ပတ္တပိုဏ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ပတ္တပိုဏ်ဓုတင် ဆောက်တည်သည့် ရဟန်းသည် ခဲဖွယ်ဘောဇဉ်ကို တစ်ခွက်တည်း တစ်သပိတ်တည်း၌သာ ထည့်ရ စားရ၏။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရပေ။ တစ်ခွက်တည်း၌ စားဖွယ်အမျိုးမျိုးကို တစ်ပြိုင်တည်းဖြစ်စေ၊ တစ်မျိုးပြီးမှ တစ်မျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင်မပျက်ပေ။ သို့သော်လည်း လက်ဖြင့်ကိုင်၍ ထားခြင်းသည် အမြင်၌ မသင့်လျော်သဖြင့် သပိတ်ထဲ၌ ထည့်၍ထားခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။[၁]

ဆောက်တည်ပုံ ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဒုတိယကဘာဇနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ တစ်ခွက်တည်း၌ရှိသော စားဖွယ်ကိုသာ စားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ယင်း ဓုတင်ဆောင်သော ရဟန်းသည် ယာဂုသောက်ရာအခါဝယ် ခွက်၌ထည့်၍ အမဲငါး စသော ဟင်းလျာများ ရခဲ့သော် ယင်းယာဂုထည်း၌ ငါးပိကောင်-စသော ဟင်းလျာများ ထည့်ခဲ့လျှင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်မည်၊ သို့ဖြစ်၍ ဟင်းလျာကိုဖြစ်စေ သို့မဟုတ် ယာဂုကိုဖြစ်စေ ရှေးဦးစွာ စားမှုသောက်မှု ပြုသင့်၏။ စက်ဆုပ်ဖွယ်မဖြစ်သော ပျားသကာ-စသည်များကိုမူ ရောနှောထည့်သင့်၏၊ တို့စရာ ဟင်းရွက်စိမ်းများကို လက်ဖြင့်ကိုင်၍ ခံစားနိုင်သည်၊ စားကောင်း၏။ အထူးသတိပြုရန် အချက်မှာ စားစရာ ထည့်ဖို့ ၂-ခုမြောက် ခွက်သာ မဟုတ် သစ်ရွက်မျှပင် မအပ်။[၂]

ဓုတင်ဆောင် ရဟန်း ၃-မျိုး ပြင်ဆင်ရန်

ဤ၌လည်း

(၁) အမြတ်စား (= ဥက္ကဋ္ဌ)ဓုတင်ဆောင် ရဟန်းသည် ကြံစုတ်ရာအခါမှ အခြားအခါ၌ အရိုး အမှိုက်ကိုမှ ၂-ခုမြောက်ခွက်၌ ထည့်၍ မစွန့်ကောင်း၊ ထမင်းခဲ အမဲ မုန့်များကိုလည်း ခွဲ၍မစားကောင်း။

(၂) အလတ်စား(= မဇ္ဈိမ)ဓုတင်ဆောင်ရဟန်းသည် လက်တဖက်ဖြင့် ခွဲဖဲ့၍ စားကောင်း၏၊ ယင်းကို ဟတ္ထယောဂီဟု ဆိုသည်။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင် ရဟန်းသည် သပိတ်၌ ထည့်၍ ဖြစ်နိုင်သမျှ ခဲဘွယ်ဘောဇဉ်များကို လက်ဖြင့် ခွဲဖဲ့၍၎င်း သွားဖြင့် ကိုက်ဖြတ်၍၎င်း ဖဲ့စားနိုင်၏၊ ယင်းကို ပတ္တယောဂီဟု ဆိုသည်။ ယင်းပုဂ္ဂိုလ် ၃-မျိုးလုံး ၂-ခုမြောက်ခွက်ကို သာယာသောခဏ၌ ပတ္တပိုဏ်ဓုတင် ပျက်၏။ [၂]

ဓုတင် ပျက်စီးခြင်း ပြင်ဆင်ရန်

နှစ်ခုမြောက်သော စားခွက်ကို သာယာသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

စိတ်ဖြင့်သာယာလျှင်ကား ဓုတင်မပျက်။ ဆေးခွက်၊ ရေခွက်တို့ကို သာယာလက်ခံ အသုံးပြုလျှင်လည်း ဓုတင်မပျက်ပါ။

ပတ္တပိုဏ် ဓုတင်ဆောင်ရကျိုး ပြင်ဆင်ရန်

  • (၁) အရသာအမျိုးမျိုး၌ တပ်မက်မှု “တဏှာ”ကို ပယ်နိုင်ခြင်း၊
  • (၂) ခွက်အသီးသီးရှိ အရသာ အမျိုးမျိုး လိုလားမှုကို ပယ်နိုင်ခြင်း၊
  • (၃) အာဟာရ၌ ခွင့်ပြုတော်မူသည့် အကျိုးမျှကိုသာ မြင်လေ့ရှိခြင်း၊
  • (၄) အပိုအလျှံ ပန်းကန် ခွက်ယောက်စသည်ကို ဆောင်ခြင်း၌ဖြစ်သော ဆင်းရဲပင်ပန်းမှု မရှိခြင်း၊
  • (၅) ပျံ့လွှင့်ခြင်း အလျှင်း မရှိသည်ဖြစ်၍ သုံးဆောင်လေ့ ရှိခြင်း၊
  • (၆) အပ္ပိစ္ဆတာ-စသော ဂုဏ်တို့အားလျော်သော အသက်မွေးမှု ရှိခြင်းဟူသော ယင်း အကျိုးတို့ကို ရနိုင်သည် [၃][၂]

တိုက်တွန်းချက် ပြင်ဆင်ရန်

  • ဆွမ်းဟင်းစသော ခွက်အမျိုးမျိုးတို့၌ စိတ်ပျံ့လွင့်ခြင်းကို ပယ်၍၊ မျက်လွှာချလျက် ကောင်းသောကျင့်ဝတ်ရှိသော ပတ္တပိုဏ်ဓုတင်ဆောင်ပုဂ္ဂိုလ်သည်
  • ရသတဏှာ၏ အရင်းအမြစ်ကို တူးဖြိုဖျက်ဆီးသည်နှင့် တူ၏။
  • ရောင့်ရဲခြင်းကိုဆောင်လျက် သပိတ်တစ်လုံးတည်း၌ အာဟာရကိုထည့်၍ ဘုန်းပေးခြင်းငှာစွမ်းနိုင်၏။ ပတ္တပိုဏ်ဓုတင်ဆောင်ပုဂ္ဂိုလ်မှတပါး အခြားသူသည် ဤသို့အဘယ်မှာ စွမ်းနိုင်ပါမည်နည်း။

ထို့ကြောင့် အလိုနည်းခြင်း စသော ဂုဏ်ကျေးဇူးကို အလိုရှိသော သီလဝန္တအရှင်မြတ်တို့သည် ပတ္တပိုဏ်ဓုတင်ဆောင်ခြင်း၌ အမြဲမပြတ်မွေ့လျော်ခြင်းကို ပြုထိုက်လှပေတော့၏။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. (ဝိသုဒ္ဓိ၊၁၊၆၇-၈)
  4. သဗြဟ္မစာရီ-ဓမ္မဝိနယ