ဒေါက်တာ ခင်မောင်ညို (၁၉၄၃-) သည် မြန်မာနိုင်ငံသား ဓါတုဗေဒပညာရှင်၊ စာရေးဆရာနှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။ ကလောင်အမည်ခွဲများမှာ မောင်ခင်ညို (မန်းတက္ကသိုလ်)၊ ဟစ်တလုံး၊ အောင်ဒင် (မွန်ပြည်နယ်)၊ နေညိုယဉ်၊ ကွန်ညက်၊ ယက္ခ၊ ဆြာညို ဖြစ်သည်။[၁]

ဒေါက်တာ
ခင်မောင်ညို
မွေးဖွား (၁၉၄၄-၁၁-၁၆) နိုဝင်ဘာ ၁၆၊ ၁၉၄၄ (အသက် ၇၉)
ကွမ်သဲရွာ၊ ချောင်းဆုံမြို့နယ်ဘီလူးကျွန်းဗြိတိသျှဘားမား
နိုင်ငံလူမျိုးမြန်မာ
လူမျိုးမွန်
ပညာရေးပါရဂူဘွဲ့
မိခင်ကျောင်းမော်လမြိုင် ဥပစာ ကောလိပ်
မန္တလေးတက္ကသိုလ်
အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ် တက္ကသိုလ်
အလုပ်အကိုင်တက္ကသိုလ်ပါမောက္ခ၊ စာရေးဆရာ၊ ဂျာနယ် အယ်ဒီတာ
ကျော်ကြားမှုအရင်းခံစာရေးဆရာ
ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ပါမောက္ခ
အိမ်ထောင်ဖက်(များ)ဒေါ်ရင်ရင်တင်အုံး
မိဘ(များ)ဦးသစ်စိန် + ဒေါ်ခင်ထွေး

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၄၄ ခုနှစ်၊ တွင် အဖ ဦးသစ်စိန်၊ အမိ ဒေါ်ခင်ထွေးတို့က ကွမ်သဲရွာ၊ ချောင်းဆုံမြို့နယ်ဘီလူးကျွန်း၌ မွေးဖွားသည်။ လွတ်လပ်ရေး ရပြီးကာစ ၁၉၄၉ ခုနှစ်လောက်က ကျောင်းနေသည်။ ကျောင်းနေစက စပြီး မူလတန်းမှာ အင်္ဂလိပ်စာ မသင်ရတော့ပါ။ သုံးတန်းရောက်တော့ အဘိုး ဘုန်းကြီးက သူ့ကျောင်းမှာ အင်္ဂလိပ်စာ ခေါ်သင်ပေးသည်။ အဘိုးအရင်းက ရွာသူကြီး၊ စာအင်မတန် ဖတ်သည်။ ဖခင်၊ မိခင်နှင့် အဒေါ် အစ်မတွေ စာဖတ် ဝါသနာ ပါသည်။ အိမ်တွင် အင်္ဂလိပ် မြန်မာ လစဉ်ထုတ် မဂ္ဂဇင်းများ ဖတ်နေရသည်။ ငါးတန်းရောက်မှ ကျောင်းမှာ အင်္ဂလိပ်စာ စသင်ရသည်။ ဖခင်သည် ကျန်းမာရေးမှူး ဖြစ်သည့် အတွက် ထိုနှစ်တွင် ဖခင် အလုပ်နှင့် ပြောင်းသွားသောကြောင့် သံဖြူဇရပ်မှာ ကျောင်းတက်ရသည်။ နောက် ၆ တန်းရောက်တော့ ဘီလူးကျွန်း၊ ရွာလွတ်ကျောင်း ရောက်သွားသည်။ ၇ တန်းရောက်တော့ ချောင်းဆုံမြို့ကို ပြောင်းသည်။ ချောင်းဆုံ အထက်တန်းကျောင်းနှင့် အိမ်မှာ ၁၀ မိနစ်လောက် လျှောက်လျှင် ရောက်သည့် အကွာအဝေးမှာ ရှိသည်။

