ကျားငါးမန်း

ငါးမျိုးစိတ်
ကျားငါးမန်း
Temporal range:
Miocene အစောပိုင်း – လက်ရှိ[၁]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Chondrichthyes
မျိုးစဉ်: Carcharhiniformes
မျိုးရင်း: Carcharhinidae
မျိုးစု: Galeocerdo
မျိုးစိတ်:
G. cuvier
ဒွိနာမ
Galeocerdo cuvier
Péron & Lesueur, 1822
Tiger shark range
Synonyms

ကျားငါးမန်း (Galeocerdo cuvier) သည် ငါးမန်း မျိုးစိတ်တစ်မျိုးဖြစ်ပြီး Galeocerdo မျိုးစု၏ တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် လူသိအများဆုံး ငါးမန်း မျိုးစိတ်များထဲမှ တစ်ခုလည်းဖြစ်သည်။ ကျားငါးမန်းများသည် ခန္ဓာကိုယ် အရှည် ၁၈ ပေ (၅.၅ မီတာ) အထိရှိပြီး အလေးချိန်အားဖြင့် ပေါင်ချိန် ၂၀၀၀ (၉၀၀ ကီလိုဂရမ်) ကျော်အထိ ရှိတတ်ကြသည်။ ကျားငါးမန်းများကို မြေထဲပင်လယ်မှလွဲ၍ ကမ္ဘာ့ ကမ်းရိုးတန်းဒေသများ၏ သမပိုင်းဒေသ နှင့် အပူပိုင်းဒေသ ရေပြင်တစ်လျှောက်တွင် တွေ့ရှိရပြီး ပင်လယ်ရေအနက် ၁၁၅၀ ပေ (၃၅၀ မီတာ) အထိ ကူးခတ်နိုင်သည်ဟု သိရသည်။ ကျားငါးမန်း များသည် အရိုးငါးများ၊ ငါးလိပ်ကျောက်များ ၊ ပြည်ကြီးငါးများ၊ အခွံမာသတ္တဝါများ၊ ပင်လယ်ဖျံများနှင့် လင်းပိုင်များကို အာဟာရအလို့ငှာ အမဲလိုက်၍ စားလေ့ရှိသည်။ ကျားငါးမန်းသည် ခန္ဓာကိုယ်အတွင်း၌ပင် ဥမှ အကောင်ပေါက်သော မျိုးစိတ် ဖြစ်ပြီး တစ်ကြိမ်လျှင် သားလောင်းလေးများ ၁၀ ကောင်မှ ၈၂ ကောင်ထိ မွေးဖွားလေ့ရှိသည်။

ပုံပန်းသွင်ပြင် ဖော်ပြချက်များ ပြင်ဆင်ရန်

 
ကျားငါးမန်း၏ မေးရိုး

ကျားငါးမန်းသည် ကျားတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်တလျောက်တွင်ရှိသော အမဲကွက်များနှင့် အစင်းကြောင်းများကြောင့် ၎င်းအမည်ကိုရရှိထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ ရှေ့ပိုင်းသည် အတော်ပင် တောင့်တင်းမှုရှိသော်လည်း နောက်ဘက်သို့ သွယ်လျသွားသည်။ ကြီးမားပြီး သန်မာသော ဦးခေါင်းရှိပြီး မျက်လုံးကြီးများနှင့် အလွန်ဝိုင်းပြီး တုံးတိတိဖြစ်နေသာ နှာတံ ရှိသည်။ ပထမအနောက်တောင်ပံသည် အတော်ပင် ကျယ်ပြီး pectoral fins ၏ နောက်ဘက်တွင် တည်ရှိသည်။ အလွန်သေးငယ်သော ဒုတိယမြောက်အနောက်တောင်ပံသည် ကွေးနေသော စအိုဆူးတောင်၏ ရှေ့တွင် တည်ရှိသည်။ နောက်ကျောတလျှောက်ရှိ ကျောကုန်းအတောင်များကြားတွင် အဆင်းများရှိသည်။[၃]

