တောင်ကုတ်မြို့
တောင်ကုတ်မြို့ သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ယခင်သံတွဲခရိုင်၏ စီးပွားရေးအချက်အချာကျသော မြို့လည်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကုတ်ခရိုင်အဖြစ် ပြောင်းလဲခဲ့သည်။ မြို့တော်မှ တောင်ကုတ်မြို့ဖြစ်သည်။
တောင်ကုတ်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 18°51′N 94°14′E / 18.850°N 94.233°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ရခိုင် |
ခရိုင် | တောင်ကုတ် |
မြို့နယ် | တောင်ကုတ်မြို့နယ် |
လတ္တီကျု | (၁၈)ဒီဂရီ၊ (၅၁)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၁၄)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | တောင်ကုတ်မြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
တောင်ကုတ်မြို့သည် တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ တောင်ကုတ်ချောင်းဝမှ ၅ မိုင်ခန့် ကွာဝေး ၍ ချောင်း၏လက်ဝဲကမ်းပေါ်တွင် တည်ရှိသည်။ ရခိုင်ရိုးမတောင်ကို တောင်ကုတ်မြို့မှနေ၍ ကြည့်လျှင် ရိုးမတောင်တန်း သည် ကုပ်၍ဆင်းလာသည့် ယောင်ယောင်ရှိသည်ကိုစွဲ၍ တောင်ကုတ်မြို့ ဟု တွင်သည်။ တောင်ကုတ်ချောင်း ရခိုင့်တောင်ပိုင်း ရိုးမရှိ မိုးထိတောင်(၃၈၂၈ ပေ) မှ မြစ်ဖျားခံကာ ပင်လယ်ထဲသို့ စီးဝင်သည်။ မိုင် ၆၀ မျှ ရှည်သည်။ အဝပိုင်းတွင် တောင်ကုတ်မြို့ရှိသည်။
တောင်ကုတ်ရိုးလမ်းမကြီးသည် တောင်ကုတ်မြို့ကို မြန်မာပြည်မရှိ ပန်းတောင်းမြို့နှင့် ဆက်သွယ်ပေးသည်။ ထိုရိုးလမ်းမှာ ရှေးနှစ်ပေါင်းများစွာကပင် ရခိုင်ပြည်နှင့် မြန်မာပြည်မတို့၏ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၌ အလွန်အရေးပါခဲ့သည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ရခိုင်ပြည် ကို ချီတက်တိုက်ခိုက်ခဲ့စဉ်က ဤတောင်ကုတ်ရိုးမလမ်းကြီးကိုပင် အသုံးပြုခဲ့ကြသည်။
တိုက်ခိုက်အောင်မြင်ပြီးနောက် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ပင့်ဆောင်လာသည့်အခါတွင်လည်း တောင်ကုတ်မြို့မှတစ်ဆင့် ဤရိုးမလမ်းခရီးဖြင့် ပင့်ဆောင်ခဲ့ကြ သည်။ မဟာမြတ်မုနိရုပ်ပွားတော်ကို ပင့်ဆောင်လာစဉ် တောင်ကုပ်မြို့၌ ခေတ္တရပ်နား ကိန်းဝပ်စံပယ်တော်မူခဲ့ရာ ထိုကိန်းဝပ် သည့်နေရာတွင် စေတီတဆူ တည်ထားကိုးကွယ်ကြ၏။ ယင်းစေတီကို ဖောင်တော်ဦးစေတီဟု ခေါ်သည်။ တောင်ကုတ်မြို့လယ် မြစ်ကမ်းပါးတွင် တည်ရှိသည်။ ခရစ်နှစ် ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားခဲ့စဉ်ကလည်း အင်္ဂလိပ် တို့သည် ထိုတောင်ကုတ် ရိုးလမ်းခရီးဖြင့်ပင် စစ်ချီတက်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌လည်း တောင်ကုတ်ရိုးလမ်းကို မဟာမိတ်တပ်များက တစ်လှည့်၊ ဂျပန်စစ်တပ်များကတစ် လှည့် မိမိတို့သိမ်းပိုက်ထားစဉ်အတွင်း ပြင်ဆင်၍ စစ်ကြောင်း ခရီးလမ်းအဖြစ် အသုံးပြုခဲ့ကြသည်။
၁၉၅၄ ခုနှစ်မှစ၍ ခိုင်မြဲသောလမ်းမကြီးတစ်ခုဖြစ်အောင် နိုင်ငံတော်အစိုးရက အထူးအင်ဂျင်နီယာများနှင့် အထူးလုပ်သား များကို ခန့်အပ်စေလွှတ် ပြင်ဆင်စေခဲ့သည်။ တောင်ကြားလမ်း အကျယ်ကို ၃၂ ပေအထိ ချဲ့ထွင်ပြီးနောက် အလယ် ၁၂ ပေကို ကတ္တရာစေး ခင်းခဲ့သည်။ ယင်းလမ်းမကြီးကို ငွေ ၃၇၈ သိန်းမျှ အကုန်အကျခံတည်ဆောက်ပြီးစီးခဲ့သည်။
တောင်ကုတ်မြို့နှင့် ပန်းတောင်းမြို့မှာ ၁၀၅ မိုင်ခန့်ဝေး၍ နွေအခါ၌ ရိုးလမ်းတစ်လျှောက် မော်တော်ကားများ သွားလာနိုင် သည်။ တောင်ကုတ်မြို့နှင့် သံတွဲမြို့မှာ မိုင် ၄၀ ခန့်ဝေးသည်။ သို့သော် ပြွန်ဟုခေါ်သော ချောင်းငယ်ကလေးများတွင် ခုတ် မောင်းသော မီးသင်္ဘောဖြင့် ထိုမြို့နှစ်မြို့မှာ ဆက်သွယ်နိုင် ပေသည်။
သံတွဲမြို့မှ သဌေးရွာကိုဖြတ်၍ တောင်ကုတ်မြို့သို့ ပေါက် ရောက်သော ကုန်းလမ်းဟောင်းကြီးတစ်ခုလည်းရှိသည်။ စစ်ကြီးအတွင်းက ထိုလမ်းကို ဂျပန်စစ်ဘက်မှ ပြင်ဆင်၍ စစ်လမ်း အတွက် အသုံးပြုခဲ့သည်။ ထိုမျှမကသေး တောင်ကုတ် မြို့မှ ဆားပြင်၊ လမုအရပ်တို့ကိုဖြတ်၍ အမ်းမြို့အထိ မော်တော် ကားလမ်း ဖောက်ခဲ့ဘူးသည်။ သို့သော် ယခုအခါ၌မူ ထိုလမ်း မှာ တောလမ်းမျှသာဖြစ်သည်။
တောင်ကုတ်မြို့နယ်မှ ဆန်စပါးနှင့်သစ်များထွက်သည်။ နတ်မော်ရွာမှ မြေအိုးများထွက်သည်။
တောင်ကုတ်မြို့ပေါ်တွင် ဌာနဆိုင်ရာခရိုင်ရုံးများ၊ မြို့နယ်ရုံးများ၊ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)နှင့် မူလတန်းကျောင်းများ၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကုတ်)နှင့် တောင်ကုတ်တက္ကသိုလ်တို့ တည်ရှိသည်။
စစ်ကြီးမဖြစ်မီက မြန်မာ ပြည်နှင့် အိန္ဒိယပြည် ဆက်သွယ်သော ကြေးနန်းလမ်းမှာ တောင်ကုတ်မြို့ကိုဖြတ်၍ ဆက်သွယ်ထားခြင်းဖြစ်သည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ တောင်ကုတ်မြို့၏ လူဦးရေမှာ ၄ ၁၁၇ ယောက်သော်လည်း ၂၀၁၂ ခုနှစ် သန်းခေါင်စာရင်းများအရ မြို့နယ် လူဦးရေမှာ တစ်သိန်းကျော်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)