သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန်

ရှေးဦးစွာ ပေါ်ပေါက်ခဲ့သော ပါဠိအဘိဓာန်ကြီးတို့သည် ပုဂ္ဂိုလ်တစ်ဦးတည်းပြုစုခဲ့သော ကျမ်းများ ဖြစ်ကြသည်။ ပုဂ္ဂိုလ် တစ်ဦးတည်း ပြုစုရသဖြင့် ပါဠိတော် အဋ္ဌကထာ, ဋီကာ စသော ကျမ်းပေါင်းစုံ၌ လာသော ပုဒ်တို့ကို ပြည့်စုံအောင် ထည့်သွင်းနိုင်ခြင်း မရှိပါ။ သမုဒြာအလား အလွန်ကျယ်ဝန်းလှသော ပါဠိစာပေကို လေ့လာရာတွင် ရှိပြီးအဘိဓာန်တို့ဖြင့် မလုံလောက်နိုင်ပေ၊ ပါဠိစာပေ၌ ပါဠိပုဒ်များကို ပြည့်စုံစွာ ထည့်သွင်းရေးသားထားသည့် ကျယ်ဝန်းသော အဘိဓာန်ကြီးမျိုးလည်း ရှိသင့် ပေသည်၊ ယင်းသို့ ပါဠိစာပေတရပ်လုံးကို သိမ်းခြုံနိုင်သော အဘိဓာန်ကြီးမျိုးကို ရေးသားပြုစုရန်မှာလည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လုံ့လဝီရိယဖြင့် ပြီးမြောက်နိုင်မည်မဟုတ်ပေ၊ နိုင်ငံအတွင်းရှိ ပါဠိပညာရှိအများတို့ စုပေါင်း ဝိုင်းဝန်း ကူညီပြုစုမှသာ ဖြစ်မြောက်နိုင်မည့် လုပ်ငန်းမျိုး ဖြစ်ပေသည်။ ဤမျှကြီးကျယ်သော လုပ်ငန်းကြီးမျိုးများမှာလည်း ငွေကြေး များစွာလိုသော လုပ်ငန်း ဖြစ်ရာ ယင်းသို့သော ငွေကြေးမပြည့်စုံမှုကြောင့်ပင် ပြည့်စုံသော ပါဠိအဘိဓာန်ကြီး ရှိသင့်သည်ကို သိမြင်တော်မူကြလျက် ဆရာတော်အများမှာ စွမ်းဆောင်မှုမပြုနိုင်ပဲ ရှိခဲ့ကြလေသည်။ သို့သော်လည်း သက္ကရာဇ် ၁၂၇၈-ခုနှစ်တွင်ကား၎င်းကျမ်းမျိုးကို ရေးသားနိုင်ရန် အခွင့်အလမ်း ပေါ်ပေါက်ခဲ့လေသည်။ ပေါ်ပေါက်လာပုံမှာကား-

ဥရောပတိုက်တွင် ဗုဒ္ဓသာသနာတော်ဆိုင်ရာ စာပေတို့ကို လေ့လာခဲ့သည်မှာ လွန်ခဲ့သော အနှစ် ၁၀၀-ကျော်ခန့်က ဖြစ်၏၊ ထိုစဉ်က ပါဠိစာပေဆိုင်ရာ ပါဠိတော် အဋ္ဌကထာ ကျမ်းဂန်များလည်း အနည်းအကျဉ်းသာ အနောက်နိုင်ငံသို့ ရောက်ရှိလေရာ ၎င်းတို့ရရှိနိုင်သမျှသော ကျမ်းစာများကို ပင် အနောက်တိုင်းသား ပညာရှင်တို့သည် စိတ်အားထက်သန်စွာ လေ့လာကြလေသည်၊ ယင်းသို့လေ့လာနိုင်ရန်လည်း မိမိတို့ရသမျှသော ပါဠိကျမ်းစာများကို အင်္ဂလိပ်အက္ခရာပြန်ဆို၍ ရိုက်နှိပ် ထုတ်ဝေခဲ့ကြသည်။ ဥရောပတွင် အစောဆုံး ရိုက်နှိပ်ထုတ်ဝေသော ပါဠိကျမ်းစာတစောင်မှာ မဟာဝံသပါဌ် ဖြစ်ပေသည်၊ ၎င်းကို ခရစ်နှစ် ၁၈၃၇-ခုနှစ်တွင် ဂျော့တာနာ (George Tarnour)ခေါ် ပညာရှင်တစ်ဦးက တည်းဖြတ်သုတ်သင် ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။ ဤကျမ်းစာ ရိုက်နှိပ်ထုတ်ဝေဖြစ်ခြင်း၏ အကြောင်းမှာလည်း မှတ်သားဖွယ် ကောင်းလေသည်။