ကျားငါးမန်း၏ မေးရိုးများတွင် ကြီးမားပြီး ထက်မြက်သော သွားများ ပါရှိပြီး ၎င်းသည် သားကောင်များ၏ အသားနှင့် အရိုးများကို ဖြတ်တောက်ရာတွင် အထောက်အကူဖြစ်စေသည်။[၄] သွားတစ်ချောင်းစီ၏ အစွန်းတစ်ဝိုက်၌ အတတ်တစ်ခုပါရှိသည်။ အပေါ်နှင့် အောက်သွားများသည် ပုံသဏ္ဌာန်တူပြီး ရှေ့သွားများသည် နောက်သွားများထက် ပို၍ကြီးမားကြသည်။[၃]

ကျားငါးမန်း၏ ကျောခုံးသည် စိမ်းပြာရောင်၊ မီးခိုးရောင် သို့မဟုတ် အနက်ရောင်ရှိပြီး ဝမ်းဗိုက်သည် အဖြူရောင်၊ အဝါရောင်သမ်းသော အဖြူရောင် သို့မဟုတ် အဖြူစွတ်စွတ်အရောင်ဖြစ်သည်။ ကျားငါးမန်း၏ အမဲစက်များနှင့် အစင်းကြောင်းများသည် ငယ်ရွယ်သောအကောင်များတွင် ပို၍မြင်ရပြီး ငါးမန်းကြီးဖြစ်လာသည်နှင့်အမျှ ၎င်းတို့သည် မှိန်သွားလေသည်။ ကျားငါးမန်းသည် ခန္ဓာကိုယ်အရှည် ၁၁ - ၁၄ ပေ (၃.၂၅ - ၄.၂၅ မီတာ) နှင့် အလေးချိန် ၈၅၀ - ၁၄၀၀ ပေါင် (၃၈၅ - ၆၃၅ ကီလိုဂရမ်) ဝန်းကျင် ရှိကြပြီး လူသိများသော အကြီးဆုံးငါးမန်းမျိုးများထဲမှ တစ်ခုဖြစ်သည်။ မွေးကင်းစကျားငါးမန်းများသည် ခန္ဓာကိုယ်အရှည် ၂ ပေ မှ ၂ ပေခွဲ (၅၁ မှ ၇၆ စင်တီမီတာ) ရှိသည်။ ငါးမန်း အထီးများသည် အရွယ်အစားအားဖြင့် ၈ - ၁၀ ပေ (၂.၃ - ၃ မီတာ) အရွယ်တွင် လိင်ပိုင်းဆိုင်ရာ ရင့်ကျက်သည့် အရွယ်သို့ရောက်ရှိပြီး ငါးမန်း အမများမှာ ၈ - ၁၁ ပေ (၂.၅ - ၃.၃ မီတာ) အရွယ်တွင် လိင်ပိုင်းဆိုင်ရာ ရင့်ကျက်သည့် အရွယ်သို့ရောက်ရှိကြသည်။ အကြီးဆုံး ငါးမန်းနမူနာများသည် အရှည် ၁၈ ပေ (၅.၅ မီတာ) အထိ ရှိပြီး အလေးချိန် ပေါင် ၂၀၀၀ (၉၀၀ ကီလိုဂရမ်)အထိ ရှိလေသည်။[၃]

