ဈာနပစ္စည်း
[၁] ကသိုဏ်းစသော အာရုံကို စူးစူးစိုက်စိုက်ရှုမြင်ခြင်းသဘောဖြင့်-ဈာန်အဖြစ်ဖြင့်-ကျေးဇူးပြုတတ်သော တရား၊ (သစ်ပင်တောင်ငူ၊ တက်သသူသည်၊ အောက်လူတို့အား၊ ပြောသည့်လားသို့၊ နှစ်ပါးရုပ်နာမ်၊ သဟဇံအား၊ ဆဲ့တစ်ပါးတွင်၊ ထင်ရှားတပ်တပ်၊ ကပ်၍ ရှုခြင်းဟူသော အာရမ္မဏူပနိဇ္ဈာန, လက္ခဏူပနိဇ္ဈာနသတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာ ရှိသော ပဉ္စဝိဉ်ကြဉ် စိတ်မှာယှဉ်သည့် ဈာနင် ခုနစ်ပါး ပစ္စည်းတရား။ [၂][၃]
ဈာနသတ္တိ
ပြင်ဆင်ရန်အာရုံကို စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် ဈာန်ဟု ခေါ်သည်။ ရူပါဝစရစိတ်၌ ပြခဲ့သည့်အတိုင်း ဝိတက် ဝိစာရ ပီတိ ဝေဒနာ တို့က မိမိဆိုင်ရာကိစ္စကို ရွက်ဆောင် အားပေးကြသဖြင့် ဧကဂ္ဂတာသည် အာရုံတစ်ခုအပေါ်၌ ကပ်နေသလို စွဲနေသလိုဖြစ်အောင် ငြိမ်သက်တည်ကြည်စွာ ကျကျနန အာရုံပြုမှုကို “စူးစူးစိုက်စိုက်ရှုမှု”ဟု ခေါ်သည်။ စူးစူးစိုက်စိုက် ရှုနိုင်သော သတ္တိကို ဈာနသတ္တိဟု ခေါ်သည်။
ဈာနသတ္တိဖြင့် စူးစိုက်စွာ ရှုသည့်အခါ အာရုံများ အလွန်ထင်ရှားလာလေသည်။ ဤဈာနသတ္တိကို သစ်ပင်ပေါ် သို့မဟုတ် တောင်ထိပ်ပေါ်သို့ တက်သူဖြင့် ရှေးဆရာတို့ ဥပမာပြကြ၏။ သစ်ပင်ပေါ် တောင်ထိပ်ပေါ်သို့ တက်သူသည် ထိုထို ဤဤ၌ အထူးအဆန်း အမျိုးမျိုးကို ကိုယ်တိုင်လည်း ကြည့်ရမြင်ရ၏။ မိမိတို့ မြင်ရသမျှကို အောက်လူတို့အားလည်း ပြောပြ၏။ ထို့အတူ ဝိတက်စသော ဈာန်တရားတို့သည် အာရုံကို မိမိတို့လည်း စူးစိုက်စွာ ယူ၏။ သဟဇာတ်တရားတို့အားလည်း မိမိတို့ကဲ့သို့ အာရုံကို စူးစိုက်ဘို့ရန် ဈာနသတ္တိဖြင့် ကျေးဇူးပြု၏။ ထိုစကားမှန်၏-ဝိတက်စသည်တို့၏ ကူညီချက်ဖြင့် အာရုံတစ်ခု၌ ဧကဂ္ဂတာ ကျ (သမာဓိရ) နေသည့်အခါ ယှဉ်ဘက်တရားတို့လည်း ထိုအာရုံမှာ စွဲမြဲစွာ အာရုံပြုကြရတော့သည်။
ဈာန် နှစ်မျိုး
ပြင်ဆင်ရန်ဈာန်သည် အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနဈာန် နှစ်မျိုးရှိသည်တွင် သမာပတ်ရှစ်ပါးသည် (ဈာန်စိတ်များရှိ ဈာန်အင်္ဂါများသည်) ကသိုဏ်းအစရှိသော အာရုံကို ကပ်၍ရှုတတ်သောကြောင့် “အာရမ္မဏူပနိဇ္ဈာနဈာန်” မည်၏။
