နှစ်သိမ့်မှု ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုကာ သတိသမ္ပဇဉ် ရှိသည်ဖြစ်၍ ချမ်းသာမှု သုခကိုလည်း ခံစားခြင်းရှိသော တတိယဈာန်ဖြစ်သည်။[၁] [၂] ၃-ခု မြောက် ဖြစ်သော ဈာန်၊ တတိယဈာန်။ [၃][၄]

တတိယစျာန်သို့ ပြင်ဆင်ရန်

ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင် နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှ ထ၍ –

၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏၊

၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့် ဖြစ်သော အကြင် ပီတိသည် ရှိ၏၊ ယင်းပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏၊[၅] ဤသို့ ဟောတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –

၃။ တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊

၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ .. တတိယစျာန်ကို ရရှိခြင်းငှာ အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊[၆]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ သုခသည် လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန်အထပ်ထပ် နှလုံးသွင်းနေပါ။ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ် လာပေလတ္တံ့။[၇]

ဤတတိယစျာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ဝိတက်-ဝိစာရ-ပီတိတို့ မရှိခြင်းကြောင့် အလွန်ပေါ်လွင်ထင်ရှားနေ၏၊ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူ ရှုနိုင်သူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြ၏၊ ဤစျာန်၌ တတြမဇ္ဈတ္တတာ၏စွမ်းအား သတိ၏စွမ်းအား သုခ၏ စွမ်းအားတို့ကား အလွန်ပေါ်လွင်ထင်ရှားလျက် အလွန်မြင့်မားလျက် ရှိကြ၏၊ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏၊ အထက်အထက်စျာန်တို့၌ သုခဝေဒနာမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏၊ ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။[၈]

တတိယဈာန်နှင့် ဆက်စပ်နေသော တရားများ ပြင်ဆင်ရန်

စရဏတရား ၁၅ ပါး၌ တတိယဈာန်ပါဝင်သည်။[၉]

အတ္တသည် တတိယဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူသည် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅ မျိုး၌ ပါဝင်သည်။[၁၀]

ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ ရကျိုး ၁၄ မျိုးတွင် တတိယဈာန်ကို ရခြင်းပါဝင်သည်။[၁၁]

မိမိသည် ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တို့ကို ရသည် ဖြစ်၍ တပည့်တို့အားလည်း ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တရားထူးတို့ကို ဖြစ်စေနိုင်သော ဆရာသည် အပြစ်မတင်ထိုက်သော ဆရာဖြစ်သည်။[၁၂]

အမြတ်ဆုံးသုခဖြစ်သော တတိယဈာန် ချမ်းသာ၌သော်မှလည်း သုခအဖို့၌ ကျရောက်ခြင်းကို မဖြစ်စေတတ်သော ဥပေက္ခာသည် ဈာနုပေက္ခာမည်၏။[၁၃]

တတိယဈာန်ရ ပုဂ္ဂိုလ် ပြင်ဆင်ရန်

တတိယဈာန်ရသော ပုဂ္ဂိုလ် တို့တွင် တတိယဈာန်၌ သာယာနှစ်သက်လျက် သေလွန်သောအခါ တတိယဈာန်ဗြဟ္မာဘုံသို့ ရောက်ပြီး ထိုဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုတတိယဈာန် ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန် ပြုသော အရိယာ သာဝကပုဂ္ဂိုလ်ဖြစ်သည်။

တနည်း ပြင်ဆင်ရန်

တတိယဈာန် ရသော ပုဂ္ဂိုလ်သည် ထိုတတိယ ဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်ဖြစ်သည်။[၁၄]

တတိယဈာန်၌ ရှိသော တရား ၁၄ မျိုး ပြင်ဆင်ရန်

  • ၁။ ချမ်းသာခြင်း သုခ၊
  • ၂။ အမှတ်ရခြင်း သတိ၊
  • ၃။ ကောင်းစွာ သိခြင်း သမ္ပဇည၊
  • ၄။ စိတ်တည်ငြိမ်ခြင်း စိတ္တေကဂ္ဂတာ၊
  • ၅။ တွေ့ထိခြင်း ဖဿ၊
  • ၆။ ခံစားခြင်း ဝေဒနာ၊
  • ၇။ မှတ်ခြင်း သညာ၊
  • ၈။ စေ့ဆော်ခြင်း စေတနာ၊
  • ၉။ စိတ်၊
  • ၁၀။ အလိုဆန္ဒ၊
  • ၁၁။ ဆုံးဖြတ်ခြင်း အဓိမောက္ခ၊
  • ၁၂။ လုံ့လပြုခြင်း ဝီရိယ၊
  • ၁၃။ လျစ်လျူရှုခြင်း ဥပေက္ခာ၊
  • ၁၄။ နှလုံးသွင်းခြင်း မနသိကာရ။ [၁၅]

