ကျိုက်မရောမြို့

မွန်ပြည်နယ်၊ မြန်မာ

ကျိုက်မရောမြို့သည် မွန်ပြည်နယ် မော်လမြိုင်ခရိုင်တွင် ပါဝင်သော ကျိုက်မရောမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ မွန်ပြည်နယ်၏ မြို့တော်၏ မော်လမြိုင်မြို့အရှေ့တောင်ဘက် အတ္တရံမြစ်ကမ်းနဖူးပေါ်၌ တည်ရှိ၍ မော်တော်ကားလမ်းအတိုင်း (၁၅)မိုင် ကွာဝေးသည်။ ကျိုက်မရောမြို့ကို အတ္ထရံမြစ်ကြောင်းမှလည်း လှေသင်္ဘောများဖြင့် သွားလာနိုင်သည်။ ကျိုက်မရောမြို့နယ်၏ အရှေ့ဘက်တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် မုဒုံမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် မော်လမြိုင်နယ်နှင့် ဘားအံမြို့နယ်တို့ ရှိကြသည်။

ကျိုက်မရောမြို့
ကျော်မရဟ်
Kyaikemaraw
မြို့
Skyline of ကျိုက်မရောမြို့
ကျိုက်မရောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်မရောမြို့
ကျိုက်မရောမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 16°22′N 97°44′E / 16.367°N 97.733°E / 16.367; 97.733ကိုဩဒိနိတ်: 16°22′N 97°44′E / 16.367°N 97.733°E / 16.367; 97.733
နိုင်ငံအမည် မြန်မာ
ပြည်နယ် မွန်
ခရိုင်မော်လမြိုင်
လတ္တီကျု(၁၆)ဒီဂရီ၊ (၄)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၃၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ကျိုက်မရောမြို့
လူဦးရေ (၂၀၁၄)၁၉၅,၇၇၀ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်၊ ကျိုက်မရော

ကျိုက်မရောကို မွန်ဘာသာအားဖြင့်၊ ကျော်မရဟ်ဟု ရေး၏။ အဓိပ္ပာယ်မှာ ထင်ရှားသော ဘုရားရှိသည့်မြို့ ဖြစ်၏။ ထိုထင်ရှားသော ဘုရားကား ကျိုက်မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီး ဖြစ်ပြီး၊ ဆုတောင်းဝတ်ကျောင်းတော်ကြီးကို မွန်ဘုရင်မကြီး ရှင်စောပုက သက္ကရာဇ် ၈၁၇ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့တွင် တည်ထားခဲ့သည်။ ဝတ်ကျောင်းအတွင်းရှိ ရုပ်ပွားတော်၏ ပုံသဏ္ဌာန်မှာ အခြားသော ဆင်းတုတော်များနှင့်မတူဘဲ တစ်မူထူးခြားပေသည်။ ထိုဝတ်ကျောင်းတော်၏ အဝင်ဝလက်ဝဲဘက်၌ မွန်ကျောက်စာ တစ်ချပ်ရှိသည်။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်နှစ်ကူးအခါတွင် ရေသဘင် ပွဲတော်နှင့် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားပွဲတော်ကို တပြိုင်တည်း ကျင်းပလေ့ရှိ၍ အလွန်စည်ကားလှပေသည်။ မြို့ပေါ်တွင် ရဲဌာန၊ စာပို့တိုက်၊ ဝတ်ကျောင်း၊ ငွေတိုက်၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ သစ်တောဌာနနှင့် ဆေးရုံတို့ ရှိသည်။

ကျိုက်မရောမြို့နှင့် (၂၄)မိုင်ခန့်ကွာသော အတ္တရံမြစ်ကမ်း နဖူးတွင် ရေပူကျေးရွာရှိသည်။ ရေပူကန်များရှိ၍ ရေပူကျေးရွာဟု အမည်တွင်ခြင်း ဖြစ်၏။ ထို့အပြင် ထုံးဖုတ်သော ထုံးကျောက်တောင်ကြီး ၁၅ လုံးခန့် ရှိသည်။ သို့ရာတွင် ကျိုက်မရောမြို့မ ပတ်ဝန်းကျင်၌သာ ထုံးလုပ်ငန်းကို လုပ်ကိုင်ကြ၍ အခြားကျေးရွာများတွင် မလုပ်ကိုင်ကြချေ။ ထုံးများကို မော်လမြိုင်မြို့မှ တစ်ဆင့်ပို့ ထုတ်ရောင်းချလေ့ရှိသည်။ ကျိုက်မရောမြို့နယ် ကျေးရွာများတွင် လှည်းဘီးအမြောက်အမြား ပြုလုပ်ကြသည်။ ရက်ကန်းလုပ်ငန်း အနည်းငယ်လည်း ရှိသည်။

ကျိုက်မရောမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၃၅)စု ပါဝင်၍ အကျယ်အဝန်းမှာ ဧက ၂၃⁠၃ဝ⁠ဝ ကျော် ဖြစ်သည်။ မြို့နယ်၏ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၁၉၅,၇၇၀ ခန့် ရှိ၍၊ မွန်၊ မြန်မာ၊ ကရင်၊ ရှမ်း၊ တောင်သူ၊ တရုတ်၊ ကုလား၊ လူမျိုးများ နေထိုင်ကြသည်။ မွန်အမျိုးသားများမှာ လူများစု ဖြစ်သည်။ ကျိုက်မရောမြို့နယ်မှာ တောတောင်ထူထပ်၍ ကော်ဖတ်ခြံ အမြောက်အမြားရှိသည်။ လယ်ယာကိုင်းကျွန်း လုပ်ကိုင်မှုမှာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်သည်။ ထိုနယ်မှာ မြေဩဇာ ညံ့ဖျင်းသည့်ပြင် မကြာခဏ ရေလွှမ်းမိုးခြင်း ခံရသဖြင့် လယ်ယာလုပ်ငန်းများ မဖွံ့ဖြိုးချေ။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)