၎င်းကျမ်းစာ ရိုက်နှိပ်ထုတ်ဝေခြင်းမပြုမီ ခရစ်နှစ် ၁၉-ရာစု စောစောပိုင်းကပင် ဂျိမ်းစ် ပရင်းဆက် (James Prinsep) စသော ပညာရှိတို့သည် အသောကကျောက်စာများကို အဓိပ္ပါယ် ဖော်ရန် ဖတ်ရှု ကြိုးစားလျက် နေချိန်ဖြစ်ပေသည်။ ယင်းအခိုက်တွင် ဂျော့တာနာသည် မဟာဝံသကျမ်း၌ “ပိယဒဿီ”ဟူသောပုဒ်ကို တွေ့ရှိရလေသည်၊ ယင်းတွေ့ရှိချက်ကြောင့်ပင် ကျောက်စာ၌ လာသော ဘုရင်ပိယဒဿီ ဟူသည်မှာ အခြားမဟုတ် အသောကမင်းတရားကြီးပင် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့လေသည်။ ယင်းသို့ ပါဠိစာပေတွင် အလွန်အဖိုးတန်သော စာပေရတနာများ ကိန်းဝပ်တည်ရှိနေသည်ကို သဘောပေါက်လာပြီး အထက်၌ပြခဲ့သည့်အတိုင်း မဟာဝံသပါဌ်ကို (အင်္ဂလိပ်)ဘာသာပြန်နှင့်တကွ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပေသည်။

ယင်း၏ နောက်တွင်ကား ပါဠိကျမ်းစာတို့သည် တကျမ်းပြီးတကျမ်း ဥရောပတိုက်တွင် ပေါ်ပေါက်ခဲ့လေသည်။ မြန်မာပြည်၌ ပါဠိကျမ်းများ စာအုပ်အဖြစ်ဖြင့် မပေါ်မီကပင် ဥရောပ၌ ပါဠိ စာအုပ်များ ပေါ်ခဲ့လေသည်။ ၎င်းတို့တွင် ဓမ္မပဒပါဠိတော်နှင့် လက်တင်ဘာသာပြန်ကို ပါမောက္ခ ဖော့စ်ဗောလ်(Prof, Vincent Fausboll)က ၁၈၅၅-ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်၊ ထိုပညာရှိကြီး ကပင်တည်းဖြတ်၍ ဇာတ်အဋ္ဌကထာ ၆-အုပ်တစ်စုံကို ၁၈၇၇-ခုနှစ်မှ ၁၈၉၇-ခုနှစ်အတွင်း ရိုက်နှိပ် ထုတ်ဝေပြန်သည်။ ၎င်းနှင့်တချိန်တည်းလိုလိုမှာပင် ဗိုလ်ဒင်ဘတ်ဂ် (Hermann Oldenberg) ခေါ် ပညာရှိကြီးက ဝိနည်းပါဠိတော် ၅-ကျမ်းကို ၁၈၇၉-ခုနှစ်မှ ၁၈၈၃-ခုနှစ်အတွင်းတည်းဖြတ်ရိုက်နှိပ် ထုတ်ဝေခဲ့ပြန်သည်။[၁] ထိုနှစ်များအတွင်းဖြစ်သည့် ၁၈၇၅-ခုနှစ်မှာပင် ချစ်လ်ဒါး (R.C. Childers) အမည်ရှိ ပညာရှင်က ပါဠိအင်္ဂလိပ်အဘိဓာန်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းသို့ ဥရောပတိုက်တွင် ပါဠိစာအုပ်များကို ထိုထိုပုဂ္ဂိုလ်တို့က ထုတ်ဝေခဲ့ရာမှ ၁၈၈၁-ခုနှစ်တွင်မူကား ထိုပညာရှိတို့သည် စုပေါင်းကြ၍ “ပါဠိစာတော်မူအသင်းကြီး”[၂]ကို တည်ထောင်ကာ ပါဠိကျမ်းစာများကို တဖြည်းဖြည်း တည်းဖြတ်ရိုက်နှိပ်လာခဲ့ပေသည်။