ဝိပဿနာနှင့်မဂ်သည် (ဝိပဿနာအားထုတ်စဉ် ဖြစ်သော ကုသိုလ်စိတ်ရှိ ဈာန်အင်္ဂါများ, မဂ်စိတ်နှင့်အတူဖြစ်သော ဈာန်အင်္ဂါများသည်) အနိစ္စအစရှိသော လက္ခဏာကို ကပ်၍ရှုတတ်သောကြောင့် လည်းကောင်း၊ ဖိုလ်သည် (ဖိုလ်စိတ်ရှိဈာန်အင်္ဂါသည်) နိဗ္ဗာန်၏ တထလက္ခဏာကို ကပ်၍ရှုတတ်သောကြောင့် လည်းကောင်း “လက္ခဏူပနိဇ္ဈာနဈာန်”မည်၏။
(ဝိပဿနာသည် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာကို စူးစိုက်စွာ ရှုတတ်၏။ ဝိပဿနာ၏ စူးစိုက်စွာရှုခြင်း ကိစ္စသည် မဂ်အခိုက်ကျမှ ပြီးစီးသောကြောင့် မဂ်ကလည်း ထိုလက္ခဏာများကို ရှုရာရောက်သည်။ ဖိုလ်တရားကား နိရောဓသစ္စာဟူသော နိဗ္ဗာန်၏ တထလက္ခဏာကိုရှုတတ်၏။ မှန်ကန်သော သဘောကို တထလက္ခဏာဟု ခေါ်သည်။ နိဗ္ဗာန်၏ သန္တိ (ငြိမ်းချမ်းခြင်း) သဘောသည် ဘယ်အခါမျှ မဖောက်ပြန်သော တထလက္ခဏာတည်း)[၄]
ဈာနင် ၇-ပါး
ပြင်ဆင်ရန်- ဝိတက်ဈာနင်-ဝိတက်ယှဉ်သည့်စိတ် ၅၅-ပါးရှိ ဝိတက်စေတသိက်
- ဝိစာရဈာနင်-ဝိစာရယှဉ်သည့်စိတ် ၆၆-ပါးရှိ ဝိစာရစေတသိက်
- ပီတိဈာနင်-ပီတိယှဉ်သည့်စိတ် ၅၁-ပါးရှိ ပီတိစေတသိက်
- ဧကဂ္ဂတာဈာနင်-ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော စိတ် ၇၉-ပါးရှိ ဧကဂ္ဂတာစေတသိက်
- သောမနဿဈာနင်-သောမနဿသဟဂုတ်စိတ် ၆၂-ပါးရှိ သောမနဿဝေဒနာ
- ဒေါမနဿဈာနင်-ဒေါသမူစိတ် ၂-ပါးရှိ ဒေါမနဿဝေဒနာ
- ဥပေက္ခာဈာနင်-ဒွေပဉ္စဝိညာဏ် ၁၀-မှ ဥပေက္ခာသဟဂုတ်စိတ် ၈-ပါးကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၇-ပါးရှိ ဥပေက္ခာဝေဒနာ[၅]
ဈာန်အင်္ဂါတို့၏ ထူးခြားမှု
ပြင်ဆင်ရန်မြားပစ်သူသည် စက်ဝန်းကို ထင်ရှားအောင်ကြည့်ပစ်မှသာ စက်ဝန်းကို ထိနိုင်သကဲ့သို့ ကုသိုလ် အကုသိုလ်ပြုရာ၌လည်း ဝိတက်စသော ဈာန်အင်္ဂါတို့ဖြင့် စိတ်ကိုငြိမ်သက်အောင်ပြု၍ အာရုံကို စူးစိုက်စွာ ရှုလျက် ပြုလုပ်မှ ထမြောက်အောင်မြင်နိုင်သည်။ ဈာနကိစ္စသည် ဝိတက်တခု၏ ကိစ္စမဟုတ်, ဈာန်အင်္ဂါ ၅ပါး အပေါင်း၏ ကိစ္စဖြစ်သည်။ ဈာန်အင်္ဂါတို့တွင် ဝိတက်သည် ခေါင်းဆောင်ဖြစ်သည်။ ဝိတက်က စိတ်ကို အာရုံသို့ တင်မပေးလျှင် ဈာနကိစ္စမဖြစ်။ ထို့ကြောင့် ဝိတက်မယှဉ်သော ဒွေပဉ္စဝိညာဏ် ၁၀၌ ဝေဒနာ ဧကဂ္ဂတာသည် ဈာနကိစ္စမရှိ။ ဒုတိယဈာန်စိတ်ရှိ ဈာန်အင်္ဂါတို့ကား ဝိတက်မပါသော်လည်း ဝိတက်ပါသည့် ပထမဈာန်ကို အခြေခံ၍ ပွားများရသော ဘာဝနာကြောင့် ဖြစ်ပေါ်လာရသဖြင့် ဈာနကိစ္စရှိကြသည်။ ဈာန်အင်္ဂါတို့၏ အထွတ်အထိတ်ကား အာရုံတခု၌ ငြိမ်သက်ခြင်း ဧကဂ္ဂတာဖြစ်သည်။ ထို့ကြောင် ပဉ္စမဈာန်၌ ဥပေက္ခာ ဧကဂ္ဂတာ နှစ်ပါးသာ ပါသည်။[၆]