တတိယဈာန်ဘုံ ပြင်ဆင်ရန်

[၁၆] တတိယဈာန်၏–ဖြစ်ရာ–အကျိုးပေးရာ-ဘုံ၊ တတိယဈာန်ဘုံ။ (“ပရိတ္တသုဘာ” ကိုယ်ရောင်နည်းပါးသော ဗြဟ္မဘုံ, “အပ္ပမာဏသုဘာ” ကိုယ်ရောင်ကြီးမားသော ဗြဟ္မဘုံ, “သုဘကိဏှာ” ကိုယ်ရောင်မျိုးစုံ ရောပြွမ်းသော ဗြဟ္မဘုံ၊ ဤ ၃-ဘုံကို တတိယဈာန် ရသော ဗြဟ္မာတို့နေရာ ဘုံဖြစ်၍ “တတိယဈာန်ဘုံ”ဟု ခေါ်သည်။) [၁၇][၄]

ကိုးကား ပြင်ဆင်ရန်

  1. (ဒီ၊၃၊၁၈၅။) (မ၊၂၊၂၀၇။) (သံ၊၃၊၂၆၈။) (အဘိ၊ဝိ၊၂၇၄။) (အဘိ၊ဝိ၊၂၇၆။) (အဘိ၊ဝိ၊၃၅၆။) (ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။) (ဒီ၊မြန်၊၃။၂၀၆။) (မ၊မြန်၊၂။၂၁၉။) (သံ၊မြန်၊၃။၂၇၁။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။(အဘိ၊ဝိ၊၂၇၈-၂၇၉-၂၈၀။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။) (အဘိ၊ဝိ၊မြန်၊၂။၂၉၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  2. တတိယဇ္ဈာန (န) [တတိယ+ဈာန]
  3. တတိယဇ္ဈာနာ ဝုဋ္ဌဟိတွာ။ ဒီ၊၂၊၁၂၈။ (–ဒီ၊ဋ္ဌ၊၃၊၇၂။ မ၊ဋ္ဌ၊၃၊၁၈၉-စသည်။)
  4. ၄.၀ ၄.၁ တိပိဋကအဘိဓာန် အတွဲ-၉
  5. (ဒီ၊၁၊၃၄။)
  6. (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)
  7. (ဝိသုဒ္ဓိ၊၁၊၁၅၄။)
  8. ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  9. (မ၊၂၊၂၁။) (ဝိ၊ဋ္ဌ၊၁၊၈၈။) (စရိယာ၊ဋ္ဌ၊၂၉၃။) (စူဠနိ၊ဋ္ဌ၊၃၄။) (ဝိသုဒ္ဓိ၊၁၊၁၉၆။) (ဒီ၊ဋီ၊၁၊၈၄။) (အံ၊ဋီ၊၂၊၃၅၁။) (မ၊မြန်၊၂။၂၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  10. (ဒီ၊၁၊၃၃၊၃၄။) (ဒီ၊မြန်၊၁။၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  11. (ဒီ၊၁၊၅၆။) (ဒီ၊မြန်၊၁။၆၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  12. (ဒီ၊၁၊၂၂၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံ
  13. (ဝိ၊ဋ္ဌ၊၁၊၁၂၀။) (အံ၊၂၊၁၈၁။) (ဒီ၊ဋ္ဌ၊၁၊၂၁၀။) (မ၊ဋ္ဌ၊၁၊၁၄၀။) (အဘိ၊ဋ္ဌ၊၁၊၂၁၆။) (ပဋိသံ၊ဋ္ဌ၊၁၊၁၇၃။) (မဟာနိ၊ဋ္ဌ၊၁၁၈။) (ဝိသုဒ္ဓိ၊၁၊၁၅၅။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၁။၄၁၂-၄၁၃။) (သာရတ္ထ၊ဋီ၊၁၊၃၆၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  14. (အံ၊၁၊၄၄၁။) (အံ၊၁၊၄၄၃။) (အံ၊၁၊၄၄၅။) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃- ၄၅၄-၄၅၅) (အံ၊မြန်၊၁။၄၅၃-၄၅၄-၄၅၅)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  15. (မ၊၃၊၇၆။) (မ၊မြန်၊၃။၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  16. တတိယဇ္ဈာနဘူမိ (ထီ) [တတိယဇ္ဈာန+ဘူမိ]
  17. ဣမေပိ တယော ဇနာ တတိယဇ္ဈာနဘူမိယံ ဧကတလေ ဝသန္တိ။ အဘိ၊ဋ္ဌ၊၂၊၅၀၃။ (မ၊ဋ္ဌ၊၁၊၃၇။ ဝိသုဒ္ဓိ၊၂၊၅၁။ ဝိမတိ၊၁၊၅၃။ မ၊ဋီ၊၃၃၁၉။)