သို့သော် ကျောင်းအုပ် ဆရာကြီးက သူ့ကို လက်မခံပါ။ မောင်နှမ နှစ်ယောက်ရှိသည့် အနက် အစ်မကိုသာ လက်ခံသည်။ ထို့ကြောင့် ၂ မိုင်ခန့်ဝေးသည့် ကရင်ဝင်းစိန် အလယ်တန်းကျောင်းမှာ သွားတက်ရသည်။ နှစ်မိုင် အဝေးကျောင်းကို နေ့စဉ် ဖိနပ်မပါ ခြေဗလာဖြင့် တက်ရသောကြောင့် ငယ်ရွယ်စဉ်ကပင် စိတ်ထဲ ခံစားရသည်။ ထိုနှစ် ကရင်ဝင်းစိန်က ကျောင်းသူ ကျောင်းသား ၅၀ လောက် ၇ တန်း စာမေးပွဲ ဝင်ဖြေရာ ၆ ယောက်သာ အောင်မြင်သည်။ ကံအားလျော်စွာ အောင်မြင်သူ ၆ ယောက်ထဲမှာ ပါဝင်ခဲ့သည်။ ထို့နောက် ချောင်းဆုံ အထကကို ဝင်ခွင့်ပြန်ရသည်။

ပညာရေး ပြင်ဆင်ရန်

၁၉၆၀ ခုနှစ်၊ ၁၀ တန်း ဖြေတော့ အောင်မြင်ပါသည်။ ထိုနှစ်က ချောင်းဆုံ အထကမှ ၂ ယောက်သာ အောင်မြင်သည်။ ၁၀ တန်းအောင်တော့ မော်လမြိုင် ကောလိပ် တက်ရသည်။ သိပ္ပံ ဘာသာတွဲ ယူသည်။ နဂိုက ဝိဇ္ဇာတွဲ ယူခဲ့သူ ဖြစ်၍ ခက်ခဲစွာ လိုက်ယူရသည်။ ၁၉၆၁ ခုနှစ်၊ ဒုတိယနှစ် တက်နေစဉ်မှာ မိဘများ ကျန်းမာရေးမှူး သင်တန်း ဝင်ခွင့် လျှောက်ခိုင်း၍ ဝင်ခွင့် စာမေးပွဲဖြေရာ အောင်မြင်ခဲ့သည်။ ထို့ကြောင့် ကျောင်းထွက်ပြီး ရန်ကုန် ဟယ်လပင်လမ်း ကျန်းမာရေးမှူး သင်တန်း သွားတက်ခဲ့သည်။

သို့သော် အသက် ၁၈ နှစ် မပြည့်သောကြောင့် သင်တန်းမှ ထုတ်ပယ် ခံရသည်။ မော်လမြိုင် ကောလိပ်ကို ပြန်ခဲ့ရာတွင် ကံအားလျော်စွာ ကျောင်းအုပ်ကြီး ဦးတိုးအောင်က ကျောင်းပြန်ဝင်ခွင့် ပြုခဲ့သည်။ ထိုနှစ်က မော်လမြိုင် ကောလိပ်ကျောင်း နှစ်လည် မဂ္ဂဇင်းမှာ "နှမ နောင်တရလေစ" ဝတ္ထုတိုကို ဖော်ပြခြင်းခံရသည်။ ပထမဦးဆုံး ပုံနှိပ် ဖော်ပြခံရသော စာဖြစ်သည်။

၁၉၆၃ ခုနှစ်မှာ မန္တလေး တက္ကသိုလ် တက်နေစဉ်တွင် ကာနယ်ဇင်း မဂ္ဂဇင်းမှာ "ဥသျှစ်သီး ေ့ကသောအခါ" ဝတ္ထုတိုကို ပုံနှိပ် ဖော်ပြခြင်း ခံရသည်။ ပြင်ပ မဂ္ဂဇင်းတွင် ပထမဦးဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရသော ဝတ္ထု ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် နိုင်ငံခြား ပညာသင် အဖြစ် အရွေးခံရပြီး အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ် တက္ကသိုလ် (University of Salford) ပါရဂူဘွဲ့ သင်တန်းများ တက်ရောက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်တွင် ပါရဂူဘွဲ့ (Ph.D.) ကို ရရှိခဲ့သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