ဈာန်စိတ်ခေါ်ဆိုကြောင်း
ပြင်ဆင်ရန်ကာမစိတ် မဟဂ္ဂုစိတ် လောကုတ္တရာစိတ်တိုင်းတွင် ဈာန်အင်္ဂါများ ပါကြသည်။ သို့သော် အကြောင်းဆုံရုံမျှဖြင့် ပေါ်လာနိုင်သည့် ကာမစိတ်ကို ဈာန်စိတ်ဟု မခေါ်။ လှပသည့် အဆင်းကို မြင်လျှင် တဏှာလောဘ ပေါ်လာသကဲ့သို့တည်း။ မဟဂ္ဂုတ်စိတ်ကား အကြောင်းဆုံရုံမျှဖြင့် မပေါ်။ ကသိုဏ်းကို ဘာဝနာဖြင့် စွဲမြဲစွာ ရှုမှ ပေါ်လာနိုင်ပြီး ပေါ်လာလျှင်လည်း နီဝရဏကို ခွါထားပြီးဖြစ်၍ ကာမစိတ်ကဲ့သို့ အာရုံအမျိုးမျိုး မပြောင်းတော့ပေ။ ထို့ကြောင့် မဟဂ္ဂုတ်စိတ်ကိုသာ ဈာန်စိတ်ဟု ခေါ်သည်။
လောကုတ္တရာစိတ်သည် နိဗ္ဗာန်တမျိုးတည်းကို စူးစူးစိုက်စိုက် ရှုသော်လည်း ကိလေသာကို ပယ်ခြင်း, ငြိမ်းအေးစေခြင်းကိစ္စတို့ဖြင့် မဂ်,ဖိုလ်ဟူသော အမည်ထူးရပြီးဖြစ်၍ ဈာန်စိတ်အမည်မရ။ သို့သော် လောကုတ္တရာစိတ်ကို ပရိယာယ်အားဖြင့် ဈာန်စိတ်ဟု ခေါ်သည်လည်းရှိသည်။[၆]
ဈာန်အင်္ဂါတို့၏ ကိစ္စများ
ပြင်ဆင်ရန်မဟဂ္ဂုတ်စိတ်ရှိ ဈာန်အင်္ဂါများသည် အာရုံကို စူးစိုက်သည့်ကိစ္စ, နီဝရဏတို့ကို ပယ်ခွါသည့် ကိစ္စရှိသည်။ ကာမစိတ်ရှိ ဈာန်အင်္ဂါများသည်ကား အာရုံကို စူးစိုက်သည့်ကိစ္စသာ ရှိသည်။
ဈာနပစ္စယော ပဋ္ဌာန်းတရားတော်၌ အာရုံကို စူးစိုက်မှုသဘောကို ဈာနကိစ္စဟု ပြောလိုရကား မဟဂ္ဂုတ် လောကုတ္တရာစိတ်များနှင့် ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သော ကာမစိတ် ၄၄-ပါးရှိ ဈာန်အင်္ဂါအားလုံး ဈာနပစ္စည်း တပ်ကြသည်ဟု ဆိုရမည်။ [၆]
အမေး အဖြေ
ပြင်ဆင်ရန်(မေး) ဒွေပဉ္စဝိညာဏ် ၁၀-ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်နှင့် ဝေဒနာစေတသိက်တို့သည် အဘယ့် ကြောင့် ဈာန်အလုပ်ကို မလုပ်နိုင်ပါသနည်။
(ဖြေ) ဒွေပဉ္စဝိညာဏ် ၁၀-ပါးဖြစ်သောအခါ ဝိတက်စေတသိက် မဖြစ်။ မပါဝင်။ သို့ဖြစ်၍ ဝိတက်၏ ကူညီမှု မရရှိသော ဒွေပဉ္စဝိညာဏ် ၁၀-ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်နှင့် ဝေဒနာစေတသိက် တို့သည် အာရုံကို စူးစိုက်စွာ ယူခြင်း ဈာန်အလုပ်ကို မလုပ်နိုင်တော့ပါ။
(မေး) ဒွေပဉ္စဝိညာဏ်စိတ်တို့က စိတ်ကို အာရုံသို့တင်ပေးသော ဝိတက်မပါပဲနှင့် အဘယ့်ကြောင့် အာရုံကို ယူနိုင်သနည်း။