နေထိုင်ကျက်စားရာ ဒေသများ ပြင်ဆင်ရန်

 
ဘဟားမားမှ ကျားငါးမန်းငယ်တစ်ကောင်

ကျားငါးမန်းများကို မြေထဲပင်လယ်မှလွဲ၍ ကမ္ဘာ့ ကမ်းရိုးတန်း၏ သမပိုင်း နှင့် အပူပိုင်း ဒေသ ရေပြင်တစ်လျှောက်တွင် တွေ့ရှိရသည်။[၃] အတ္တလန္တိတ် အနောက်ပိုင်းတွင် ၎င်းကို မက်ဆာချူးဆက် မှ ဥရုဂွေး အထိ၊ မက္ကဆီကိုပင်လယ်ကွေ့၊ ဘဟားမား နှင့် ကာရစ်ဘီယံ ပင်လယ်တို့တွင် တွေ့ရှိရသည်။ အတ္တလန္တိတ် အရှေ့ဘက်ပိုင်းတွင် ၎င်းကို အိုက်စလန် နှင့် ယူကေ (ပူနွေးသော ပင်လယ်ကွေ့စီးကြောင်းကြောင့်)၊ မော်ရိုကိုကနေရီကျွန်းစု နှင့် ဆီနီဂေါနိုင်ငံ မှ အိုင်ဗရီကို့စ်နိုင်ငံ အထိ တွေ့ရှိနိုင်သည်။ အိန္ဒိယသမုဒ္ဒရာတွင် ပါကစ္စတန်နိုင်ငံအိန္ဒိယနိုင်ငံသီရိလင်္ကာနိုင်ငံမော်လဒိုက်နိုင်ငံထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံ နှင့် ပင်လယ်နီဒေသမှ တောင်အာဖရိကနိုင်ငံတို့တွင် တွေ့ရှိရသည်။ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းတွင် တရုတ်နိုင်ငံဂျပန်နိုင်ငံဖိလစ်ပိုင်နိုင်ငံအင်ဒိုနီးရှားနိုင်ငံဩစတြေးလျနိုင်ငံနယူးဇီလန်နိုင်ငံနယူးကလီဒိုနီးယားပလောင်းနိုင်ငံဆော်လမွန်အိုင်းလန်းနိုင်ငံမာရှယ်အိုင်းလန်းနိုင်ငံ နှင့် တဟီတီတို့တွင် တွေ့ရှိရသည်။ ပစိဖိတ်အရှေ့ပိုင်းတွင် ဟာဝိုင်အီဂါလာပါဂိုးကျွန်းများနှင့် ကယ်လီဖိုးနီးယား တောင်ပိုင်းမှ ပီရူးနိုင်ငံအထိတွေ့ရှိရသည်။[၅]

ကျားငါးမန်းများအား အဏ္ဏဝါဒေသများတွင် တွေ့ရလေ့ရှိသော်လည်း အများအားဖြင့် ကမ်းရိုးတန်းဒေသများ၏ ရေတိမ်ပိုင်းများကို ပို၍နှစ်သက်ကြသည်။ ပင်လယ်ဝ ဒေသများနှင့် ဆိပ်ကမ်းများတွင် ပိုမို၍တွေ့ရလေ့ရှိသည်။ ကြီးမားသော ကျွန်းများနှင့် ရေနက်ပိုင်း ကျွန်းဝိုင်းများ အပါအဝင် ကမ်းဝေးပင်လယ်ပြင်၏ ကျွန်းများပတ်လည်ရှိ ရေတိမ်ပိုင်း ဧရိယာများသည် ကျားငါးမန်းများ၏ သဘာဝအလျောက် နေထိုင်ရာ ပတ်ဝန်းကျင်တစိတ်တပိုင်းလည်းဖြစ်သည်။ ကျားငါးမန်းများအား ပင်လယ်ရေအနက် ၁၁၅၀ ပေ (၃၅၀ မီတာ) အထိ တွေ့ရှိရသည်။[၃]

နေထိုင်ပြုမူပုံ အလေ့အထများ ပြင်ဆင်ရန်

ကျားငါးမန်းသည် ညဉ့်အချိန် ကျက်စားသော တိရစ္ဆာန်ဖြစ်သည်။ နေ့ဘက်တွင် အများစုမှာ မလှုပ်မရှားဘဲ ငြိမ်သက်စွာ နေကြပြီး ညအချိန်တွင် အမဲလိုက်ကြသည်။ ၎င်းတို့သည် ထီးတည်း ရှင်သန်ကျက်စားသော တိရစ္ဆာန်ဖြစ်ပြီး ၎င်းတို့အနီးရှိ အခြားငါးမန်းမျိုးစိတ်များနှင့် လူသားများကို ရန်လိုတိုက်ခိုက်တတ်သည်။ ကျားငါးမန်းများသည် အလွန်ရန်လိုတတ်ပြီး မဟာငါးမန်းဖြူကြီးမျိုးနှင့် ကျွဲငါးမန်းမျိုးတို့နှင့်အတူ လူသားများအတွက် အန္တရာယ်အရှိဆုံး ငါးမန်းမျိုးများထဲမှ တစ်ခုဖြစ်သည်။[၄]