၁၉၆၄ ခုနှစ်မှာ မော်လမြိုင် ကောလိပ်၌ သရုပ်ပြ ဆရာ အဖြစ် တာဝန်ထမ်းစဉ် ဝတ္ထုတိုများ၊ ဆောင်းပါးများ ကျိုးတိုးကျဲတဲ ရေးသည်။ ၁၉၆၆ ခုနှစ်တွင် ရေးခဲ့သော "စာရိတ္တမောင်" ဝတ္ထုတိုကို ကျောင်းသုံး စာအုပ်တွင် ပုံနှိပ် ဖော်ပြခြင်း ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ မူလတန်း မြန်မာဖတ်စာအုပ်တွင် ပြဋ္ဌာန်းခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နှစ်တွင် ဇနီး ဒေါ်ရင်ရင်တင်အုံး (သရုပ်ပြ ဆရာမ၊ ပညာရေး တက္ကသိုလ်) နှင့် အိမ်ထောင် ကျသည်။ ၁၉၇၇ ခုနှစ်၊ နိုင်ငံခြားမှ ပြန်ရောက်ပြီး မော်လမြိုင် ကောလိပ် နှစ်လည် မဂ္ဂဇင်းများတွင် သိပ္ပံ စာတည်းမှူး တာဝန်များကို ယူပြီး နှစ်စဉ် ဆောင်းပါးများ ဝတ္ထုတိုများ ရေးခဲ့သည်။ ၁၉၈၄ ရန်ကုန်တက္ကသိုလ် ပင်မသို့ ပြောင်းရွှေ့ အမှုထမ်းရာ မဟေသီ မဂ္ဂဇင်းနှင့် ချယ်ရီ မဂ္ဂဇင်းတို့တွင် ဆောင်းပါးများ၊ တမျက်နှာ ဝတ္ထုတိုများကို ရေးခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဓာတုဗေဒ ဆောင်းပါးများ စာအုပ်ကို ဒေါက်တာ သန်းသန်းညိမ်းနှင့် တွဲဖက် ရေးသား ထုတ်ဝေခဲ့သည်။

၁၉၉၂ ခုနှစ်၊ အငြိမ်းစား ယူပြီးနောက် ဓာတုဗေဒ စာအုပ် နှစ်အုပ်နှင့် အငယ်ဆုံးနှင့် အထက်မြတ်ဆုံး (လူငယ် ဆောင်းပါး) များကို ရေးသား ထုတ်ဝေခဲ့သည်။၂၀၀၀ ခုနှစ်မှာ အငယ်ဆုံးနှင့် အထက်မြတ်ဆုံးကို ဒုတိယ အကြိမ် ထပ်မံ ထုတ်ဝေခဲ့သည်။ ထို့နောက် ဘုရားသခင်ထံသို့ အီးမေးလ်ပို့ခြင်း၊ အောင်ပန်းဆင်တဲ့ ပစ်မှတ်၊ ပါရဒိုင်း၊ လူငယ်အတွေး အမေး အဖြေ၊ ၂၁ ရာစု ကမ္ဘာ့ရွာ ကမ္ဘာ့ စီးပွားရေးနှင့် သတင်းစာ ပညာ၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာတို့ကို ဆက်တိုက် ဆိုသလို ထုတ်ဝေခဲ့သည်။

