စေတနာမည်သော ကံတရားသည် အကျိုးပေးစဉ် အားဖြင့်—

  1. ဂရုကကံ = အကျိုးအပြစ် ကြီးမားသောကံ၊
  2. အာသန္နကံ = သေခါနီး၌ အောက်မေ့အပ် ပြုအပ်သောကံ၊
  3. အာစိဏ္ဏကံ = အမြဲလေ့ကျက် တိုးပွားစေသောကံ၊
  4. ကဋတ္တာကံ = အမှတ်တမဲ့ သာမန်ပြုလုပ်သောကံ– ဟူ၍ (၄) မျိုး ရှိသည်။ []

ထိုတွင် ဂရုကကံဆိုသည်မှာ-ကြီးလေးသော အကျိုးကိုပေးသည့် ကံမျိုး ဖြစ်သည်။ (ဂရု = ကြီးလေးသောအကျိုးကို + က = ပြုတတ်သော) ကြီးလေးသောအကျိုးကို ပေးခြင်းဆိုသည်ကား အခြားကံများက ထိုကံ၏အကျိုးပေးမှုကို မခုခံမတားဆီးနိုင်သဖြင့် သေဆုံးသည်နှင့်တစ်ပြိုင်နက် ဧကန်အကျိုးပေးသည့် (အကျိုးပေးမြဲသော)ကံမျိုးဟု အဓိပ္ပာယ်ရှိပေသည်။

ကုသိုလ်ဂရုကကံနှင့် အကုသိုလ်ဂရုကကံများ

ပြင်ဆင်ရန်

ထိုဂရုကကံများကား ကုသိုလ်အရာ၌ တန်ခိုးအာနုဘော်ကြီးမားသော မဟဂ္ဂုတ်ဈာန် ကုသိုလ်ကံများဖြစ်၍ အကုသိုလ်အရာတွင် အပြစ်ကြီးမားသော ပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံများတည်း။ []

ဆက်ဦးအံ့။ ဂရုကကံဟူသည် ပင်ကိုသဘောအားဖြင့် ကြီးလေးသောကံပင်ဖြစ်၏။ တပါးသောကံများက လွှမ်းမိုးတားဆီးနိုင်မှု ရှိခြင်းမရှိခြင်းမှာ ဤကြီးလေးသောသဘောနှင့်မသက်ဆိုင်။ ထို့ကြောင့် အာနန္ဒရိယကံ ၂-ပါး၊ ၃-ပါး ပြုရာ၌ ကံတစ်ခုက လွှမ်းမိုး၍ အကျိုးပေးခြင်း၊ မဟဂ္ဂုတ်ဈာန် ၂-ပါး၊ ၃-ပါး စသည်ပြုရာ၌ အထက်အထက်ဈာန်က လွှမ်းမိုး၍ အကျိုးပေးခြင်းတို့ကြောင့် အကျိုးမပေးရသော ကြီး‌လေးသောကံများ၌ ဂရုက ဟူသောအမည်မှာ မပျက်ပေ၊ ပင်ကိုသဘောအားဖြင့် ကြီးလေးသော ကံများဖြစ်၍ ဂရုကကံအမည် ရမြဲရပေသည်။

အကုသိုလ် ဂရုကကံ ၅-မျိုး

ပြင်ဆင်ရန်

အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံ ဆိုသည်မှာ အာနန္ဒရိယကံ ငါးပါး ဖြစ်သည်။ သေဆုံးကွယ်လွန်ပြီးနောက် အခြားမဲ့ ဒုတိယဘဝ၌ အကျိုးပေးလေ့ ရှိသော ကံမျိုးကို အာနန္ဒရိယကံဟုခေါ်သည်။ ထိုကံသည်

  • ၁။ မာတုဃာတကကံ = အမိကို သတ်သောကံ၊
  • ၂၊ ပိတုဃာတကကံ = အဖကို သတ်သောကံ၊
  • ၃။ အရဟန္တဃာတကကံ = ရဟန္တာကို သတ်သောကံ၊
  • ၄၊ လောဟိတုပ္ပါဒကကံ = ဘုရားရှင်၌သွေးခြေဥအောင်လုပ်သောကံ၊
  • ၅၊ သံဃဘေဒကကံ = သိဃာ အသင်းခွဲသောကံ

