ကြံခင်းမြို့
ကြံခင်းမြို့ (အင်္ဂလိပ်: Kyangin) သည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် ရှိသည်။ မြို့ပေါ်တွင် အင်းလပ်၊ ရွာသစ်နှင့် မြို့မဟူ၍ အပိုင်းကြီးသုံးပိုင်းရှိရာ မြို့မရပ်ကွက်ကို မြန်မာသက္ကရာဇ် ၁၁၅ဝ ပြည့်နှစ်ခန့်က မွန်လူမျိုးများက စတင်တည်ထောင်ခဲ့သည်။ အင်းလပ်ရပ်ကွက်ကို သက္ကရာဇ် ၁၁၁၅ ခုနှစ်ခန့်က အထက်အညာ အင်းလပ်အရပ်မှ မောင်ကျောင်းဆိုသူသည် နောက်လိုက်နောက်ပါများနှင့်အတူ ပြောင်းရွေ့ လာရောက်နေထိုင်ပြီးလျှင် အင်းလပ်ဟု အမည်ပေးခဲ့လေသည်။ ရွာသစ်ရပ်ကွက်ကိုလည်း ထိုအချိန်နှင့် မရှေးမနှောင်းခန့်တွင် စတင်တည်ထောင်လာခဲ့လေသည်။
ကြံခင်းမြို့ | |
---|---|
မြို့ | |
ကြံခင်းမြို့ တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 18°20′28″N 95°14′28″E / 18.341061°N 95.241184°Eကိုဩဒိနိတ်: 18°20′28″N 95°14′28″E / 18.341061°N 95.241184°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ဧရာဝတီ |
ခရိုင် | မြန်အောင်ခရိုင် |
မြို့နယ် | ကြံခင်းမြို့နယ်[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကြံခင်းဆိုသော အမည်မှာ မွန်ဘာသာ ကျာံကၚ် မှ ဆင်းသက်လာသည်ဟု ဆို၏။ အဓိပ္ပာယ်မှာ ကျာံ = မိကျောင်း၊ ကၚ် = ကင်းရုံး၊ အကောက်ခွန်ရုံး၊ ကျောက်မိကျောင်းရုပ်ရှိသော ကင်းရုံး၊ အကောက်ခွန်ရုံး ဖြစ်သည်။ အချို့ကမူ ကြံခင်းသည် မွန်ဘာသာအားဖြင့် ကျာံဂၚ် ဖြစ်၍ မိချောင်းရဲဟူ၍ အဓိပ္ပာယ်ရသည်ဟု ဆိုကြသည်။
ကြံခင်းမြို့၏ မြူနီစီပါယ်အဖွဲ့ကို ခရစ်နှစ် ၁၈၈၆ ခုနှစ်မှ စ၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကြံခင်းမြို့သည် ဟင်္သာတမြို့မှ မီးရထားလမ်းအတိုင်း ၆၄ မိုင် ကွာဝေး၍ ဟင်္သာတကြံခင်း မီးရထား လမ်းဆုံးမြို့လည်း ဖြစ်၏။ မြို့၏အကျယ်အဝန်းမှာ စတုရန်း ၂ မိုင်ခန့် ဖြစ်၍ ၁၉၅၃ ခုနှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၆ဝ၄ဝ ယောက်ခန့် ရှိ၏။ မြို့ပေါ်တွင် တရားရုံး၊ ဆေးရုံနှင့် နိုင်ငံတော် အထက်တန်းကျောင်းအပြင် ဆန်စက်များနှင့် သစ်စက်များလည်း ရှိသည်။ လောကသယမ္ဘူနှင့် ချမ်းသာကြီးစေတီတော်တို့မှာ မြို့ပေါ်တွင် ထင်ရှားသော စေတီတော်များ ဖြစ်ကြသည်။ ကြံခင်းမြို့မှ အနောက်ဘက် ၈ မိုင်အကွာတွင် ဖက်ရဲရွာကြီး တည်ရှိသည်။ ထိုရွာမှ တစ်ဆင့် ရခိုင်ရိုးမ ကို ဖြတ်ကျော်လျှင် [[ရခိုင်ပြည်နယ်|သို့ ပေါက်ရောက်နိုင်သည်။ ကြံခင်းမြို့မှ ဧရာဝတီ မြစ်စဉ်အတိုင်း မြောက်ဘက် ရှိ ပြည်မြို့သို့ ၄၈ မိုင်၊ တောင်ဘက် ဟင်္သာတမြို့သို့ ၆၆ မိုင် ဝေးကွာသည်။ ဆိပ်ကမ်းကောင်းမွန်သဖြင့်၊ မီးသင်္ဘော၊ လှေကြီး လှေငယ်တို့ ဆိုက်ကပ်နိုင်ပြီးလျှင် အရောင်းအဝယ် စည်ကားသောကြောင့် မြို့ပေါ်တွင် ကုန်သည်ကြီးငယ်တို့ များပြားပေသည်။
ပိုးထည်များ ရက်လုပ်ကြ၍၊ ကြံခင်းပိုးထည်မှာ ထင်ရှားလှပေသည်။ ကြံခင်းမြို့နယ်မှ ငှက်ပျောခြောက်လည်း အများအစား ထွက်လေသည်။[၂]
ကိုးကား
ပြင်ဆင်ရန်