ဟိုပုံးမြို့နယ်

ဟိုပုံꩻဝေင်ꩻနယ်ႏ

ဟိုပုံးမြို့နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဟိုပုံးမြို့ ဖြစ်သည်။

ဟိုပုံးမြို့နယ်
ဝေင်ꩻနယ်ႏဟိုပုံꩻ
မြို့နယ်
လွိုင်ကော်-ဟိုပုံးလမ်း
လွိုင်ကော်-ဟိုပုံးလမ်း
တောင်ကြီးခရိုင်အတွင်းတည်နေရာ
တောင်ကြီးခရိုင်အတွင်းတည်နေရာ
ဟိုပုံးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟိုပုံးမြို့နယ်
ဟိုပုံးမြို့နယ်
တောင်ကြီးခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°47′N 97°11′E / 20.783°N 97.183°E / 20.783; 97.183ကိုဩဒိနိတ်: 20°47′N 97°11′E / 20.783°N 97.183°E / 20.783; 97.183
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်တောင်ကြီးခရိုင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လူဦးရေ (၂၀၁၄)[၁]၁၁၂,၃၄၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဟိုပုံးဒေသကိုတစ်ချိန်က စော်ဘွားများ အုပ်ချုပ်ခဲ့ကြပြီးစော်ဘွားများအာဏာစွန့်လွှတ်ပြီးနောက် ၁၉၇၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် တော်လှန်ရေးကောင်စီအစိုးရက ဟိုပုံးကို မြို့အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး ဟိုပုံးမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည်။ ဟိုပုံးမြို့နယ်သည် အင်းလေးကန်၏အရှေ့ဘက်တောင်တန်းနှင့် နမ့်ပွန်ချောင်းအရှေ့ဘက်ရှိ လွယ်မောင်လွယ်မိုင်း တောင်တန်းအကြား၊ အနိမ့်ဆုံးအပိုင်း၌ တည်ရှိသည်။ ဟိုပုံးမြို့နယ်သည် မွေတော်ကက္ကူစေတီ၊ ထမ်းဆန်းလိုဏ်ဂူ၊ ဟိုပုံးရေထွက်တို့ကြောင့် ထင်ရှားကာ ဟိုပုံးမြို့တည်နေရာသည် နမ့်တဘက်ချောင်း၏ ရေအရင်းအမြစ်ကြောင့် လယ်ယာလုပ်ငန်းများဆောင်ရွက်ရန် ကောင်းမွန်သည့် လျှိုမြောင်အထက်ပိုင်းဒေသဖြစ်သည်။ ရှမ်းဘာသာစကားဖြင့် လျှိုမြောင်ကို "ပုံး"ဟုလည်းကောင်း၊ လျှို အထက်ပိုင်းကို"ဟို"ဟုလည်းကောင်းခေါ်ဆိုသဖြင့် ယင်းနေရာသည် ဟိုပုံး(လျှိုမြောင် အထက်ပိုင်းဒေသ)ဟုအမည်တွင်ခဲ့သည်။

ဟိုပုံးမြို့နယ်သည် ဧရိယာ၁၂၂၀ ဒသမ ၅၆ စတုရန်းမိုင် ကျယ်ဝန်း၍ တောင်ကြီးမြို့နယ်မှ ၁၂ မိုင်ကွာဝေးကာ တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့၏ အရှေ့ဘက်၊ လွိုင်လင်မြို့နှင့် လဲချားမြို့တို့၏ အနောက်ဘက်၊မိုင်းကိုင်မြို့၏ တောင်ဘက်၊ ဆီဆိုင်မြို့၏ မြောက်ဘက်တွင်တည်ရှိ၍ ဟိုပုံးမြို့၏ ဧရိယာမှာမူ ၂ ဒသမ ၄၈ စတုရန်းမိုင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၄၁ ပေမြင့်သည့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ကချင်၊ ကယား၊ ကယန်း၊ ကရင်၊ ချင်း၊ ရခိုင်၊ အင်းသား၊ ဓနု၊ လီဆူ(လီရှော)နှင့် ပလောင် တိုင်းရင်းသားများ နေထိုင်ကြကာ ပအိုဝ်းနှင့် ရှမ်းတိုင်းရင်းသားက အများဆုံးဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ပြုစုထားသည့် စာရင်းများအရ ဟိုပုံးမြို့နယ် လူဦးရေ ၁၀၃၂၄၁ ဦးတွင်ပအိုဝ်း တိုင်းရင်းသား ၇၀၇၇၆ ဦးနှင့် ရှမ်းတိုင်းရင်းသား ၂၃၃၉၄ ဦးပါဝင်သည်။ ထို့အတူ မြို့နယ်အတွင်းနေထိုင်ကြသူများအနက် ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေသည် ၁၀၃၀၇၅ ဦးဖြစ်သည်။ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု ၂၂ခု၊ ကျေးရွာ ၂၉၂ ရွာဖြင့် ဖွဲ့စည်းထားသည့် ဟိုပုံးမြို့နယ်တွင် ဘုရားစေတီပေါင်း ၁၀၁ ဆူတည်ရှိသည့်အနက် ဟိုပုံးမြို့၊ အနောက်ရပ်ရှိသီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးသည် အထင်ရှားဆုံးဖြစ်သည်။