ဟူ၍ ငါးမျိုးရှိသည်။

ထိုတွင် အမိကို သတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို မာတုဃာတကကံ၊ အဖကိုသတ်အောင် လှုံ့ဆော်ပေးသည့် စေတနာကို ပိတုဃာတကကံဟု ခေါ်သည်။ အမိအဖမှန်းသိသိ၊ မသိသိ သေစေလို၍ သတ်မိလျှင် ဂရုကကံ ထိုက်၏။ မိဘတို့က တိရစ္ဆာန်ဖြစ်လျှင် သို့မဟုတ် မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္ဒရိယကံမထိုက်သော်လည်း အာနန္ဒရိယကံလောက်နီးနီး အပြစ်ကြီးလှ၏။ အခြားသူကို သေစေလို၍ သေနတ်ဖြင့် ပစ်ခတ်ရာ မိဘတို့ မတော်တဆ ထိမှန်လျှင်လည်း မာတုဃာတကကံ၊ ပိတုဃာတကကံများ ထိုက်သည်ဟု တတိယပါရာဇိကအဋ္ဌကထာ စသည်၌ ဖွင့်ဆိုထားပေသည်။

ရဟန္တာပုဂ္ဂိုလ်အား သတ်ကြောင်းဖြစ်သော စေတနာကို အရဟန္တဃာတကကံဟု ခေါ်သည်။ ရဟန္တာမဖြစ်မီ သတ်သော်လည်း ရဟန္တာ ဖြစ်ပြီးမှ သေခဲ့လျှင် ထိုဘဝဇီဝိတိန္ဒြေအစဉ်ကို လျင်စွာချသည်မည်သောကြောင့် အရဟန္တဃာတကကံပင် ဖြစ်သည်။

လောဟိတုပ္ပါဒကကံ ဆိုသည်မှာ ဘုရားရှင်၏ မပြိုကွဲနိုင် သွေးမယိုထွက်နိုင်သော ခန္ဓာကိုယ်၌ သွေးခြေဥအောင် ပြုလုပ်ကြောင်းဖြစ်သော စေတနာပင်ဖြစ်သည်။ ထင်ရှားစေဦးအံ့။ အရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ် တောင်ခြေ၌ စင်္ကြံကြွတော်မူနေသော ဘုရားရှင်ကို ယန္တရားစက်ဆင်၍ ကျောက်တုံးကြီးဖြင့် ဖိသတ်သည်၊ ကျောက်တုံးကြီး ပြိုကျလာတွင် တောင်ထွတ်နှစ်ခု ခံထားမှုကြောင့် ကျောက်တုံးကြီးဖြင့် မဖိမိပဲ ကျောက်တုံးမှ ကျိုးပဲ့ကွာကျလာသော ကျောက်ခဲဖြင့် ဘုရားရှင်၏ ခြေမတော်ကို ထိခိုက်မိရာ ခြေမတွင် သွေးခြေဥသွားပေသည်။ ဤကဲ့သို့ ဘုရားရှင်၏ ခန္ဓာကိုယ်တော်၌ သွေးခြေဥအောင် ပြုလုပ်မှုမျိုးကို လောဟိတုပ္ပါဒကကံဟု ခေါ်သည်။ ဤသွေးခြေတော်ဥအောင် ပြုလုပ်မှုသည် သေ‌စေလိုသော စေတနာဖြင့် ပြုသောကြောင့် ပါဏာတိပါတ ကမ္မပထ မမြောက်သော်လည်း (အနုဋီကာ အလိုအားဖြင့်) ဗျာပါဒကမ္မပထ မြောက်သည်ဟု ဆိုသင့်ပေသည်။

သံဃာတော်အချင်းချင်း ကွဲပြားအောင် ပြုလုပ်ကြောင်း စေတနာသည် သံဃဘေဒကကံ မည်ပါသည်။ သိမ်တစ်ခုတည်း၌ ရဟန်းသံဃာ အချင်းချင်း အတူတကွ ကံမဆောင်ဘဲ သူ့ဘက်ငါ့ဘက် နှစ်စုခွဲ၍ တစ်ပြိုင်နက် ကံ‌ဆောင်အောင် အားထုတ်စီမံသဖြင့် အထမြောက်ခဲ့သော် ကွဲပြားအောင် ကြံဆောင်စီမံသော ပုဂ္ဂိုလ်မှာ သံဃဘေဒကကံထိုက်၏။ မတရားဘက်၌ လိုက်ပါအားပေးသော ပုဂ္ဂိုလ်များသည်လည်း အပြစ်ကြီးမားလှ၏။