လူသားများနှင့် အပြန်အလှန်ပြုမူဆက်ဆံမှုများ ပြင်ဆင်ရန်

ကျားငါးမန်းသည် လူသားများကို တိုက်ခိုက်သည့် အရေအတွက်စာရင်းတွင် ဒုတိယဖြစ်ပြီး မဟာငါးမန်းဖြူကြီးမှာ ပထမဖြစ်သည်။ ကံအားလျော်စွာပင် ၎င်းတို့၏ ရန်လိုတိုက်ခိုက်ခံရမှုမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ဟာဝိုင်အီတွင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သေဆုံးမှုအများအပြားသည် ကျားငါးမန်းများကြောင့်ဖြစ်နိုင်ချေရှိခဲ့သော်လည်း ၎င်းငါးမန်းများ၏ ရန်လိုတိုက်ခိုက်မှု ပျမ်းမျှအကြိမ်ရေမှာ တစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်လေ့ရှိသည်ဟု သိရသည်။[၅]

ငါးမန်းများကို စီးပွားဖြစ် ဖမ်းဆီးခြင်းများကြောင့် အချို့နေရာများတွင် ကျားငါးမန်း အကောင်ရေလျော့နည်းနေပါသည်။ ငါးမန်းမျိုးစိတ်များစွာကဲ့သို့ပင် ကျားငါးမန်း၏ ဆူးတောင် များသည် အာရှဒေသများတွင် ငါးမန်းတောင်ဟင်းချိုချက်လုပ်ရန်အတွက် အလွန်တန်ဖိုးရှိလေသည်။ ထို့အပြင် ၎င်း၏အသားကို လူအများက စားသုံး၍ အရေခွံကို သားရေပြုလုပ်ရန် အသုံးပြုကြပြီး အသည်းကို ဗီတာမင် အေ အရင်းအမြစ်အဖြစ် ရယူလေ့ရှိသည်။ ကံကောင်းထောက်မစွာ၊ ဤမျိုးစိတ်သည် အလွန်လျင်မြန်စွာ ကြီးထွားမှုရှိပြီး ငါးမန်းပေါက် အမြောက်အမြားကို ထုတ်ပေးသောကြောင့် ကျားငါးမန်းသည် အမှန်တကယ် ခြိမ်းခြောက်မှုမျိုး ကြုံတွေ့ရမှု မရှိပေ။ ထို့အပြင် ငါးဖမ်းခြင်းကြောင့် အရေအတွက် လျော့နည်းလာသည့် ဒေသများတွင်လည်း အရွယ်ရောက်ပြီးသူများ၏ သားကောင်များ လျော့နည်းလာသောကြောင့် ကျားငါးမန်းများ ပိုမိုအဖြစ်များကြောင်း တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ ငါးမန်းတောင်များ၏ လိုအပ်ချက်သည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ ၎င်းသည် အနာဂတ်တွင် ဤမျိုးစိတ်များအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိလာမည်ကို စိုးရိမ်စရာရှိပါသည်။ ကျားငါးမန်းမျိုးကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ် အဖြစ် စာရင်းသွင်းသတ်မှတ်ထားသည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. Fossilworks: Galeocerdo cuvieri။ 2020-07-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-05-14 တွင် ပြန်စစ်ပြီး။
  2. Ferreira, L.C. (2019). "Galeocerdo cuvier". IUCN Red List of Threatened Species 2019. IUCN. doi:10.2305/IUCN.UK.2019-1.RLTS.T39378A2913541.en. 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Knickle, Craig.
  4. ၄.၀ ၄.၁ Tiger Shark-Animal Facts and Informationbioexpedition.com (13 June 2012)။ 12 July 2013 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Tiger shark, Galeocerdo cuvier~MarineBio.orgmarinebio.org။ 12 July 2013 တွင် ပြန်စစ်ပြီး။
  6. Tiger shark photo-Galeocerdo cuvier-ARKivearkive.org။ 4 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2013 တွင် ပြန်စစ်ပြီး။