (၁၀၅၀ မီတာ)ခန့်မျှရှိသည်။ တောင်နှင့်မြောက်မှာ အနည်းငယ်တိုလျက် (၉၁၉ ကိုက်)ခန့် (၈၄၀ မီတာ)ခန့်ရှိ၏။ မြို့ရိုးထုမှာ ရှေးမှတ်တမ်းများအရ တစ်တာထူသည်ဆို၏။ သို့ရာတွင် ယခုတိုင်းတာခန့်မှန်းရန်ပင်မလွယ်။ မြို့ရိုးမှာ အုတ်မြို့ရိုးပင်ဖြစ်ပြီး မြေဖို့၍ အားဖြည့်ထားသည်။ မြို့ရိုး၏ တစ်ပတ်လုံးအလျားမှာ ၂ မိုင်ခွဲနီးပါးခန့်မျှရှိ (၃.၈ ကီလိုမီတာ) ခန့်ရှိလေသည်။ မြို့ဟောင်း၏ အကျယ်အဝန်း ဧရိယာပမာဏမှာ (၂၁၈ ဧက)ခန့် (၈၈ ဟက်တာ)ခန့် ရှိလေသည်။


မြို့ပြတိုးချဲ့မှု

ပြင်ဆင်ရန်

ကောင်းကင်ဓာတ်ပုံတည်း၌ ကလေးမြို့ဟောင်း၏ ပုံသဏ္ဌာန်ကို ကောင်းစွာဖော်ထုတ်နိုင် လေသည်။ ကလေးမြို့ဟောင်းသည် ပီပြင်သည့် အနားပြိုင်စတုဂံ၊ မှန်ကူကွက်ပုံသဏ္ဌာန်မျိုး ဖြစ်ကြောင်း ဖော်ပြခဲ့ပြီ။ အထူးသဖြင့် ၁၉၅၈ခုနှစ်တွင် ရိုက်ကူးသည့် ကလေးမြို့ပုံမှာ ကလေး မြို့ဟောင်း မြို့ရိုးအတွင်း၌ ဧရိယာ၏လေးပုံတစ်ပုံသာ မြို့ရာအိမ်ခြေများရှိသည်။ သို့ရာတွင် ၁၉၈၃ခုနှစ်တွင် ထပ်မံရိုက်ကူးသည့် ကလေးမြို့၏ပုံတွင်မူကား မြို့ဟောင်းမြို့ရိုး အတွင်းဘက် တစ်ခွင်လုံးတွင် အိမ်ခြေများဖြင့် ပြည့်လျှံနေလေပြီ။

မြို့ပြတိုးချဲ့မှုမှာ မြို့ဟောင်းဧရိယာ၏ အတွင်းဘက်မျှသာမက မြို့ဟောင်း၏ အပြင်ဘက် ဧရိယာများပါပျံ့နှံ့တိုးပွားလျက် ရှိနေလေပြီ။ အပြင်ဘက်၌ ပျံ့နှံ့ထွန်းကားလာသည့် မြို့ပြဧရိယာ မှာ မြို့ရိုးအတွင်း၌ရှိသည့် မြိုပြဧရိယာထက် (၅)ဆ (၆)ဆမျှ ဖြစ်နေပေပြီ။ မြို့ဟောင်း၏ အပြင် ဘက် ဥပုဒ်ချောင်းအထိလည်းကောင်း၊ အနောက်ဘက် လေယာဉ်ကွင်းကိုငုံ၍ အနောက်ဘက် တခွင်သို့လည်းကောင်း၊ မြို့ဟောင်းနှင့် ၃ မိုင်ခန့်မျှဝေးသည့် စန်းရွာနှင့် တာဟန်ရွာတို့အထိပင် မြို့ပြဧရိယာ ပျံ့နှံ့ခဲ့လေပြီ။

ဤသို့မြို့ချဲ့ပျံ့နှံ့နှုန်းမြန်ဆန်လှပြီး ရှေးဟောင်းမြို့ရိုးကျုံးစသည်တို့ကို ဂရုမထားတော့ဘဲ ဖြိုဖျက်၊ ငုံ၊ ဖို့ တည်ဆာက်မှုမျိုး ဖြစ်မလာစေရန် ထိန်းသိမ်းထားဖို့လိုပေသည်။ ဤသို့ထိန်းသိမ်း ကာကွယ်မှုပြုမထားပါက နောင်ရာစုနှစ်အတွင်း ကလေးမြို့ဟောင်း၊ မြို့ရိုးနှင့် ကျုံးစသည့် အရာဟောင်းများ လုံးဝပျက်စီးဆိတ်သုဉ်းသွားနိုင်ပေသည်။