ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့

မြန်မာ့တပ်မတော်(ကြည်း)၏ တပ်ဖွဲ့ခွဲ

ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ (ထောက်ပံ့ပို့ဆောင်ရေးတပ်) သည် မြန်မာ့တပ်မတော်တပ်မတော်(ကြည်း)စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုဖြစ်သည်။

တပ်မတော် (ကြည်း)
ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့
ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့တံဆိပ်
လှုပ်ရှားချိန်၇ နိုဝင်ဘာ ၁၉၄၇ (၇၆ နှစ် အကြာက) (၁၉၄၇-၁၁-07)[၁] – လက်ရှိ
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
စစ်အကူလက်ရုံးဝန်ထမ်း
အခန်းကဏ္ဍ
  • ရိက္ခာ/စက်သုံးဆီ ထောက်ပံ့ရေး။
  • သယ်ယူပို့ဆောင်ရေး။
  • ဝန်တင် တိရစ္ဆာန် မွေးမြူဖြည့်တင်းရေးနှင့် ဆေးကုသရေး။
[၁]
ညွှန်ကြားရေးမှူးရုံးထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ စစ်ရုံး၊ နေပြည်တော်
ဆောင်ပုဒ်ထောက်ပံ့ကူညီ ဒို့စစ်သည်
တပ်ဖွဲ့အမှတ်အသား အရောင်များအဝါ နှင့် နက်ပြာ
နှစ်ပတ်လည်များ၇ နိုဝင်ဘာ ၁၉၄၇
အုပ်ချုပ်သူများ
ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးဗိုလ်ချုပ် ဝင်းမြတ်

သမိုင်း ပြင်ဆင်ရန်

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖက်ဆစ်ဆန့်ကျင်ရေးသမိုင်းတစ်လျှောက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)နှင့်အတူ ထက်ကြပ်မကွာ ကြီးပြင်းခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ကို ဌာန (၈) ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ၎င်းဌာနများတွင် “ရိက္ခာထောက်ပံ့ရေးဌာန” တစ်ခုလည်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် မော်တော်ယာဉ်တပ်ခွဲ (၁) ခွဲနှင့် ၁၉၄၄ ခုနှစ်တွင် အနောက်မြောက်တိုင်း ထောက်ပံ့ရေးတပ်၊ အနောက်တိုင်း ထောက်ပံ့ရေးတပ် နှင့် ရန်ကုန် ထောက်ပံ့ရေးတပ်များကိုဆက်လက် ဖွဲ့စည်းဖွင့်လှစ်ခဲ့သည်။[၁]

တပ်မတော်အတွက်လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် “ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး”ကို ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့ကဲ့သို့ မြန်မာ့တပ်မတော်၏ အရေးကြီးသော တပ်ဖွဲ့တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို “ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့” အဖြစ်သတ်မှတ်ပေးခဲ့သည်။[၁]

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရရှိပြီးသည့်နောက် ၁၉၄၉-၁၉၅၀ ပြည့်နှစ် ရောင်စုံသောင်းကျန်းမှု ထူပြောနေသည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ၁၉၅၃ ခုနှစ် တရုတ်ဖြူ ကျူးကျော်မှုများကို ချေမှုန်းခဲ့သည့် 'နဂါးနိုင်စစ်ဆင်ရေး'၊ ၁၉၅၅ ခုနှစ် လွယ်လန်းဒေသတွင် ပြုလုပ်ခဲ့သည့် 'ရန်ကြီးအောင်စစ်ဆင်ရေး'၊ ၁၉၆၁ ခုနှစ် ကျိုင်းတုံ/ ကျိုင်းလတ်ဒေသတွင် ပြုလုပ်ခဲ့သည့် 'မဲခေါင်စစ်ဆင်ရေး'၊ ၁၉၆၉ ခုနှစ် 'ကုန်းကြမ်းဒေသ စစ်ဆင်ရေးများ'အပါအဝင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်ခဲ့ရသည့် စစ်ဆင်ရေးများတွင်လည်း တပ်ဖွဲ့ဝင်များအနေဖြင့် စားနပ်ရိက္ခာပစ္စည်းများနှင့် ခဲယမ်းမီးကျောက် သယ်ယူပို့ဆောင်ရေးတာဝန်များ၊ လေကြောင်းမှ ရိက္ခာခဲယမ်း ထောက်ပံ့ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြမှုကို တပ်မတော်၏ သမိုင်းမှတ်တမ်းများတွင် တွေ့ရှိနိုင်သည်။[၁]

ထို့အပြင် ၂၀၁၂ နောက်ပိုင်းဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ၊ မုံးကိုးဒေသ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများတွင် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဝင်ခဲ့ရသည့် ဖြစ်စဉ်များတွင် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များသည် အထက်က ပေးအပ်ခဲ့သည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး၊ မိမိ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များထဲတွင် "တပ်သား သီဟသူရ တင်ညွန့်" ကဲ့သို့သော စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးရရှိခဲ့သူအပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များစွာလည်း ရှိခဲ့သည်။[၁]

ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့စဉ်က ထောက်ပံ့ရေးတပ်ခွဲ (၁) ခွဲနှင့် တပ်စု (၃) စု၊ ပို့ဆောင်ရေးတပ်ခွဲ (၃) ခွဲနှင့်သာ စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းလာမှုများအရ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်စေရေးအတွက် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့သည်။[၁]

လက်ရှိအချိန်တွင် ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရှေ့တန်းအခြေချထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း/တပ်ခွဲများ၊ မော်တော်ယာဉ်တပ်ရင်း၊ ဝန်တင်တပ်ရင်းများနှင့် သင်တန်းကျောင်းများအပြင် ထောက်ပံ့နှင့်ပို့ဆောင်ရေးစခန်းနှင့် ရိက္ခာဝေစခန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ထိရောက်သည့် ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေနိုင်ပြီဖြစ်သည်။[၁]

ထူးခြားမှုတစ်ခုအနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဂုဏ်ပြုမြင်းစီးတပ်ခွဲ ၁ ခွဲကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကစတင်၍ နှစ်စဉ်ပါဝင်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိနိုင်သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ထောက်ပံ့နှင့် ပို့ဆောင်ရေး၏ အဆင့်အမြင့်ဆုံး ဦးစီးရုံးမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ဖြစ်သည်။ ခန့်အပ်သော အမြင့်ဆုံးရာထူးမှာ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဖြစ်ပြီး အဆင့်မှာ ဗိုလ်ချုပ် ဖြစ်သည်။ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အား အောက်ပါတပ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည် -

  • ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး
  • ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်
  • ရှေ့တန်းအခြေချထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်များ
  • သင်တန်းကျောင်းများ
  • အမှတ်(၁၂၁)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၃၂၃)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၆၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၉၀၃)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၉၃၅)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
  • အမှတ်(၉၂၄)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ
  • အမှတ်(၁)မော်တော်ယာဉ်တပ်ရင်း
  • အမှတ်(၂)မော်တော်ယာဉ်တပ်ရင်း
  • အမှတ်(၁)ဝန်တင်တပ်ရင်း
  • အမှတ်(၂)ဝန်တင်တပ်ရင်း
  • အမှတ်(၃)ဝန်တင်တပ်ရင်း
  • အမှတ်(၉၃၃)ဝန်တင်တပ်ရင်း
  • အမှတ်(၁)တိရိစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း
  • ထောက်ပံ့နှင့်ပို့ဆောင်ရေးစခန်းများ
  • ရိက္ခာဝေစခန်းများ
  • စစ်ဘက်ရထားပို့ဆောင်ရေးအဖွဲ့များ

ကိုးကား ပြင်ဆင်ရန်