ဥပေက္ခာမျိုး ၁၀-ပါး ပြင်ဆင်ရန်

(၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် မြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။

(၂) ဗြဟ္မဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တဝါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။

(၃) ဗောဇ္ဈင်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ ညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကို ခေါ်ဆိုသည်။

(၄) ဝီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သောဝီရိယကိုဆိုသည်။

(၅) သင်္ခါရုပေက္ခာ- ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊ သို့မဟုတ်ဝိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။

(၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။

(၇) ဝိပဿနုပေက္ခာ- ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။

(၈) တတြမဇ္ဈတ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။

(၉) ဈာနုပေက္ခာ- မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေဘဲ လျစ်လျူရှုခြင်းကိုဆိုသည်။

(၁၀) ပါရိသုဒ္ဓုပေက္ခာ- ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကိုဆိုသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  • အဋ္ဌသာလိနီ အဋ္ဌကထာ
  • ဝိသုဒ္ဓိမဂ် အဋ္ဌကထာ