ဒေသတစ်ခု၏ ဒြပ်မဲ့ယဉ်ကျေးမှုသည် ထိုဒေသတွင်နေထိုင်ကြသူများယုံကြည်ကိုးကွယ်သည့် ဘာသာတရားနှင့်လည်းဆက်စပ်လျက်ရှိသည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အစဉ်အဆက်နေထိုင်ခဲ့သည့် ဟိုပုံးမြို့နယ်တွင် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများထွန်းကားခဲ့ရာ မီးကြာလှည့်ပွဲသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မီးကြာလှည့်ပွဲဟုထင်ရှားသည့် ပွဲတော်သည် ဗုဒ္ဓဘုရားရှင်အား မီးအလင်းရောင်ဖြင့် ပူဇော်သည့် ပွဲဖြစ်ကာ ရှေးအစဉ်အဆက်ကပင် ဟိုပုံးနယ် ရပ်ကွက်ကျေးရွာများအတွင်း ရောင်စုံမီးများဖြင့် လှည့်လည်ကြခြင်းကို မီးကြာလှည့်ပွဲ(ပအိုဝ်း: ပွယ်ꩻလေပ်လူႏမေႏဗို)ဟုအမည်ပေးခဲ့သည်။ ဖယောင်းတိုင်မီးများကို တုတ်တံတွင်ကြာပန်းများသဖွယ်သီ၍ ထွန်းညှိလှည့်လည်သဖြင့် မီးကြာလှည့်ပွဲဟု ခေါ်ဆိုခဲ့ကြသည်။ ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟိုပုံး စသည့် မြို့နယ်များတွင်မီးကြာလှည့်ပွဲများကို အစဉ်အလာတစ်ရပ်အဖြစ် မြို့နယ်အလိုက် နှစ်စဉ်ကျင်းပလေ့ရှိကြပေသည်။ ဟိုပုံးမီးကြာလှည့်ပွဲကို နှစ်စဉ် နှစ်ကြိမ်ကျင်းပလေ့ရှိရာ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် မြို့လုံးကျွတ်မီးကြာလှည့်ပွဲကို တောင်ကြီးမီးပုံးပျံပွဲပြီးဆုံးပြီး ရက်သတ္တပတ်အကြာတွင် ဟိုပုံးမွေတော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အတူငါးရက်ကြာကျင်းပလေ့ရှိသည်။

ဟိုပုံးမွေတော်စေတီဟုထင်ရှားသည့် သီရိမင်္ဂလာရွှေချမ်းသာဘုရားကို ပုဂံဘုရင်အလောင်းစည်သူက ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်ပွားကိုဌာပနာ၍ တည်ထားခဲ့သည်ဟု ယုံကြည်ကြသည်။ မူလစေတီတော်သည် ဉာဏ်တော် ၁၂ တောင်သာရှိခဲ့ပြီး ကုန်းဘောင်ခေတ် ဗဒုံမင်းလက်ထက် (ခရစ်နှစ် ၁၇၈၂-၁၈၁၉)တွင် ဟိုပုံးမြို့စားကြီးခွန်ကြားက မူလစေတီတော်ကိုငုံလျက် ဉာဏ်တော်အတောင် ၈၀ မြင့်သည့် လက်ရှိစေတီတော်ကိုတည်ထားခဲ့သည်။ စေတီတော် ပရိဝုဏ်အဖြစ် စေတီတော်၏ အတောင် ၂၀၀ ပတ်လည်ကိုမဟာရံတံတိုင်းကာရံခဲ့သည်။ ခရစ်နှစ် ၁၉၂၃ ခုနှစ်တွင် ဟိုပုံးဒေသမှ ရဟန်းရှင်လူများက ဟိုပုံးနယ်၏ ကောင်းကျိုးနိမိတ်ကိုဆောင်စေခြင်းငှာ သီရိမင်္ဂလာရွှေချမ်းသာစေတီတော်ဟု ဘွဲ့တော်အမည်ပေးခဲ့သည်။ စေတီတော်၏ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့် ကျော် ၆ ရက်နှင့် တပေါင်းလပြည့်ကျော် ၆ ရက်တို့တွင်ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပသည့် ညများတွင် ဒေသနေ ပအိုဝ်း၊ ရှမ်းစသည့် တိုင်းရင်းသားများသည် ရိုးရာဝတ်စုံများဝတ်ဆင်ကာ မီးပုံးတွဲများကိုကိုင်ဆောင်လျက် ဟိုပုံးမြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်သည့်ပွဲသည် ဟိုပုံးမီးလှည့်ပွဲအဖြစ် ကာလရှည်ကြာစွာကပင် ထင်ရှားခဲ့သည်။ အနက်ရောင် အပေါ်အောက်ဝတ်စုံများဝတ်ဆင်ထားသည့် ပအိုဝ်း တိုင်းရင်းသူများ၊ ရိုးရာဝတ်စုံများ ဆင်မြန်းထားသည့် ရှမ်း၊ ဓနု၊ အင်းသားတိုင်းရင်းသူများသည် ဝါးတံတွင်သီထားသည့် မီးပုံးရောင်စုံတွဲများကိုကိုင်ဆောင် လျှောက်လှမ်းလာကြချိန်တွင် အမျိုးသမီးတန်းများအကြား၌ လူငယ်များကတိုင်းရင်းသားဝတ်စုံများဝတ်ကာရိုးရာတူရိယာများကိုတီးမှုတ်၍ သီချင်းများ သီဆိုကခုန်လိုက်ပါလာကြသည်။[၂]

ကိုးကားပြင်ဆင်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၂။
  2. ဟိုပုံးနှင့်ဒြပ်မဲ့ယဉ်ကျေးမှု၊ မောင်သာ(ရှေးဟောင်းသုတေသန)၊ မြန်မာ့အလင်းသတင်းစာ၊ ၂၉-၃-၂၀၁၉