တစ်သိမ်တည်းပင်ဖြစ်သော်လည်း တစ်ဘက်ပြီးမှတစ်ဘက်က ကံပြုခြင်း ကံ ဒွါရကွဲပြားခြင်း စသည်တို့မှာ သံဃဘေဒကကံနှင့်မဆိုင်။ တစ်သိမ်တည်းဝယ် ကံကြီးကံငယ် ခွဲခြားလျက် တစ်ပြိုင်နက် ကံပြုမှ "သံဃဘေဒကကံ" ဖြစ်သောကြောင့် လူနှင့် သာမဏေတို့မှာ သံဃဘေဒကကံ မထိုက်နိုင်ပါချေ။ သို့သော် ရပ်ရွာနယ်ပယ်တို့၌ သံဃာတော်အချင်းချင်း ကွဲပြားအောင် ကြံဆောင်အားထုတ်သူတို့မှာ သူတို့အတွက်သက်ဆိုင်သည့် အကုသိုလ် တိုးပွားရသောကြောင့် သံဃဘေဒကကံလောက်နီးနီး အပြစ်ကြီးလေး လှ၏။

ဤအာနန္ဒရိယကံ ၅-ပါးတွင် တစ်ပါးပါးကို ပြုမိလျှင် သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ရောက်ရ၏။ အဇာတသတ်မင်းသည် အဖကို သတ်၍ ပိတုဃာတကကံ ထိုက်သောကြောင့် အဝီစိငရဲ၏အခြံအရံ ဥဿဒငရဲ၌ ကျရောက်ရသော်လည်း အဝီစိတွင် အပါအဝင်ပင်ဖြစ်၏။ ဤကံ ၅-ပါးတွင် သံဃဘေဒကကံသည် အပြစ်အကြီးဆုံးဖြစ်၏၊ အဝီစိငရဲကြီးတွင် ထိုငရဲဘုံသက်ကုန်သည်အထိ ခံရသော "ကပ္ပဋ္ဌိတိယကံ"တည်း။ ကြွင်းသောကံလေးပါးကို ကပ္ပဋ္ဌိတိယကံများဟု အဆိုမရှိချေ။ ထိုက်သင့်သမျှ ခံကြရမည်။

ထို့ကြောင့် ကံ ၅-ပါးလုံးပြုမိလျှင် သံဃဘေဒကကံက အခြားကံ ၄-ပါးကို လွှမ်းမိုး၍ ပဋိသန္ဓေအကျိုးပေး၏။ အခြားကံများအတွက် အဝီစိ၌ ဖြစ်ဖွယ်မရှိ။ သို့သော် နောင်အခွင့်သင့်ရာဘဝ၌ ပဝတ္တိအကျိုးကိုကား ပေးပေမည်။ ‌ရှေ့ကံ ၄-ပါးလုံးကို ပြုမိလျှင် "လောဟိတုပ္ပာဒကကံ" အကျိုးပေး၏။ ‌ရှေ့ကံသုံးပါးလုံးပြုမိလျှင် အရဟန္တဃာတကကံက အကျိုးပေး၏။ ရှေ့ဆုံး ကံ ၂-ပါးလုံးကို ပြုမိလျှင် မိဘနှစ်ဦး သီလရှိချင်း၊ မရှိချင်း၊ တန်းတူဖြစ်ခဲ့သော် အမိကသာ၍ ကျေးဇူးများသောကြောင့် မာတုဃာတကကံက အကျိုးပေး၏။ အဖက အမိထက် သီလသာနေပါမူ ပိတုဃာတက ကံက အကျိုးပေးလေသည်။ နိယတမိစ္ဆာဒိဋ္ဌိစေတနာအကြောင်းကို ‌‌ရှေ့တွင် ဖော်ပြခဲ့ပြီးလေပြီ။

ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကုသိုလ်စေတနာ ၉-ပါးသည်လည်း ဤဘဝ၏အခြားမဲ့ ဒုတိယဘဝ၌ ဧကန်အကျိုးပေးမြဲသောကြောင့် ဂရုကကံမည်သည်။[]

  1. (သင်္ဂဟ၊၈၁။ အံ၊ဋ္ဌ၊၂၊၁၀၅-၉။ ဝိသုဒ္ဓိ၊၂၊၂၃၆။)
  2. (အံ၊ဋ္ဌ၊၂၊၁၀၅။ ဝိဘာဝိနီ၊၁၆၉–၇၀။ မဏိ-မဉ္ဇူ၊၂၊၂၆-၇။ ပရမတ္ထဒီပနီ။)
  3. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်