ထိုနှစ်များတွင် အကောက်ခွန် ဂျာနယ်မှာ အယ်ဒီတာချုပ် တာဝန်ကိုလည်း ယူခဲ့သည်။ တဖက်မှလည်း စာပေ ဆောင်းပါးများ၊ သိပ္ပံနှင့် စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ၊ ဝတ္ထုတိုများ ဘာသာပြန် ဆောင်းပါးများကို ရေးသားခဲ့ရာ ဆောင်းပါး ပုဒ်ရေ သုံးထောင်ကျော်ခဲ့ပြီ ဖြစ်သည်။ ရေးသားခဲ့သော မဂ္ဂဇင်းများမှာ မဟေသီ၊ ပန်၊ စံပယ်ဖြူ၊ ကလျာ၊ ချယ်ရီ၊ ရုပ်ရှင် အမြုတေ၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ရုပ်ရှင် တေးကဗျာ၊ ပိတောက်မြေ၊ Faces Emperor, Fashion, Fashion Image, Idea, Myanmar People, Life Style, Film Star, Family, City, The Best English, Youth, လျှို့ဝှက်ဆန်းကျယ်၊ လပြည့်ဝန်း၊ ဂမ္ဘီရ၊ ဘာသာသွေး၊ သောကြာ၊ စရဏ၊ သွေးသောက်၊ ရတီ၊ ကြီးပွားရေး၊ အတွေးအမြင်၊ နွယ်နီ၊ နဝဒေး၊ နရီသစ် စသည်တို့ ဖြစ်သည်။

ထို့အပြင် အပတ်စဉ်ထုတ် ဂျာနယ်များ ဖြစ်ကြသော Interview, မြန်မာတိုင်း(မ်)၊ ရန်ကုန်တိုင်းမ်၊ Internet, Commerce, Flower News, Customs, 7-day News, Good Health, Health Digest, Good News, အတွေးသစ်၊ ဟာသ၊ မှုခင်း၊ အချစ်၊ မဟာ၊ ကြီးပွားရေး၊ ဂီတ၊ ကနောင်၊ ဂီတကမ္ဘာ၊ သတင်းစုံ၊ မော်ဒန်၊ ငွေပင်လယ်၊ ပွိုင့်၊ ဖတ်စရာ၊ ဝယ်သူ့ စိတ်ကြိုက်၊ ပြည်မြန်မာ သတင်းလွှာ၊ ရွှေမြင်သာ၊ အခွင့်အလမ်း၊ အကျိုးဆောင်၊ ရွှေမျက်လုံး … စသည့် ဂျာနယ်များတွင် အလျဉ်းသင့်သလို ပါဝင် ရေးသားလျက် ရှိသည်။

ဒေါက်တာ ခင်မောင်ညိုသည် ဇနီးသည် ဒေါ်ရင်ရင်တင်အုံး၊ သားသမီး ၃ ယောက်နှင့် အတူ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၅၈)၊ လမ်း (၃၀) တွင် နေထိုင်လျက် ရှိသည်။

ရေးသား ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ပြင်ဆင်ရန်

၁။ ဓာတုဗေဒ ဆောင်းပါးများ ၁၉၈၆

၂။ Exam Guide to Chemistry ၁၉၉၆

၃။ ဓာတုဗေဒ၊ သင်ရိုးသစ် အမေး အဖြေ ၁၉၉၈

၄။ အငယ်ဆုံးနှင့် အထက်မြတ်ဆုံး ၁၉၉၆

၅။ ဘုရားသခင်ထံသို့ အီးမေးလ်ပို့ခြင်း ၂၀၀၁

၆။ အောင်ပန်းဆင်တဲ့ ပစ်မှတ် ၂၀၀၂

၇။ ပါရဒိုင်း ၂၀၀၅

၈။ လူငယ်အတွေး အမေး အဖြေ ၂၀၀၅

၉။ ၂၁ ရာစု ကမ္ဘာ့ရွာ၊ ကမ္ဘာ့ စီးပွားရေး ၂၀၀၅

၁၀။ သတင်းစာပညာ၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာ ၂၀၀၅

၁၁။ အရူး လူတော်နှင့် ပညာရှိ ၂၀၀၅

၁၂။ ၂၁ ရာစု အိပ်မက် ၂၀၀၆

၁၃။ အချမ်းသာဆုံး လူသား ၂၀၀၆

၁၄။ တွန်းအား ၂၀၀၆

၁၅။ အကောင်းဆုံးကိုသာ ပေးပါ ၂၀၀၆

[၂]

ကိုးကား ပြင်ဆင်ရန်

  1. https://burmese.voanews.com/a/scient-technology/6735149.html
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'