ဤသို့လျှင် ပထမကမ္ဘာစစ်ကြီးဖြစ်ချိန်လောက်တွင် ပါဠိကျမ်းစာအတော်များများကို ရိုက်နှိပ်ပြီး ဖြစ်လေသည်။ ယင်းသို့ ရိုက်နှိပ်ပြီးဖြစ်၍ အင်္ဂလိပ်အက္ခရာနှင့် ပါဠိကျမ်းစာများ များပြားလာသောအခါ ပြည့်စုံသော ပါဠိအဘိဓာန်ကြီးတစောင်လိုအပ်လာသည်ကို သိမြင်လာကြလေသည်။ ချစ်လ်ဒါး၏ ပါဠိအင်္ဂလိပ်အဘိဓာန်မှာလည်း အက္ခရာစဉ်ပုံမှစ၍ ကျေနပ်ဖွယ်ရာ မရှိသည်တကြောင်း ပြည့်စုံမှု မရှိသည်တကြောင်းတို့ကြောင့် ၎င်းနှင့်လည်း အားမရနိုင်ကြပေ၊ ၎င်းတို့ကိုယ်တိုင်စုဆောင်းရေးသား ရမည်ကလည်း စစ်ကြီးဖြစ်နေချိန်ဖြစ်၍ မဖြစ်နိုင်အောင် ရှိနေပေသည်။ ထိုအခါ၎င်းအနောက်တိုင်း ပါဠိပညာရှင်တို့သည် ကမ္ဘာကျော်ဖြစ်နေတော်မူသော မြန်မာနိုင်ငံ မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးထံသို့ ပြည့်စုံသော ပါဠိအဘိဓာန်ကြီးတစောင် ပြုစုပေးပါရန် စာဖြင့် တောင်းပန် လျှောက်ထားကြလေသည်။