(ဖြေ) ဒွေပဉ္စဝိညာဏ်စိတ်တို့၏မှီရာ ပဉ္စဝတ္ထုတို့၌ ငါးပါးသော အာရုံတို့၏ ထိခိုက်မှုက ထင်ရှားလှသဖြင့် ဒွေပဉ္စဝိညာဏ်စိတ်တို့က ဝိတက်မပါပဲနှင့် အာရုံကို သိနိုင်ကြသည်။[၆]
ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
ပြင်ဆင်ရန်ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်သော
စိတ် ၇၉-ပါးရှိ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ ဝေဒနာ |
ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်သော
စိတ် ၇၉၊ စေ ၅၂ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် |
ဒွေပဉ္စဝိညာဏ် ၁၀
သဗ္ဗစိတ္တ-၇ ကျန်ရုပ်များ |
ပစ္စည်းပစ္စယုပ္ပန်
ပြင်ဆင်ရန်လောဘမူပထမစိတ် စေတသိက် စိတ္တဇရုပ်တို့ဖြစ်ရာ၌ ဝိတက်သည်ပစ္စည်း, ဝိတက်မှကြွင်းသော စိတ် စေတသိက် စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ ထို့အတူ ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာသည် ပစ္စည်း, ကျန် စိတ် စေတသိက် စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ ပဋိသန္ဓေအခါ၌ ကမ္မဇရုပ်ကိုသွင်း။ ဤနည်းအတိုင်း အရဟတ္တဖိုလ်တိုင်အောင်သိ။ အရူပဘုံ၌ ပစ္စယုပ္ပန်တွင် ရုပ်မပါခြင်းသာ ထူး၏။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ ဈာနပစ္စယ (ပု) [ဈာန+ပစ္စယ] ဈာနပစ္စည်း၊
- ↑ ဘေဒနီ၊ ပ။ ၃၇၈။) ဈာနပစ္စယောတိ ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၈။ ဥပနိဇ္ဈာယနဋ္ဌေန ဥပကာရဏာနိ ဌပေတွာ ဒွိပဉ္စဝိညာဏေသု ကာယိကသုခဒုက္ခဝေဒနာဒွယံ သဗ္ဗာနိပိ ကုသလာဒိဘေဒါနိ သတ္တ ဈာနင်္ဂါနိ ဈာနပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၅၀။ (ပဋ္ဌာန၊၁၊၁၊ ၂၆၊ ၅၂၊ ၇၇၊ ၁၀၄၊ ၁၁၂-၅၊ ၁၂၈၊ ၁၅၇-၈၊ ၂၀၆။ ဒီ၊ဋ္ဌ၊၃၊၁၅၇။ အံ၊ဋ္ဌ၊၃၊၃၀၃။ အဘိ၊ဋ္ဌ၊၃၊၃၈၀။ ပဋိသံ၊ဋ္ဌ၊၁၊၆၁၊ ၂၈၆။ ဝိသုဒ္ဓိ၊၂၊၁၇၀-၁။ မူလဋီ၊၁၊၁၂၅။ မူလဋီ၊၃၊၁၇၄၊ ၁၉၇၊ ၂၁၈။ အနုဋီ၊၁၊၁၃၄။ အနုဋီ၊၃၊၄၃၊ ၂၃၆။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၄၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၇၊ ၂၈၄။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၈
- ↑ သင်္ဂြိဟ်သာသာဋီကာ- နှာ ၈၉
- ↑ (အခြေပြုသင်္ဂြိဟ်-၄၂၄)
- ↑ ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။