လယ်တီဆရာတော် ဘုရားကြီးသည်လည်း၎င်းတို့၏ လျှောက်ထားချက်ကို လက်ခံတော် မူပြီးနောက် မိမိမှာ ဇရာဒုဗ္ဗလအရွယ်သို့ ရောက်နေပြီဖြစ်၍ ၎င်းကျမ်းကြီးပြီးစီးအောင်ဆောင်ရွက်နိုင် မည်မဟုတ်သည်ကို သိမြင်တော်မူ၍ မန္တလေးမြို့ မစိုးရိမ်တိုက်သို့ ၃-ကြိမ်တိုင် ကြွရောက်တော်မူပြီး အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးသောမာဘိသိရိ, ဆရာတော်ဦးသူရိယ (ယခု-အဘိဓဇမဟာရဋ္ဌဂုရု) အစရှိသည့် ဆရာတော်တို့အား တာဝန်ပေးအပ်တော် မူလေသည်။ ယင်း အဘိဓာန်ကြီး ပြုစုရိုက်နှိပ်ထုတ်ဝေရာ၌ အထွေထွေ ကုန်ကျမည့် စရိတ်ကြေးငွေကိုလည်း နိုင်ငံခြားဗုဒ္ဓသာသနာပြုအဖွဲ့ကြီးက တာဝန်ယူသည်။ အဘိဓာန်ကြီး ရေးသားပြုစုရန် တာဝန်အပ်နှင်းခြင်းကို ခံရသော ဆရာတော်တို့ကလည်း ၁၂၇၈-ခုနှစ်မှ စ၍ အဘိဓာန်လုပ်ငန်းကို စတင် လုပ်ကိုင်တော်မူကြလေသည်။ ယင်းသို့ လုပ်ကိုင်ရာတွင် အဘိဓာန်ဝန်ဆောင်အဖွဲ့ အဖြစ်ဖြင့် လယ်တီ ဆရာတော်အမှူးရှိသည့် ဆရာတော် ၁၄-ပါး ပါဝင်သောအဖွဲ့ကို ဖွဲ့ပြီးနောက် ၃၀၀-မျှသော အရည်အချင်းနှင့် ပြည့်စုံသည့်စာချ စာသင် ရဟန်းတော်တို့၏ အကူအညီဖြင့် စတင် လုပ်ကိုင်တော် မူကြသည်။

ယင်းသို့ ပညာရှိပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာဖြင့် ရှေးဦးလုပ်ငန်းဖြစ်သည့် စာစုလုပ်ငန်းကို ၁၂၇၈-ခုနှစ်မှ စတင်လုပ်ကိုင်လာရာ ၁၂၇၂-ခုနှစ်သို့ရောက်မှ ယင်းလုပ်ငန်း ပြီးစီးလေသည်၊ ပုဒ်များ ထုတ်ရာဖြစ်သော ကျမ်းတို့ကား ပါဠိတော်, အဋ္ဌကထာ, ဋီကာမှစ၍ ဂန္ထန္တရအမျိုးမျိုးပါဝင်သည်။ ထိုသို့ထုတ်ပြီးနောက်မှ အပိုင်းကြီး ၄-ပိုင်းခွဲ၍ တပိုင်းလျှင် နာယကဆရာတော်တစ်ပါးစီ အုပ်ချုပ်တာဝန်ခံ၍ ရေးသားကာ ပုံနှိပ်ထုတ်ဝေခဲ့ကြလေသည်၊ အဘိဓာန်ကျမ်းကြီး၏ အမည်ကိုလည်း “သဒ္ဒတ္ထရတနာဝလိမဟာပါဠိအဘိဓာန်”ဟု တွင်စေလေသည်၊ ယင်းသို့ ပညာရှင်ပေါင်း မြောက်မြားစွာ စုပေါင်း ပါဝင်ကူညီ၍ ရေးသားခဲ့သော်လည်း၎င်းကျမ်းကြီးမှာ နောင်အခါတွင် အကြောင်းအမျိုးမျိုးကြောင့် အပြီးအဆုံးသို့ မရောက်ခဲ့ချေ။ ထွက်ခဲ့သမျှသော အတွဲများ တာဝန် ခံရေးသားသော ဆရာတော်များနှင့် ထုတ်ဝေသောခုနှစ်တို့ကား အောက်ပါအတိုင်းဖြစ်ပေသည်။

ဆရာတော်ဦးသောမာဘိသိရိ အပိုင်း ၁၊ အတွဲ ၁၊ ၁၂၉၀ အ-မှ အက္လိဋ္ဌ။

ဆရာတော် ဦးသူရိယ အပိုင်း ၂၊ အတွဲ ၁၊ ၁၂၈၉ က-မှ ကာမောဃသညိတ။

ဆရာတော် ဦးဉာဏ အပိုင်း ၃၊ အတွဲ ၁၊ ၁၂၉၈ ပ-မှ ပင်္ဂုဠ။

ဆရာတော် ဦးရာဇိန္ဒ အပိုင်း ၄၊ အတွဲ ၁၊ ၁၂၉၄ ယ-မှ လောဠိဿာမိ။ [၃]

ယင်း အဘိဓာန်ကြီးမှာ ပါဠိပုဒ်ကို မူတည်၍ ပါဠိဘာသာဖြင့်ပင် ဖွင့်ဆို ရေးသားထားသော ကျမ်းဖြစ်၏၊ တစ်ခုတစ်ခုသောပုဒ်၏ လိင်ကိုလည်းကောင်း, အနက်ကိုလည်းကောင်း, ၎င်းပုဒ်ပါရှိရာ ပါဠိတော်စသော အကိုး သာဓကကိုလည်းကောင်း, အချို့ပုဒ်များတွင် သက္ကတကျမ်းများမှ သာဓကများကိုလည်းကောင်း, စုပေါင်းပြသထား ပေသည်၊ အချို့သော အရေးကြီးသော ပုဒ်တို့တွင်ကား ပုဒ်နက်နှင့် သာဓကမျှလောက်သာမကပဲ ၎င်းပုဒ်ဆိုင်ရာ သိသင့်သိထိုက်သော ဗဟုဿုတများကိုပါကျမ်းပေါင်းစုံမှ ထုတ်နုတ်၍ အကျယ် တဝင့် ပြဆိုထားပေရာ ဗုဒ္ဓသာသနာဆိုင်ရာ ပါဠိစွယ်စုံကျမ်းကြီးမျိုးပင် ဖြစ်၍ နေပေသည်၊ ပါဠိ လိုချည်း ရေးသားထားသဖြင့် ကမ္ဘာကပါ အသုံးပြုနိုင်သော ကျမ်းကြီးလည်း ဖြစ်၏။ ဆုံးခန်း တိုင်ရောက် ပြီးမြောက်ခဲ့ပါမူကား ပါဠိပညာရှင်တို့၏ အားထားမှီခိုရာကြီးတဆူအဖြစ် ဗုဒ္ဓသာသနာတော်တွင် ရပ်တည်လျက် ရှိပေမည်။ [၄]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ပါဠိစာပေ

သီဟိုဠ်ပါဠိစာပေ

မြန်မာနိုင်ငံ ပါဠိစာပေ

ပါဠိအဘိဓာန်

အဘိဓာနပ္ပဒီပိကာကျမ်း

ကိုးကား ပြင်ဆင်ရန်

  1. ၁။ ရိုက်နှိပ်ရာတွင် မဟာဝဂ္ဂပါဠိကို ပထမတွဲ, စူဠဝဂ္ဂပါဠိကို ဒုတိယတွဲ, ပါရာဇိကပါဠိကို တတိယတွဲ, ပါစိတ္တိယပါဠိကို စတုတ္ထတွဲ, ပရိဝါရပါဠိကို ပဉ္စမတွဲအဖြစ် ရိုက်နှိပ်ထားသည်။
  2. ၂။ Pali Text Society.
  3. ၁။ ဤစာရင်းကိုကြည့်လျှင် ပုဒ်ထုတ်သည့်လုပ်ငန်း အစပြုသည်မှ နောက်ဆုံးရိုက်ထုတ်သည့် အပိုင်း ၃၊ အတွဲ-၁ ထွက်သည့်တိုင်အောင် (၁၂၇၈-၁၂၉၈) အနှစ်၂၀ ကြာခဲ့သည်ကို တွေ့ရှိရသည်။ ယင်း အနှစ်-၂၀ အတွင်း ထွက်ခဲ့သော စာအုပ် ၄-အုပ်ပါ စာမျက်နှာတို့ကို ပေါင်းသော် စာမျက်နှာ ၁၁၃၄မျက်နှာ ဖြစ်လေသည်။
  4. တိပိဋကအဘိဓာန် အတွဲ-၁၊ နိဒါန်း